[MoemakaDaily] 23rd April - MoeMaKa Daily

မေလတွင် အမေရိကန်သို့လာရောက်မည့် ၈၈မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် (ကို)ကိုကိုကြီးတို့၏ စကား
မိုးမခ၊ ဧပြီ ၂၃၊ ၂၀၁၃
မေလလယ်မှ ဇွန်လလယ်အထိ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ၈၈မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့(ကို)ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့၊ ကြိုဆိုနှုတ်ဆက်ကြဖို့ ပြည်နယ်အသီးသီး မြို့နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေက ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်မြို့တော်၊ ဖလော်ရီဒါ၊ ဖို့ဝိန်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ လော့စ်အိန်ဂျလိစ်၊ လပ်စ်ဗေးဂတ်စ်၊ ယူတီကာ စတဲ့ မြို့နယ်တွေက သူတို့ကို ကြိဆိုဖို့ တွေ့ဆုံဖို့ အသီးသီး တက်ကြွစွာ ပြင်ဆင်လျက်ရှိပါတယ်။
မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တဲ့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ထောင်ဒဏ် အနှစ် ၂၀ အနှစ် ၆၀ ကျော် ချမှတ်ခံရတဲ့ နို်င်ငံရေးအကျဉ်းသား၊ ဗကသ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်၊ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ၊ ဘ၀သက်တမ်းတလျောက် မြန်မာပြည်လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် မြုပ်နှံစွန့်လွှတ် တော်လှန်တိုက်ပွဲဝင်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ထင်ရှားတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ၈၈မျိုးဆက်ဟောင်းတွေ နဲ့ ၈၈နောက်ပိုင်း မျိုးဆက်သစ်တွေ အားလုံးက တွေ့ဆုံဖို့ ပြင်ဆင်နေကြကြောင်းကို ယနေ့နေ့ခင်းမှာ တယ်လီဖုံးမှတဆင့် နှုတ်ဆက်ရင်း သတင်းစကားပါးဖြစ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်ပြည်ကို ရောက်ရှိနေထိုင် နေကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေ၊ မျိုးဆက်ဟောင်းတွေ မျိုးဆက်သစ်တွေအတွက် ယခုအချိန် လာရောက်တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ မည်သို့သော နှုတ်ခွန်းဆက်စကား ပြောဆိုလိုပါသလဲလို့ မိုးမခက မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုမင်းကိုနိုင်က ပြောဆိုရာမှာ …
"ကျနော်တို့ကို NED အဖွဲ့က ဖိတ်တယ်။ ပထမအကြိမ် ဆုပေးပွဲဖိတ်တုန်းက ကျနော်တို့ ၈၈တွေကို ပတ်စ်ပို့မပေးဘူး စတာတွေကြောင့် ကျနော်တို့ မသွားဘူး။ အခုတကြိမ်မှာ ထပ်ဖိတ်တော့ ကျနော်တို့ လာဖြစ်တယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ ကျနော်တို့ ကျောင်းသားတွေ ရှိတယ်။ မျိုးဆက်ဟောင်းတွေ၊ မျိုးဆက်သစ်တွေ ရှိတယ်။ မြန်မာကွန်မြူနီတီအားကောင်းတဲ့ ပြည်နယ်တွေ ရှိနေတယ်။ အဲသည်မှာ မြန်မာပြည်နယ်စပ်က ဒုက္ခသည်စခန်းတွေက မွေးဖွားလာတဲ့ မျိုးဆက်တွေ ရှိတယ်။ သူတို့တွေက အစ ကျနော်တို့နဲ့ တွေ့ဖို့ စိတ်အားထက်သန်နေကြတယ်။ ကျနော်တို့ မျိုးဆက်တွေ အချင်းချင်းကတော့ ရှေ့သွားမယ်အလုပ်ကို တိုင်ပင်ကြမယ်။ နောင်မျိုးဆက်ကို ပေးရမှာကတော့ ကျနော်တို့အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို ပြောပြမယ်။ သူတို့ဆီကတော့ သူတို့အပြင်မှာ နေရတဲ့ ဘ၀တွေ၊ သင်ရတဲ့ ပညာတွေကို ကျနော်တို့က ပြန်ယူရမှာပေါ့။ နားထောင်ရမှာပေါ့။ ပြီးတော့ သူတို့ သိထားတဲ့ အသိပညာတွေနဲ့ ပြည်တွင်းမှာ ဘယ်လောက် အလုပ်လုပ်လို့ရမလဲဆိုတာကို ကျနော်တို့ သိထားတဲ့ အခြေအနေနဲ့ ပြန်ပြောပြရမှာပေါ့။ ကျနော်တို့ ကွန်မြူနီတီတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းလုပ်ကြမယ်၊ ၀ိုင်းပြီး တိုင်ပင်ဆွေးဆွေးကြမယ်ပေါ့ဗျာ။"
လို့ ပြောသွားပါတယ်။
ကိုကိုကြီးက ပြောဆိုရာမှာ …
" ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာပြည်ကနေ ထွက်ခွာသွားရတဲ့ ကျနော်တို့ မိတ်ဆွေတွေ၊ မျိုးဆက်တွေနဲ့ ပြန်လည် ဆုံတွေ့ရမှာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ စိတ်လှုပ်ရှားတယ်။ နောက်ပြီးတော့ ၈၈ မတိုင်ခင်ကတည်း ထွက်ခွာသွားတဲ့ မျိုးဆက်တွေနဲ့လည်း တွေ့ဆုံကြရမယ်လို့ မျှော်လင့်တယ်။ လက်ရှိမှာ ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း တကယ်ကို ဒီမိုကရေစီအတွက် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့တွက် လိုအပ်နေတယ်။ ပြည်တွင်းမှာသာမက ပြည်ပက အင်အားစုတွေကပါ အဖက်ဖက်ကနေပြီး ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်နေတယ်။ အဲဒီကျမှသာ တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့၊ တပ်မတော်တို့က အင်အားစုတွေက ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမယ်။ အခုပြောင်းလဲရေးအတွက် ကျနော်တို့ဖက်က ဝေဖန်ထောက်ပြတဲ့ အပိုင်းတွေရှိတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲသည်အတွက် ကျနော်တို့တတွေက အပြင်မှာရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြပြီးတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွကို အားကောင်းခိုင်မာလာအောင်နဲ့ instituationlized ဖြစ်လာအောင်၊ ဖွဲ့စည်းပုံ စနစ်တကျဖြစ်လာအောင် ဖော်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်"
လို့ ပြောသွားပါတယ်။

Oakland Event for Burmese Ethnics Wrokers Rights

ဥက္ကလံမြို့နေ တိုင်းရင်းသားများအတွက် အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ စနေနေ့တွင် ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဧပြီ ၂၃၊ ၂၀၁၃
လက်ခံရရှိသော ဖိတ်စာအရ အလုပ်သမား၊ ၀န်ထမ်းများ ရပိုင်ခွင့် သိကောင်းစရာဆွေးနွေးပွဲကို တိုင်းရင်းသား ဘာသာစကားပေါင်းစုံဖြင့် ဥက္ကလံမြို့၊ ဘေးဧရိယာမှာ ကျင်းပမယ့်အကြောင်း ဖိတ်ခေါ်ထားပါတယ်။ လာမယ့် စနေနေ့ ဧပြီ ၂၃၊ နံနက် ၉ နာရီခွဲကနေ ၁၂ နာရီခွဲအထိ ဖြစ်ပါတယ်။ Burma Refugee Family Network (BRRN) က ပါဝင်စီစဉ်တဲ့အထဲမှာ ပါတယ်။ ဆက်သွယ်ရန် ကိုဝါဘလူစိုး (၅၁၀-၈၉၁-၈၆၃၅) ကို ဆက်သွယ်နိုင်ပါတယ်။

Ku Mo Jo - Burmese Way to Democracy

ကာတွန်း ကူမိုးကြိုး - မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဆိုဒါ ...
ဧပြီ ၂၃၊ ၂၀၁၃

Sunday, April 21, 2013

Saw Ngo - They live in Burma

ကာတွန်းစောငို - မြန်မာပြည်မှာ နေကြသည်၊ ဧပြီ ၂၁၊ ၂၀၁၃

Than Win Hlaing - Articles

လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့
သန်းဝင်းလှိုင်
ဧပြီ ၂၂၊ ၂၀၁၃


လူငယ်တို့ရေ….

လူ့သမိုင်းတိုးတက်ပြောင်းလဲလာမှုနဲ့အတူ လူ့ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်တွေမှာ လူငယ်တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ၁၈ ရာစု ပြင်သစ်အတွေးအခေါ်နဲ့ လူမှုဗေဒပညာရှင် အိုင်စီဒိုးသြဂတ်စကီးခုန်းမ် (Isidore Auguste Marie Comte – 1798 – 1857) က ဆိုခဲ့ဖူးတယ်။

ယေဘုယျအားဖြင့် လူငယ်တိုင်းဟာ စိတ်ဓါတ်ခိုင်မာခြင်း၊ ရည်မှန်းချက်ကြီးမားခြင်း၊ ရဲရင့်သတ္တိရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အရာရာ ကို စူးစမ်းချင်စိတ်ရှိ၍ သိလိုတတ်လိုစိတ်မြင့်မားခြင်း၊ အမှန်တရားကို မြတ်နိုး၍ သစ္စာရှိခြင်း၊ ကြီးကျယ်မြင့်မြတ်သူတို့ကို လေးစားတန်ဖိုးထား၍ အတုယူတတ်ခြင်း စတဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ။

နို့ပေမယ့် တဒင်္ဂကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ နိုင်ငံတော်အစိုးရတွေရဲ့စီမံခန့် ခွဲမှု ညံ့ဖျဉ်းမှုတွေ၊ စိတ်ပျက်စရာပြဿနာတွေ၊ အိမ်တွင်းရေးစိတ်မချမ်းမြေ့စရာလေးတွေကြောင့်မိမိတို့ရဲ့ တိုးတက်မှုလမ်းတွေပိတ်ပြီး စိတ်ဓါတ်ကျအားငယ် ကာ အချိန်တွေဖြုန်း၊ တွေဝေငေးမောကာ လေလွင့်နေတဲ့ လူငယ်တွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ယနေ့လူငယ်တွေဟာ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို မုချမလွဲမသွေလွှဲပြောင်းယူရမယ့် သူတွေမို့ အနာဂတ်နိုင်ငံတော်ရဲ့ ကံကြမ္မာဟာ မင်းတို့လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာကို အစ်ကိုကြီးသတိပေးပါရစေ။ ဒါကြောင့် ယနေ့အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တွေရဲ့ အခြေအနေတွေကို လေ့လာခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံရဲ့ အခြေအနေကို ခန့်မှန်း နိုင်တယ်လို့ ဆိုကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ခွေးအသက်တခါလည် လူ့အသက်၂၀ လို့တောင် ခပ်ကြမ်းကြမ်းဆိုခဲ့ဖူး တယ်ကွဲ့။။ ခွေးအသက်တစ်ခါလည်ဆိုတာက အသက်တခါလည်ရောက်တဲ့ ခွေးရဲ့အကျင့်ကို ကြည့်ရင် ဒီခွေးဟာပြာပုံတိုးမဲ့ခွေးလား၊ အခြေအနေကောင်းမယ့် ခွေးလား မှန်းဆနိုင်သလို၊ လူ့အသက် ၂၀ ပြည့်ရင်လည်း ဒီလူငယ်ဟာ ဆန်ကုန်မြေလေးလား၊ တိုင်းပြည်နဲ့လူမျိုး အကျိုးပြုမယ့်သူလား ခွဲခြားနိုင်ပုံကို ခိုင်းနှိုင်းတာပဲ။

ဆိုလိုတာက ယနေ့အသက်နှစ်ဆယ်ဝန်းကျင်ရှိတဲ့ လူငယ်တို့ဟာ မကြာမီကာလအတွင်း ရောက်ရှိလာတော့မယ့် နိုင်ငံတော်ရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်အဖြစ် ၊နောက်လိုက်အဖြစ် တာဝန်ယူရမယ့် သူတွေဖြစ်ရာထိုနယ်ပယ်အသီးသီးရဲ့ကောင်းကျိုး၊ဆိုးကျိုး၊တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းစတဲ့ကံကြမ္မာတွေဟာလူငယ်တို့  လက်ထဲမှာ ရှိနေတာမို့  လူငယ်တွေ ဂုဏ်ရည်မြင့်တက်စေဖို့ ရှောင်ရန်၊ ဆောင်ရန်လေးတွေကို အစ်ကိုကြီး… ဗဟုသုတအနေနဲ့ ဖြန့်ဝေပါရစေ။

● ကြီးပွားအောင်မြင်ခြင်းရဲ့ သော့ချက်များ
လောကမှာ 'မဖြစ်နိုင်ဘူးဆိုသော စကားဟာ အရူးတွေရဲ့ အဘိဓာန်၌သာရှိတယ်' လို့ ပြင်သစ်ဧကရာဇ်ဘုရင်နပိုလီယံဘိုနာပတ် (၁၇၆၉ - ၁၈၂၁) က တခါက ပြောဖူးတယ်။ အချို့က ပိုလွန်းတယ်လို့ ဆိုချင်ဆိုကြမယ်။ ဒါပေမယ့်…. ပြောသူကို ကြည့်ပါက သူ့အပြောနဲ့သူ လုပ်ဆောင်ချက်ကား တထပ်တည်းကိုက်ညီနေတာကို တွေ့ရတာမို့ လက်ခံရမှာပဲ။

နပိုလီယံဟာ သာမန်တပ်ကြပ်ကလေးဘ၀ကနေ ပြင်သစ်နိုင်ငံရဲ့ ဧကရာဇ်ဘ၀ကို သူတက်လှမ်းခဲ့တဲ့ သူ့ခရီးလမ်းဟာ ပန်းခင်းလမ်း မဟုတ်ဘူး ဆိုတာပါပဲ။ သူဟာ အခက်အခဲမျိုးစုံကို 'ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ခဲ့သူပမာ' ရင်ဆိုင်ကျော်လွှားတက်လှမ်းလာခဲ့ သူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်သမိုင်းမှာ နပိုလီယံမင်းဆက်ကို စတင်တည်ထောင်ခဲ့သူအဖြစ်လည်းကောင်း၊ နိုင်ငံပြုသုခမိန်အဖြစ် လည်းကောင်း၊ စစ်သူကြီးအဖြစ်လည်းကောင်း ဥဒါန်းတွင်ရစ်ခဲ့သူဖြစ်တယ်ကွဲ့။ သူ့ခေတ်သူ့အခါက သူ့အမည်ကို ကြားရသူတိုင်းဟာ ဖိန့်ဖိန့် တုန်ခဲ့ရတာကို ကြည့်ပေါ့။

မြန်မာ့သမိုင်းမှာလည်း စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလ (မြန်မာ ၁၁၄၄-၁၁၈၆) ဟာ စွမ်းရည်သတ္တိ၊ လုံ့လ၀ီရိယကြိုးစားမှု တို့ကြောင့် သာမန်တံခါးမှူးဘ၀ကလေးမှ စစ်သူကြီးအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်တယ်။ ဘယ်မင်းအဆက်ဆက်မှ သာမန်ပြည်သူပြည်သား ကျွန်မျိုးတွေကို 'သတိုးဘွဲ့' ချီးမြှင့်လေ့မရှိဘူး။ စာဆိုတောင်ရှိတယ်မဟုတ်လား။ ဘာတဲ့ "သားကို ချစ်လျှင်သတိုး၊ ကျွန်ကိုချစ်လျှင် နေမျိုး" တဲ့။ ဆိုလိုတာက ဘုရင့်အချစ်ဆုံး ရင်သွေးရင်နှစ်သားတော်တွေကိုသာ သတိုးဘွဲ့ပေးလေ့ရှိပြီး၊ ချစ်ကျွမ်းဝင်တဲ့ ယုံကြည်စိတ်ချရတဲ့ ကျွန်တော်ရင်းတွေကိုသာ 'နေမျိုး' အဆင့်လောက်ပဲ ပေးသနားလေ့ရှိတာ မြန်မာ့နန်းတွင်း အစဉ်အလာတွေပဲ။ ဒါဆို မဟာဗန္ဓုလရဲ့ ဇွဲသတ္တိ၊ ရဲသွေးရဲမာန်၊ ခေါင်းဆောင်မှု အရည်အသွေးတွေထက်မြက်လို့သာ ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) က ချီးမြှင့်ခဲ့တယ်ဆိုတာ ထင်ရှား တာပေါ့နော်။

နောက်ထပ်လူ့ဘ၀တွင် သုညဘာသာမှ အစပြုလျက် တိုးတက်အောင်မြင်ခဲ့သူကို သာဓကပြရလျှင် အမေရိကန် ၁၆ ဆက်မြောက် သမ္မတဟောင်း အေဗရာဟင်လင်ကွန်းကို အစ်ကိုကြီးလက်ညှိုးထိုးပြချင်ပါတယ်။

လင်ကွန်းဟာ အမေရိကန်ပြည်ထောင်စုကင်တပ်ကီနယ်ရှိ သစ်လုံးအိမ်ကလေးထဲတွင် ဆင်းဆင်းရဲရဲမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူ့ဖခင်က လက်သမားဆရာဖြစ်ပြီး လင်ကွန်းအသက် ၉ နှစ် မှာ မိခင်ဆုံးတဲ့အတွက် မိထွေးနဲ့နေခဲ့ရပါတယ်။ ကျောင်းတက်ရာမှာလည်း ဝေးလံလှတဲ့ခရီးကို ခြေလျင်လျှောက်၍ သွားရတတ်တယ်။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ကျောင်းနေရတယ်လို့ မရှိပါဘူး။ ကျောင်းတက်ရက်ဟာ စုစုပေါင်းမှ ၁၁ လ လောက်ပဲ ရှိတယ်။

နို့ပေမယ့် လင်ကွန်းဟာ ငယ်စဉ်ကတည်းက စာပေ၀ါသနာထုံတာမို့ စာပေဗဟုသုတကို မိမိဘာသာ ရှာဖွေဖတ်ရှုဆည်းပူးခဲ့ပါတယ်။ ၅ မိုင် ၆ မိုင်ဝေးတဲ့ အိမ်ကိုသွား၍ စာအုပ်တွေ ငှားဖတ်ရတယ်။ ညဘက်တွင် မီးဖိုမှ မီးအလင်းရောင်ကလေးနဲ့ စာဖတ်ခဲ့ရတာပေါ့။ ရံဖန်ရံခါ စာဖတ်ရင်း ညီငယ်များကိုလည်း တဖက်က ထိန်းကျောင်းရသေးတယ်။

ဆင်းရဲနွမ်းပါးသော်လည်း ကြိုးစားအားထုတ်မှုနဲ့ စာပေကို အပတ်တကုတ်ကြိုးစားဖတ်ရှုလေ့လာမှုတွေကြောင့် စစ်သား၊ ၀တ်လုံ၊ နိုင်ငံရေးသမား စသော ဘ၀အထွေထွေကို ကျင်လည်ရင်း နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ဦးမြောက် သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။

သို့ကလို သစ်လုံးအိမ်ကလေးမှာ သမ္မတကြီးစံမြန်းရာ အိမ်ဖြူတော်အထိ လျှောက်လှမ်းခဲ့သော သမ္မတလင်ကွန်းဟာ စကားပြော လည်းကောင်း ၊ စာပေအရေးအသားလည်းတော်လှသူဖြစ်တယ်။ အဲဒီလို တောက်ပြောင်ခဲ့ရတာတွေကတော့ အားလပ်ချိန်လေး တွေကို မဖြုန်းဘဲ စာပေလေ့လာလိုက်စားခြင်းကြောင့် ဖြစ်တယ်ဆိုတာ သိသာတာပေါ့။

မြန်မာနိုင်ငံမှ အကျော်ဇေယျပုဂ္ဂိုလ်တစ်ဦးကို သက်သေပြရလျှင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ညွှန်ပြချင်ပါ တယ်။

"သူ့ကျွန်ဘ၀မှ လုံးဝလွတ်လပ်ရမည်" ဟူသော ထက်သန်တဲ့ သူ့စိတ်ထားနဲ့ ကြိုးစားခဲ့သူကား ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပါတယ်။ ကျိုးကြောင်းသိတတ်စ ကျောင်းသားအရွယ်ကတည်းကပင် မြန်မာနိုင်ငံကို လွတ်လပ်စေချင်တဲ့ သူ့ဆန္ဒဟာ အသိဉာဏ်နဲ့အတူ ယှဉ်တွဲပြီး သူ့စိတ်မှာ မြဲရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျောင်းသားဘ၀မှ အစပျိုးကာ လွတ်လပ်ရေးရဲ့ အတားအဆီးဖြစ်တဲ့ ချုံနွယ်ပိတ်ပေါင်းတို့ကို မလျှော့သော ဇွဲ၊ မနွမ်းလျသော ထက်သန်မှုနဲ့ ၁၂ ရာသီမပြတ် ဥတုသုံးပါး စလုံး ရှင်းလင်းခုတ်ထွင်ခဲ့ပါတယ်။ ယာသစ်တည်တဲ့ တောင်သူဟာ သစ်ငုတ်၊ ခလုတ်၊ ကန်သင်း၊ ၀ါးတက် တို့ကို ခက်ခဲစွာ ဖော်ရ၊ မြေညှိရ၊ ပေါင်းသင်သုတ်သင်ရတဲ့ နည်းတူ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက်လုံးမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲပြဿနာပေါင်းစုံတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ ဗိုလ်ချုပ်ဟာ အခက်အခဲဘယ်လောက်ပဲ ကြုံကြုံ လွတ်လပ်ရေးပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ ချုံကို သင်ဖြူး၊ ဆူးကို မွေ့ရာ ပမာပြုကာ ကန္တာရ ခရီးကြမ်းကို ဇွဲသန်သန်နဲ့ ဖြတ်နိုင်ခဲ့လို့ တို့တတွေဟာ လွတ်လပ်သောလူမျိုးအဖြစ် ယနေ့ကမ္ဘာပေါ်မှာ ရပ်တည်နိုင်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် သူ့ဘ၀ဟာ လွတ်လပ်ရေးရဲ့ အရသာကို မခံစားရသေးမီ မသမာသူလူတစ်စုရဲ့ ရက်စက်ယုတ်မာစွာသတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ရေတိမ်နစ်ခဲ့ရပါတယ်။ နို့ပေမယ့် ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် အသက်နဲ့ရင်းပြီး ကြိုးစားဆောင်ရွက်ခဲ့မှု တွေကြောင့် သူ့အမည်နဲ့ သူ့စွမ်းဆောင်ချက်ဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းကြေစရာ မရှိပါဘူးကွာ။

လူငယ်တို့ရေ….

အောင်မြင်မှုဆိုတာ လောကမှာ ရှိရှိသမျှ ပုပုရွရွလူသားအားလုံးတို့ ပန်ဆင်နိုင်သော အောင်ပန်းဖြစ်ပါတယ်။ အောင်ပန်းကို ဆွတ်လှမ်းနိုင်ရန်အတွက် ဆူကြုံနိမ့်မြင့် အသက်အပိုင်းအခြား၊ ကျားမ မရွေးပါဘူး။ ဒါပေမယ့် တခုတော့ရှိတယ်။ အဲဒါကတော့ ကြိုးပမ်းအား ထုတ်တတ်သော ဇွဲလုံ့လ ရှိရေးပါပဲ။ လုံ့လ၀ီရိယရှိရင် အောင်ပန်းကို လူတိုင်းလက်ဝယ်ပိုင်ပိုင် ဆွတ်လှမ်းမိမှာအသေအချာပါပဲ။ လူ့လောကမှာ လူတိုင်း လူတိုင်းဟာ ကိုယ်သန်ရာ သန်ရာ ၀ါသနာဘာဂီအရ လျှောက်လှမ်းနေသော ဘ၀ခရီးလမ်းအသွယ်သွယ်မှ အောင်မြင်မှု ဆိုတဲ့ ဗိမ္မာန်ကြီးကို ဦးတည်သွားနိုင်ကြပါတယ်။

ရိုးရိုးအလုပ်သမားကလေးတစ်ဦးဟာ အလုပ်ပိုင်ရှင်သူဋ္ဌေးကြီးဖြစ်နိုင်သလို သာမန်အရောင်းစာရေးကလေးဟာလည်း ဆိုင်ပိုင်ရှင်ကြီး ဖြစ်လာနိုင်ပါတယ်။ ဘုန်းကြီးကျောင်းသားဟာလည်း ကြိုးစားရင် ကောလိပ်ကြီးတစ်ခုမှာ ပါမောက္ခကြီးဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မျက်မှောက်ခေတ်နဲ့ တကွ လွန်ခဲ့သော နှစ်ကာလများကို ပြန်လှည့်ကြည့်ရင် ရိုးရိုးသူလိုငါလို ပုဂ္ဂိုလ်တွေဟာ ဇွဲ၊ လုံ့လ၊ သတ္တိ၊ ပညာ အရင်းခံကြောင့် ထူးထူးချွန်ချွန်ဖြစ်ခဲ့ကြတဲ့ သာဓကတွေ အထင်အရှားပါပဲ။ အောင်မြင်သူတွေကို လေ့လာကြည့်ရင် အချို့ဆို ကြွယ်ဝချမ်းသာ တဲ့ မိသားစုဝင်တွေလိုမဟုတ်ဘဲ မိဘက ဆင်းရဲ၊ အစားအသောက်မဖူလုံ၊ ပညာသင်စရာငွေကမရှိနဲ့ အတော့်ကို ဒုက္ခကသီလင်တ များခဲ့ကြပါ တယ်။ ဒါပေမယ့် သူတို့ဟာ ဒုက္ခကို ပျားရည်ဆမ်းပြီး မလျော့သောဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံရပ်တည်ပြီး ကြိုးစားခဲ့လို့ နောက်ဆုံးတော့ လှိုင်းကြီး လှေအောက်၊ တောင်ကြီးဖ၀ါးအောက်ရောက်ခဲ့သလို ထိပ်တန်းကို ရောက်ခဲ့ကြတယ်ဆိုတာ လူငယ်တို့ သတိရှိစေချင်တယ်။

ဒါ့ကြောင့် မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ ကြီးပွားတိုးတက်တန်ခိုးကြီးမှုရဲ့ အခြေခံတရား ၄ ပါးက (၁) ဆန္ဒ၊ (၂) ၀ီရိယ၊ (၃) စိတ်ကူး၊ (၄) ပညာ ဆိုတဲ့ အကြောင်းတရားဆိုပြီး ဖော်ပြထားတယ်မဟုတ်လား။

မြန်မာ့သမိုင်းကိုပဲ ကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းကိုပဲ လေ့လာလေ့လာ အောင်ပန်းဆွတ်ခူးခဲ့တဲ့ သူတွေ ဒုနဲ့ဒေးရှိတာမို့ စာဖွဲ့လို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ နို့ပေမယ့် ဇွဲ လုံ့လနဲ့ ကြိုးစားမှုမရှိလို့ အရှုံးသမားဘ၀နဲ့ လောကဓံလှိုင်းဂယက်အောက်မှာ ပက်လက်မျောနေကြတဲ့ သူတွေ ရေမျောကမ်းတင် လွင့်ချင်ရာလွင့်နေသူတွေကလည်း မနည်းလှပါဘူး။

အောင်မြင်မှုသရဖူကို ဆောင်းခဲ့ကြတဲ့နောင်တော့ နောင်တော်များလိုလက်မြှောက်အရှုံးမပေး၊ စိန်ခေါ်မှုအဖုံဖုံ ရေလျဉ်ကြောမှာ အမျောမခံဘဲ အောင်မြင်မှုပန်းတိုင်အရောက်လက်ပစ်ကူးနိုင်ခဲ့လို့ လက်ပန်းပေါက်ခတ်ခဲ့သူတွေလဲများလှပါပြီ။ ဒီနေရာမှာ အစ်ကိုကြီး တရုတ်စကားပုံလေး တစ်ခုကို သတိရနေမိတယ်။ စကားပုံက ဒူးထောက်ရင် သုံည၊ မတ်တပ်ရပ်ရင် တစ် တဲ့။ အောင်မြင်မှုဆိုတဲ့ တစ် သို့မဟုတ် ၀မ်း (One) ဖြစ်ဖို့ တို့တွေ ရင်ကော့မတ်တပ်ရပ်ပြီး ဘ၀ကို ရင်ဆိုင်ကြပါစို့။အောင်မြင် သူတို့ရဲ့ ကြိုးစားဆောင်ရွက်မှုနဲ့ စေတနာအကျိုးဆက်ကြောင့် လောကကြီးဟာ အဖက်ဖက်မှ တိုးတက်ခဲ့တာလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မဟုတ်ဘူး။

ဥပမာပြရရင် ရှိတ်စပီးယား၊ ချားလ်ဒစ်ကင်း၊ သောမတ်ဟာဒီ၊ မတ်တွိန်း၊ ရှယ်လီ၊ တဂိုး စတဲ့ စာဆိုတော် ပုဂ္ဂိုလ်တွေရေးသားခဲ့တဲ့ စာပေကဗျာအစုစုတို့ဟာ တို့တွေ ယနေ့တိုင် မကုန်ခမ်းနိုင်အောင် စာပေဗဟုသုတရခဲ့တယ် မဟုတ်လား။ သူတို့ထားရစ်ခဲ့တဲ့ စာပေအမွေ အနှစ်တွေပင်လျင် တို့ခေတ်ရဲ့ စာပေယဉ်ကျေးမှု အဆင့်အတန်းများပင် ဖြစ်ကြပါတယ်။ ထိုနည်းတူစွာ မိုက်ကယ်အိန်ဂျယ်လို၊ ရိုဒင်၊ လီယိုနာဒိုဒါဗင်ချီ၊ ပီကာဆို၊ မားတီး၊ ဗင်ဂိုး၊ ဟင်နရီမိုး စတဲ့ ပန်းချီပန်းပုလက်ရာတွေဟာလည်း လူသားတရပ်လုံးအတွက် သုခုမအနုပညာ ယဉ်ကျေးမှုမြင့်မားရေးအတွက်အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပဲ မဟုတ်လား။

အာခီးမီးဒီး၊ မိုက်ကယ်ဖာရဒေး၊ မာကိုနီ၊ သောမတ်အယ်ဒီဆင်၊ ဘင်ဂျမင်ဖရင်ကလင်၊ မဒမ်ကျူရီ၊ အိုင်းစတိုင်း အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သိပ္ပံသုတေသနစူးစမ်းတွေ့ရှိချက်တွေဟာ ဒီကနေ့ လူသားတစ်ရပ်လုံးကို အကျိုးပြုနေတယ်ဆိုတာ မျက်မြင်ပါပဲ။

ဆေးဝါးနဲ့ ကျန်းမာရေးဘက်ကို ကြည့်ရင်လည်း လီယူဝင်ဟုတ်၊ ရောဘတ်ဟောက်၊ မစ္စတာဂျင်းနား၊ ပတ်စချာ၊ အလက်ဇင်ဒါဖလင်း မင်း စတဲ့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ ကျန်းမာရေးအတွက် ရတက်အေးသင့်သလောက် အေးခဲ့ရတာပဲ မဟုတ်လား။

ထိုမျှမက သမိုင်းစာမျက်နှာမှာ ကမ္ဗည်းတင်ခဲ့တဲ့ ငါတို့အာဇာနည်သူရဲကောင်းတွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေဟာ တို့တွေ ယနေ့တိုင် ဂုဏ်ယူနေရဆဲပဲ မဟုတ်လား။

မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သော အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ ဆင်ဖြူရှင်၊ မဟာဗန္ဓုလ စတဲ့ ပုဂ္ဂိုလ်ထူးတွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်ခဲ့မှု စွမ်းဆောင်ရွက်ချက်တွေဟာ တို့မြန်မာတမျိုးသားလုံးအတွက် ဂုဏ်မြှင့်စေတာမို့ မေ့ရက်နိုင်စရာ မရှိသလို၊ အခြားနိုင်ငံအသီးသီးမှာလည်း သူ့နိုင်ငံအတွက် စွမ်းဆောင်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမဆုံးရှိကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ဝါရှင်တန်၊ ၁၆ ဦးမြောက် သမ္မတလင်ကွန်းတို့ရဲ့ ဆောင်ရွက်ချက်များကို ယနေ့တိုင် အမေရိကန်တို့ဟာ ဂုဏ်ယူမှတ်တမ်းတင်မဆုံး ရှိနေကြပါတယ်။

အရှေ့တိုင်းဘက်က တရုတ်ပြည်မှာ တရုတ်အမျိုးသားတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်နဲ့ တရုတ်ပြည်ကို ကမ္ဘာ့စီးပွားရေးထိပ်တန်းဝင်နိုင်ငံကြီးတစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်ပေးခဲ့တဲ့ တိန့်ရှောင်ဖိန်ကိုလည်း ယနေ့တိုင် တရုတ် ပြည်သူတို့ တသသ ဖြစ်နေဆဲပါ။

ဖိလစ်ပိုင်နိုင်ငံမှာလည်း စပိန်နယ်ချဲ့အစိုးရလက်အောက်မှ လွတ်မြာက်အောင် ကြိုးပမ်းခဲ့တဲ့ လက်ရုံးရည် နှလုံးရည် ထူးချွန်တဲ့ မျိုးချစ်ပုဂ္ဂိုလ် ရီဇော် အကြောင်းကိုလည်း ယနေ့တိုင် ပြောစမှတ်ပြုနေကြဆဲပါ။

လုံ့လ ၀ီရိယနဲ့ ပတ်သက်၍ ကျမ်းဂန်များမှာ ၀ိဂြိုဟ်ပြုထားတာကတော့ "လုံ့လ ၀ီရိယ ရှိသူအား အဘယ်မည်သော အမှုသည် မပြီးစီး ဘဲ ရှိတော့နည်း" ဟူ၍ ဆိုထားပါတယ်။

ဇာတ်ကြီးဆယ်ဘွဲ့ဝင် မဟာဇနက ဇာတ်ကား လုံ့လတည်းဟူသော ကြိုးစားမှုကို အရင်းတည်ခဲ့တာကြောင့် ထီးနန်းကိုပါ သိမ်းပိုက် စိုးစံတော်မူရသော မဟာဇနကမင်းကြီးကို ပမာပြု၍ ယနေ့လူငယ်တို့ လိုက်နာကျင့်သုံးနိုင်ရန် ပြသဆုံးမသော ဇာတ်တော်ကြီး ဖြစ်တယ်ကွဲ့။

ဇနကမင်းသားဟာ သင်္ဘောပျက်တဲ့အခါမှာ သင်္ဘောသား ခုနစ်ရာကဲ့သို့ လုံ့လမပြုဘဲ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့၍ နေခဲ့ပါလျှင် ငါးလိပ်မကန်းတို့ရဲ့ အစာဖြစ်ကာ ပင်လယ်သမုဒ္ဒရာအတွင်းမှာ သေပွဲဝင်ရမှာ မလွဲပါ။ နို့ပေမယ့် ဘုရားလောင်းဇနကမင်းရဲ့ လုံ့လဝီရိယနဲ့ ဇွဲသတ္တိကြောင့် မဏိမေခလာနတ်သမီးကပင် လာရောက်ကယ်ယူ၍ ၀ိဒေဟရာဇ်တိုင်းသို့ ပို့ဆောင်ခံရပြီး ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူခဲ့ရ ကြောင်း၊ မင်းတို့လည်း ဖတ်ဖူးမှာပေါ့။ ဒီဇာတ်တော်ကရတဲ့ သင်ခန်းစာကတော့ "အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လုံ့လကို မလျော့ ထိုက်၊ ကြမ္မာကိုသာ ရိုးမယ်ဖွဲ့သူများကား လူပျင်း လူဖျင်းတို့တည်း" ဟု ဘုရားလောင်းရဲ့ ဆိုစကားပါပဲ။ ဒါ့ကြောင့် ဘယ်လိုကံကြမ္မာမျိုးနဲ့ ကြုံတွေ့စေကာမူ ဘယ်သောအခါမှ မိမိတို့ရဲ့ လုံ့လကို အားပြု၍ ကြံဆောင်မှသာ အောင်မြင်သောပန်းတိုင်ကို ဆိုက်ရောက်နိုင်သလို လူပျင်း လူဖျင်းတို့ကဲ့သို့ မကျင့်အပ်ကြောင်းကို သတိပေးဆုံးမထားတာပဲ မဟုတ်လား။

လုံ့လ၀ီရိယရဲ့ ထိရောက်ပုံကို လက်တွေ့ညွှန်ပြရာမှာ အမေရိကန်သိပ္ပံပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်ရဲ့စကားဟာ လူငယ်တို့ အတွက် မှတ်သားစရာကောင်းလှပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးက 'ပါရမီနဲ့လူထူးဆိုတာ'  ၁၀၀ မှာ ၉၉ ဆ လောက် ချွေးထွက်အောင် ကြိုးစားရပြီး တစ်ဆလောက်သာ ပါရမီခံရတဲ့ ကိစ္စမျိုးပါ' လို့ ဆိုခဲ့ဖူးပါတယ်။

ကြိုးစားအားထုတ်၍ အောင်မြင်ကြသူတွေအနက် မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သူ နှစ်ဦးကတော့ အင်းဝမင်းကြီးစွာစော်ကဲလက်ထက် ၀န်ဇင်းရွာမှ အမတ်ကြီးဖြစ်လာတဲ့ ဘိုးရာဇာနဲ့ ကျစွာမင်းလက်ထက်မှာ အသက်၆၀ကျော်မှ စာသင်၍ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့တဲ့ ဦးကျည်ပွေ့တို့ကို တင်ပြချင်တယ်။

ဝန်ဇင်းရွာမှ အသည်သား မောင်ရာဇာဟာ တကယ်တော့ လယ်သမားကလေးကွဲ့။ လယ်ထွန်ရင်း အားလပ်ချိန်ကလေးတွေမှာ ရှေးပေဟောင်းစာဟောင်းတွေကို လေ့လာဖတ်ရှုရင်း စာပေဗဟုသုတဆည်းပူးခဲ့သူဖြစ်ပါတယ်။ အဲဒီလို ဇွဲလုံ့လမပြတ် စာပေလေ့လာမှုကြောင့် ဘုရင်ရဲ့ အတိုင်ပင်ခံအမတ်ကြီးဘ၀သို့ ရောက်ခဲ့ရတယ်မဟုတ်လား။

ကျစွာမင်းလက်ထက်က အသက် ၆၀ ကျော် ရဟန်းကြီးဟာ ရှင်ဘုရင်ထံဝင်၍ ပိဋကတ်သုံးပုံသင်ရာမှာ သဒ္ဒါရုပ်တွက်ရန်အတွက် ကန့်ကူဆန်ကို အလှူခံလေရာ မင်းကြီးက 'ရှင်ရဟန်းကြီး….. ဒီအသက် ဒီအရွယ်မှဖြင့် ပိဋကတ်သုံးပုံကို သင်မနေပါနဲ့တော့။ ကျည်ပွေ့သာ အတက်ပေါက်ချင်ပေါက်မယ်။ ရှင်ရဟန်းကြီး ပိဋကတ်သုံးပုံ သင်ကြားတတ်ရန်ကား ခဲယဉ်းပေစွ' လို့ မိန့်တော်မူတယ်။ ဒါပေမယ့် ရဟန်းကြီးဟာ အမှန်ပင်အတက်ပေါက်အောင် ကြိုးစားခဲ့တယ်။ သူဟာ နေ့စဉ်လွှင့်ပစ်ခဲ့တဲ့ တွင်းပြည့်ခဲ့သော အန်ပူများကို ကြည့်ကာ သင်ခန်းစာယူပြီး ပိဋကတ်သုံးပုံကို နှုတ်ငုံနိုင်ရန် မနေမနား ကြိုးစားခဲ့မှုကြောင့် နောက်ဆုံးမှာ အောင်မြင်ခဲ့ပြီး မြန်မာစာပေလောကမှာ ဦးကျည်ပွေ့လို့ ထင်ရှားခဲ့တယ်။

လုံ့လ ဥဿာဟထုတ်၍ ကြိုးစားအောင်မြင်ခဲ့သူများအနက် သိပ္ပံပညာကျော်ကြီးတို့ရဲ့ဘ၀မှတ်တမ်း အတ္ထုပ္ပတ္တိတွေကလည်း စိတ်ဝင်စားစရာပါပဲ။ အကယ်၍ အဲဒီသိပ္ပံနယ်အသီးသီးမှ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေသုတေသနမပြုခဲ့ရင် ယနေ့လူနေမှု အဆင့်အတန်းအားလုံးဟာ ဒီလောက်အခြေတိုးမြှင့်လာစရာမဟုတ်ဘူး။

သိပ္ပံပညာကျော် ပုဂ္ဂိုလ်ထဲမှာ အမေရိကန်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သောမတ်အယ်ဒီဆင် ရဲ့ ဆောင်ရွက်ချက်တွေဟာ စံတင်လောက်တယ်ကွ။ သူဟာ ငယ်စဉ်ကပင် သိပ္ပံပညာကို စိတ်ပါဝင်စားပြီး အပတ်တကုတ် ဆည်းပူးလေ့လာနေခဲ့တယ်။ ငယ်ရွယ်စဉ်ကပင် နားထိုင်းသွားခဲ့ရသော်လည်း အလုပ်ကြိုးစားမှုကတော့ သူများထက်သာတယ်။ သူဟာ အသက် ၈၄ နှစ်မှာ ကွယ်လွန်သွားခဲ့သော်လည်း သူ့တသက် တီထွင်သွားတဲ့ ပစ္စည်းအမျိုးပေါင်းဟာ ၂၅၀၀ လောက်တောင်ရှိတယ်။ အဲဒီအထဲမှာ ဓာတ်မီး၊ ဓာတ်စက်၊ ရုပ်ရှင်ပြစက်တို့လည်း ပါဝင်ပါတယ်။

အယ်ဒီဆင်ကဲ့သို့ အခြားကျော်ကြားသူကတော့ အင်္ဂလိပ် သင်္ချာဆရာကြီး အိုက်ဆက်နယူတန်ပဲ ဖြစ်တယ်။ နယူတန်ဟာ မြေပိုင်ရှင် တစ်ဦးရဲ့ သားဖြစ်သော်လည်း ဖခင်ဟာ သူငယ်စဉ်ကတည်းက ကွယ်လွန်သွားတာမို့ မိမိဘ၀တက်လမ်းကို ကိုယ့်ဘာသာ ကိုယ် လျှောက်လှမ်းခဲ့ရတယ်။ သူ့လိုပဲ အခြားထူးချွန်သူက လျှပ်စစ်ဓါတ်အားကို တွေ့ရှိခဲ့တဲ့ မိုက်ကယ်ဖာရာဒေးဆိုသူပါပဲ။ သူဟာ ဒိုင်နမို ခေါ် လျှပ်စစ်ဓာတ်အားပေးစက်ကို တီထွင်ခဲ့သော ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်တယ်။ သူဟာပန်းပဲဆရာတစ်ဦးရဲ့ သားဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် စီးပွားရေး မပြည့်စုံလို့ ကျောင်းကထွက်လိုက်ရပြီး အလုပ်လုပ်ခဲ့ရရှာတယ်။

ခွေးရူး စတဲ့ရောဂါတွေကို ကုသရန် ပိုးများကိုရှာဖွေတွေ့ရှိခဲ့တဲ့ လူဝစ်ပတ်စချာဆိုသူဟာလည်း သားရေနယ်သမားတစ်ဦးရဲ့ သားဖြစ်တယ်ကွဲ့။ ဒီပုဂ္ဂိုလ်ကြီးက 'ကျနော်ဘ၀မှာ ဆန္ဒ၊ အလုပ်နဲ့ အောင်မြင်မှုဟူသော ဤသုံးမျိုးကသာ လွှမ်းမိုးနေတယ်' လို့ ဆိုခဲ့ဖူးတယ်။

နိုင်ငံရေးဘက်လှည့်ကြည့်ရင်လည်း ပြင်းထန်သော စိတ်ဓာတ် မလျှော့သော ဇွဲလုံ့လကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတ ဘီလ်ကလင်တန်ရဲ့ ကြိုးပမ်းချက်ကလည်း ချီးကျူးထိုက်တယ်။ သူ့ဇနီးဟာ တလောကမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘ၀မှ အနားယူသွားတဲ့ ဟယ်လာရီကလင်တန်ဖြစ်တယ်။ မနှစ်က မြန်မာပြည်ကိုတောင် လာလည်သွားတာကို မင်းတို့ သတိရမိလိမ့်မယ်။ ထားတော့။

ဘီလ်ကလင်တန်ဟာ ၀င့်ဝင့်ဝါ၀ါမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သူဖြစ်တယ်။ ကားတိုက်မှုကြောင့် သူ့ဖခင် ကွယ်လွန်ပြီး သုံးလ အကြာမှာ ဘီလ်ကလင်တန်ကို စတုတ္ထမြောက် ၀ီလျံဂျယ်ဖာဆင်ဘလိုက် (William Jefferson Blythe lV) နာမည်နဲ့ ၁၉၄၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ဟုတ်မြို့ကလေးမှာ မွေးဖွားခဲ့တယ်ကွာ။ အဲဒီနောက် ဖခင်သေပြီး ၄ နှစ် အကြာမှာ သူ့မိခင်ဟာ ကားရောင်းဝယ် ဖောက်ကားသူ ဂျော်ဂျာကလင်တန်နဲ့ ဒုတိယအိမ်ထောင်ပြုခဲ့တာကြောင့် ပထွေးနာမည်ကို ယူပြီး ကလင်တန်မှည့်ခဲ့တာပဲ။ သူဟာ ဘ၀နုံချာ ခဲ့သော်လည်း ကြိုးစားမှုကြောင့် သချာင်္နဲ့ လက်တင်ဘာသာ ထူးချွန်သော အထက်တန်းကျောင်းသား ဖြစ်လာတယ်။ အထက်တန်း ကျောင်းသားဘ၀က ၁၉၆၃ နွေရာသီမှာ သမ္မတကနေဒီကို လက်ဆွဲနှုတ်ဆက်မှုတစ်ခုက သူ့ဘ၀လျှောက်လှမ်းရမယ့် အချိုးအကွေ့ကို တွေ့ရှိခဲ့တယ်။ သူဟာ ကနေဒီနဲ့တွေ့ပြီးကတည်းက နိုင်ငံရေးသမားဖြစ်လိုတာကြောင့် ဂီတပညာသင်ဆုကို ငြင်းပယ်ကာ နိုင်ငံရေးပညာ သင်ကြားရန် ဂျော့တောင်းတက္ကသိုလ်ကို တက်ခဲ့တယ်။ ၁၉၆၈ မှာ နိုင်ငံတကာဆက်ဆံရေးရာဘာသာနဲ့ ဘွဲ့ရပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ရန် ပညာသင်ဆုရခဲ့တယ်။ ဒီလိုနဲ့ ဥပဒေဘွဲ့လွန်တက်ပြီး နိုင်ငံရေးနယ်ပယ်ကို ခြေစုံပစ်ဝင်ရောက်ရာမှ ၁၉၇၈ ခုနှစ်မှာ အာကင်ဆောပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတယ်။ နောက် ၁၉၉၂ ခုနှစ် ဇူလိုင်မှာ သမ္မတလောင်းအမည်စာရင်းတင်ပြီး ယှဉ်ပြိုင်အရွေးခံ ရာ လက်ရှိသမ္မတ ဂျော့ဘုခ်ျကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတဖြစ်လာခဲ့တာပါပဲကွာ။

ဒါဆို လူငယ်တို့အားလုံး တိုးတက်ကြီးပွားသူတွေရဲ့ ဇွဲလုံ့လနဲ့ အချိန်ပိုကလေးတွေကို လေးစားစွာ အသုံးချမှုကြောင့် ထိပ်တန်းကို တက်လှမ်းနိုင်ခဲ့တာကို သဘောပေါက်လောက်ရောပေါ့။

● ဗိုလ်ဖြစ်အောင်လုပ်ပါ
ဗိုလ်ဆိုလို့ အတွေးမချော်နဲ့အုံး။ စစ်တက္ကသိုလ်တက်မှ ဗိုလ်ဖြစ်တာမဟုတ်ဘူး။ 'ဗိုလ်' ဆိုတဲ့ ဝေါဟာရဟာ ပါဠိဝေါဟာရ 'ဗလ' မှ ဆင်းသက်လာတဲ့ မြန်မာစကားဖြစ်တယ်။ အဓိပ္ပါယ်က 'အား' ပါပဲ။ လူတိုင်းမှာ မွေးရာပါ ကာယစွမ်းအား၊ ဉာဏစွမ်းအား ရှိနေတတ်ပါတယ်။ ထိုစွမ်းအားတွေဟာ ပြောပလောက်အောင် ထက်မြက်လာတဲ့အခါ 'ဗိုလ်' ဖြစ်လာပါတော့တယ်။ လူ့ကိုယ်ရဲ့ အားဟာ အပြေး အခုန်၊ အထမ်း အမ၊ အပစ် အခတ် အရပ်ရပ်ကို စနစ်တကျ လေ့ကျင့်တဲ့အခါ ပေါ်လာတယ်။ ဆောင်ရွက်ချက်ကို ကြည့်ပြီး အားဘယ်လောက်ကောင်းတယ် လို့ သိကြရတယ်။

ထိုနည်းတူ လူ့စိတ်မှာလည်း အားရှိတယ်။ လူ့စိတ်ရဲ့ အားကလည်း ကိစ္စရပ်အလိုက် ပေါ်လာစမြဲပဲ။

(၁) သဒ္ဒါဗိုလ်လို့ခေါ်တဲ့ ယုံကြည်ချက်တည်းဟူသော အား။

(၂) ၀ီရိယဗိုလ် လို့ခေါ်တဲ့ လုံ့လ၀ီရိယဇွဲတည်းဟူသော အား။

(၃) သတိဗိုလ် လို့ခေါ်တဲ့ အသိမလစ်ဟင်းမှုဟူသော အား။

(၄) သမာဓိဗိုလ် လို့ခေါ်တဲ့ တည်ငြိမ်စူးစိုက်မှုဟူသောအား နဲ့

(၅) ပညာဗိုလ် ခေါ် ပြဿနာကို နှံ့စပ်သိမြင်တတ်တဲ့အား တွေပါပဲ။

ကိုယ်ပိုင်ယုံကြည်ချက် လုပ်ငန်းအပေါ် ယုံကြည်ချက် ၊နိုင်ငံတော်အပေါ် ယုံကြည်ချက် ပီပီပြင်ပြင်ထားရှိပြီး ထိုယုံကြည်ချက် ခိုင်မာလာရင် စိတ်ဓာတ်ရဲ့ ခွန်အားတစ်ရပ်ဖြစ်လာတယ်။ တိုတိုပြောရရင် သဒ္ဓါဗိုလ်လို့ ခေါ်ကြပါတယ်။ အာဠာဝက ဘီလူးက မေးလျှောက် တာကြောင့် "ယောက်ျားတစ်ယောက် ပိုင်ဆိုင်သောပစ္စည်းများအနက် 'ယုံကြည်ချက်' ဟာ အဖိုးအတန်ဆုံးသောပစ္စည်းဖြစ်ကြောင်း" မြတ်စွာဘုရားက ဖြေကြားခဲ့တယ်။ အလုပ်နဲ့တွေ့ရင် အပျင်းထူခြင်း၊ ရေသာခိုခြင်း၊ ဆင်ခြေတက်ခြင်း မရှိဘဲ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ လုံ့လ၀ီရိယဇွဲကသာလျှင် အောင်မြင်ခြင်း ခွန်အားတွေပါပဲ။

အခက်အခဲကို ကျော်လွှားရန်မှာ ဇွဲရှိမှ ဖြစ်တယ်။ အလောင်းတော် ဇနကမင်းသားအား နန်းတင်ပေးသူမှာ သူရဲ့ ကြိုးစားမှု ၀ီရိယ ဗိုလ် ပဲ ဖြစ်တယ်ကွဲ့။

ပြီးတော့ လောကမှာ 'မပို' နိုင်တဲ့ အရာကို ပြပါဆိုရင် 'သတိ' ကို ညွှန်ပြရမှာပဲ။ သတိဟာ အစစအရာရာတိုင်းမှာ လိုအပ်တယ်။ သတိရဲ့ လက္ခဏာမှာ သတိမလစ်ဟင်းမှုပဲဖြစ်တယ်။ နေ့စဉ်ဘ၀နဲ့တကွ စစ်ရေး၊ နိုင်ငံရေးတို့မှာပင် သတိရှိမှုဟာ အင်အားကြီးတဲ့ စွမ်းရည်တရပ်ဆိုတာ မမေ့သင့်ဘူး။ အလစ်ဝင်တယ်၊ အငိုက်မိတယ် ဆိုတာတွေဟာ ခံရသူ ဘက်က သတိဗိုလ်မရှိခြင်းရဲ့ ပြယုဂ်ပဲ မဟုတ်လား။ ၀ိဓူရသုခမိန်ဟာ ပုဏ္ဏကဘီလူးသတ်၍ မသေဘဲ အနိုင်ရခြင်းဟာ သတိမြဲလှ၍ ဖြစ်တယ်ဆိုတာ မှတ်ပါ။

အလုပ်ထဲမှာ စိတ်ရောက်နေခြင်းဟာ တည်ငြိမ်စူးစိုက်တဲ့ သဘောဖြစ်တယ်။ စူးစူးစိုက်စိုက် လုပ်ရင် အလုပ်ပြီးလွယ်တယ်ကွဲ့။ ပြဿနာကြုံရင် တည်ငြိမ်မှုရှိရန် အရေးကြီးတယ်။ သို့မှသာ ပြဿနာရဲ့ အဖြေဟာ ပေါ်လာနိုင်တယ် မဟုတ်လား။ မတည်ငြိမ်တဲ့အခါ ဂယောင်ချောက်ချားကြောက်စိတ်ဝင်လာတတ်တယ်။ မိမိအနီးမှာ သစ်သီးတစ်လုံး ကြွေကျတဲ့အခါ ယုန်ကလေးဟာ ကမ္ဘာပျက်မတတ် ထခုန် တယ်။ ခြင်္သေ့မင်းကတော့ ဣနြေ္ဒမပျက် မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။ ဒါက ဘာကိုပြသလဲဆိုရင် တည်ငြိမ်မှုဆိုတဲ့ ရဲစွမ်းသတ္တိရှိမရှိ အပေါ်မှာ တည်တယ်ဆိုတာ ထင်ရှားနေတာပဲ။

သိမှုဟာ လူ့စိတ်ရဲ့ ခွန်အားတစ်ရပ်ဖြစ်တယ်။ ဗဟုသုတဟာ အသိအမြင်ထင်ရှားအောင် မှန်ကဲ့သို့ ပြတယ်။ ပြဿနာဟာ ဖြတ်စရာတမျိုးဖြစ်တယ်။ ပညာစိန်သွားနဲ့ ဖြတ်မှ ရတယ်။ ပြဿနာမှောင်ထုကို ပညာဆီမီးရောင်ဖြင့် ပယ်ရတယ်။ မဟော်သဓဟာ မိမိရဲ့ အသက်စည်းစိမ်တည်မြဲအောင် မိမိပညာဖြင့် ကာကွယ်နိုင်ခဲ့တယ်။ မိမိရဲ့ နိုင်ငံတော်သူတပါးလက်အောက်သို့ မရောက်ရေးကိုလည်း ပညာဗိုလ်ဖြင့်ပင် ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။

အရာရာမှာ ပြုစုပျိုးထောင်မှု လိုအပ်တယ်။ မိမိစိတ်ဓာတ် ဗိုလ်အဆင့်ရောက်အောင် ကြိုးစားရမယ်။ စိတ်ဓါတ်အရည်အချင်းပါ ဗိုလ်ဖြစ်မှ တကယ့် ဗိုလ်ဖြစ်လာမယ်။ အရေးကြုံရင် ထိုသူမျိုးမှ အားကိုးရမယ်။ 'ဗိုလ်စိတ်' ဆိုတာ တကယ်တော့ ယုံကြည်ချက်ခိုင်မာတဲ့ စိတ်၊ အမြော်အမြင်ရှိတဲ့စိတ်မျိုးဖြစ်တယ်။ ချိနဲ့ညံ့ဖျင်းသောစိတ်မျိုးဟာ ဗိုလ်စိတ်မဟုတ်ဘူးဆိုတာ သဘောပေါက်ရင် လူငယ်တိုင်း ဗိုလ်ဖြစ်အောင် လုပ်ပါလို့ အစ်ကိုကြီး တိုက်တွန်းလိုက်ပါရစေ။ ဗိုလ်ငါးဗိုလ်နဲ့ ပြည့်စုံနေတဲ့ လူငယ်တွေ ဦးဆောင်မှလည်း တို့နိုင်ငံတော်ကြီး ခေတ်မီတိုးတက် ကြီးမားလာမှာဖြစ်တယ်ကွာ။

Zaw Htet (Pyinmanar) - Poem

မာယာတွေနဲ့ မြို့
ဇော်ထက် (ပျဉ်းမနား)
ဧပြီ ၂၂၊ ၂၀၁၃


အဲဒီ့မြို့ မှာ
မာယာတွေက ကခုန်ပြ
လာကြလေကွယ်
ပျော်ကြမယ်
ဆိုကြမယ်တဲ့….။

မာယာတွေက
ချစ်သူမမကို
အပါအရခေါ်ထား
နှစ်ပါးသွားမြိုင်ထ
ကချင်တိုင်း က
သူမနှောင်ကြိုးတွေ
သိလှပေမဲ့ သူမ ရုန်းမရသေး…..။

တန်စိုးလက်ဆောင်ဝိုင်ချိုချိုတွေ
မာယာတွေကဝေငှ
လှလှပပ
သူတို့ကများ
သောက်သောက်ပြသွား
ကိုယ်ကျင့်တရားက
သွားရည်တွေတမြားမြားကျ
အမှန်တရားကလည်း
မည်းမည်းမှောင်မှောင်
ချောင်တစ်ချောင်မှာ
အမှောင်သာခိုလို့ သွားအိပ်ငိုက်နေလေရဲ့ …။

အဲဒီမြို့ တစ်လျှောက်
ဦးဏှောက်တွေက
အိပ်လို့ကောင်းနေကြတုန်း
နှလုံးသားတွေက
တ၀ုန်းဝုန်းကြွေကျတုန်း
လက်ရုံးတွေက
အားပြလို့မဆုံးသေး
ကလေးတွေခမျာ
ခြေရာတွေဟာ ပျောက်နေကြဆဲ…..။

အဲဒီမြို့ မှာ
မာယာတွေသာ ကြီးစိုးနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ အလှပြနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ ပြုံးနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ အားရနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ အားပြနေဆဲ

အဲဒီမြို့ မှာလေ
ကလေးတွေဟာ သူတို့ခြေရာတွေသူတို့ရှာနေရဆဲ……။       ။

Kyaw Thu - FFSS Yangon Activity,

ဦးပါနီ အစာစားနိုင်ပြီ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၂၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် မြန်မာပြည်အထက်ပိုင်းမြို့နယ်များရှိ လူမှုရေးအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ်များအား သွားရောက် ဟောပြောပေးခဲ့ရသည်။ ယခုဆိုလျှင် မြန်မာပြည်အထက်ပိုင်းရှိ မြို့အတော်များများ၌ ဟောပြောပွဲများ ဟောပြောပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ပြင်ဦးလွင်မြို့တွင် အယူသီးမှု တိုက်ဖျက်ရေး ဟောပြောပွဲအား ပြုလုပ်နေသည့်အချိန်တွင် ပြင်ဦးလွင်မြို့ရှိ သွေးအလှူရှင်အသင်းမှ ဒေါ်ယုဇနသည်  ဥက္ကဌဦးကျော်သူနှင့်တွေ့ဆုံကာ ၄င်း၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ထားသော မျက်နှာတစ်ခုလုံးတွင် အသားပိုများ ပါးစပ်အပါအဝင် ဖုံးအုပ်လျှက် အစာမစားနိုင်သည့် အခြေအနေတွင် ရောဂါဝေဒနာခံစားနေရသော ဦးပနီခေါ် ဦးအုန်းလှိုင်၏ ဓါတ်ပုံအား ပြသကာ အကူအညီ တောင်းခံလာခဲ့သည်။ အဆိုပါလူနာအား မဖြစ်မနေအရေးပေါ် ခွဲစိတ်မှုခံယူနိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းကျော် ကုန်ကျမည်ဖြစ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကူညီမှုပေးနိုင်ရန် အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် ဥက္ကဌဦးကျော်သူမှ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ရုံးချုပ်ရှိ တာဝန်ရှိသူများအား ဖုန်းဆက်၍ အကူအညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။


အဆိုပါလူနာ ဦးအုန်းလှိုင်(ခ)ဦးပနီအား ယုဇနဥယျာဉ် မြို့တော်ရှိ အောင်သုခစာသင်တိုက်မှ ဆရာတော် ဦဝိမလ၏ ကူညီဖေးမမှုဖြင့် အဆိုပါ ကျောင်းတွင်ပင် တည်းခိုစေကာ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ဆက်သွယ်ပးခဲပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) မှကုန်ကျစရိတ်များအား ကျခံပေးရန် ဆုံးဖြတ်ခဲ့ပြီး ကနဦးအလှူအဖြစ် အလှူငွေကျပ် (တစ်သိန်း) ပေးအပ်လှူဒါန်းခဲ့သည်။ ဆရာတော် ဦးဝိမလမှ လည်းသူ၏ဖေ့ဘွက် စာမျက်နှာတွင် တင်ပြအကူညီ တောင်းခံခဲ့သည်။ သို့သော် ကံအားလျှော်စွာပင် ရန်ကုန်ဆေးရုံကြီး မျက်နှာနှင့်မေးရိုးဌာနသို့ အီတလီနိုင်ငံမှ အထူးကုခွဲစိပ်ဆရာဝန်ကြီးများ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေသည်အတွက်  အဆိုပါ ဆရာဝန်ကြီးများမှ အခမဲ့ ခွဲစိပ်ပေးရန် ကမ်းလှမ်းခဲ့သဖြင့် လူနာ ဦးပနီ(ခ) ဦးအုန်းလှိုင်မှာ ခွဲစိပ်မှု ကုန်ကျစရိတ် အနည်းဆုံးဖြင့် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့လေသည်။ ဦးပနီ(ခ)ဦးအုန်းလှိုင်မှာ ငယ်စဉ်ကတည်းက ပါးတွင် အနီစက်ကလေး တစ်ခုပါလာခဲ့ရာ ထိုအနီစက်လေးအား အစွဲပြု၍ ပါးနီဟု ခေါ်ဆိုကြရင်းက ဦးပနီဖြစ်လာခဲ့ပြီး အသက်ကြီးလာသောအခါတွင် အဆိုပါ အနီစက်ကလေးသည် တဖြည်ဖြည်း ကြီးထွားလာကာ မျက်နှာတစ်ခုလုံးပါအပြင် ပါးစပ်ပါ ဖုံအုပ်သွားခဲ့ပြီး အစာစား၍ မရတော့သည်အထိ ကြီးထွားလာခဲတော့သည်။

၂၀၁၃ ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် လူနာဦးပနီ(ခ) ဦးအုန်းလှိုင်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လာရောက်ကာ ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံခဲ့သည်။ လူနာ ဦးပနီ(ခ) ဦးအုန်းလှိုင်အား ဦးကျော်သူမှ လူမှုရေးဟောပြောပွဲတွင် ပေါင်းတလည်မြို့ ဟောပြောပွဲမှချီးမြှင့်သော ငွေ(၅သောင်း)ကျပ်နှင့် ပုဆိုးတစ်ထည်အား ပေးအပ်လှူဒါန်းခဲ့သည်။ ယခုအခါ ဦးပနီသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အမျာပြည်သူစေတနာရှင်များ လှုဒါန်းထားသော အလှုငွေတို့၏ ကျေးဇူး၊ အောင်သုခ စာသင်တိုက်မှ ဆရာတော် ဦးဝိမလ၏ ကျေးဇူး၊ အီတလီ နိုင်ငံမှ ခွဲစိတ်ပါရဂူကြီးမျာ၏ ကျေးဇူးတို့ကြောင့် မျက်နှာတစ်ခုလုံး အကောင်းပကတိဖြစ်သွားခဲပြီဖြစ်၍ မိဘ ပြည်သူများသည်လည်း ဝဋ်ကြွေးတခုကဲ့သို့ ခံစားနေရသော ဝေဒနာမှ လွတ်ကင်းသွားပြီဖြစ်သည့် ဦးပနီ နှင့်ထပ်တူ ကြည်နူးဝမ်းမြောက် ကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါတော့သည်။

Dhamma Beri Sayadaw - Article


တည့်မတ်တိမ်းညွတ် ... ကွေ့ချော်ဖြောင့်တန်း ...ပွားနေရတဲ့ ဗြဟ္မစိုရ်များ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဧပြီ ၂၂၊ ၂၀၁၃
သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ စာတွေထဲက စကားလုံးတွဲလေးများမှာ "အတွေးအမြင်" သစ်ကိုရစေတဲ့ "အတွေးအမျှင်"စကလေးတွေ ပါနေတတ်စမြဲဖြစ်လို့ အမရပူရမြို့၊ တူမောင်းတိုက်မှာ စာသင် သားဘဝနဲ့နေကတည်းက ဟံသာဝတီခေါင်းကြီးပိုင်းတွေကို အလေးထားဖတ်ရှု၊ ဖြတ်သိမ်းလုပ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက "ကဗျာရူး စာရူးများ"လို့ ထောပနာပြုခြင်းခံရတဲ့ မိမိတို့ စာဖတ်သမားအုပ်စုအတွင်းမှာ "ပြောမှား ကြားလွဲ"မဖြစ်ပါစေနဲ့တို့၊ "တံခါးမကြီး ဖွင့်သူကဖွင့်၊  ပြတင်းပေါက်တွေ ပိတ်သူကပိတ်"မလုပ်ပါနဲ့တို့၊ "မှေးလိုက် မှိန်းတုတ် ပင်းခုတ်ပေါင်းစား"လုပ်နေကြတာလားတို့ "သိပ်အပြောသန်မနေနဲ့ ပြည်သူ့ကြေးမုံပြင်မှာ ဘယ်လို ပုံရိပ်တွေ ထင်နေတယ်ဆိုတာလည်း ကြည့်ကြပါဦး" တို့စတဲ့ စကားလုံး တွဲတွေ အလွန် ခေတ်စားခဲ့တာပေါ့။
            ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေထဲက အတွေးအမျှင်စကလေးတွေကို ဆွဲဆန့်ရင်း အတွေးအမြင် သစ်တစ်ခုကို ဖော်ထုတ်ကြည့်မိတဲ့ အလေ့အထလေးတွေလည်း ရနေပါတယ်။ အခုလည်း အသစ်ထပ် ရိုက်တဲ့အတွက် ပြန်ဖတ်မိတဲ့ "စာပေ မွေ့လျော်မှု ပျိုးထောင်ခြင်း"ဆိုတဲ့ စာအုပ်ထဲက "သတင်းစာသမားမှ စာဖတ်သူသို့"ဆိုတဲ့ စာတမ်းကိုဖတ်ရင်း "ကွေ့ချော်တိမ်းညွတ်"၊ "တည့်မတ်ဖြောင့်တန်း"ဆိုတဲ့ ကြောင်းကျိုး ဆက်စကားလုံးတွဲလေးတွေရဲ့ အတွေးအမျှင်စကလေးတွေကို ဆွဲထုတ်ပြီး အတွေးအမြင်သစ် တစ်ခုဆီကို ဖြန့်ကြက်နေမိပါတယ်။
            ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေကတော့ သမရိုးကျ ကြောင်းကျိုးဆက်ဓမ္မနိယာမအရ "ကွေ့ချော် ရင် တိမ်းညွတ် ယိမ်းယိုင်မယ်၊ တည့်မတ်မှ ဖြောင့်တန်းမယ်။ ကြောင်းကျိုးအပြန်အလှန်သဘောမျိုးနဲ့ ဆိုရင်လည်း တိမ်းညွတ်ရင် ကွေ့ချော် မယ်။ ဖြောင့်တန်းမှ တည့်မတ်မယ်လို့"လို့ ဆိုလိုတဲ့သဘောပဲ ဖြစ်မယ် ထင်ပါတယ်။
            ဒါပေမယ့် တချို့ကိစ္စတွေမှာ ဖြစ်ရပ်တွေက သမရိုးကျ ကြောင်းကျိုးဖြစ်စဉ် ဓမ္မနိယာမအတိုင်း မဟုတ်ဘဲ နိယာမကို သစ္စာဖောက်သွေဖီတဲ့ ဖြစ်ရပ်တွေကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ မနဲမနောပဲ။ ဖြစ်ရပ်တွေက နိယာမနဲ့ သွေဖီလာတဲ့အခါ ကြောင်းကျိုးဖြစ်စဉ်တွေကလဲ သမရိုးကျ မဟုတ်တဲ့ နိယာမသစ် တွေလို တွေးမြင်မိလာပါတယ်။
            မိမိတို့မှာ မြတ်ဗုဒ္ဓရဲ့ တပည့်သားပီပီ ဗြဟ္မစိုရ်တရားလေးပါးတို့ကို အိပ်ရာထ၊ အိပ်ရာဝင် နေ့စဉ် အနဲဆုံး နှစ်ကြိမ်တော့ ပွားများကြရပါတယ်။ ဗြဟ္မစိုရ်ဆိုတာ သတ္တလောကထဲက အမြတ်ဆုံးသတ္တဝါများဖြစ်တဲ့ ဗြဟ္မာတို့ရဲ့ စိတ်ထားဖြစ်လို့ အမြတ်ဆုံးစိတ်ထားများလဲ ဖြစ်ပါတယ်။ "အမြတ်ဆုံး သာသနာတော်မှာနေပြီး အမြတ်ဆုံးဖြစ်တဲ့ မဂ်ဖိုရ်နိဗ္ဗာန်ကို ဦးတည် သူမှန်သမျှဟာ ဒီအမြတ်ဆုံး ဗြဟ္မစိုရ်တရားကို အမြဲမပြတ် ပွားများ ရမယ်"ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတော်ကြောင့်လဲ ဒီဝတ္တရားများကို တတ်နိုင်သမျှ မပျက်မကွက် ပွားများ အားထုတ်ကြရတာပါ။
            ဗြဟ္မစိုရ်တရား လေးပါးဆိုတာ ဗုဒ္ဓဘာသာဝင်အများစုတို့တော့ သိကြပြီးသားပါ။ နံပါတ်(၁) "မေတ္တာ"ဆိုတာ  "ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ"ဆိုတဲ့ အရှင်မဟာရဋ္ဌ သာရရဲ့ စာပိုဒ်အတိုင်း သတ္တဝါအားလုံးပေါ်မှာ ကိုယ်နှင့်နှိုင်းစာပြီး ချစ်ခင်တဲ့ သဘောပါ။ ကိုယ်လဲ ကျန်းမာ ချမ်းသာပြီး ဆင်းရဲခပ်သိမ်းကင်းငြိမ်း ခြင်းကို  လိုလားသလို သက်ရှိသတ္တဝါအားလုံးအပေါ်မှာ "ကျန်းမာ ချမ်းသာကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ" ဆိုတဲ့ မေတ္တာစိတ်ဓာတ်ကို ပို့လွှတ်ပွား များပေးတာပါ။
            ဒီ"မေတ္တာ"ဆိုတဲ့ တရားကတော့ နှုတ်ဆောင်ဗြဟ္မစိုရ်၊ ဒါမှမဟုတ် ဗြဟ္မစိုရ်ရဲ့ ရည်မှန်းချက်ြွေကးကြော်သံ သဘောမျိုးဖြစ်မယ်ထင်ပါတယ်။ ရည်မှန်းချက်တို့ ကြွေးကြော်သံတို့ဆိုတာ လုပ်ဆောင်ချက်နဲ့ လက်တွေ့ပြနိုင်မှသာ မှန်ကန်တယ်လို့ဆိုရမှာပါ။ လုပ်ဆောင်ချက်နဲ့ သက်သေမပြနိုင်ရင်တော့ "လိမ်ညာ လှည့်ဖြားဖြင်း(မုသာ)၊ ကိုယ့်အပြစ်ကို ဖုံးကွယ်လိုခြင်း(မာယာ)၊ ဟိတ်ဟန်ဆောင်လိုခြင်း (သာဌေယျ) သဘောမျိုးပဲ ဖြစ်သွားမှာပါ။ ("မုသား လိမ်ညာ၊ မာယာပြစ်ဖုံး၊ ဟိတ်ဟန်သုံးက သာဌေယျ၊ မှတ်ကြ အထူး တည်း" တဲ့။)
            ပါးစပ်က မေတ္တာပို့နေပေမယ့် အဲဒီမေတ္တာဟာ ဗြဟ္မစိုရ်မေတ္တာ အစစ်ဟုတ် မဟုတ်ကို ကျန်တဲ့ ဗြဟ္မစိုရ်တရား သုံးပါးနဲ့ မှတ်ကျောက်တင်ကြည့်ရလိမ့်မယ်။ ဒါကြောင့် ကျန်ဗြဟ္မစိုရ်သုံးပါးကိုတော့ သရုပ်ဆောင် ဗြဟ္မစိုရ်လို့ ဆိုချင်ပါ တယ်။ သဘောကတော့ မေတ္တာဗြဟ္မစိုရ် အစစ်အမှန်ထားသူဟာ ကျန်တဲ့ ဗြဟ္မစိုရ်သုံးပါးနဲ့ သရုပ်ဆောင်ပြရမှာပါ။
            ဟုတ်ပါတယ်။ မေတ္တာဗြဟ္မစိုရ် ထားသူမှန်ရင် ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါနဲ့ တွေ့ကြုံလာတဲ့အခါ ကိုယ်တိုင် ဆင်းရဲဒုက္ခရောက်နေသလို စာနာစိတ်ထားပြီး သနားစောင့်ရှောက်ကူညီပေးခြင်းဆိုတဲ့ ကရုဏာနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီလို သရုပ်ဆောင်မပြနိုင်ရင် မေတ္တာဟာ အစစ်လို့ မဆိုနိုင်တော့ပါဘူး။
            အလားတူပဲ၊ ချမ်းသာသုခနဲ့ ပြည့်စုံတွေ့ကြုံနေတဲ့ သတ္တဝါများနဲ့ တွေ့ကြုံတဲ့အခါမှာလဲ ကိုယ်တိုင်ရရှိ ခံစားနေရ သလို  ဝမ်းသာကျေနပ်ပြီး "ရရှိပြီးတဲ့ ချမ်းသာသုခတွေ မယွင်းမယို မြဲခိုင်တည်တန့်ပါစေ"ဆိုတဲ့ မုဒိတာစိတ်ကို မွေးကြရမှာ ဖြစ်ပါတယ်။
            "ဥပေက္ခာ"ဆိုတာကတော့ နှစ်မျိုးနှစ်စားရှိပါတယ်။ တရားဓမ္မကျင့်သုံးဖို့ဆိုရင်တော့ "သတ္တဝါတစ်ခု၊ ကံတစ်ခု   (သဗ္ဗေသတ္တာ ကမ္မဿကတာ)ဆိုတဲ့စိတ်နဲ့ သနားခြင်း ချစ်ခင်ခြင်း၊ မုန်းတီးခြင်း မထားဘဲ လစ်လျူရှု ရမှာ ဖြစ်ပါတယ်။ ပါရမီသဘောမျိုးနဲ့ကျင့်သုံးရာမှာတော့ အပြစ်နဲ့ချွတ်ယွင်းချက်များကို သည်းခံခွင့်လွှတ်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ကျင့်သုံးရာမှာ ရှေ့ရှေ့ဗြဟ္မစိုရ်ထက် နောက် နောက်ဗြဟ္မစိုရ်က ပိုပိုပြီး ခက်ခဲပါတယ်။ ဒုက္ခိတသတ္တဝါအပေါ်မှာ  သနားစောင့်ရှောက်ကူညီဖို့ထက် သုခိတ သတ္တဝါနဲ့တွေ့တဲ့အခါ ကိုယ်တိုင်ရရှိခံစားရသလို ဝမ်းမြောက်တဲ့စိတ်မွေးဖို့က ပိုခက်ခဲပါတယ်။ အဲဒီထက် အပြစ်ရှိသူကို သည်းခံ ခွင့်လွှတ်ဖို့က ပိုလို့ ခက်ခဲတယ်ဆိုတာ လက်တွေ့ဘဝကို ဆင်ခြင်ကြည့်ရင် သဘောပေါက်မှာပါ။
            ဒုက္ခိတသတ္တဝါ၊ သုခိတသတ္တဝါနဲ့ အပြစ်ရှိကြတဲ့ သတ္တဝါတို့က နိယာမနဲ့ မသွေမဖီပဲ ပုံမှန်ဖြစ် ရိုးဖြစ်စဉ်အရ ဖြစ်လာကြတဲ့အခါ ဗြဟ္မစိုရ်သရုပ်ဆောင်မှုများကလဲ နိယာမနဲ့အညီ သရုပ်ဆောင်ကြရမှာဖြစ်လို့ ကွေ့ချော် တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်တန်းနေမှာပါ။
            ဒါပေမယ့် အခုတွေ့နေရတာက သတ္တဝါပညတ်တွေထဲမှာကိုပဲ သမရိုးကျဖြစ်သူနဲ့ သမရိုးကျမဟုတ် သူဆိုတာက နှစ်မျိုးစီ ကွဲပြား နေကြတာပါ။ ဒုက္ခိတသတ္တဝါပညတ်ဆိုရာမှာလဲ စားဝတ်နေရေး ကျန်းမာရေး ချို့တဲ့ကြတဲ့ ပုံမှန် "မရှိဆင်းရဲ ဒုက္ခသည်များ" ဆိုတာ ရှိသလို စားဝတ်နေရေးစတဲ့ အထွေထွေ ပြည့်စုံမှုအရ တစ်ဘဝစာမကလို့ ဆိုရလောက်အောင်ကို အလျှံပယ်ပြည့်စုံ နေကြပါလျက် လောဘကို အသော မသတ်နိုင် ကြသေးတဲ့ "မပြည့်ဆင်းရဲ ဒုက္ခသည်များ"ဆိုတာတွေကလဲ ရှိနေကြပြန်ရော။                       ဒီဒုက္ခသည်နှစ်မျိုးလုံးအပေါ်မှာ ကွေ့ချော်တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်မှန်စွာဖြစ်အောင် တစ်သား တည်း သဘောထားပြီး ဒုက္ခကို ကျော်လွှားနိုင်အောင် ရိုင်းပင်းကူညီတဲ့ ကရုဏာဗြဟ္မစိုရ်နဲ့ သရုပ် ဆောင်ကြမယ် ဆိုပြန်ရင်လဲ ဒီဒုက္ခသည်နှစ်မျိုးတို့က ဓာတ်လှေကားကို အတင်အချလုပ်တဲ့ ကြိုး စနှစ်ဖက် တို့လိုပဲ တစ်ဆက်တည်း တစ်သားတည်း ဖြစ်နေပါလျက် တစ်ပြိုင်နက် အတင်အချလုပ်လို့က ရတာမျိုး မဟုတ် ပြန်ဘူး။ တစ်ဖက်ကမြင့်တက်သလောက် တစ်ဖက်က ပိုပြီး နှိမ့်ကျသွားရမည့် အခြေအနေကြီး။ ဒီအခြေအနေ မျိုးမှာက တည့်မတ်ရင် တိမ်းညွတ်ပြီး ကွေ့ချော်မှသာ ဖြောင့်တန်း မည့်သဘော ဖြစ်နေတာ အမှန်ပါ။ အပြစ်ရှိသူ၊ ချွတ်ယွင်းသူ ဆိုသူများထဲမှာလဲ ဒီအတိုင်းပဲ နှစ်မျိုး နှစ်စားရှိနေကြတာ အားလုံး သတိပြုမိကြမှာပါ။
            သုခိတသတ္တဝါတွေထဲမှာလဲ ဒီအတိုင်းပါပဲ။ သမရိုးကျ ချမ်းသာလာကြတဲ့ "ဓမ္မိယလဒ္ဓသုခိတ" ပုဂ္ဂိုလ် များဆိုတာ ရှိသလို သမရိုးကျ မဟုတ်တဲ့ "အဓမ္မိယလဒ္ဓသုခိတ" သတ္တဝါပညတ်တွေက ရှိနေပြန်ရော။ ဒီသုခိတပုဂ္ဂိုလ်နှစ်မျိုးတို့ကလဲ ဓာတ်လှေကားရဲ့ ကြိုးစနှစ်ဖက်လိုပါပဲ။ တစ်သားတည်း တစ်ဆက်တည်း ဖြစ်နေ ကြတာ မှန်ပေမယ့် တစ်ပြိုင်နက် အတင် အချပြုလို့က ရနိုင်တဲ့အမျိုး မဟုတ်ကြလေတော့ ဗြဟ္မစိုရ်နဲ့ သရုပ် ဆောင် တဲ့အခါ တည့်မတ်ရင် တိမ်းညွတ်သလိုကြီးဖြစ်ပြီး ကွေ့ချော်နိုင်မှ ဖြောင့်တန်းမယ်ဆိုတဲ့ အခြေ အနေပါပဲ။ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်တွေ မယွင်းမယိုင် မြဲခိုင်တိုးတက်နေရင် ဓမ္မိယလဒ္ဓသုခိတ ပုဂ္ဂိုလ်တွေက ဒုက္ခိတပုဂ္ဂိုလ်အဖြစ် ရောက်ရှိသွားမှာ မလွဲပြန်ပါဘူး။
            ဒီနေရာမှာ ဥပေက္ခာဗြဟ္မစိုရ်နဲ့သရုပ်ဆောင်ဖို့က ပိုပြီးအကြပ်ရိုက်စေပါတယ်။ "သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါတစ်ခု ကံတစ်ခုပဲ"ဆိုပြီး လျစ်လျူရှုထားပြန်ရင်လဲ အခက်။ ခွင့်လွှတ်သည်းခံပြီး ငြိမ် နေဖို့ကလဲ မလွယ်ဆိုတာမျိုး ကြီးနဲ့ ကြုံနေကြရတာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ဥပေက္ခာ ဗြဟ္မစိုရ်ကို ကြားခံနယ်မြေတစ်ခုအဖြစ်နဲ့ ကျင့်သုံး သရုပ်ဆောင်ရရင်တော့ အဆင်များ ပြေမလားပဲ။
            မပြည့်ဆင်းရဲဒုက္ခသည်များ အပေါ်မှာလဲ ဒေါသမပွားမိအောင်၊ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်များအပေါ်လဲ ဣဿာçမစ္ဆေရမပွားရလေအောင် ဥပေက္ခာကြားခံမြေမှာ ကိုယ်ကရပ်တည်ပြီးတော့မှ သမရိုးကျမဟုတ်ကြတဲ့ ဒီသတ္တဝါ နှစ်မျိုးလုံးကိုပဲ သံသရာမှာ ကြုံတွေ့ရမယ့် ဒုက္ခတို့ကို မျှော်တွေးထောက်ဆပြီး တကယ့် ဒုက္ခိတ သတ္တဝါစစ်စစ်တွေ ဖြစ်မည့်  အရေးကို ရှုမြင်သနားတဲ့ ကရုဏာတရားနဲ့ ဒီဒုက္ခတွေက လွတ်ရာ လွတ်ကြောင်း နည်းကောင်းလမ်းမှန်ဖြစ်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ အမြင်မှန်ရရှိစေဖို့ ဝိုင်းဝန်း ကူညီပေးရရင်ရော၊ သမရိုးကျ ဗြဟ္မစိုရ်အရ တည့်မတ်တယ်လို့မဆိုသာပဲ ကွေ့ချော် သယောင် ထင်ရပေမယ့် ဖြောင့်တန်း မသွားလောက်ပေ ဘူးလား"လို့ စဉ်းစားမိပါတယ်။ ခက်ခဲသလို ရှိလှပေမယ့် ဘုရားရှင်ရဲ့ တပည့်သားတစ်ဦးအနေနဲ့ ဗြဟ္မစိုရ်ဆိုတာ ရှောင်လွှဲလို့မှ မရဘဲဆိုပြီး ခုတော့ ဒီနည်းကိုပဲ စမ်းသပ်သရုပ်ဆောင်နေမိရပါတော့တယ်။
ဗြဟ္မစိုရ်စိတ်ထားနဲ့ မြင့်မြတ်တဲ့ သုဂတိဘုံသားများ ပီသကြပါစေ ...။
                                                                                                            ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives