[moemakadaily@moemaka.biz] 15th April - MoeMaKa Daily

ရှုမ၀ဦးကျော် (သို့မဟုတ်) ရှုမ၀ ဥယျာဉ်မှူး
သန်းဝင်းလှိုင်
ဧပြီ ၁၅၊ ၂၀၁၃



စစ်ပြီးခေတ်နောက်ပိုင်းထုတ်ဝေခဲ့သော မဂ္ဂဇင်းဂျာနယ်များ၌ ၄၅ နှစ်တိုင် သက်ဆိုးရှည်ခဲ့သည့် ဖိုးသက်ရှည်မဂ္ဂဇင်းတစ်စောင်မှာ ရှုမ၀ရုပ်စုံမဂ္ဂဇင်း ဖြစ်သည်။ ယခုအခါ တချိန်က ထုတ်ဝေခဲ့သော ရှုမ၀မဂ္ဂဇင်းပါ ၀တ္ထုတိုများ၊ ဆောင်းပါးများကို စုစည်း၍ ပေါင်းချုပ်စာအုပ်များ အဖြစ် စာပေတိုက်အသီးသီးပြန်လည်ထုတ်ဝေလာသည်ကို တွေ့ရလေသည်။

ရှုမ၀မဂ္ဂဇင်းသည် ၁၉၄၇ ခုနှစ် ဇွန်လထုတ်အမှတ် (၁) မှ နောက်ဆုံး ရပ်ဆိုင်းသွားသည့် ၁၉၉၂ ခုနှစ် ဇွန်လအထိ နှစ်ပေါင်း ၄၅ နှစ် အတွင်း အမှတ် ၅၄၀ တိုင် ထုတ်ဝေကာ စာပေသမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့လေသည်။ ရှုမ၀ရုပ်စုံမဂ္ဂဇင်း၏ ဥယျာဉ်မှူးကြီးကား ရှုမ၀ဦးကျော်ပင် ဖြစ်သည်။

ရှုမ၀ဦးကျော်အား ခရစ် ၁၉၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၀ ရက် (မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ် တပို့တွဲလဆန်း ၁ ရက်) တနင်္လာနေ့ တွင် ရွှေတောင်မြို့ ကြာနီကန်ရပ်၌ အဘ ဦးဖိုးတုတ် အမိ ဒေါ်ရွှေညွန့်တို့မှ ဖွားမြင်ခဲ့သည့် မွေးချင်းငါးယောက်အနက် တတိယမြောက်သားဖြစ် သည်။

၁၉၂၄ ခုနှစ် အသက် ၁၄ နှစ်သားအရွယ်တွင် ရွှေတောင်မြို့နေရှင်နယ်အမျိုးသားကျောင်း၌ (၇)တန်း အောင်မြင်သည်အထိ သင်ကြားခဲ့သည်။ သို့ရာတွင် ထိုအချိန်က မိခင် ဖခင်တို့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၍ ကျန်ရစ်သော သားချင်းတစ်စု၏ စီးပွားရေးအခြေအနေ ဆိုးရွားလာခဲ့သဖြင့် ကျောင်းမှထွက်ခဲ့ရသည်။ အမျိုးသားကျောင်းမှထွက်သူပီပီ ၀ံသာနုစိတ်ပြင်းထန်သဖြင့် အင်္ဂလိပ်အစိုးရကို မလိုလားသူဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရအမှုထမ်းအလုပ်ကိုလည်း လုပ်ရန်ဝန်လေးခဲ့မိလေသည်။ သို့ဖြင့် ကိုယ့်ဒူးကိုယ်ချွန်ဖြင့် ဘ၀ကို ရပ်တည်ရန် ရန်ကုန်မြို့သို့ တကိုယ်တည်းထွက်လာခဲ့သည်။ ၁၉၂၆ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်မြို့သို့ စတင် ခြေချ မိသည်။

ကျောင်းပညာကို အထက်တန်းအဆင့်အထိ သင်ကြားခွင့်မရခဲ့ရှာသော်လည်း မိမိဘာသာပြင်ပမှ ပညာရေးတိုက်တက်မှုအတွက် မြန်မာစာနှင့် နိုင်ငံခြားစာပေဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးခဲ့သည်။

ငယ်စဉ်ကပင် စာပေ ကဗျာနှင့် ပန်းချီကို အထူးပင်ဝါသနာထုံရာ အသက် ၁၇ နှစ်သားအရွယ်မှစ၍ ဒဂုန်မဂ္ဂဇင်းတွင် "ရွှေတောင်နေရှင်နယ်ကျော်ကျော်" ကလောင်အမည်ဖြင့် စတင်ကလောင်သွေးခဲ့သည်။ ထို့နောက် ၁၉၃၂ ခုနှစ်တွင် မန္တလေးမြို့သို့ သွားရောက်အခြေစိုက်၍ စာပေလုပ်ငန်းများ စတင်ပျိုးထောင်ခဲ့သည်။

ထို့နောက် မကြာမီပင် 'ရဲကျော်' ကလောင်ကွဲဖြင့် 'အပျိုလုပ်မယ်'၊ 'ချစ်မမ' စသော နှစ်ပဲတန်ဝတ္ထုများ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်နေထိုင်၍ ဗိုလ်ချုပ်အောင်ဆန်းဈေးအနောက်ဘက်တန်း၌ ဖွင့်လှစ်ထားသော 'မြပိုးထည်တိုက်' တွင် မန်နေဂျာအဖြစ်လည်းကောင်း၊ စာပေလုပ်ငန်းများကိုလည်းကောင်း ကြိုကြားကြိုကြားလုပ်ကိုင်ခဲ့သည်။

ဤသို့ဖြင့် ၁၉၄၆ ခုနှစ်တွင် သီတာအေးပုံနှိပ်စက်နှင့် ရှုမ၀စာအုပ်တိုက်ကို စတင်တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇွန်လမှစ၍ ရှုမ၀ရုပ်စုံမဂ္ဂဇင်း အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့သည်။ အမှတ် (၁) ရှုမ၀မဂ္ဂဇင်းအရွယ်သည် အလျား ၈ လက်မခွဲ အနံ ၆ လက်မ တစ်မတ်သာ ရှိ၍ စာမျက်နှာအားဖြင့် စာသားနှင့်ကြော်ငြာအပါအ၀င် ၁၀၂ မျက်နှာသာ ရှိသည်။ အမှတ် (၁) ရှုမ၀မဂ္ဂဇင်း၏ အဖုံးကို ပန်းချီကျော် ဦးကိုလေးက ရေးဆွဲပေးခဲ့သည်။ အဖုံးပုံမှာ လှပခေတ်မီအမျိုးသမီးကလေးသည် လက်ျာဘက်လက်ကို ဦးခေါင်းရှိပန်ထားသော ပန်းနွယ်ပန်းခက်ကို စမ်းသပ်ကိုင်တွယ်ရင်း မြေကမူလေးကို လက်ဝဲလက်ဖြင့် မှီထောက်ကာ ထိုနေဟန်ကို ဆေးရောင်စုံဖြင့် ရိုက်နှိပ် ထားသည်။

ရှုမ၀မဂ္ဂဇင်းတိုင်းလိုလို ဦးကျော်ကိုယ်တိုင် 'ဇော်ဟိန်း'၊ 'ရှုမ၀ဦးကျော်'၊ 'ဖိုးရှုမ၀' စသော ကလောင်ကွဲများဖြင့် ၀တ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။

ရှုမ၀မဂ္ဂဇင်းသည် စာပေတစ်ခေတ်ကို အသွင်ဆန်းသစ်စေခဲ့သည်။ ထို့ကြောင့်ပင် ရှုမ၀နှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော စာရေးဆရာတင့်တယ်က 'စာပေခေတ်တစ်ခေတ် ဆန်းသစ်လာစေလောက်သော စွမ်းဆောင်ချက်သည် တု၍ ရနိုင်ခဲသော စွမ်းဆောင်ချက်ဖြစ်၏။ ထိုစွမ်းဆောင်ချက်ကို ဦးဆောင်နိုင်ခဲ့သူ ပုဂ္ဂိုလ်ဟာ ကျွန်ုပ်တို့ စာပေနယ်တွင် ကျင်လည်သူအပေါင်းတို့ ဦးညွှတ်ကြရ မည် ဖြစ်ပေသည်' ဟူ၍ (ဦးကျော်ချစ်သူများမှတ်တမ်း)တွင် ရေးသားထားလေသည်။

ထို့အပြင် ရှုမ၀ဦးကျော်၏ စာပေမိတ်ဆွေ စာရေးဆရာမ ဂျာနယ်ကျော်မမလေးကလည်း 'စာရေးဆရာအပေါင်းတို့ သူ့အား ပုဂ္ဂိုလ်အရ ခင်ကြမင်ကြခြင်းထက်၊ ရှုမ၀မဂ္ဂဇင်းကို ခင်ကြ မင်ကြ သံယောဇဉ်ကြီးကြစေရန် စွမ်းဆောင်သွားသောအချက်မှာ ရှုမ၀မဂ္ဂဇင်းကို သူသည် ပိုင်သာပိုင်၏။ ရှုမ၀မဂ္ဂဇင်းကို ဆိုင်ကြသူတွေကား သူမဟုတ်။ စာရေးဆရာများသာဖြစ်သည်ဟု ခွဲခြားစွာ ထိန်းချုပ်စည်းထားထား လေသည်။ ထိုစည်းအတိုင်း ဦးကျော်သည် ရှုမ၀မဂ္ဂဇင်းရှေ့မှ ထွက်၍ ရပ်မနေဘဲ သူ့ကိုယ်သူ ပျောက်နိုင်သမျှ ပျောက်အောင် ဖျောက်ထား နိုင်သူဖြစ်သည်။ ၀င့်ဝါမှုမရှိခြင်း၊ နှိမ့်ချခြင်း၊ မည်သူနှင့်မဆို ပြေပြစ်စွာဆက်ဆံခြင်းတို့သည် ချီးကျူးဖွယ်ရာကောင်းသော ဦးကျော်၏ စွမ်းရည်များဖြစ်သည်။

ရှုမ၀မဂ္ဂဇင်းအောင်မြင်ရေးပန်းတိုင်သို့ ခရီးရောက်အောင် စိုက်လိုက်မတ်တပ်မလျော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းအားထုတ်သွားလေ သူဖြစ်၍ စံတင်ထိုက်သော ပုဂ္ဂိုလ်လည်း ဖြစ်သည်' ဟူ၍ ၁၉၇၄ ခုနှစ် ဧပြီလထုတ် ရှုမ၀မဂ္ဂဇင်းတွင် 'တသသဖြင့်' ခေါင်းစဉ်ဖြင့် ရေးသားထားလေသည်။

တချိန်က ငွေတာရီမဂ္ဂဇင်းကို စတင်တည်ထောင်သူနှင့် မြ၀တီပုံနှိပ်တိုက်အယ်ဒီတာချုပ် (ယခုမြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ် စာစောင်အယ်ဒီတာချုပ် နှင့် အမျိုးသားစာပေတသက်တာစာပေဆုရ) ဆရာမင်းယုဝေကလည်း `ရှုမ၀မဂ္ဂဇင်း၏ ကျေးဇူးသည် အလွန်ကြီးမား ပါသည်။ မြန်မာစာပေတိုးတက်ရေးအတွက် ရှုမ၀က တတပ်တအား ဦးဆောင်ပါဝင်ခဲ့ပါသည်။ ထို့အတူ ရှုမ၀မဂ္ဂဇင်းကို တည်ထောင်တည်းဖြတ်ထုတ်ဝေသူ ရှုမ၀ဦးကျော်၏ ကျေးဇူးသည်လည်း ကြီးမားပါသည်။ မြန်မာစာပေတိုးတက်ရေးအတွက် ဦးကျော်၏ ကြိုးပမ်းဆောင်ရွက်ချက်တို့မှာ မှတ်တိုင်သဖွယ် ခိုင်မြဲတည်ရှိနေသည်ဟု ယုံကြည်ပါသည်။' ဟူ၍ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

တချိန်က ရှုမ၀မဂ္ဂဇင်းတွင် ပင်တိုင်စာရေးဆရာတစ်ဦးဖြစ်ခဲ့သော စာရေးဆရာ ဗန်းမော်တင်အောင်ကလည်း-

'သူထူထောင်ခဲ့သော ရှုမ၀မဂ္ဂဇင်းနှင့် အရပ်ရပ်စာပေလုပ်ငန်းများမှ ယနေ့မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားလျက်ရှိသော စာရေးဆရာ၊ ကဗျာဆရာနှင့် ပန်းချီဆရာအမြောက်အမြားမွေးထုတ်ပေးခဲ့၏။ တင့်တယ်၊ သော်တာဆွေ၊ မောင်သာရ စသူတို့သည် ရှုမ၀မဂ္ဂဇင်း စင်ထက်တွင် မွေးဖွားထင်ရှားလာခဲ့ကြသော စာရေးဆရာများဖြစ်သည်မဟုတ်ပါသလော။ ရှုမ၀ကဗျာဥယျာဉ်မှ ပွင့်သစ်လာခဲ့ ကြသည့် ကဗျာဆရာများမှာလည်း အများအပြားပင်ဖြစ်၏။ ပန်းချီကျော်ဦးကိုလေးနှင့် ဦးသောင်းဟန်တို့သည် ရှုမ၀စင်မြင့်တွင် ထင်ရှားကျော်ကြားလာခဲ့ကြသော ပန်းချီဆရာသမားများဖြစ်၏။ ထိုမျှမဟုတ်သေး ရှုမ၀စာပေတစ်ထောင်ဆုများ ချီးမြှင့်ကာ ငွေလင်း၊ စိန်စိန်၊ မောင်သိင်္ခ၊ မောင်ရွှေကြည်၊ တင်မြင့်အောင်၊ မြမြစိန် စသော စာရေးဆရာများကိုလည်း ရှုမ၀ဦးကျော်သည် မီးရှုးသန့်စင်ဖွားမြင်ပေးခဲ့၏။

စာပေလုပ်ငန်းတွင် ယင်းသို့ ထင်ရှားကျော်ကြားသော စာရေးဆရာ၊ ကဗျာနှင့် ပန်းချီဆရာအမြောက်အမြား မွေးထုတ်ခဲ့သလို ရုပ်ရှင်လုပ်ငန်းဘက်တွင်လည်း အလားတူ ရုပ်ရှင်ပညာသည် အမြောက်အမြားကို သူပွဲထုတ်ပေးခဲ့၏။ သူသည် ဥယျာဉ်မှူးကောင်းဖြစ်၏။ ပန်းများကို ပွင့်စေသူလည်း ဖြစ်၏။' ဟူ၍ ၁၉၇၄ ခုနှစ် ဧပြီလထုတ် ရှုမ၀မဂ္ဂဇင်းတွင် 'ရင်နှစ် သို့မဟုတ် စာရေးဆရာနှင့် သူ၏မိတ်ဆွေ' ခေါင်းစဉ်ဖြင့် မှတ်တမ်းတင်ထားသည်။

တချိန်က တာရာမဂ္ဂဇင်းကို တည်ထောင်ခဲ့သော စာရေးဆရာကြီး ဒဂုန်တာရာကလည်း ရှုမ၀ဦးကျော်အား -

'အယ်ဒီတာအဖြစ်၊ ထုတ်ဝေသူအဖြစ်၊ ရုပ်ရှင်ညွှန်ကြားသူအဖြစ်၊ လမ်းသစ်လျှောက်သူတစ်ယောက် ဟု ခံစားမိပါသည်' ဟု တစ်နေရာတွင် မှတ်တမ်းတင်ထားသည်ကို ဖတ်ရဖူးပါသည်။

ရှုမ၀မဂ္ဂဇင်းကို တည်ထောင်သူ ဦးကျော်သည် ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှုမ၀မဂ္ဂဇင်းတိုက်က တစ်နှစ်အတွင်း ရေးသားတင်သွင်းသည့် ၀တ္ထုစာမူကို ရွေးချယ်၍ ဆုငွေကျပ် ၁၀၀၀ ချီးမြှင့်မည်အကြောင်း ကြေညာခဲ့သည်။ ရှုမ၀တစ်ထောင်ဆုကို ၁၉၅၃ မှ ၁၉၆၂ အထိ (၆)နှစ်တိုင်တိုင် ဆက်တိုက်ချီးမြှင့်ခဲ့သည်။

ရှုမ၀တစ်ထောင်ဆုပေးပုံမှာ ရွေးချယ်မှုစနစ်မဟုတ်ဘဲ ယှဉ်ပြိုင်မှုစနစ်ဖြစ်၍ အောက်ပါစည်းကမ်းချက် နှစ်ရပ်နှင့်အညီ တင်သွင်းယှဉ် ပြိုင်ကြရ၏။

(၁) ရှုမ၀ဆုအတွက် ကလောင်သစ်များရေးသားရမည့် စာမူမှာ လျှောက်လွှာစက္ကူစာမျက်နှာ ၂၀၀ မှ ၃၀၀ အတွင်းရှိ ပင်ကိုယ် ရေးသားသော ၀တ္ထုတစ်ပုဒ်ဖြစ်စေရမည်။

(၂) ရှုမ၀ဆုအတွက် ရေးသားသူကလောင်ရှင်သည် ကလောင်သစ်သက်သက်ဖြစ်စေရမည်။ ကလောင်သစ်ဟု ဆိုရာ်၌ လုံးချင်းဝတ္ထုနှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တို့တွင် ၀တ္ထုရှည် ရေးသားပုံနှိပ်ထုတ်ဝေခြင်း တခါဖူးမျှ မပြုဘူးသေးသော ကလောင်ရှင်ကို ဆိုလိုသည်။

သတ်မှတ်ထားသော အဆင့်အတန်းမီသည့် စာမူများမရရှိပါက ထိုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခြင်း မပြုချေ။

စာမူများကို ကြေညာထားသည့် ပြက္ခဒိန်တစ်နှစ်အတွင်း ရှုမ၀မဂ္ဂဇင်းတိုက်သို့ တင်သွင်းရ၏။ ရွေးချယ်ရေးအဖွဲ့က အောက်ပါအချက်

ငါးချက်ကို မူထား၍ စစ်ဆေးခဲ့သည်။ ယင်းတို့မှာ သဘာဝ၊ အရေးအသား၊ ဇာတ်လမ်းဇာတ်ကွက်၊ စာပေပြောင်မြောက်မှုနှင့် နိုင်ငံ့အကျိုးပြုမှုဟူ၍ ဖြစ်လေသည်။

ဆုရသူကို အခမ်းအနားဖြင့် ငွေကျပ်တစ်ထောင်ကို ချီးမြှင့်ကာ ယင်း၏ဆန္ဒရှိပါက သီးခြားဉာဏ်ပူဇော်ခ ထပ်ပေး၍ ရှုမ၀မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ထည့်သွင်းဖော်ပြခြင်း၊ သို့မဟုတ် လုံးချင်းဝတ္ထုအဖြစ် ရိုက်နှိပ်ဖြန့်ချိခြင်းတို့ကို ပြုလုပ်ပေးသည်။

ရှုမ၀တစ်ထောင်ဆုရ စာမူနှင့် စာရေးဆရာများမှာ ၁၉၅၃ ခုနှစ်တွင် ငွေလင်း၏ 'ဤယမုန်' ၀တ္ထုက လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် စိန်စိန်၏ 'သားလိမ္မာ' ၀တ္ထုကလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် မောင်သိင်္ခ၏ 'သိကြားစေ' ၀တ္ထုကလည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် မောင်ရွှေကြည်၏ 'ကျားဆိုသောကျား' ၀တ္ထုကလည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် တင်မြင့်အောင်၏ 'ရေနံ့သာဦး' ၀တ္ထုကလည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် မြမြစိန်၏ 'အညံ့ပန်း' ၀တ္ထုကလည်းကောင်း ရှုမ၀တစ်ထောင်ဆုကို ဆွတ်ခူးရရှိလေသည်။ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ နှစ်များတွင် အဆင့်အတန်းမီ စာမူများမရရှိသဖြင့် ဆုများကို ချီးမြှင့်ခြင်းမပြုနိုင်ခဲ့ချေ။ ၁၉၆၂ ခုနှစ်တွင် နောက်ဆုံးဆုချီးမြှင့်ပြီးနောက် ရပ်စဲသွားခဲ့ရလေသည်။ ဆုငွေများကို နှစ်စဉ်စာဆိုတော်နေ့၌ စာရေးဆရာအသင်းဥက္ကဋ္ဌမှတဆင့် ချီးမြှင့်ပေးခဲ့သည်။

ရှုမ၀ဦးကျော်သည် ၁၉၅၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရှုမ၀ရုပ်ရှင်ကိုလည်း စတင်တည်ထောင်ခဲ့သည်။

ရှုမ၀ရုပ်ရှင်ကုမ္ပဏီ၏ ပွဲဦးထွက်ဇာတ်ကားဖြစ်သော 'လာလုလုငေး' နှင့် 'မကြင်သာသည်' အမည်ရှိသော ရုပ်ရှင်ကားနှစ်ကားကို ရှုမ၀ဦးကျော်သည် သူ၏မိတ်ဆွေရင်းချာ စာရေးဆရာတင့်တယ်ကို ဒါရိုက်တာအဖြစ် တင်မြှောက်ကာ ရိုက်ကူးစေခဲ့သည်။ သို့သော် အဆိုပါ နှစ်ကားစလုံးသည် ပရိသတ်လက်ခံခြင်းမရှိသောကြောင့် အောင်မြင်မှုမရခဲ့ပေ။

ထိုအခါတစ်ခုကို စလုပ်မိလျှင် နောက်မဆုတ်တတ်သော ဦးကျော်သည် တတိယရုပ်ရှင်ကားကို သူ၏မိတ်ဆွေတစ်ဦးဖြစ်သူ စာရေးဆရာ သာဓုနှင့် ရိုက်ကူးရန် စီစဉ်ခဲ့သည်။ ထိုစဉ်က ဆရာသာဓုသည် ဆရာမင်းဆွေရေးသားခဲ့သော 'ချစ်တဲ့ည' အမည်ရှိ ၀တ္ထုကို 'ကကြီးရေက' အမည်ဖြင့် ရုပ်ရှင်ကားတစ်ကား ထုတ်လုပ်အောင်မြင်နေချိန်ဖြစ်သည်။ ထိုရုပ်ရှင်ကားတွင် ရှုမ၀ဦးကျော်သည် သူ၏ မင်းသားသစ် မောင်ယဉ်ထွေးနှင့် ဆရာသာဓု၏ ကျော်ကြားစပြုနေသော မင်းသမီးမြတ်မွန်နှင့် ထုတ်လုပ်ရန်စီစဉ်ခဲ့သည်။ ရုပ်ရှင်ကားအမည် ကိုလည်း 'ရွှေရင်သိမ်းသစ်' ဟု အမည်ပေးကြေညာထားသည်။

ယင်းဇာတ်ကားကို မောင်ယဉ်ထွေး၊ မြတ်မွန်တို့နှင့် ဒါရိုက်တာသာဓုက ရိုက်ကူးရန် ကြော်ငြာထားပြီးကာမှ ထုတ်လုပ်သူနှင့် ဒါရိုက်တာအကြားသဘောထားမတိုက်ဆိုင်သဖြင့် နောက်ဆုံးတွင် မရိုက်ဖြစ်တော့ချေ။

ထိုအခါ စာပေသမားနှင့် ရုပ်ရှင်ထုတ်လုပ်သူ ဦးကျော်သည် တစ်ခုခုကို ကြံစည်လုပ်ကိုင်ခြင်းပြုရာတွင် 'ဆိုခဲစေမြဲစေ' ဆိုသော စကားအတိုင်း လွယ်လွယ်နှင့် နောက်ဆုတ်တတ်သူတစ်ဦးမဟုတ်ရကား၊ သူကိုယ်တိုင် ဒါရိုက်တာ၊ ထုတ်လုပ်သူ လုပ်ကာ ရွှေရင်သိမ်းသစ် ဇာတ်ကားကို မင်းသားသစ် မောင်ယဉ်ထွေး၊ မင်းသမီးသစ် စမ်းစမ်းအေး၊ မောင်သင်၊ ချိုချိုမြင့်၊ ဒေါ်ခင်ညွန့်၊ သီတာခင်ထွေး၊ မေနွဲ့၊ လှလှဆွေနှင့် ရှုမ၀တိုက်ထွက် စာရေးဆရာ၊ ပန်းချီဆရာများဖြင့် အားဖြည့်ကာ ရိုက်ကူးခဲ့လေသည်။

အဆိုပါ 'ရွှေရင်သိမ်းသစ်' ရုပ်ရှင်ကားသည် အောင်မြင်၍ ရုပ်ရှင်ပရိသတ်က ကောင်းစွာကြိုဆိုလက်ခံခဲ့၏။ ထို့အပြင် ယင်းဇာတ်ကားတွင် ဇာတ်ပို့ဇာတ်ရံအဖြစ် ပါဝင်ခဲ့သော ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေနွဲ့သည် အကယ်ဒမီဆုကိုပင် ဆွတ်ခူးနိုင်ခဲ့လေသည်။

ယင်းသည် ဦးကျော်ဇော၏ မဟာစွန့်စားခန်းကြီးပင်။ ဆရာသော်တာဆွေက-

'ဤပွဲမှာ ဦးကျော်လွဲခဲ့သော် ကိစ္စပြတ်ပြီ၊ ယခုလို ရှုမ၀ရုပ်ရှင် မဆိုထားနှင့် ရှုမ၀မဂ္ဂဇင်းပင်လျှင် ဘယ်သောင်ဘယ်ကမ်းဆိုက်လေ မည် မသိ။ ယခုကား ဦးကျော်အောင်မြင်ခဲ့ပြီ။ သူ၏ ဇွဲ၊ လုံ့လ၊ သတ္တိဖြင့် မည်သူမျှ မမျှော်လင့်ထားခဲ့သော အောင်ပွဲကြီးကို ဦးကျော် ရယူခဲ့လေပြီ' ဟူ၍ ပြောကြားခဲ့ဖူးသည်။

သို့ကလို 'ရွှေရင်သိမ်းသစ်' ဇာတ်ကားကို မြန်မာ့ရုပ်ရှင်ကြည့်ပရိသတ်က ၀မ်းမြောက်ဝမ်းသာလက်ခံအားပေးကြသောအခါ ဦးကျော် သည် ရုပ်ရှင်နတ်ဖမ်းစားခြင်း၊ ခံလိုက်ရပြီးလျှင် ဆက်တိုက် ရုပ်ရှင်တစ်ကားပြီးတစ်ကား ရိုက်ကူးထုတ်လုပ်တော့သည်။ ဦးကျော်သည် ကွယ်လွန်ချိန်အထိ ရုပ်ရှင်ကားပေါင်း (၁၁) ကား ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးသား စီစဉ်ညွှန်ကြား ရိုက်ကူးခဲ့သည်။

ရှုမ၀ရုပ်ရှင်ကုမ္ပဏီမှ ဦးကျော် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ-

(၁) ရွှေရင်သိမ်းသစ်
(၂) ချစ်တဲ့သူရဲ့ရင်ခွင်
(၃) ရင်ဝယ်တသိမ့်သိမ့်
(၄) လေချိုတသွေးသွေး
(၅) လုလင်ငယ်သွေး
(၆) မေတ္တာစာတစ်ပုဒ်
(၇) အပယ်ရတနာ
(၈) ချွေးကလေးစိုစို
(၉) စေလိုရာစေ
(၁၀) လူ့မနော
(၁၁) ရွှေဝတ်မှုန် တို့ဖြစ်သည်။

ရှုမ၀ဦးကျော်ရိုက်ကူးသော ကားများမှ အကယ်ဒမီရရှိကြသူများမှာ ဒေါ်မေနွဲ့ (ရွှေရင်သိမ်းသစ်)၊ ဦးကျောက်လုံး (ရင်ဝယ်တသိမ့်သိမ့်)၊ ဒေါ်မေသစ် (ရင်ဝယ်တသိမ့်သိမ့်)၊ ခင်မိုးမိုး (အပယ်ရတနာ) တို့ ဖြစ်ကြသည်။

ထို့အပြင် ရှုမ၀ဦးကျော် သင်ကြားပြသမှုဖြင့် ပေါ်ထွက်လာသော ရုပ်ရှင်ပညာသည်များမှာ မောင်ယဉ်ထွေး၊ စမ်းစမ်းအေး၊ မောင်ယဉ်ကြည်၊ ခင်မိုးမိုး၊ ချစ်စိန် (ရှုမ၀)၊ ဇော်ဝမ်း၊ လင်းထင်၊ ဆွေဇင်ထိုက်၊ ခင်သန်းနွယ် တို့ဖြစ်ကြသည်။

ထို့ကြောင့်လည်း စာရေးဆရာ ဌေးမောင်က

"ရှုမ၀ဦးကျော်ချစ်သူများမှတ်တမ်း"၌-

"စာပေလောက၊ ပန်းချီလောက၊ ရုပ်ရှင်လောကကို ပြောင်မြောက်သော ကြယ်ပွင့်များဖြင့် တန်ဆာဆင်ပေးသူ ဗိသုကာဆရာကြီး" ဟူ၍ ရေးသားထားလေသည်။

ရှုမ၀ဦးကျော်သည် သူရိုက်ကူးသောကားတွင် ပါဝင်သူသရုပ်ဆောင်များအား သရုပ်ဆောင်ချက်အားလုံး အသေးစိတ်ညွှန်ကြား သင်ပြလေ့ရှိသူဖြစ်သည်။ ထိုအလေ့အကျင့်မှ အလေ့အထုံရင့်လာသောအခါ ရုပ်ရှင်သင်တန်းသို့ ဦးတည်မိလာသည်ဟု ဆိုရမည်ထင်သည်။

၁၉၆၇-၆၈ ခုနှစ်မှစ၍ ရုပ်ရှင်သင်တန်းကို ရန်ကုန်တွင် တရားဝင်စတင်ခဲ့သည်။ ၁၉၆၉-၇၀ ခန့် (ချွေးကလေးစိုစိုရိုက်ဆဲကာလ) မန္တလေးမြို့တွင်လည်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၃၀၀ နီးပါး တက်ရောက်ကြသည်။

ရှုမ၀ဦးကျော်သည် အလုပ်ကို တန်ဖိုးထားသူဖြစ်သည်။ သူသည် ဆန်းသစ်တီထွင်ဖန်တီးတတ်သော ပင်ကိုယ်ဉာဏ်လည်း ရှိသည်။ ရုပ်စုံမဂ္ဂဇင်းဟူသော စကားလုံးကို ဦးကျော်ပင် စတင်တီထွင်သုံးစွဲခဲ့သည်။ တီထွင်မှုတွင် အလွန်စိတ်သန်သော ဦးကျော်သည် စစ်မဖြစ်မီကာလ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်းရှိ နာမည်ကျော် 'မြပိုးထည်တိုက်' တွင် သူ၏ ကျေးဇူးရှင် ဦးမြထံတွင် မန်နေဂျာလုပ်နေစဉ်ကပင် တီထွင်ခဲ့ဖူးသည်။ အသင့်ပေါင်းပြီးသား မောင့်ကျက်သရေခေါင်းပေါင်းမှာ ရှုမ၀ဦးကျော်၏ တီထွင်မှုတရပ် ပင်ဖြစ်သည်။ ထိုစဉ်က ပိုးထည်တိုက်မှာ အထူးတလည် ကြော်ငြာခြင်းမရှိသော်လည်း ဦးကျော်သည် ဦးလေးမြနှင့် တိုင်ပင်ကာ ပန်းချီဆရာ ကြီး ဦးငွေကိုင်၊ ဦးအုန်းလွင်၊ ဦးကိုလေး၏ လက်ရာများဖြင့် အထူးကောင်းမွန်အောင် ခေတ်မီမီပြုလုပ်ခဲ့သည်။

ရှုမ၀ဦးကျော်၏ ထူးခြားသော ပါရမီတစ်ခုမှာ သည်းခံခွင့်လွှတ်ခြင်းနှင့် သူ၏ နူးညံ့သိမ်မွေ့သော လူမှုဆက်ဆံရေးပင်ဖြစ်သည်။ သူသည် သူနှင့်အမြင်အယူအဆမည်မျှပင် ကွာခြားနေသည်ဖြစ်စေ၊ သူ့ထံလာသည့် ဧည့်သည်ကိ မည်သည့်အခါမျှ အတိုက်အခံပြောဆိုခြင်း၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ဖြင့်ပင် တဖက်သားရိပ်မိသိရှိအောင် မပြခြင်းပင်ဖြစ်သည်။ ရံဖန်ရံခါ သူစိတ်မ၀င်စားသည့် အကြောင်းကို ဧည့်သည်က ပြောနေသည့် အခါ၌ပင် သည်းခံနားထောင်နိုင်လေသည်။ အချိန်ကုန်ခံနိုင်သည်။ သူ့အားရှေ့တွင်ဖြစ်စေ၊ ကွယ်ရာမှာဖြစ်စေ စာပေ၊ ရုပ်ရှင်နယ်မှ သော်လည်းကောင်း၊ တစုံတယောက်က သူ့အား သွားပုပ်လေလွင့် ရေးသားပြောဆိုသည်ကိုပင် ခင်မင်မှုမပျက်ခွင့်လွှတ် တတ်သည်။ သူ၏ ထူးခြားချက်မှာ အရက်သောက်ခြင်းကို ရွံမုန်းခြင်းပင်ဖြစ်သည်။ ရပ်ဝေးမှ မိတ်ဆွေဖြစ်စေ၊ သူလေးစားသည့် အနုပညာရှင် ဖြစ်စေ တခမ်းတနားထမင်းဖိတ်ကျွေးသည့်အခါဖြစ်စေ မည်သူ့ကိုမျှ အရက်တိုက်လေ့မရှိချေ။ အပြင်မှ သောက်လာသည်ကိုမူ မပြောသော်လည်း သူ့အိမ်သို့ အရက်ပုလင်းယူမလာရပေ။ မည်မျှရင်းနှီးသည်ဖြစ်စေ အရက်ဝိုင်း၌ မည်သည့်အခါမှ တိုက်လေ့မရှိချေ။

ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဦးကျော်သည် ရှပ်အင်္ကျီအဖြူစင်စင် ကော်လာမပါလက်ရှည်ကို အမြဲဝတ်လေ့ရှိသည်။ လက်ရှည်ကိုလည်း အမြဲတမ်း ကြယ်သီးတပ်လေ့ရှိသည်။ လုံချည်ကိုလည်း ချည်ချောအဖြူစင်စင်ပေါ်တွင် သီတင်းရောင်အကြောင်းသေးသေး များဖြင့် အကွက်နုပ်နုပ်ဖော်ထားသည့်အဆင်ကို ရွှေတောင်မြို့ရှိ သူ၏သားချင်းများထံမှ နှစ်စဉ်နှစ်တိုင်း ဆယ်ထည်ဆယ့်ငါးထည် အထူးမှာယူ ၍ ၀တ်လေ့ရှိသည်။ ရင်းနှီးသော မိတ်ဆွေများကိုလည်း ရွှေတောင်လုံချည်လက်ဆောင်ပေးလေ့ရှိသည်။ တိုက်ပုံကို အမြဲလိုလို အဖြူရောင် ကိုသာ နှစ်သက်စွာ ၀တ်လေ့ရှိသည်။ ထို့ကြောင့်ပင် သူ့ကို အဝေးမှ မြင်ရုံမျှဖြင့် ဦးကျော်မှန်း သိနိုင်လေသည်။

သူ၏ထူးခြားသော ၀သီတစ်ခုမှာ သာရေး၊ နာရေးမှအပ မည်မျှပင် ရင်းနှီးကျွမ်းဝင်စေကာမူ အခြားအိမ်များသို့ ကိစ္စကြီးငယ်မရှိဘဲ အပျင်းပြေသွားရောက်လည်ပတ်ခြင်းမရှိချေ။ အလုပ်ထဲ၌သာ သူ့ဘ၀ကို မြှုပ်နှံထားသူဖြစ်သည်။

ရှုမ၀ဦးကျော်သည် အုလပ်ကို တန်ဖိုးထားသူတစ်ယောက် ဖြစ်သောကြောင့် သူမကြာခဏပြောလေ့ရှိသော စကားတစ်ခွန်းမှာ "မှားမှာ ကြောက်ဖို့မလိုဘူး။ မလုပ်တော့မတတ်ဘူး။ မတတ်တော့ ဘယ်မှ တိုးတက်တော့မှာလဲ။ မှားချင်မှားပါစေ လုပ်သာလုပ်…" ဟူ၍ ဖြစ်သည်။

ဤသို့ အလုပ်ကို တန်ဖိုးထားလွန်းသဖြင့် သူကွယ်လွန်ချိန်တွင် နာရေးအမှတ်တရစာအုပ်တွင် ရင်းနှီးသူတစ်ဦးက-

"ဦးကျော်ဟာ အလုပ်လုပ်တတ်ပေမယ့် အနားမယူတတ်ဘူး။ ယခုမူ တကယ်အနားယူသွားပေပြီ။ ချမ်းမြေ့သောနေရာတွင် အနားယူ နိုင်ပါစေ" ဟူ၍ မချိတင်ခဲ ရေးသားခဲ့လေသည်။

ရှုမ၀ဦးကျော်သည် ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် စနေနေ့ မွန်းလွဲ ၁၂း၃၀ နာရီ တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။

ရှုမ၀ဦးကျော်ကွယ်လွန်ချိန်၌ ရိုက်လက်စ 'သပြေရိပ်' ဇာတ်ကားနှင့် ကြီးကြပ်လက်စ ဇာတ်ကားနှစ်ကားဖြစ်သည့် "ဘယ်ပန်းချီ ရေးလို့မမီ" နှင့် ပုဏ္ဏက ဇာတ်ကားတို့ ဖြစ်သည်။ ဘယ်ပန်းချီရေးလို့မမီ ကို သားဖြစ်သူ မောင်ဆွေတင့်က ရိုက်ကူးနေပြီး ပုဏ္ဏကကို မောင်ယဉ်ထွေးက ဒါရိုက်တာအဖြစ် ရိုက်ကူး၍ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသည်။

မောင်ယဉ်ထွေးသည် ဦးကျော်၏ ဇနီးဒေါ်ကြည်သန်း၏ မောင်အထွေးဆုံးဖြစ်သည်။

ကွယ်လွန်ချိန်၌ ဇနီးဒေါ်ကြည်သန်း၊ သားမောင်ဆွေတင့်၊ မောင်ဇော်ဝင်း၊ သမီး မမြင့်မြင့်သန်း၊ မတင့်တင့်ဆန်း၊ မအေးအေးသန်း၊ မဝေေ၀သန်း နှင့် မြေးများ၊ မြစ်များ ကျန်ရစ်ခဲ့သည်။

ရှုမ၀ဦးကျော် ကွယ်လွန်ခဲ့သည်မှာ ယခုအခါ ၃၉ နှစ်တိုင်ခဲ့ပြီ ဖြစ်သည။် သူကွယ်လွန်သွားသည့်အတွက် ရှုမ၀မိသားစုနှင့် ရှုမ၀စာပေ အနုပညာလောကသားများအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ ပို၍ ၀မ်းနည်းနှမြောစရာကောင်းသောအချက်မှာ သူကွယ်လွန်ပြီး ၁၈ နှစ် ခန့် အကြာ ၁၉၉၂ ခုနှစ် လွန်၌ သူပျိုးထောင်ခဲ့သော သက်တမ်းရှည်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် ရှုမ၀မဂ္ဂဇင်းသည် လုံးဝရပ်စဲသွားခြင်းပင်ဖြစ်ပါ သည်။

Kyaw Thu - FFSS Yangon Activity,

သင်္ကြန်အကျနေ့ "ပေးဆပ်သူများ" သံချပ်လှုပ်ရှားမှု
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၅၊ ၂၀၁၃


သင်္ကြန်အကြိုနေ့တွင် ဖိတ်ကြားထားရှိသည့် "သုဝဏ္ဏ (၂၅) ရပ်ကွက်၊ သက်ကြီးပူဇော်ပွဲနှင့် မဟာ သင်္ကြန်ဆုပေးမဏ္ဍပ်" သို့၎င်း၊ "ကျောက်မြောင်းဈေးမိသားစု" သို့၎င်း၊ ဇဝန၊ သင်္ဃန်းကျွန်းမြို့နယ်သို့၎င်း၊ လေးထောင့်ကန်လမ်းနှင့် ဘုရားလမ်းထောင့်သို့၎င်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ (ရန်ကုန်)မှ စီစဉ်ကျင်းပသည့် "(၁ဝ) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်" သို့၎င်း၊ ဝရုဏာလမ်း၊ (၁၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်သို့၎င်း၊ သီရိဇေယျာလမ်း၊ (၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ (၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့၎င်း အစရှိသည့် မြို့နယ်၊ ရပ်ကွက် အသီးသီးများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "ပေးဆပ်သူများ" ပြည်သူ့အကျိုးပြု သံချပ်အဖွဲ့မှ သွားရောက်၍ အင်တိုက်အားတိုက် ဖျော်ဖြေတင်ဆက်ခဲ့တော့သည်။

မဟာသင်္ကြန် အချိန်ကာလများတွင် အများပြည်သူတို့မှ စိတ်ဝင်စား၍ လူကြီးမင်းတို့၏ မဏ္ဍပ်များ၌ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်လိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ -

ပြန်ကြားရေးဋ္ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်) - ဝ၉ - ၈၆၄ ဝ၂၂ဝ
ဦးဋ္ဌေးလွင်      - ဝ၉ - ၇၃ဝ ၁၅ ၂၆၅
ဦးမြတ်ဆွေ      - ဝ၉ - ၄၃ ၂ဝဝ ၈ဝ၉
ဦးထွန်းထွန်းဝင်း     - ဝ၉ - ၄၂ဝ ဝဝဝ ၅၇၉
ဦးကျော်ဟိန်း      - ဝ၉ - ၇၃၁ ၆ဝ ၆၆ဝ သို့ တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။ 





 

 
  

 
  
 

Aung Maw - Cartoon

မူပြောင်းပေမယ့် လူဟောင်းတွေချည်းပါပဲကွယ်
ကာတွန်း - အောင်မော်
ဧပြီ ၁၅၊ ၂၀၁၃



ကာတွန်းအောင်မော် ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။

Saung Luu - Poem

ငါ း မ် ာ း
ဆောင်းလူ
ဧပြီ ၁၅၊ ၂၀၁၃

 
ဟိုသွား ..ဒီသွား
သင်္ကြန်တွင်းမှာ သူတို့
ရေယက်မလို
ပါးဟက်မလို
ခရမ်းလွန်ရောင်ခြည် လမ်းမပေါ်
တွားသွားနေလိုက်ကြတာ ...။

ပျော်ပျော်ကြီး
မော်မော်ပြီး
ရင်ခွဲရုံရောက်နေတဲ့ ပိတောက်တွေအစား
ငုတွေက ဧည့်ခံ
ရောက်လာတဲ့ ငါးတွေက
ရေကသိုင်းရှုဖို့များ
နက်ခ်တိုင်ကိုယ်စီနဲ့
စတိုင်လ်ကိုမိလို့ ...။

ငါးတွေ
ဇာတ်တူသားကိုမှ
မြိန်ရည် ယှက်ရည် စားလိုသတဲ့ ...။

ငါးတွေ
တီတွေနဲ့ မိတ်ဖွဲ့
ဟိုးတုန်းကတော့ အိမ်လွမ်းလို့တဲ့ ...။

ခုလည်း ကြည့်
သူတို့ ...
လူမျှားချိတ်ကို လည်ပင်းချိတ်
လူမျှားထွက်မလို့
နက်ခ်တိုင်ကိုယ်စီနဲ့
တွားသွားနေလိုက်ကြတာ ...။

အော် ... ငါးတွေ
ခုတော့ .. ဥပုဒ်တဖက်နဲ့
ခွက်ခြင်းတိုက်လို့
အမြည်းလုပ်ဖို့များ
လူကင်ဖို့ လုပ်နေသတဲ့ ...။

Kyaw Thu - FFSS Yangon Activity,

သင်္ကြန်အကြိုနေ့ "ပေးဆပ်သူများ" သံချပ်လှုပ်ရှားမှု
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၅၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၃၇၄/၅ ခုနှစ် (၂ဝ၁၃ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန် အချိန်မှ စတင်ဖွဲ့စည်း မွေးဖွားခဲ့သည့် သုခမျိုးဆက်သစ် ကုသိုလ်တော်အနုပညာအဖွဲ့၏ "ပေးဆပ်သူများ" ပြည်သူ့ အကျိုးပြု လူမှုရေးသံချပ်အဖွဲ့သည် ၁၃.၄.၂ဝ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက် (၇း၃ဝ) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှစတင်ထွက်ခွာခဲ့ပြီး ဦးစွာပထမ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံချပ်ယာဉ်ကြီးနှင့်အတူ ဥက္ကဋ္ဌ ဦးကျော်သူ၊ အသင်းသား/သူများတို့မှ ဦးတိုက်ဖူးမျှော်ခဲ့ကြသည်။


 
  
  

ဆက်လက်၍ သင်္ကြန်အကြိုနေ့တွင် ဖိတ်ကြားထားသည့် အောက်ပါမြို့နယ်၊ ရပ်ကွက်၊ မဏ္ဍပ်များ သို့ နံနက် (၈း၃ဝ) နာရီမှစတင်၍ ည (၇း၃ဝ) နာရီအထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူ များတို့သည် အသင်းမှ အများပြည်သူတို့အတွက် လုပ်ဆောင်ပေးဆပ်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများ အား ပြည်သူလူထုအပေါင်းတို့ သိရှိစေရန်၊ စေတနာရှင် အလှူရှင်များနှင့် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာ ခံပေးဆပ်၍ ကူညီလိုကြသော လူငယ်/ရွယ် လူမှုရေးသမားများ တိုးပွားလာစေရန်၊ အများပြည်သူတို့မှ စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားသည့် အလှူငွေများဖြင့် အမှန်တကယ်လိုအပ်သည့် နေရာ များနှင့် ထိရောက်သည့်နေရာများသို့ လှူဒါန်းပေးလျှက်ရှိကြောင်း ဂုဏ်ယူကျေနပ်နိုင်စေရန်၊ ဗြဟ္မစိုရ် တရားလေးပါးနှင့်အညီ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ငြိမ်းချမ်းသော လူ့ဘောင်နှင့် ငြိမ်းချမ်းသော လူ့ အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင်အား ပရဟိတစိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာဖြင့် ထူထောင်သွား နိုင်ကြရန် အစရှိသည့် ရည်ရွယ်ချက်များနှင့် ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ဖွဲ့စည်းထားသော "ပေးဆပ်သူများ" လူမှုရေးသံချပ်အဖွဲ့သည် အများပြည်သူတို့အတွက်သာ ဖြစ်ရမည်ဆိုသည့်အတိုင်း အင်တိုက်အားတိုက် တက်တက်ကြွကြွ ညီညွတ်စွာဖြင့် အားပါးတရ ဖျော်ဖြေတင်ဆက်ခဲ့တော့သည်။


 
  

 
  

  
၁။ အမှတ် (၂) ရပ်ကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မိသားစု) 
၂ - ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။

၂။ "ထူး" ရေခဲမုန့်
၇ - ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်။

၃။ YMBA (အရှေ့)
၇ - ရပ်ကွက်၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်။

၎။ Smile ရေကစားမဏ္ဍပ်
၉ - ရပ်ကွက်၊ ရေကျော်လမ်းနှင့် ဇီဇဝါလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်။

၅။ "မောင်အေးကဖီး"
၉ - ရပ်ကွက်၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်။

၆။ Bachelors ရေကစားမဏ္ဍပ်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၄၉လမ်းနှင့် ၄၈လမ်းကြား)

၇။ "ဆင်ဖြူ" စားသောက်ဆိုင်
၂ - ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်မြို့နယ်။

မဟာသင်္ကြန် အချိန်ကာလများတွင် အများပြည်သူတို့မှ စိတ်ဝင်စား၍ လူကြီးမင်းတို့၏ မဏ္ဍပ်များ၌ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်လိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့

ပြန်ကြားရေးဋ္ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်) - ဝ၉ - ၈၆၄ ဝ၂၂ဝ
ဦးဋ္ဌေးလွင်      - ဝ၉ - ၇၃ဝ ၁၅ ၂၆၅
ဦးမြတ်ဆွေ      - ဝ၉ - ၄၃ ၂ဝဝ ၈ဝ၉
ဦးထွန်းထွန်းဝင်း     - ဝ၉ - ၄၂ဝ ဝဝဝ ၅၇၉
ဦးကျော်ဟိန်း      - ဝ၉ - ၇၃၁ ၆ဝ ၆၆ဝ သို့ တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။

Kyaw Nyein Moe - Burmese Buddhism where to ? (1)


အမျိုး၊ ဘာသာ၊ သာသနာ နှင့် ဟိုလော ... သည်လော ... (၁)
ကျော်ငြိမ်းမိုး၊ ဧပြီ ၁၅၊ ၂၀၁၃
(မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်)
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောမြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သည်ဟု ထပ်တခါပြောလိုက်ရခြင်းမှာ ပြောလောက်ရသည့်အကြောင်းများ ရှိ၍လာသောကြောင့် ဖြစ်သည်။ သည်လို ... ။
            မြန်မာနိုင်ငံဟာ လူမျိုးစုံ၊ ဘာသာစုံဖြစ်တဲ့အတွက် အခုလို ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ပြောခြင်း၊ သတ်မှတ်ခြင်းက ဖြစ်သင့်ပါရဲ့လား။ တရားမျှတပါရဲ့လားတဲ့။
            မြန်မာနိုငံဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို တောင်းဆို၊ ကျင့်သုံးဖို့ကြိုးစားနေတာဖြစ်တဲ့အတွက် အခုလို မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်လို့ တွေးခေါ်ခြင်း၊ ပြောဆိုခြင်း၊ သတ်မှတ်ခြင်းက ဖြစ်သင့်ပါရဲ့လား။ တရားမျှတပါရဲ့လားတဲ့။
            နောက်ထပ်ယူလာသေးတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ်ဦးဘချိုရဲ့စကားပဲ။ ဆိုလိုတာက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေပါ ပါဝင်နေထိုင်ပြီး၊ လွတ်လပ်ရေးအတွက် အတူတိုက်လာခဲ့ပြီး ခုကျမှ အခုလို ဗုဒ္ဓဘာသာတိုင်းပြည်အဖြစ်ပြုလုပ်လိုက်ခြင်းဟာ၊ ဖြစ်သင့်ပါရဲ့လား။ တရားမျှတပါရဲ့လား။ "နိုင်ငံရေးက နိုင်ငံရေး၊ ဘာသာရေးက ဘာသာရေး သက်သက်လုပ်စမ်းပါ ဆရာရယ် … " ဆိုတဲ့စကား ...
            တွေ့ ရှိချက်ကိုပြောမယ်နော် ... ။      
            တရားဝင်စစ်တမ်းတွေအရ ကမ္ဘာ့လူဦးရေးရဲ့  ၃၃% (၂ ဘီလျံ)က ခရစ်ယာန်၊ ၁၈% (၁.၃ ဘီလျံ)က အစ္စလမ်၊ ဟိန္ဒူက ၁၆% (၉၀၀ မီလျံ)၊ ဘာသာမဲ့က ၁၆% (၈၅၀ မီလျံ)၊ ပြီးတော့မှ ဗုဒ္ဓဘာသာက ၆% (၃၆၀ မီလျံ)လို့ တွေ့ ရှိရတယ်။ (buddhist studies: statistics on buddhists, 2008)
            ကိုးကွယ်သူဦးရေအများဆုံးဖြစ်တဲ့ ခရစ်ယန်နိုင်ငံတွေအများစုဟာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေး၊ နည်းပညာ၊ စက်မှုနဲ့ အတွေးအခေါ်မြော်မြင်မှုပိုင်းမှာ တိုးတက်ပြီး၊ ရှေးရောက်ပြီး ဖြစ်တယ်လို့ဆိုရမှာ ဖြစ်သလို၊ အဲ့ဒီနိုင်ငံများဟာ ၂၁ရာစုမှာ ဂုဏ်ယူစွာကြွေးကြော်လေ့ရှိတာတခုက သူတို့ရဲ့ လူ့အဖွဲ့အစည်းဟာ OPEN SOCIETY (ပွင့်လင်းလူ့အဖွဲ့အစည်း)၊ DIVERSITY လူမျိုးစုံ၊ ဘာသာစုံ၊ အတန်းအလွှာ၊ အယူဝါဒစုံ နေထိုင်နိုင်တဲ့၊ လွတ်လပ်ပြီး လူ့ အခွင့်အရေးအပြည့်အဝရှိတဲ့ နိုင်ငံတွေတဲ့။
            အဲဒီလို တိုးတက်ပြီး DIVERSITY ဖြစ်တဲ့နိုင်ငံတွေများမှာတောင် သူတို့ရဲ့တရားဝင်ဘာသာတရားဟာ ခရစ်ယာန်ဖြစ်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြဘူး။ နိုင်ငံတော်အခမ်းအနားတွေ၊ နိုင်ငံရဲ့အားလပ်ရက် သတ်မှတ်မှုတွေ၊ နိုင်ငံရဲ့ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေ၊ သီချင်းတွေကအစ ခရစ်ယာန် ဘာသာတရားကို အခြေခံထားကြပြီး၊ ခရစ်ယာန်အယူဝါဒကို ရောင်ပြန်ဟပ်၊ ကိုယ်စားပြုထားတာတွေ့ ရမယ်။
            ဘာကြောင့်လဲ။ သူတို့ကလူများစုလေ။ ခရစ်ယာန်ဘာသာဝင်တွေက အဲဒီနိုင်ငံများမှာလူများစုဖြစ်ပြီး၊ သူတို့ရဲ့ချွေးတွေ၊ သွေးတွေ၊ ယုံကြည်မှုတွေနဲ့ သူတို့နိုင်ငံကို တည်ဆောက်ထားကြတာလေ။ သူတို့ ကိုးကွယ်ရာဖြစ်တဲ့ ခရစ်ယာန်ဘာသာကို တရားဝင် နိုင်ငံတော်ဘာသာအဖြစ် တိုက်ရိုက်သတ်မှတ်ပြီးလို့ပဲ ဖြစ်စေ၊ သွယ်ဝိုက်လို့ပဲဖြစ်စေ ကျင့်သုံးတာ တရားမျှတမှုရှိရဲ့လား၊ ဖြစ်သင့်ရဲ့လားလို့မေးခွန်းထုတ်တာဟာ ထုတ်တဲ့သူအနေနဲ့ ကြောင်းကျိုးညီညွတ်ရဲ့လား၊ မျှတပါရဲ့လားလို့ ပြန်မေးစရာရှိလာတယ်။
            ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ၂၁ရာစု လစ်ဘရယ်ဒီမိုကရေစီရဲ့ပြယုဂ်ကြီး၊ ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြားထားရှိရေး (Speration of Church and State) အယူအဆရှေ့ ဆောင်ကြီးကိုပဲကြည့်ပေါ့။ သူ့ ဖွဲ့ စည်းပုံဥပဒေရဲ့ ကျောရိုးဖြစ်တဲ့ လွတ်လပ်ရေးကြေငြာစာတမ်းမှာ လူသားတို့ရဲ့တန်းတူမှုနဲ့  အခွင့်အရေး တွေကို ဖန်းဆင်ရှင် (ဘုရားသခင်) က ပေးအပ်ထားတယ်ဆိုတာကို အတိအကျထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်တယ်။ (Documents from the Continental Congress and the Constitutional Convention, 1774-1789, n.d.) သမ္မတအသစ်တက်လို့ ကျမ်းသစ္စာကျိန်ဆိုရင် တရားသူကြီးချုပ်ရဲ့တိုင်ပေးမှုနဲ့အတူ၊ အမေရိကန် ဖွဲ့စည်းပုံကို အသက်ပေးကာကွယ်မှာဖြစ်ကြောင်း၊ ဘုရားသခင်ကူညီပါဆိုတာကို တွေ့ရမှာဖြစ်သည်။  တရားဝင်နိုင်ငံသုံးငွေ ဒေါ်လာမှာ (IN GOD WE TRUST) ဘုရားသခင်ကို ယုံကြည်ပါ၏ဆိုတဲ့ စာသားလေးကို ထည့်သွင်းထားတာလည်းတွေ့ရမှာဖြစ်သည်။ အမေရိကန်မှာ လူမျိုးစုံ၊ ဘာသာစုံနေတာပဲ။ ဘယ်သူမှဘာမှ မတရားမပြောပါဘူး။ အမေရိကန်ဆိုရင် ခရစ်ယာန်နိုင်ငံလို့ ပဲသိကြတယ် မဟုတ်လား။
            သို့ဆိုလျှင် မြန်မာနိုင်ငံလို နိုင်ငံမျိုးကျမှ၊ ထိုကဲ့သို့ဝေဖန်မှုမျိုး၊ ငြင်းခုံမှုမျိုး အဘယ့်ကြောင့် ဖြစ်လာခဲ့ရ သနည်း။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း။ မုဆိုးမသွားရာမိုးလိုက်လို့ ရွာဆိုတဲ့သဘောလား။
             မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာရောက်ရှိတာ ဘုရားလက်ထက် ကုန်သည် (၂)ဦးကစလို့ အနော်ရထာမင်း တိုင်တဲ့အထိ (၅)ကြိမ်တိုင်ရှိခဲ့တယ်လို့ အထောက်အထားတွေကဆိုသည်။ အနော်ရထာမင်း အေဒီ(၁ဝ၄၄)က စလို့ မြန်မာနိုင်ငံရဲ့ မင်းအဆက်ဆက်၊ နယ်စားမြို့စားအဆက်ဆက်ဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော် အဖြစ်တည်ထောင်ခဲ့ကြတယ်။ သာသနာဖြန့်ဖြူးခဲ့ကြတာကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါရေးထားတဲ့ ကျမ်းကြီး ကျမ်းခိုင်တွေအပြင်၊ ဂူးဂဲလ်ပြီး၊ ဝီကီခြင်းနဲ့ လည်း အလွယ်တကူ သိနိုင်သည်။ အထင်အရှားဖြစ်သည်။
            ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ တောင်ငူ၊ ဟံသာဝတီ၊ မုတ္တမ မြန်မာနိုင်ငံ တနံတလျား ကြိုက်တဲ့နေရာကို သွားပါ။ စေတီ၊ ပုထိုး၊ ဘုရားကျောင်းကန်တွေ လက်ညှိုးထိုးမလွဲ။
            ယေဘုယျအချက်အလက်အဖြစ်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅သန်းမှာ ၈၉.၂% က ဗုဒ္ဓဘာသာ။ ၅.၀၅% က ခရစ်ယာန်။ အစ္စလမ်က ၃.၇၈% လို့ အထောက်အထားတွေကဆိုသည်။
            ၂၀၀၈ခုနှစ်အထိ မြန်မာတစ်နိုင်ငံလုံးမှာ ဘုန်းကြီးကျောင်းပေါင်း (၅၆၈၃၉)၊ သံဃာဦးရေ၊ ကိုရင် အပါအဝင် (၅၄၆၀၀၀)၊ မယ်သီလရှင်ဦးရေ (၄၃၃၀၀)ရှိသည်။ မြန်မာနိုင်ငံပညာရေးကို ကျေးရွာမှတဆင့် အဏာပိုင်အဖွဲ့ အုပ်ချုပ်သူအဆင့်အထိထိကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများမှာသာပြဋ္ဌာန်း၍၊ သင်ကြားခြင်း ပြုသောစနစ်ကို အင်္ဂလိပ်တို့ မြန်မာတပြည်လုံး မသိမ်းပိုက်ခင်အထိ ကျင့်သုံးခဲ့ကြသည်။ စနစ်တကျ ဖိနှိပ်ကွပ်ကဲထားသော ကိုလိုနီနယ်ချဲ့များကို၊ တွန်းလှန်ဆန့်ကျင်ဖို့ အမျိုးသားရေးစိတ်၊ နိုင်ငံရေးနိုးကြားစိတ် များကို ဗုဒ္ဓဘာသာကို အခြေပြု၍ ဗုဒ္ဓဘာသာလှုပ်ရှားမှုများက စတင်ခဲ့ကြသည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံမှာအင်အားအကြီးဆုံးနဲ့ တောင့်တင်းအခိုင်မာဆုံးဖြစ်သည့် မြန်မာ့တပ်မတော်ကို ယှဉ်ပြိုင်အံတု နိုင်သည့်၊ တခုတည်းသော စနစ်တကျဖွဲ့ စည်းထားသည့် အင်အားအရှိဆုံး အဖွဲ့အစည်း (Single Institution) မှာ ဗုဒ္ဓဘာသာ၊ သံဃာအဖွဲ့ အစည်းပင်ဖြစ်သည်။ (Steinberg, 2010)။
            အမေရိကန်နိုင်ငံ စတင်မတည်ထောင်မီ၊ လူအခွင့်အရေးကြေညာစာတမ်းကြီးမရေးသားမထုတ်ဝေခင်၊ ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သမိုင်းကြောင်းဆိုင်ရာ အထောက်အထား အခိုင်အလုံများနဲ့ ပြည့်စုံတဲ့ အပြင်၊ လူဦးရေကပါ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့တိုင်းပြည်ကို ဗုဒ္ဓဘာနိုင်ငံဖြစ်သည်လို့ သတ်မှတ်တာ၊ ပြောတာကတော့ အတွေးအခေါ်အရလည်းမမှားသလို၊ အချက်အလက်အရလည်းမမှားဘူး ဖြစ်သည်။
            နိုင်ငံရေးဆိုတာဘာလဲ?
            နိုင်ငံရေးဆိုတာ လူတွေရဲ့စားဝတ်နေရေးအရေးအရာတွေကို ဖြေရှင်းတဲ့အရေးအရာတွေအပြင်၊ ပထဝီ ဒေသတခုမှာနေထိုင်တဲ့ လူတွေရဲ့ တန်ဖိုး၊ ကိုးကွယ်ရာ၊ ယုံကြည်မှု၊ အယူဝါဒတွေနဲ့ စံတွေကိုပါဖြေရှင်းရတဲ့၊ တည်ဆောက်ရတဲ့၊ ကာကွယ်ရတဲ့၊ တိုးတက်အောင်လုပ်ရတဲ့ အရာတခု မဟုတ်ပေဘူးလား ... ။
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ အခြားဘာသာတွေကို မလေးစား ရတော့ဘူးလား၊ မစောင့်ရှောက်ရတော့ဘူးလား ဆိုသည့် တွေးခေါ်မှုက တသီးတခြားစီပဲဖြစ်ပါသည်။
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက် အခြားဘာသာတွေ အတွက် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် မရှိတော့ဘူးလားဆိုတာက တသီးတခြားစဉ်းစားရမှာဖြစ်သည်။
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်ရဲ့ အခွန်တော်ငွေကို၊ မည်သို့မည်ပုံ တရားမျှတစွာ သုံးစွဲရမလဲဆိုသည်က သီးသန့်ဆွေးနွေးရမည့် အကြောင်း အရာဖြစ်ပါသည်။
            အိုးများ ဘောင်ဘင်ခတ်ရင် ရေဖိတ်စင်ရုံပဲရှိမည်။
            သို့သော် … အတွေးအခေါ်၊ သဘောတရားဘောင်ဘင်ခတ်ရင် အမျိုး၊ ဘာသာ၊ သာသနာ ပျက်ပေတော့မည်။

References

buddhist studies: statistics on buddhists. (2008). Retrieved from buddhanet: http://www.buddhanet.net/e-learning/history/bud_statwrld.htm
Documents from the Continental Congress and the Constitutional Convention, 1774-1789. (n.d.). Retrieved from The Library of Congress: http://memory.loc.gov/cgi-bin/query/r?ammem/bdsdcc:@field(DOCID+@lit(bdsdcc02101))
Steinberg, D. I. (2010). Burma/Myanmar (What Everyone Needs to Know). New York: Oxford University Press, Inc.

ကျော်ငြိမ်းမိုး

14th April - MoeMaKa Radio

မြန်မာလူမျိုးစု မြန်မာ့အသံ ဆစ်ဒနီနဲ့ မိုးမခရေဒီယို ဆန်ဖရန်စ္စကို
သင်္ကြန်သမိုင်း ပြောသူ ရန်အောင်နဲ့ မေသန်းနု ဖျော်ဖြေမှု
သတင်းတိုထွာ၊ သီချင်းပဒေသာ
ဆစ်ဒနီမြို့တွင် သူရရွှေမန်းနှင့် မြန်မာအဖွဲ့အစည်းတွေ့ဆုံမှု မှတ်တမ်း - မတ် ၂၉ ၊ JACDB
၁၃၇၅ မြန်မာပြည်ဒီမိုကရေစီခေတ်ပြောင်း သင်္ကြန်စာ - ကွန်ပျူတာဦးအောင်ဇော်
နာရေးကူညီမှု ဒေါ်ရွှေဇီးကွက်နဲ့ မြန်မာ့အသံဥက္ကဌတွေ့ဆုံပွဲ၊ ဆစ်ဒနီမြို့
၂၀၁၃ ဂျပန်နိုင်ငံတွင် ဖျော်ဖြေသော မင်္ဂလာဒိုးသံချပ်
မြောက်ကိုရီးယားအန္တရာယ် - ဇော်အောင်(မုံရွာ)၊ မိုးမခ
အူအသစ်နဲ့ လူပြန်ဖြစ်တဲ့ ကဗျာ - ဦးပန်တျာ
အထူးကဏ္ဍ - မြ၀တီရဲခေါင် ၈၉ နှစ် တလပြည့်အလွမ်း
သူ့ထက်ကဲ ဟာသပြဇာတ်၊ မြ၀တီဦးရဲခေါင်၊ ဆင်ပေါင်ဝဲ ဦးအုန်းခိုင်၊ ဂန္ထ၀င်အဆိုတော် မာမာအေး၊ ဂျပန်သူ မယုရီ၊ ၂၀၀၃ ခုနှစ်
မြန်မာ့ဂီတဗျောအလှ ရှာပုံတော်
စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ ဒေါက်တာဇင်မာထွန်း
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)

Tin Ko Min Nyo - Poem

တစ္ဆေခြောက်တဲ့ … ပိတောက်အိပ်မက်
တင်ကိုမင်းညို
ဧပြီ ၁၄၊ ၂၀၁၃


သွေးရိုးသားရိုး ပြောကြကြေးဆို
အိမ်ရှေ့က စားပွဲပေါ်မှာ
ပိတောက်တွေ မပွင့်တာကြာခဲ့ပြီ …။

ဘယ်လောက်ထိ ဇာတ်ကနာသလဲလို့ဆိုရင်
ဘုရားညောင်ရေအိုးကလည်း
ပိတောက်ပန်းကို လွမ်းလို့ …

ကလေးတယောက်နဲ့ မုဆိုးမဖြစ်နေရသူကလည်း
ပိတောက်ဆိုရင် စိတ်နာသတဲ့ …
ဘယ်တုန်းကမှ မျိုးရိုးမရှိခဲ့ဘူးတဲ့
ဟစ်ဟော့ပ် ဂီတနဲ့တောင်းစားနေရသူတွေကလည်း
ဒီနှစ် အတာသင်္ကြန်မှာ
ပိတောက်တွေပန်ပြီး တောင်းမတဲ့
သင်္ကြန်မိုးသီချင်းတွေ တိုက်လို့တဲ့ …။

ဘုရား … ဘုရား
ဘာတွေ ဘယ်လိုဖြစ်ကုန်သလဲဆိုတာ
ဘုရားရှင် ကိုယ်တော်လည်း နားမလည်နိုင်တော့ဘူးတဲ့ …
သူကိုယ်တိုင်က ဘုရား … ဘုရား တနေရသတဲ့ …။

လူတယောက် မိုးပေါ်က ဆင်းလာတယ်
လက်တဖက်မှာ ဗော့ဒ်ကာအရက်ပုလင်း
တဖက်မှာတော့ ဗိုလ်အောင်ဒင့် ခြောက်လုံးပြူးကို ကိုင်လို့
သူ့ခေါင်းထဲက ကျည်ဆံတတောင့်ကို ဆွဲထုတ်
ပြီးတော့
ကျည်အိမ်ထဲ ထည့်လိုက်တယ်
သူ့ပါးစပ်က ပြောလိုက်သေးတယ်

ငါဟာ … ကဗျာဆရာ မာယာကောဗ်စကီးကွတဲ့
ပြီးတော့မှ
သူပစ်ရမယ့် ပစ်မှတ်ကို ရှာတွေ့သွားတယ်
သွေးအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် ပစ်ထဲ့လိုက်တယ်
လမ်းမပေါ်မှာတော့
သစ္စာဖောက်နေတဲ့ ပိတောက်တွေ …။ ။

U Ohm Kyaw - Articles

ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ
ဦးအုန်းကျော်
ဧပြီ ၁၄၊ ၂၀၁၄ 
 
ဦးလေးရေ .. ဒီမှာ ကျနော်ရထားတဲ့ တံဆိပ်ခေါင်းကလေးတလုံး။ ကြည့်ပါဦး ..
ဟ ... သီရိလင်္ကာက တံဆိပ်ခေါင်းကလေးပါလား။ ကဲ မင်းထင်တာ ပြောစမ်းပါဦးကွာ ...

အင် ..ဒါဟာ အင်္ဂုလိမာလ မဟုတ်လား ...
ဟာ .. သိပ်ဟုတ်တာပေါ့ကွာ ..။ သိပ်မှန်တာပေါ့။ နေပါဦး ..မင်းက ဘာဖြစ်လို့ အင်္ဂုလိမာလလို့ တိတိကျကျ ပြောနိုင်ရတာလဲ ...။

ဦးလေးကလဲ ဒါက လွယ်လွယ်လေးဥစ္စာ။ လက်ညှိုးတွေကို ပန်းကုံးလို သီပြီး လည်ပင်းမှာဆွဲထားတယ်။ လက်မှာ ဓားကိုင်ထားတယ်။ အဲ့ဒါ အင်္ဂုလိမာလမဟုတ်လို့ ဘယ်သူဖြစ်ရမလဲ ....။

အေး မှန်တာပေါ့ကွာ။ ငါ့တူကြီးကို ဦးလေးထောက်ပြချင်တဲ့အချက်က အဲ့ဒီလို မှန်မှန်ကန်ကန် ပြောနိုင်တာဟာ ငါ့တူကြီးရဲ့ အသွေးထဲ၊ အသားထဲမှာ ဘယ်တော့မှ ဖျက်မရအောင် စွဲမြဲနေလို့ပဲကွ။ ဟုတ်ရဲ့လား ...။ ဦးလေးပြောတာ လက်ခံရဲ့လား ...။
ဟုတ်ကဲ့ ...

အေးပေါ့ကွ။ အင်္ဂုလိမာလသာမက၊ ဝေသန္တရာဇာတ်တော်ကြီးပုံကိုလဲ ငါ့တူ ဒေါက်ကနဲ ပြောနိုင်မှာပဲ။ သုဝဏ္ဏသာမဇာတ်တော်ကိုလဲ ပြောနိုင်မှာပဲ။ မင်းတို့တတွေ ငယ်ငယ်ကလေးထဲက ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေကိုသွားတဲ့အခါ အဲ့ဒီမှာဆွဲထား၊ ချိတ်ထားတဲ့ ပန်ချီကားတွေ၊ ထုလုပ်ထားတဲ့ အရုပ်တွေ၊ နောက် စာအုပ် စာစောင်တွေမှာ အဖန်ဖန်တလဲလဲ တွေ့ခဲ့ရတဲ့ ပုံတွေ၊ အဲဒါတွေရဲ့ ကျေးဇူးပေါ့ကွ။
ဟုတ်တယ်နော် ဦးလေး ...။

အေး ..အခု မင်းတို့ခေတ်မာ ဘာသာရေး စိတ်ဝင်စားမှုတွေရှိဖို့ ပိုပြီး လိုလာပြီကွ။ ဘာသာရေးနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့အကြောင်း အရာ အချက်အလက်တွေကို ရာသီပွဲတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အခါကြီးရက်ကြီးမှာ ဟောပြောကြားနာနေရုံနဲ့ မလုံလောက်တော့ဘူးလို့ ဦးလေးထင်တယ်။ နေ့စဉ်နေ့တိုင်း အမြဲတမ်းလိုလို မြင်နေ ကြားနေပြီး နှလုံးသားထဲအထိ စိမ့်ဝင်နေအောင်လုပ်ဖို့ လိုနေပြီကွ။ ဘာသာရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း နိုးကြားနေဖို့ လိုတယ်ကွ နော် ...။
ဟုတ်ကဲ့ပါ ဦးလေး ...။

အေး ... အခု အကြောင်းတိုက်ဆိုင်လာတာမို့ သီရိလင်္ကာ (Sri Lanka) နိုင်ငံကထုတ်တဲ့ တံဆိပ်ခေါင်းတွေကို ငါ့တူကြီးကို ပြရဦးမှာပေါ့။ သီဟိုဋ္ဌ်နိုင်ငံ၊ လင်္ကာဒီပကျွန်းလို့ခေါ်တဲ့ အဲဒီ သီရိလင်္ကာနိုင်ငံဟာ တို့လိုပဲ ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်တာ ငါ့တူသိတယ်နော်။ တို့နိုင်ငံနဲ့ ဘာသာရေးမှာ သာသနာရေးမှာ အပြန်အလှန် ဆက်ဆံရေးကောင်းခဲ့တာကွ။ ဘုန်းတော်ကြီးတွေ စာသင်ကြတာ၊ ကျမ်းပြုကြတာ၊ ပေးတာ ကမ်းတာ လှူတာ တန်းတာတွေ အပြန်ပြန် အလှန်လှန် ရှိခဲ့တာ .. ခုထက်ထိဘဲဆိုပါတော့ကွာ။ ဗုဒ္ဓဖွားတော်မူတဲ့ ကဆုန်လပြည့်ရောက်တိုင်း (သူတို့ဆီမှာတော့ သူတို့ရဲ့ပြက္ခဒိန်အရပေါ့ကွာ) ၀ီဆတ်ပွဲတော်၊ ၀ီဆတ်ရက်သတ္တပတ် နှစ်တိုင်းကျင်းပကြတယ်။ အစိုးရကိုယ်တိုင်က ဦးဆောင်ပြီး Wesak (vesak) week ကို ဖွင့်ပွဲကျင်းပပြီးလုပ်တာကွ။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို တပတ် (၇) ရက် သတ်မှတ်ပြီး ခမ်းခမ်းနားနား ဆင်နွှဲကြတဲ့သဘောပေါ့ကွာ။

wesak (တနည်း vesak) ၀ီဆတ် လို့ခေါ်ရတဲ့အကြောင်းကလဲ တို့ဗမာအခေါ် ၀ိသာခါနက္ခတ်နဲ့ ယှဉ်တွဲပြီးဖြစ်ခဲ့လို့ပဲကွ။ မင်းကြားဖူးမှာပေါ့။ သီချင်းထဲမှာလေ ....။

ဝိသာခါနက္ခတ်နဲ့အညီ၊ ရက်မြတ်တဲ့ ချိန်ခါမှီ xxxx ဘုရားအဖြစ်ကို ဧကန်စင်စစ်ရတော်မူလေသည်xxxx ဆိုတာလေ ...။

အဲ့ဒီ ၀ိသာခါနက္ခတ်ကို အစွဲပြုပြီး ၀ီဆတ် (wesak) လို့ခေါ်တာကွ။ အဲဒီ wesak week အထိမ်းအမှတ်အနေနဲ့လဲ တံဆိပ်ခေါင်းထုတ်တယ်ကွ။ ဘာသာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေပေါ့ကွာ။ နှစ်တိုင်း နှစ်တိုင်း ထုတ်တာနော်။ ၃ - ၄ လုံး အနည်းဆုံးထုတ်တယ်။ ၁၉၇၆ ခုနှစ်ကစလို့ နှစ်တိုင်းထုတ်လာတာဆိုတော့ တံဆိပ်ခေါင်း ဘယ်လောက်များပြီလဲ .. ငါ့တူ တွက်သာကြည့်ပေတော့ ...။
ကျနော်တို့ထက် အများကြီးသာနေတာပေါ့နော် ...။

အေးပေါ့ကွ။ တို့က တခြားဘာသာရေးပွဲလမ်းတွေ၊ အခါတော်နေ့ကြီးတွေ၊ လှူပုံ တန်းပုံတွေမှာ သာပေမယ့် တံဆိပ်ခေါင်းထုတ်တဲ့ နေရာမှာတော့ သူတို့ကို မမှီဘူးကွ။
ယိုးဒယားကိုလည်း မမှီဘူး မဟုတ်လား ဦးလေးရဲ့ ...။

ယိုးဒယားနဲ့လည်း အပြတ်အသတ်ပေါ့ကွာ။ အဲ့ဒီ ကဆုန်လပြည့်နေ့ဟာ ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ ဆိုတဲ့အတိုင်း တို့ဘုရားရဲ့ ဗုဒ္ဓ၀င်ဖြစ်စဉ် တွေထဲမှာ ဗျာဒိတ်တော်ခံရတဲ့နေ့။ ဖွားတော်မူတဲ့နေ့။ ဘုရားအဖြစ်ကိုရောက်တဲ့နေ့။ ပရိနိဗ္ဗာန်ပြုတဲ့နေ့။ အဲဒီ ၄ ရက်ဟာ ကဆုန်လပြည့်နေ့တွေ ဖြစ်တယ်တဲ့ကွ ...။
ဒါနဲ့ ဗျာဒိတ်တော်ခံဆိုတာက ?

ဟာ .. မင်းကလဲ ဒီပင်္ကရာဘုရားက သုမေဓါရသေ့ ဘုရားအလောင်းကို တနေ့ကျရင် သင်ဟာ ဂေါတမဘုရားရှင်ဖြစ်လိမ့်မယ် လို့ ကြိုပြီး ပြောသွားတာကို ဗျာဒိတ်တော်ပေးတယ်လို့ ခေါ်တယ်လေကွာ ...။
ဟုတ်သားပဲ ဦးလေးရ။ ကျနော် ပြန်မှတ်မိပါပြီ ...။

ရွှေတိုင်ညွှန့်စပ်ခဲ့တဲ့ သုမေဓါရှင်ရသေ့ သီချင်းထဲမှာ ရွှေတိုင်ညွှန့်ဆိုတာ အခုမင်းတို့အကြိုက် ဇော်ဝင်းထွဋ်ရဲ့အဘိုးပေါ့။
xxx ယနေ့ဖြင့် အသက်ကိုစွန့်မဟဲ့လို့ xxx
xxx ဗွက်ရွှံ့နွံရေအိုင်ခြား၊ အားကုန်ကြံဆောင်ကာ xxx
xxx အလျားမှောက်ကာ၊ တံတားလျှောက်ပါ xxx
xxx အားမြောက်စရာ၊ ဘုရားလျှောက်နေရှာ xxxx အဲဒီလိုရေးထားသကွ။ 
အဲဒီကဆုန်လပြည့်နေ့နဲ့ ၀ီဆတ်အထိမ်းအမှတ်အနေနဲ့ ဒီအင်္ဂုလိမာလတံဆိပ်ခေါင်းကို ထုတ်တာလားဟင် ...

ဟုတ်တယ်ကွ။ ဦးလေးမှာ ရှိတဲ့ တခြားဟာတွေလဲ မင်းကိုပြပါမယ်ကွာ။ မင်းအခုပြတဲ့ အင်္ဂုလိမာလပုံနဲ့တံဆိပ်ခေါင်းက ၁၉၉၃ မှာထုတ်တာ။ အဲဒီနှစ်မှာပဲ ပဋာစာရီဇာတ်လမ်းကိုလဲ ထုတ်သေးတယ်။ ဟောဒီမှာကြည့် ....


၁၉၉၃ အင်္ဂုလိမာလ

၁၉၉၃ ပဋာစာရီ

ပဋာစာရီဆိုတာ မပဋာ - ကိုဒါသ ဇာတ်လမ်းလားဟင် ....
အေးဟုတ်တာပေါ့ကွ။ မင်း မဆိုးဘူး ... 

ယောင်္ကျားကို မြွေပေါက်၊ သားတယောက်ရေနစ်သေ၊ သားတယောကို စွန်ချီ၊ မိဘ ၂ ပါးနဲ့ မောင်က မုန်တိုင်းတိုက် အိမ်ပြိုပြီးသေ၊ အဲ့ဒီဒုက္ခတွေကြောင့် ရူးသွားတဲ့မပဋာက ဘုရားနဲ့တွေ့တော့ စိတ်ချမ်းသာရာရပြီး အရူးပျောက်ပြီး သီလရင်ဝတ်တဲ့ ဇာတ်လမ်း ကျနော်မှတ်မိပါတယ် ဦးလေးရ။ အင်း တကယ်တမ်းပြောရရင် အဲဒါလဲ ဘုန်းကြီးကျောင်းတွေက ပန်းချီကားတွေကြည့်ရင်းနဲ့ ကျနော်မှတ်မိ နေတာပါပဲ။

ကဲ .. ကဲ တခြားနှစ်တွေက ထုတ်တာကိုလဲ ကြည့်ပါဦး ...။









(၁၉၇၆) မယ်တော်မာယာ အိပ်မက်မြင်ခန်း

(၁၉၇၈) ဆံတော်ပယ်ခန်း

(၁၉၈၂) တောထွက်ခန်း

(၁၉၈၉) ဝေသန္တရာဇာတ်တော်

(၁၉၉၂) သုဝဏ္ဏသာမဇာတ်တော်


(၂၀၀၂) ဖွားတော်မူခန်း

 
(၂၀၀၂) လေးအတတ်ပြတော်မူခန်း
(၂၀၁၃) မိဘကန်တော့၊ ဆွမ်းလောင်း


(၂၀၀၅) တရား ရှုမှတ်နေကြပုံ

 
(၂၀၀၉) တရားရှုမှတ်နေကြပုံ

 
(၂၀၁၀) စေတီပုထိုး



Wesak week ဆင်နွှဲနေပုံ


ဒါတွေအားလုံးဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ နှစ်တိုင်းထုတ်ခဲ့ကြတာတွေကွ။
ကျနော်တို့ဆီမှာလည်း ထုတ်သင့်တာပေါ့နော် ...

အေးပေါ့ကွ ..။ နှစ်တိုင်းထုတ်သင့်တာပေါ့။ ဘာသာရေးအသိ၊ ဘာသာရေးအမြင် ကျယ်ပြန့်အောင် ဘက်ပေါင်းစုံက လုပ်ကြဖို့လိုတယ်ကွ။ စွဲစွဲမြဲမြဲ ရိုးတွင်းချင်ဆီထဲအထိ စိမ့်ဝင်နေအောင် ဒီထက်ပိုပြီး လုပ်ကြဖို့ လိုနေပြီကွ။ ဘုန်းတော်ကြီးတွေ ဟောတာလဲ ဟောတာပေါ့ကွာ။ လူကြီးတွေ ပြောတာလဲ ပြောတာပေါ့ကွာ။ မင်းတို့ လူငယ်အချင်းချင်းက တပ်လှန့်ပြီး လုပ်ဖို့လဲ လိုနေပြီကွ။ 
ဟုတ်ကဲပါ ဦးလေး ...


ပန်းချီဆရာကြီး ဦးဘကြည် (၁၉၁၂ - ၂၀၀၀) ၏ အင်္ဂုလိမာလ



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives