[moemakadaily@moemaka.biz] 2nd April - MoeMaKa Daily

မြန်မာသံအမတ်ကြီး ဆန်ဖရန်နှင့်အယ်လ်အေက မြန်မာများနှင့် တွေ့ဆုံမည်
မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၂၊ ၂၀၁၃
            လက်ခံရရှိသော ပေးစာများအရ မတ်လ ၂၈ ရက်စွဲဖြင့် ၀ါရှင်တန်ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် လက်ရှိမြန်မာသံအမတ်ကြီး ဦးသန်းဆွေက လက်ရှိမြန်မာပြည်၏ အခြေအနေများကို ရှင်းပြရန်နှင့် သိလိုသည်များကို ဖြေကြားရန်အတွက် လာမည့် ဧပြီလ ၆ တွင် ဆန်ဖရန်၊ ဒေးလီးစီတီး၊ ဆယ်ရီမောင်တီရိပ်သာတွင်၎င်း၊ ဧပြီလ ၇ ရက်တွင် အယ်လ်အေ၊ လာပွန်တီး၊ ၎င်း တွေ့ဆုံပွဲများ အသီးသီးကျင်းပမည်ဖြစ်ကြောင်း၊ ဖိတ်ကြားစာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
            ၂၀၁၂ စက်တင်ဘာလ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန် အမေရိကန်ပြည်သို့ လည်ပတ်စဉ်ကလည်း သမ္မတရုံးဝန်ကြီးများနှင့် အစိုးရအရာရှိများက ၀ါရှင်တန်ဒီစီနှင့် နယူးယောက်ရှိ မြန်မာများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ နှစ်ကုန်ပိုင်းက မြန်မာသတင်းများတွင် အမေရိကန်ရှိ မြန်မာသံရုံးက ပစိဖိတ်ကမ်းခြေ အနောက်ခြမ်းပြည်နယ်များရှိ ဆက်သွယ်မှု ချောမွေ့စေရန် ကောင်စစ်ဝန်ရုံးတခုကို ဆန်ဖရန် သို့မဟုတ် အယ်လ်အေတွင် ဖွင့်လှစ်ရန် စီစဉ်မည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
            မြန်မာပြည်နိုင်ငံရေးအရ ရွှေ့ပြောင်းအခြေချလာသူ နိုင်ငံရေးဒုက္ခသည်များနေထိုင်ရာ ဥက္ကလံမြို့နေ မြန်မာတိုင်းရင်းသားမိသားစုများနှင့် ဆက်သွယ်ပြီး တွေ့ဆုံခြင်း ရှိမရှိကိုမူ မသိရပေ။ အမေရိကန်ပြည်၏ ပြည်နယ်အများအပြားတွင် မြန်မာပြည်က နိုင်ငံရေးဒုက္ခသည် တိုင်းရင်းသားအများအပြားနေထိုင်လျက်ရှိရာတွင် လက်ရှိ မြန်မာအစိုးရအရာရှိများ မျက်စိကျသည့်နေရာမှာ အမေရိကန်မြို့တော်ကြီးများတွင် နေထိုင်သည့် မြန်မာများသာ ဖြစ်ပုံရသည်ဟု ၀ါရှင်တန်ပြည်နယ်က မြန်မာ့အရေးလှုပ်ရှားသူတဦးက မှတ်ချက်ပေးသည်။
Posted by Maung Yit at 10:46 PM 0 comments  

Kyaw Thu - FFSS Yangon Activity,


အနုပညာ နှင်းဆီတစ်ပွင့်ကြွေလွင့်သွားခြင်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၊ ၂၀၁၃


၂၅.၃.၂ဝ၁၃ ရက်နေ့ ည (၁ဝး၃၅) နာရီအချိန်တွင် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းသမီးကြီး ဒေါ်နှင်းဆီ (ခ) ဒေါ်ခင်ထားရီ အသက် (၇ဝ) နှစ်သည် SSC အထူးကုဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

 


ထို့ကြောင့် ၂၆.၃.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား /သူများတို့သည် မင်းသမီး ဒေါ်နှင်းဆီ (ခ) ဒေါ်ခင်ထားရီ အသက် (၇ဝ) နှစ်၏ ကြွင်းကျန်ရစ်သော ရုပ်ခန္ဓာ အား SSC အထူးကုဆေးရုံမှတဆင့် ရေဝေးသုဿန် အအေးခန်းသို့ သယ်ယူပို့ဆောင် ကူညီပေးခဲ့ပြီး ၂၇.၃.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မင်းသမီးကြီး ဒေါ်နှင်းဆီ၏ ဈာပန အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ယူ ဆောင်ရွက်ကူညီပေးခဲ့သည်။ အမေ ဒေါ်နှင်းဆီသည် တစ်ချိန်က အောင်မြင်ကျော်ကြား လူကြိုက်များခြင်းခံခဲ့ရသော ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့ပြီး ဦးကျော်သူ၏ဖခင် ပိုင်ဆိုင်သော အမျိုးသားရုပ်ရှင်ကုမ္ပဏီမှ မင်းသား ဦးမြင့်အောင် (မို့မို့ မြင့်အောင်၏ဖခင်)နှင့် ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးခဲ့သော သရုပ်ဆောင်မင်းသမီးတစ်ဦးလည်း ဖြစ်ခဲ့သည်။ အသက်အရွယ်ရရှိလာသည့် အချိန်အထိ အနုပညာလုပ်ငန်းများအား မိခင်နေရာမှတာဝန်  ကျေပွန်စွာ ပါဝင်လှုပ်ရှားခဲ့သော ထူးချွန်သည့် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပေသည်။ ထိုကဲ့သို့သော အနုပညာနှင့် ပရိသတ်အပေါ် တာဝန်ကြေပွန် သစ္စာရှိစွာ ပေးဆပ်ခဲ့သော အနုပညာပန်းတစ်ပွင့် (သို့) နှင်းဆီတစ်ပွင့် ကြွေလွင့်ခဲ့ရခြင်းအပေါ်များစွာ မိသားစုနှင့်ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါကြောင်းနှင့် မင်းသမီး ဒေါ်နှင်းဆီအား လေးစားချစ်ခင်ကြသော ရုပ်ရှင်၊ ဂီတ၊ စာပေ အစရှိသည့် နယ်ပယ် အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များ၊ ပရိသတ်များတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

(အမေ ဒေါ်နှင်းဆီ ကောင်းရာသုဂတိလားပါစေ။)
Posted by Aung Htet at 6:22 PM 0 comments  

Burmese Troupe in Japan produced Thagyan Songs


မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချီ
ထွန်းဝေ၊ ဧပြီ ၁၊ ၂၀၁၃
 ၂၀၁၃ ခုနှစ် မြန်မာပြည် သင်္ကြန်အမီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုက သံချပ်များ ဖြန့်ချိလိုက်ပါတယ်။ နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။


ယခု နှစ်သံချပ်များကို ကိုမျိုးသန့် ၊ ကိုသောင်း၊ ကိုအေးမင်းကို၊ ခင်ငြိမ်းဆွေနှင့် ကိုထွန်းဝေတို့ မှ ရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊
၁။ရိုးရာသင်္ကြန်
၂။အားလုံးကောင်းဖို့ ပြောင်းကြပါ
၃။ဖားတစ်ပိုင်း ငါးတစ်ပိုင်း
၎။ရိုဟင်ဂျာ
၅။အမတ်မင်း
၆။မပြောချင်ဘူး
၇။တိုကျိုသင်္ကြန်နဲ့ အိတ်ပေါက်ကြီး
၈။ဗမာစာသည် တို့ စာ
၉။အနုပညာစွမ်းအား
၁၀။ခေါင်းဆောင်ကောင်း
၁၁။နှစ်ကူးမင်္ဂလာ
စတဲ့ တေးသံချပ်များ ပါဝင်ပါတယ်။
အများပြည်သူအားလုံး ကြည့်ရှုနိုင်ရန် သံချပ်သီချင်းခွေ နဲ့ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ဖြန့်ချိခဲ့မှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ဂျပန်ပြည်မှာ ကျင်းပမယ့် မြန်မာပြည်သားတွေရဲ့ တိုကျိုသင်္ကြန်ပွဲတော်မှာလည်း ဖျော်ဖြေကြမှာ ဖြစ်ပါတယ် ဦးမျိုး သန့်  08050632509 နှင့် ၊ ကိုထွန်းဝေ 07066369696 kotunwai@gmail.com , တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။
ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင် (ဂျပန်)
ဒီနေရာတွင်  ဒေါင့်လုပ်ယူပြီး ကြည့်ရှု့ နိုင်ပါတယ်။
Posted by Maung Yit at 9:45 AM 0 comments  

Nyein Chan Aye - Poem


ဧပြီ အရူးများ
ငြိမ်းချမ်းအေး
ဧပြီ ၁၊ ၂၀၁၃


တကယ် မရူးပါဘဲ
ခေတ် "ကောင်း" လို့
ရူးချင်ယောင်ဆောင်နေကြတဲ့
အရူးပါးတွေရဲ့
တိုင်းပြည်မှာ
"April Fools" နဲ့ အတူ
"အရူးလုပ်ခြင်း" ကို
သိလျက်နဲ့..
"သိဒ္ဓိ" တင်ပေးခဲ့ခြင်း
ဒီနေ့.. တနှစ်ပြည့်ပြီ..။

အတန်းထဲ အသစ်ရောက်လာလို့
ဈေးခေါ်ကောင်းနေတဲ့ သူလို
ကမ္ဘာ့ ကာလသား ပန်းဦးဆွတ်ချင်သူတွေ
ဝိုင်းဝိုင်းလည်နေတဲ့
ဒီ တနှစ်အတွင်း..

ကိုကာကိုလာ၊ ဟီလာရီ၊ အိုဘားမားကနေ
ဘုန်းတော်ကြီး တူးတူး အလယ်..
မိုက်ကယ်လန်း အဆုံး
ဦးခိုက်ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကြီးတွေအပြည့်နဲ့
ဒီ တနှစ်အတွင်း..

မိုဘိုင်းဖုန်းတွေ ဈေးမကျဘဲနေပါ့မယ်..
ကားမော်ဒယ် အသစ်တွေ မသွင်းရရင် ဒုက္ခဖြစ်သွားမယ်..
အင်တာနက်တွေ ပိုနှေးသွားပါ့မယ်..

ဒီလို.. "သူတောင်းစား ထမင်းဝ" သောကတွေနဲ့..
"နောက်ပြန်လှည့် အကြောက်" တရား ကို
ဒီမိုကရေစီ နိဗ္ဗာန် ရောက်ကြောင်း "အမြိုက်" တရားအလား
ထမင်းဝနေသူ လူလည်ကြီးများက အတွင်တွင် ဟော.. "ခြောက်" ရင်း..

အလုပ်သမားသပိတ်တွေ
လူတန်းစားပျက်တွေရဲ့ တံတွေးခွက် ပက်လက် မျောခဲ့ရ
မြေယာတိုက်ပွဲတွေ
လူ့ကပ်ပါးတွေရဲ့ အငြူစူ၊ အစောင်းမြောင်း ခံရ
တိုင်းရင်းသား အခွင့်အရေး အသံတွေ
လူ့အန္ဓ ဗာလာနံတွေရဲ့ ပြက်ရယ်ပြု ခံရ

ဒီလိုနဲ့..
အနာဂတ် ဒီမိုကရေစီ ဘုရား အသွင်ဆောင်
စစ်ခရိုနီ ရဲ့ လူထု ဇက်ပေါ် ဝဲမြဲ ဝဲမယ့် "ဓါး" အတွက်
မီးလောင်ဗုံးဒဏ်ခံ နင်းပြား အငတ်ထုကြီး ရဲ့
"ကျော" တွေ "တံတား" လို ချနင်းခံခဲ့ရတဲ့
"ဧပြီအရူးများ" ကြီးစိုးတဲ့
နှစ်.. တနှစ်.. ဖြစ်ခဲ့ရပြီပေါ့..။
Posted by Aung Htet at 9:03 AM 0 comments  

Aung Maw - Cartoon


ကြိုးဆွဲရတဲ့ခေတ် မဟုတ်တော့ဘူး
ကာတွန်း - အောင်မော်
ဧပြီ ၁၊ ၂၀၁၃


ကာတွန်းအောင်မော် ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူပါသည်။

Aung Din - Poem


အိပ်မက် ၅၀
အောင်ဒင်
ဧပြီ ၁၊ ၂၀၁၃



(၁) 
အိမ်အမိုးပေါ်မှာ… နှင်း 
လမ်းမပေါ်မှာ …နှင်း 
ပါတ်ဝန်းကျင်ကသစ်ပင်တွေပေါ်မှာ…နှင်း 
ဖြူသောနှင်းတို့၊ ဟင်းလင်းပြင်မှ 
ပြိုဆင်းကျသက်၊ ဒီမနက်မှာ… ၊

အလင်္ကာကို၊ ရင်မှာကြိုးတုပ် 
ကကြိုးရုပ်တစ္ဆေ 
"ချစ်သူရေ"… လို့ 
ဆို့နင့်ကြေကွဲ၊ မခေါ်ရဲခက် 
ဖော်ကွဲလက်နဲ့၊ သက်မဲ့နာရီ 
ရာသီတံခါး၊ သော့ခတ်ထားရဲ့ 
အနှစ်ငါးဆယ် ပြည့်ခဲ့ပြီ… ၊

ဆုလာဒ်လေလား၊ ကျိန်စာလား 
ကြည်နူးဖို့ရောက်ခဲ့တာလား 
ကြေကွဲဖို့လူဖြစ်လာသလား 
နားခိုရာထက်၊ ရှက်သောနှင်းဆီ 
ပန်းပလီလား၊ နွမ်းမည်လားကွယ် 
မုသားစောင်းကြိုး၊ နှိုးခတ်ပူဇော် 
ကြွေသော်ခဏ၊ နေပျော်ကြခဲ့ 
"မာန" မည်သော၊ "လောက"ကဗျာ 
ကာလမရွေး၊ သီကြွေးနိုင်စေ… ၊

(၂) 
အံ့ဩမိရဲ့ 
ဒီ ဖရိုဖရဲ ကိုယ်ခန္ဓာကြီး 
အလွမ်းတွေ မနိုင်ရင်ကာဖိဆီးလို့ 
ဒီလောက်ထိ အသက်ရှင်သန်ခဲ့ပုံ…၊

လူ့သမိုင်းရဲ့ 
အကောင်းအဆိုးအနှစ်ငါးဆယ် 
ရခဲ့သမျှကို တွယ်ဖက်တပ်မက် 
အဖော်မဲ့မဲ့ ဖြတ်သန်းနိုင်ခဲ့ပုံ…၊

တစ်ကိုယ်ထဲ 
ဆိုခဲ့တဲ့သီချင်း 
ရေးခဲ့တဲ့ကဗျာ 
ငိုငြီးခဲ့တဲ့စကား 
နှလုံးသားမှာ၊ ခိုင်မာထုဆစ် 
အိပ်မက်တွေ အမြဲအသစ်ဖြစ်ခဲ့ပုံ…၊

ချစ်ခင်သူနည်းနည်းကို 
ပိုပြီးတန်ဘိုးထားတတ် 
မုန်းသူနဲ့ မုန်းကြသူတွေကို 
ဥပေက္ခာပြု ရှောင်ကျဉ်တတ် 
ဘာမှမမြဲဘူးဆိုတဲ့ အနိစ္စတရားကို 
ထပ်ခါထပ်ခါ သင်ကြားနာကျင်ခဲ့ရပုံ…၊

ကိုယ့်သမိုင်းကိုယ်ရေးနေတာပါ 
ဘဝစာမျက်နှာဆိုတာ 
မလှပရင်တောင်မှ 
ဖျက်ပစ်ဖို့၊ ပြင်ပစ်ဖို့မလို 
လက်ရေးလှလှနဲ့အစားထိုးဖို့မလို 
ကိုယ့်အရှိတရားနဲ့ကိုယ်ရပ်တည်ရဲခဲ့ပုံ… ၊

(၃) 
သီချင်းတွေက ညလေကိုခိုစီး 
ဝမ်းနည်းစကားကို ဆွေးဆွေးမြေ့မြေ့ဆိုညီးနေကြ 
"အစဉ်အလာကို ရိုသေတတ်ရင် 
အဆုံးအမကို နာခံတတ်ရင် 
လျှောက်တဲ့လမ်းမှာ ရွှံ့မစင်နိုင်ဘူး"… တဲ့ 
ဦးခေါင်းတစ်ချို့ရဲ့ ညွတ်ခြင်းပုံပြင် 
ရာဇဝင်အိုရဲ့ ဂီတ 
သွေးကြောထဲက မာနကိုထိပါးနေသပ…၊

ကိုယ်ခန္ဓာကို 
အတတ်နိုင်ဆုံး ဟန်ချက်ညီအောင်ထိန်းလို့ 
နာရီလက်တံပေါ်မှာ လမ်းလျှောက်ထွက်ခဲ့ 
လူတစ်စုပိုင်တဲ့ ဆည်းဆာမှာ 
အရှိန်အဝါ၊ အာဏာနဲ့ အရောင်အသွေးတို့တောက်ပ 
ငါ့မှာတော့ ဘဝသီချင်းကို ဆားမပါပဲနဲ့သောက်ရ 
ခပ်နွမ်းနွမ်းကောင်းကင်ကြီးအောက်မှာ 
ရွက်ခြောက်ကြွေသံကအစ 
ဆူညံခါးသီးလှပါပေါ.့..၊

ခွင့်လွှတ်လိုက်ကြ 
တစ်ဆယ့်ရှစ်ရာစုအသွေးအသားနဲ့ လူတွေ 
ဆံပင်ဖြူဖြူကို တစ်ချောင်းချင်းရေတွက် 
မျက်ဖြေလင်္ကာကို အသက်ရှည်ဆေးလိုချစ်မက် 
နောက်တစ်နေ့မနက်မှာ မျက်နှာသစ်မယ်တဲ့ 
ထမင်းသိုးတစ်ထုပ်လို စွန့်ပစ်ခဲ့ကြ 
ရင်ခုန်သံအဟောင်းနဲ့အတူ ကနေပါစေ... ၊

ရဲရဲကြီးချဉ်းကပ်လာတဲ့ 
ဘဝတစ်ခုရဲ့ နောက်ဆုံးနှစ်များမှာ 
အားလုံးကိုပေးဆက် 
ချစ်သူ့ရဲ့လက်များ 
ခစားဖက်ပွေ့၊ မနေ့တစ်နေ့ကလို 
ကြိုတင်မျှော်လင့်ခြင်း 
ယုံကြည်ရင့်ကြက်ခြင်း 
ဟင်းလင်းပြင်မှ၊ ဘဝတံခါး 
ညများရှည်ကြာဦးတော့မယ်… ၊

(၄) 
အချစ်တွေဆုံးသွားမှာကို စိုးလွန်းလို့ 
အချစ်ဆုံးလို့တောင်မခေါ်ရက်ပါဘူးကွယ်…လို့ 
ပထမဆုံးချစ်သူကို ချွဲခဲ့ဘူး 
နောက်တစ်ယောက်ကိုလဲ ပြောခဲ့ဖူး 
အခုတော့လဲ 
နောက်ဆုံးချစ်သူကိုပဲ ရဲရဲချစ်ချင်ပါတော့တယ်… ၊

အဝေးကောင်းကင်မှာ  
အုပ်ဖွဲ့ပျံသန်းလာတဲ့ ငှက်တွေ 
ငါ့အပေါ် အလွမ်းတွေကြဲချ… ၊

အချစ်ရေ 
တို့အတူနေကြပါစို့ 
ညနေခင်းတစ်ချို့မှာ တေးသံကလေးတွေသာတုံး 
အချိန်အခါတံတိုင်းရဲ့နောက်မှာ အမုန်းအိပ်ပျော်နေရဲ့ 
ရူးသွပ်တဲ့ ပန်းများရဲ့ရာဇဝင် 
မှိုင်းမှိုင်းညို့ညို့သွေးပျက်ရင်ပြင် 
တို့…ကောင်းကင်ကြီးက စိတ်မချရဘူးမဟုတ်လား …၊။

(မိမိ၏ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အနှစ် ၅၀ ပြည့်မွေးနေ့သို့)
Posted by Aung Htet at 8:09 AM 0 comments  

SUNDAY, MARCH 31, 2013

Burmese Regime raises salary of their government staffs


မြန်မာအစိုးရက မြန်မာနှစ်ကူးအမီ ၀န်ထမ်းလခများ တိုးမြှင့်ပေး
မိုးမခဓာတ်ပုံသတင်း ကောက်နုတ်ချက်၊ ဧပြီ ၁၊ ၂၀၁၃
         မြန်မာကြံ့ဖွံ့အစိုးရက ၎င်းတို့၏ အာဏာရသက်တမ်း ၃ နှစ်တွင် အစိုးရ၀န်ထမ်းများကို လစာတိုးမြှင့်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အနိမ့်ဆုံးလစာ ၃သောင်းခွဲကို ၅ သောင်းခွဲ၊ အမြင့်ဆုံးလစာ ၂သိန်း ၁သောင်းကို၂ သိန်း ၃ သောင်းဆီသို့ တိုးမြှင့်လိုက်သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ ပင်စင်စားများကို လက်ရှိလစာအပေါ် ကျပ် ၂ သောင်း တိုးပေးလိုက်သည်ဟု ဆိုသည်။ အစိုးရနေ့စားဝန်ထမ်းများအတွက် ၁ ထောင် ၁ ရာကနေ ၁ ထောင် ၇ ရာအထိ တိုးပေးလိုက်သည်။
         မြန်မာပြည်၏ အလုပ်သမားဦးရေ လူဦးရေ ၃၃ သန်း တွင် အဓိက ၇၀ % မှာ လယ်ယာစိုက်ပျိုးရေးဖြစ်ပြီး ကျန်သည့် ၃၀ ရာခိုင်နှုန်းအတွင်းမှ အစိုးရ၀န်ထမ်းအင်အားများကို လစာတိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ပုဂ္ဂလိကဈေးကွက်အတွင်းမှ အလုပ်သမားများ၏ အနိမ့်ဆုံး လစာနှင့် လူမှုခံစားခွင့်များကိုမူ လက်ရှိအစိုးရက သတ်မှတ်ခြင်း၊ ထုတ်ပြန်ခြင်း မပြုလုပ်သေးပေ။

Posted by Maung Yit at 8:30 PM 0 comments  

Hat Kawt - Cartoon


ဆက်သွယ်ရေး
ကာတွန်း - ဟတ်ကော့
ဧပြီ ၁၊ ၂၀၁၃


ဤနေရာမှ ပြန်လည်ကူးယူပါသည်။

Saung Luu - Poem


စိ တ် ကူး
ဆောင်းလူ
ဧပြီ ၁၊ ၂၀၁၃


ပိတ်ချင်သလို ပိတ် ...
ဖွင့်ချင်သလို ဖွင့် ...

ကိုယ့်ဘာသာ
မရည်ရွယ်သလောက် ..
မြူ ထူထူအရပ်
လူ ထူထူအရပ်
အသက်ရှု ကြပ်တပ်တပ် ...။

အလျားလည်း မရှိ
အနံလည်း မရှိ ...
ဘာဆို ဘာမှ မရှိ ..
ဘာဆို ဘာမှ မသိ ...။

ကိုယ်လိုရာ ကိုယ်ဆွဲတွေးမယ်ဆို
ဘိုင်ကျနေတဲ့ မနက်ခင်း
နေသာသလို
မိုးရွာ
နှင်းတို့လည်း ကျစေပါ..။

တကယ်ပါပဲ
ကိုယ့်ဘာသာ
မရွည်ရွယ်သလောက်
မြူ ထူတဲ့အရပ်
လူ ထူတဲ့အရပ်
ခိုတွေနဲ့ ကျီး
အ၀ါရောင် ချောင်းပေါ်မှာ
မြောင်းပေါက်လုမတတ် အာ
စိတ်တွေကို မျှားလို့ ...။
Posted by Aung Htet at 6:40 PM 0 comments  

Than Win Hlaing - Articles


မြန်မာဂန္တ၀င်စာပေ၏အနာဂတ် - အပိုင်း (၃)
သန်းဝင်းလှိုင်
ဧပြီ ၁၊ ၂၀၁၃



● ရှေးခေတ်မြန်မာ့ဂန္တဝင်စာပေ
ရှေးခေတ်ဆိုသည်မှာ မြန်မာတစ်နိုင်ငံ ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော ခရစ် ၁၈၈၅ (သက္ကရာဇ် ၁၂၄၇) ခုနှစ် မတိုင်မီ ကိုယ့်ထီးကိုယ့်နန်းဖြင့် နေခဲ့သော ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အဆုံးထိ ကာလကို သတ်မှတ်ပါသည်။

မြန်မာစာပေသမိုင်းတွင် ဂန္တ၀င်အဖြစ် သတ်မှတ်အပ်သော စာပေများပေါ်ပေါက်စေရန် အားပြုခဲ့သော အကြောင်းအရပ်သုံးခုမှာ (က) ဗုဒ္ဓသာသနာနှင့်ဗုဒ္ဓစာပေ၊ (ခ) မြန်မာ့ပဒေသရာဇ်စနစ်နှင့် (ဂ) မြန်မာ့စာပေကို ဖွံ့ဖြိုးစေရန် လမ်းခင်းပေးခဲ့သော ပါဠိစာပေ၊ မွန်စာပေအဖွဲ့ များပင်ဖြစ်ပေသည်။

ဗုဒ္ဓသာသာနသည် မြန်မာစာပေဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့နေထိုင်ရာဒေသများတွင် အခြေစိုက်မိနေပြီဖြစ် ကြောင်း၊ ၁၁ရာစာ အနော်ရထာမင်းလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓသာသာနာနှင့် ပိဋကတ်စာပေများ ပုဂံသို့ရောက်လာ ပြီးသည့်နောက်တွင် ကား ဗုဒ္ဓသာသနာသည် ပို၍စည်ပင်ဖွံ့ဖြိုးလာခဲ့ကြောင်း ၁၈၇၃ ခုနှစ်က ဦးတင့်လွင်ပြုစုခဲ့သော "ပါဠိမြန်မာနိဿယ ကျမ်းများ" စာအုပ် စာမျက်နှာ ၂၇၂ - ၂၇၉ ၌ ဖော်ပြထားပါသည။်

ထိုကာလနှင့် မရှေးမနှောင်းမှာပင် မြန်မာစာ စတင်ပေါ်ပေါက်သည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ် ကျန်စစ်မင်းကြီးနတ်ပြည်စံပြီး နောက် ခရစ် ၁၁၁၃ (သက္ကရာဇ် ၄၇၅) ခုနှစ်ခန့်တွင် ရေးထိုးခဲ့သော ရာဇကုမာရ်ကျောက်စာသည် ယခုထိတွေ့ရသမျှ သက္ကရာဇ်အခိုင်အမာ ပါသော အစောဆုံး မြန်မာစာဖြစ်သည်ဟူ၍ ဗိုလ်မှူးဘရှင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော The Lokahteik Pan (လောကထိပ်ပန်) စာအုပ်၌ ရေးသားထားသည်။

မှန်ပေသည်။ မြန်မာစာပေပေါ်ပေါက်လာပြီးသည့်နောက်တွင် ဗုဒ္ဓသာသနာကို အထူးသက်ဝင်ယုံကြည်ကြသော ပုဂံသားတို့သည် မြန်မာစာပေကိုအသုံးပြုကာ မိမိတို့၏ ကုသိုလ်ကောင်းမှုများအကြောင်းကို ကျောက်ထက်အက္ခရာ တင်ကြသည်။ ဗုဒ္ဓသာသနာနှင့်အတူ ပါလာသော ဗုဒ္ဓစာပေကို လေ့လာ၍ ဗုဒ္ဓစာပေလာ ဇာတ်နိပါတ်တော်စသည့်အကြောင်းအရာများကိုလည်း ဘုရားနံရံများတွင် သရုပ်ဖော်ပန်းချီ ပုံများနှင့်အတူ မင်ဖြင့် အက္ခရာတင်ကြသည်။ သို့ဖြင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို အကြောင်းပြု၍ ကျောက်စာမင်စာများပေါ်ပေါက်လာ ရပါသည်။ ယင်းတို့သည် နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် မြန်မာ့ဂန္တ၀င်စာပေတို့၏ ရှေးပြေးများပင် ဖြစ်ပါသည်။

ယင်းသို့ ဗုဒ္ဓစာပေကို အခြေခံ၍ မြန်မာစာပေအရေးအဖွဲ့ အမျိုးမျိုးပေါ်ထွန်းလာရပါသည်ဟူ၍ ဆရာဇော်ဂျီက သူ၏ ရသစာပေ အဖွင့်နှင့် နိဒါန်းစာအုပ် စာမျက်နှာ ၅ ၌-

"မြန်မာစာဆိုတို့သည် မြန်မာပြည်တွင် မိမိတို့၏ လမ်းကြောင်းကို အရာထင်အောင် ပြုနေကြဆဲတွင် လမ်းမကြီးတစ်ခုသဖွယ် ဖြစ်သော ဗုဒ္ဓစာပေကို ရလာ၍ မိမိတို့၏ လမ်းကြောင်းကို ထိုစာဖြင့် ချက်ချင်းဆောက်လုပ်ခဲံသည်ကို တွေ့ရသည်။ တနည်းအားဖြင့်ဆိုသော် မြန်မာစာပေတွင် မြန်မာစာဆိုတို့၏ ကိုယ်ပိုင်သက်သက်ဖြစ်သော လမ်းကြောင်းရာသည် မထင်ရှားခဲ့။ ဗုဒ္ဓစာပေဖြင့် ဆောက်လုပ်သော လမ်းရာအဖြစ်ဖြင့်သာ ထင်ရှားခဲ့သည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် မြန်မာစာဆိုတို့သည် ရှေးခေတ်ဟိန္ဒူစာပေ၊ ဂရိစာဆိုတို့ကဲ့သို့ မိမိတို့လမ်းရာကို မိမိဘာသာတသီးတခြားမခင်းခဲ့။ အခြားတစ်ပါးသော စာပေကို မှီ၍ ခင်းခဲ့သည်ဟု ဆိုနိုင်ပါသည်။" ဟူ၍ မိန့်ဆိုခဲ့သည်။

မြန်မာ့ပဒေသရာဇ်စနစ်သည် ကုန်းဘောင်ခေတ်ကုန်ဆုံးချိန်အထိ အသက်ဝင်ခဲ့သောစနစ်ဖြစ်သည်။ ထိုစနစ်နှင့် ပတ်သက်၍-

"ထိုခေတ်ထိုအခါက မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ လူမှုရေးစနစ်တို့သည် ကမ္ဘာပေါ်ရှိ အခြားအခြားသော နိုင်ငံများရှိ စနစ်တို့နှင့် ယေဘုယျအားဖြင့် တူတန်သည်ဟု ဆိုရာသည်။ ထိုစနစ်အရ နိုင်ငံအုပ်ချုပ်သူသည် သက်ဦးဆံပိုင်မင်းဖြစ်သည်။ ထိုမင်းကို လောကသမုတိတန်ဟူ၍ ယုံကြည်ယူဆကြသည်။ ထိုမင်း၏ စကားသည် မိုးကြိုးသွားဖြစ်သည်။ ထိုမင်း၏ ပတ်ဝန်းကျင်တွင် မင်းညီမင်းသား တို့နှင့် တကွ အမှူးအမတ်တို့ရှိသည်။ မင်း၏အမိန့်ကို ထိုသူတို့ခံယူ၍ အမိန့်အတိုင်း အုပ်ချုပ်ကြရသည်။ မင်း၊ မင်းညီမင်းသား မှူးမတ်တစ်စု၌ သာ အာဏာရှိသည်။ ဓနရှိသည်။ စည်ကားသော နေပြည်တော်သားများဖြစ်ကြသည့် များလှစွာသော တိုင်းသူပြည်သားများသည်ကား ကျေးတော်မျိုးကျွန်တော်မျိုးများ ဖြစ်ကြသည်" ဟူ၍ ဆရာဇော်ဂျီရသစာပေအဖွင့်နှင့် နိဒါန်းစာအုပ်၌ပင် ရေးသားထားသည်။

မြန်မာစာပေပေါ်ပေါက်လာပြီး အလှူမှတ်တမ်းများကို ကျောက်ထက်အက္ခရာတင်စဉ်ကာလကတည်းကပင် မင်းမှူးမတ်တို့၏ ဂုဏ်ကို ဖော်ထုတ်ချီးကျူးသည့် အရေးအဖွဲ့များတွေ့ရသည်။ နောက်ပိုင်းတွင် အလင်္ကာတန်ဆာဖြင့် ဝေေ၀ဆာဆာ ချီးကျူးရေးဖွဲ့သော အဖွဲ့များအထိ ကျယ်ပြန့်လာပါသည်။ ပဒေသရာဇ်စနစ်အရ မင်းမှူးမတ်တို့၏ ထီးနန်းပတ်ဝန်းကျင်သည် နိုင်ငံတွင် အရေးပါဆုံး ပုဂ္ဂိုလ်တို့၏ ပတ်ဝန်းကျင်အကြောင်းကို စာဖွဲ့ကြသည်မှာ သဘာဝကျပါသည်။ သို့ဖြင့် ထီးနန်းဝန်းကျင်အကြောင်းသည်လည်း ဗုဒ္ဓစာပေလာအကြောင်းအရာများနည်းတူ မြန်မာစာဆိုတို့၏ စာဖွဲ့ခံအကြောင်းအရာများဖြစ်လာရသည်။ ဤအချက်တို့ကို ထောက်လျှင် မြန်မာ့ပဒေသရာဇ်စနစ်သည် မြန်မာ့ဂန္တ၀င်စာပေပေါ်ပေါက်လာစေရန် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ထင်ရှားပါသည်။

တဖန် မြန်မာစာပေအရေးအသားမပေါ်ပေါက်သေးမီကာလတွင် ပုဂံ၌ ပါဠိ၊ သက္ကတ၊ ပျူ၊ မွန် ဘာသာတို့သည် စာပေအရေးအသားရှိနေပြီဖြစ်သော ဘာသာစကားများဖြစ်ပါသည်။ ထိုကာလတွင် ထိုဘာသာစကားများကို မြန်မာတို့အသုံးပြုနေ သော ရွှေစာပေ၊ အုတ်ခွက်စာ၊ စဥ့်ကွင်းစာ၊ ကျောက်စာ၊ အရိုးအိုးစာ၊ စသည့်အထောက်အထားများတွင် တွေ့ရှိရသည်။ ရာဇကုမာရ် ကျောက်စာကိုပင်လျှင် ပါဠိ၊ ပျူ၊ မွန်၊ မြန်မာဟူသော ဘာသာစကားလေးမျိုးဖြင့် ရေးထိုးထားသည်။ ထိုဘာသာစကားတို့မှ စကားလုံးများကို မွေးစားသုံးနှုန်းခြင်း၊ ဘာသာပြန်သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကားဖွံ့ဖြိုးကြွယ်ဝလာရသည့်အတွက် ထိုဘာသ စကားတို့က မြန်မာဘာသာစကားကို များစွာ ကျေးဇူးပြုကြောင်း ထင်ရှားပါသည်။ အထူးသဖြင့် ပါဠိဘာသာနှင့် မွန်ဘာသာတို့သည် မြန်မာစာပေါ်ပေါက်ပြီးချိန်အထိ အသုံးတွင် ကျယ်နေဆဲဖြစ်သည်။

ပုဂံသားတို့သည် သဒ္ဒနီတိသဒ္ဒါကျမ်းကြီး စသည့် ပါဠိစာပေတို့ကို အဆင့်မြင့်မြင့် ရေးသားပြုစုနိုင်ခြင်းသည် ချီးကျူးဖွယ်ဖြစ်ကြောင်း ပညာရှင်တို့ မိန့်ဆိုကြပါသည်။ ထိုမှတဆင့်တက်၍ ပါဠိတချက်၊ မြန်မာစာတချက် ပြန်ဆိုသော နိဿယကျမ်းပေါ်ပေါက်လာခြံသည်။ ထင်ရှားသော သာဓကတစ်ခုမှာ ပုဂံဝက်ကြီးအင်းတက်နွှဲကျောင်း ကျောက်စာ၌ တောင်တွင်း မင်းသီရိဇေယျသူရ မောင်နှမတို့သည် ကျောင်းတော်လာလစ်အံ့သော အမျိုးသားတို့ကို သင်စိမ့်သောငှာ ဗေဒင်နှင့်တကွ ပိဋကတ်သုံးပုံရေးတော်မူကြောင်း ဖော်ပြေထားရာ၊ ကျောက်စာအထောက်အထားအရ ကျမ်းပေါင်း ၃၀၀ကျော် ကို ပေထက်အက္ခရာတင်၍ လှူခဲ့ကြောင်း၊ လှူခဲ့သော ကျမ်းစာရင်းတွင် နိဿယ ကျမ်းပေါင်း ၂၃ ကျမ်း အပါအ၀င် သက္ကတမြန်မာနိဿယ ဆေးကျမ်း၊ ဗေဒင်ကျမ်း စသော လောကီစာပေများလည်း ပါဝင်ကြောင်း သိရသည်။

ပါဠိစာပေနည်းတူ မွန်စာပေများသည် မြန်မာစာပေမပေါ်ပေါက်မီကပင် ပေါ်ပေါက်နေပြီဖြစ်ပါသည်။ ပုဂံရှိ ဂူဘုရားအတွင်းနံရံများ၌ ဇာတက၊ ဗုဒ္ဓ၀င်၊ မဟာဝင်၊ ၀ိမာန၀တ္ထု စသည့် ဗုဒ္ဓစာပေအကြောင်းအရာတို့ကို ပန်းချီပုံများနှင့်အတူ မွန်ဘာသာဖြင့် ရေးထိုးထားသော မင်စာများဖြစ်သည်။ ကျန်စစ်မင်းကြီးလက်ထက်တွင် မွန်ဘာသာဖြင့် ကျောက်စာအမြောက်အမြား ရေးထိုးရာ ရွှေစည်းခုံမွန်ကျောက်စာ၊ နန်းတော်မွန်ကျောက်စာ၊ မြကန်မွန်ကျောက်စာ၊ ရွှေဆံတော်မွန်ကျောက်စာ စသည်တို့သည် ထင်ရှားပါသည်။

သို့ဖြင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို အကြောင်းပြု၍ ပုဂံခေတ်တွင် အလှူမှတ်တမ်းတင်ကျောက်စာများ၊ ဗုဒ္ဓစာပေ မင်စာများ စတင်ရေးထိုးကြရာမှ နောက်ပိုင်းခေတ်များတွင် ဗုဒ္ဓစာပေဆိုင်ရာ စကားပြေများ ကဗျာများ ပေါ်ထွန်းလာခဲ့သည်။

ကျောက်စာများသည် ယေဘုယျအားဖြင့် အလှူမှတ်တမ်းများဖြစ်သည့်အတွက် အလှူရှင်အကြောင်း၊ အလှူအကြောင်း၊ အလှူခံ ပုဂ္ဂိုလ်အကြောင်း စသည့်အချက်အလက်များ ပါဝင်ပါသည်။ သို့သော် အလှူနှင့်ဆက်နွှယ်၍ ပုဂ္ဂိုလ်တစ်ဦးဦး၏ ဂုဏ်အရည်အသွေးကို ဖော်ထုတ်ရေးခြင်း၊ ဆုတောင်းခြင်း၊ ကျိန်စာဆိုခြင်းတို့ ပြုရာတွင် ရေးသားသူ၏ စေတနာထင်ဟပ်ကာ ခံစားမှုပါလာသည့်အလျောက် အရေး အဖွဲ့တွင် ရသရောယှက်ကာ နှစ်သက်ဖွယ် ဖြစ်လာရပါသည်။ ဤသို့ဖြင့် ကျောက်စာများတွင် ဂန္တ၀င်စာပေ၏ ရှေ့ပြေးဟု ရသအရေးအဖွဲ့ ကောင်းများကို တွေ့ရှိရသည်။

မင်စာအရေးအဖွဲ့တို့သည်လည်း ဗုဒ္ဓစာပေကို အခြေခံကာ ပေါ်ထွန်းလာမည့် ဂန္တ၀င်စာပေတို့၏ ရှေ့ပြေးသဖွယ်ဖြစ်ပါသည်။ ရာဇကုမာရ်ကျောက်စာနှင့် မရှေးမနှောင်း ရေးထိုးသည်ဟု ယူဆရသော လောကထိပ်ပန်မင်စာတွင် ဇာတ်တော်ကြီးဆယ်ဘွဲ့ ပန်းချီပုံညွှန်းစာ များကို တွေ့နိုင်ပါသည်။

ထို့အတူ ၀ိနည်းဓိုရ်ဘုရားမင်စာတွင် ငါးရာ့ငါးဆယ်ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓ၀င်၊ ၀ိမာန စသည်တို့ကို မြန်မာဘာသာဖြင့် ရေးထိုးထားပါသည်။ အလားတူ ပုဂံဘုရားများတွင် ဗုဒ္ဓ၀င်အစရှိသည့် ဗုဒ္ဓစာပေတို့ကို ရေးထိုးထားသည့် မင်စာများအမြောက်အမြား ရှိပါသည်။ ဤသို့ဖြင့် ကျောက်စာမင်စာတို့နှင့်တကွ စဥ့်ကွင်းစာများ၊ နံရံပန်းချီများ၊ ပန်းပုရုပ်များတွင် ငါးရာ့ငါးဆယ်ဇာတ်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓ၀င်၊ ပေတ၀တ္ထု၊ ၀ိမာန၀တ္ထု၊ ဇင်းမယ်ပဏ္ဏာသ၀တ္ထုစသည့် ဗုဒ္ဓစာပေတို့ကို ပုဂံခေတ်ကတည်းက မြန်မာတို့ လေ့လာကျွမ်းဝင်နေကြပြီ ဖြစ်ကြောင်း ထင်ရှားပါသည်။ ထိုအလေ့အလာအတွေ့အကြုံတို့ကို အကြောင်းပြု၍ ပေါ်ထွန်းလာသည့် ဂန္တ၀င်စာပေတို့တွင် ၀တ္ထု၊ ပျို့နှင့် အဖွင့်အဖြေ ကျမ်း၊ ရတု၊ တောလား၊ ပြဇာတ်၊ ရကန်၊ သာချင်း၊ တရားစာ၊ ဟောစာ စသည့် အခြားစာပေအဖွဲ့များကိုလည်း အတန်အတင့် တွေ့ရပါသည်။

အင်းဝခေတ်တွင် ရှင်မဟာသီလ၀ံသရေးဖွဲ့သော ပါရာယန၀တ္ထု (ခရစ် ၁၅၀၁) ကို ပထမဆုံး ဗုဒ္ဓစာပေ ဟူ၍ ပညာရှင်တို့ သတ်မှတ်ကြသည်။ သံသရာတဘက်ကမ်းသို့ ရောက်ရာခရီးလမ်းဟု အဓိပ္ပါယ်ရသော "ပါရာယန" သတ္တန်ကို အစွဲပြုကာ ထိုအမည်ပေးခြင်း ဖြစ်ပြီး ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်စသည့် စံပြုနည်းယူစရာ အရိယာသူမြတ်နှစ်ဦးအကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

ညောင်ရမ်းခေတ်တွင် ဗုဒ္ဓစာပေ၀တ္ထုများဆက်လက်ပေါ်ထွန်းလာရာ ၀ရာဘိသင်္ဃနာထဆရာတော်၏ "မဏိကုဏ္ဏလ၀တ္ထု" (ခရစ် ၁၆၁၈) သည် အသိတိနိပါတ်မဟာသုတသောမဇာတ်ကို တန်ဆာဆင်ချဲ့ထွင်ရေးဖွဲ့သော ၀တ္ထုဖြစ်သည်။ ထိုနည်းတူစွာ တော်ဖီလာ ဆရာတော် ၏ ယသ၀ဍ္ဎန၀တ္ထု (ခရစ် ၁၆၁၉) မှာ ဓမ္မပဒအပ္ပမာဒ၀တ်ကုမ္ဘဃောသက၀တ္ထု၌ ကုမ္ဘဃောသကသူဋ္ဌေးသားကို အကြောင်းပြု၍ ဘုရားရှင်ဟောကြားသော စည်းစိမ်ချမ်းသာအခြံအရံတိုးတက်ကြီးပွားကြောင်း ယသ၀ဍ္ဎနတရား (၇)ပါးကို မူတည်၍ ၀တ္ထုသာဓကများစွာဖြင့် ခံ့ခံ့ညားညားရေးဖွဲ့ထားသော ၀တ္ထုဖြစ်သည်။

ထို့အတူ ညောင်ရမ်းခေတ်တွင် ပေါ်ထွန်းခဲ့သော သဒ္ဓမ္မာလင်္ကာရဆရာတော်၏ ရတနာကရ၀တ္ထု (ခရစ် ၁၆၈၀) တောင်တွင်းကြီး ဆရာတော်၏ ဟိတသိဒ္ဓိက၀တ္ထု (ခရစ် ၁၇၃၁) မဟာဓမ္မသင်္ကြံ ၏ သာမဏေကျော်လေးပါးဝတ္ထုတို့သည် ဂန္တ၀င်တန်းဝင် ဗုဒ္ဓစာပေ၀တ္ထုများပင် ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်တွင်လည်း ဗုဒ္ဓစာပေ၀တ္ထုများ ပိုမိုကျယ်ပြန့်စွာ ပေါ်ထွက်လာခဲ့သည်။ ဒီပဲယင်းဆရာတော်၏ သဒ္ဓမ္မာဘိလင်္ကာရ၏ တထာဂတဥဒါနဒီပနီ (ခရစ် ၁၇၉၈) (ဒုတိယမဲထီးဆရာတော်၏ မာလာလင်္ကာရ၀တ္ထု (ခရစ် ၁၇၉၈)၊ ပထမငါးခုန်ဆရာတော်၏ မဟာဗုဒ္ဓ၀င် ၀တ္ထုတော်ကြီး (ခရစ် ၁၇၈၈ ခန့်) ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီ (ခရစ် ၁၈၅၈ ခန့်)၊ ဒုတိယဘုရားဖြူဆရာတော်၏ ၀ံသမေဒပကာသနီ (ခရစ် ၁၈၇၅) တို့သည် ထင်ရှားပါသည်။
]
ကုန်းဘောင်ခေတ်၏ ထူးခြားချက်မှာ ငါးရာ့ငါးဆယ်နှင့်ဇာတ်ကြီးဆယ်ဘွဲ့ဝတ္ထုများသည် မြန်မာဘာသာဖြင့် အပြည့်အစုံပေါ်ထွက် လာခြင်းပင်ဖြစ်သည်။ ဘိုးတော်မင်းတရားလက်ထက် (ခရစ် ၁၇၈၁ -၁၈၉၂) တွင် ညောင်ကန်ဆရာတော်သည် ဇာတက အဋ္ဌကထာပါဌ်ကို အတိအကျ  မြန်မာပြန်လျက် "ငါးရာ့ငါးဆယ်ဝတ္ထု" ကို ရေးသားခဲ့သည်။ ဇာတ်တော်ကြီးဆယ်ဘွဲ့ဝတ္ထုများတွင် သုဝဏ္ဏသာမနှင့် ဘူရိဒတ်မှလွဲ ၍ ကျန်ဇာတ်တော်ဝတ္ထု ရှစ်စောင်ကို မင်းဘူးဆရာတော် ဦးသြဘာသက မြန်မာမှုပြုခဲ့သည်။ ကျန်ဇာတ်တော်ဘူရိဒတ်ဇာတ်တော်ကြီးကို ရှင်နန္ဒမေဓာကလည်းကောင်း၊ ရှင်ပညာတိက္ခက သုဝဏ္ဏသာမဇာတ်တော်ကြီးဝတ္ထုကိုလည်းကောင်း ပြုစုခဲ့ပြီးသည့်နောက်တွင် ဇာတ်တော်ကြီး ဆယ်ဘွဲ့စလုံး ပြည့်စုံသွားခဲ့သည်။

ကုန်းဘောင်ခေတ်တွင် အခြားထင်ရှားခဲ့သော ဗုဒ္ဓစာပေ၀တ္ထုများမှာ မဟာဓမ္မသင်္ကြံ၏ ဓမ္မောပဒေသ၀တ္ထု (ခရစ် ၁၈၂၉)၊ မုန်တိုင်ပင် ဆရာတော်၏ စကားပြောဖွယ်ကျမ်း (ခရစ် ၁၈၃၁)၊ မုံရွေးဇေတ၀န်ဆရာတော်၏ ရာဇောဝါဒကျမ်း (ခရစ် ၁၈၃၃)၊ ကျပင်းဆရာတော်၏ ကျပင်းတရားစာ၊ တတိယညောင်ကန်ဆရာတော်၏ သံဝေဂ၀တ္ထုဒီပနီ (၁၈၆၀) ဦးပုည တရားစာဝတ္ထုများ (၁၈၁၂ -၁၈၆၇) တို့ ဖြစ်ကြသည်။
ကုန်းဘောင်ခေတ်တွင် ဒန့်တိုင်ဆရာတော် ရှင်ဂုဏလင်္ကာရပါဠိမှ မြန်မာပြန်သော "မိလိန္ဒပညာကျမ်း (ခရစ် ၁၇၆၅) သည် ထင်ရှားသော ကျမ်းတစ်ကျမ်းဖြစ်သည်။ မိလိန္ဒပဥှာပါဠိတော်သည် ဥဒ္ဒကနိကာယ်၊ သုတ္တန်ပိဋကတ်အ၀င်အပါဖြစ်ပြီး ကမ္ဘာသိထင်ရှားသော ကျမ်းတစ်ကျမ်းဖြစ်သည်။ ထိုကျမ်းတွင် မိလိန္ဒမင်း မေးလျှောက်သည့် ဗုဒ္ဓ၀ါဒဆိုင်ရာ ပြဿနာအမျိုးမျိုးကို ရှင်နာဂသေနမထေရ်က ဖြေဆိုပုံများ ပါဝင်သည်။ အလားတူ ထင်ရှားသော အမေးအဖြေကျမ်းမှာ မုံရွာရှင်သီရိမာလာမေးလျှောက်သည့် ပြဿနာများကို မုံရွေးဇေတ၀န် ဆရာတော် အရှင်အရိယာဝံသအာဒိစ္စရံသီ ဖြေဆိုသော သမန္တစက္ခုဒီပနီကျမ်း (ခရစ် ၁၈၁၁) ဖြစ်သည်။ မဟာဓမ္မသင်္ကြံ၏ သာသနာလင်္ကာရစာတမ်း၊ ယောမင်းကြီးဦးဘိုးလှိုင်၏ ၀ိမုတ္တိရသကျမ်း (၁၈၇၁) ကာယာနုပဿနာကျမ်း (၁၈၇၅)၊ လုံးတော်ဆရာတော်၏ ပုစ္ဆာပကိဏ္ဏကျမ်း နှင့် ပကိဏ္ဏာက၀ိသဇ္ဇနာကျမ်းတို့သည်လည်း ဂန္တ၀င်တန်းဝင် ကျမ်းစာပေများပင် ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်နှောင်းမှ ကိုလိုနီခေတ်အထိ ပေါ်ထွက်လာသော လယ်တီဆရာတော်၏ ဒီပနီများသည်လည်း အရေးပါသော ဗုဒ္ဓစာပေကျမ်းများပင် ဖြစ်ပါသည်။ အများနားလည်လွယ်စေရန် မြန်မာစကားပြေသက်သက်ဖြင့် ရှင်းလင်းဖွင့်ဆိုထား၍ အများလေးစားရသည့် ကျမ်းဂန်များပင်ဖြစ်သည်။

ဗုဒ္ဓစာပေကို အခြေခံသည် ပြဇာတ်များလည်း ပေါ်ထွက်လာခဲ့ရာ အစောဆုံးပြဇာတ်ဟု အသိအမှတ်ပြုရသော ပြဇာတ်မှာ ၀န်ကြီး ပဒေသရာဇာ၏ "မဏိကတ်ပြဇာတ်" ဖြစ်သည်။ ယင်း ပြဇာတ်သည် ဇင်းမယ်ပဏ္ဏာသလာတ္တဓနုဇာတ်ကို မြန်မာမှုပြထားသော ပြဇာတ်ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ပေါ်ထွက်လာသော ဦးကြင်ဥ၏ မဟောသဓပြဇာတ်၊ ဦးပုည၏ ရေသည်ပြဇာတ်၊ ဦးခို၏ မဟာဇနကပြဇာတ်တို့သည် ထင်ရှားခဲ့သည်။

ဗုဒ္ဓစာပေကို အခြေခံ၍ ရေးဖွဲ့သောကဗျာတို့တွင် "ပျို့" သည် အထင်ရှားဆုံးဖြစ်သည်။ အင်းဝခေတ်တွင် ရှင်မဟာရဌသာရ ရေးဖွဲ့သော ဘူရိဒတ်လင်္ကာကြီး စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့၊ ရှင်မဟာသီလ၀ံသ၏ ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ ညောင်ရမ်းခေတ်တွင် န၀ဒေမင်းကြီး၏ မနော်ဟရီပျို့၊ ၀န်ကြီးပဒေသရာဇာ၏ သုတပျို့၊ တွင်းသွင်းမင်းကြီး၏ မုဒုလက္ခဏပျို့၊ ဦးယာ၏ မင်းနန်ပျို့၊ မုံရွေးဆရာတော်၏ မဟာသီလ၀ပျို့၊ ကုသပျို့၊ ဦးရွှေခြည်၏ စန္ဒကိန္နရီပျို့၊ ကင်းဝန်မင်းကြီး၏ တိန္ဒုကပျို့ တို့သည် အထူးထင်ရှား ခဲ့သည်။

● ထီးနန်းပတ်ဝန်းကျင်ကို အခြေခံသော ဂန္တ၀င်စာပေများ
ပုဂံခေတ်တွင် ကုသိုလ်ကောင်းမှုပြုသူအများစုသည် ထီးနန်းပတ်ဝန်းကျင်မှ မင်းမိဘုရား၊ မင်းညီမင်းသား၊ မှူးမတ်စသည်တို့ဖြစ်သည့် အတွက် ပုဂံကျောက်စာများတွင် ထိုပုဂ္ဂိုလ်များအကြောင်း ထည့်သွင်းရေးသားနေပြီဖြစ်သည်။ ထိုခေတ်တွင် မင်းဧကရာဇ်ကိုယ်တိုင် ထုတ်ပြန်သော အမိန့်တော်ကို ကျောက်ထက်အက္ခရာတင်သည့် ကျောက်စာအချို့ပင်ရှိကြောင်း ကျစွာမင်းအမိန့်တော်ပြန်တမ်း (ခရစ် ၁၂၈၅) က သက်သေခံနေပါသည်။ ကျစွာမင်းသည် နိုင်ငံတွင်းလူဆိုးသူခိုးများ ပပျောက်စရေန် ရည်ရွယ်၍ အနည်းဆုံးအိမ်ခြေ(၅၀) ရှိသော ရွာတိုင်း တွင် စိုက်ထူစေသော ကျောက်စာဖြစ်သည်။

ထီးနန်းပတ်ဝန်းကျင်ကို အခြေခံသော စာပေအမျိုးအစားတွင် မေတ္တာစာ၊ ရာဇ၀င်၊ အရေးတော်ပုံ၊ ဓမ္မသတ်၊ ဖြတ်ထုံး၊ လျှောက်ထုံး၊ မှတ်တမ်း၊ နန်းတွင်းဇာတ်၊ ကာချင်း၊ ဧချင်း၊ မော်ကွန်းစသည်တို့ ထင်ရှားပါသည်။

မေတ္တာစာသည် မေတ္တာခံယူသော စာ၊ မေတ္တာရပ်ခံစာပင် ဖြစ်သောကြောင့် ရဟန်းတော်တို့က ဘုရင်မင်းတို့အား မေတ္တာရပ်ခံသော စာအဖြစ် စတင်ပေါ်ထွန်းလာခဲ့သည်။ မေတ္တာစာကို စကားပြေဖြင့် တမျိုး၊ ကဗျာဖြင့်တသွယ် ရေးဖွဲ့လေ့ရှိသည်။ အင်းဝမိုးညှင်းမင်းထံ "မြေဆွမ်း" အလှူခံသော ပတူးကြီးသင်္ဃာရာဇာ၏ မေတ္တာစာ (ခရစ် ၁၄၃၇) သည် ရှေးဦးပေါ်ပေါက်လာသော မေတ္တာစာပင်ဖြစ်သည်။ အင်းဝခေတ်တွင် ရှင်မဟာသီလ၀ံသနှင့် ရှင်မဟာရဋ္ဌသာရတို့ ဒုတိယမင်းခေါင်ထံ ဆက်သွင်းသော မေတ္တာစာနှင့် ကန်တော်မင်းကျောင်းဆရာ တော်က ရွှေနန်းကြော့ရှင်ထံ ဆက်သွင်းသော မေတ္တာစာတို့သည် ထင်ရှားသည်။

ရာဇ၀င်နှင့်အရေးတော်ပုံတို့သည် ထီးနန်းပတ်ဝန်းကျင်ကို ကျယ်ကျယ်ဝန်းဝန်း ပုံဖော်သော စာပေများဖြစ်သည်။ မင်းစဉ်မင်းဆက် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သော "ရာဇ၀င်ကျမ်း" များနှင့် မင်းတစ်ပါး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားသော "အရေးတော်ပုံကျမ်း" များကို တွေ့ရသည်။

ရာဇ၀င်ကျမ်းများတွင် ရှင်မဟာသီလ၀ံသ၏ ရာဇ၀င်ကျော် ခေါ် မဟာသမ္မတ၀ံသကျမ်း (ခရစ် ၁၅၂၀) သည် တွေ့ရသမျှ အစောဆုံးရာဇ၀င်ကျမ်းဟု ယူဆကြသည်။ မဟာသမ္မတမင်းဆက်၊ သီဟိုဠ်မင်းဆက်၊ မြန်မာမင်းဆက်ဟူ၍ အပိုင်းသုံးပိုင်းပါရှိရာ ရှေ့နှစ်ပိုင်းမှာ မဟာဝံသနှင့် ဒီပ၀ံသပါဠိကျမ်းများမှ အကျဉ်းချုံးပြန်ဆိုထားခြင်း ဖြစ်သည်။ နောက်ဆုံးပိုင်းဖြစ်သော မြန်မာမင်းဆက်အပိုင်းကို သရေခေတ္တရာမင်းဆက်မှစ၍ ရွှေနန်းကြော့ရှင်အထိ အကျဉ်းသာရေးသားထားသည်။ ယင်းကျမ်းသည် မြန်မာရာဇ၀င်ပိုင်းထက် မဟာဝင်၊ ဒီပ၀င်ပိုင်းကို အားပြုသော ကျမ်းဖြစ်သည်။

ထို့နောက် ပေါ်ပေါက်လာသော ရာဇ၀င်ကျမ်းများမှာ ရာဇ၀င်ကျော်ထက်ပို၍ ကျယ်ဝန်းပါသည်။ ရှင်ဥာဏသည်ခံကြီး၏ "တောင်ငူရာဇ၀င်"၊ ဦးကုလား၏ မဟာရာဇ၀င်ကြီး (ခရစ် ၁၇၁၄ - ၁၇၃၃)၊ တွင်းသင်းမင်းကြီး၏ မြန်မာရာဇ၀င်သစ် (ခရစ် ၁၇၈၀) တို့သည် ထင်ရှားခဲ့သည်။ တွင်းသင်းမြန်မာရာဇ၀င်သစ်သည် အရေးအသားရှင်းလင်းတိကျ၍ အကိုးအကားခိုင်မာသည်။

ထို့နည်းတူစွာ စစ်ကိုင်းမင်းလက်ထက် ၁၈၂၉ ခုနှစ် မေလ ၃ ရက်နေ့တါင် ရဟန်း၊ ပုဏ္ဏား၊ မှူးမတ်၊ ပညာရှိမ်ား မင်းမိန့်ဖြင့် မှန်းနန်းတော်ဦးနန်းမ စနုဆောင်၌ ပြုစုသော မှန်နန်းမဟာရာဇ၀င်တော်ကြီး သည် (ခရစ် ၁၈၂၉ - ၁၈၃၂) တွင် ပေါ်ထွက်လာခဲ့သည်။ မှန်နန်းမဟာရာဇ၀င်တော်ကြီးသည် ပေမူအရ စာထုပ် ၅ ထုပ် ရှိပြီး ပထမထုပ် (၇) တွဲ၊ ဒုတိယထုပ် (၇)တွဲ၊ တတိယထုပ် (၇) တွဲ၊ စတုတ္ထထုပ် (၉)တွဲ၊ ပဉ္စမထုပ် (၈) တွဲ စုစုပေါင်း စာတွဲ (၃၈) တွဲ ပါရှိသည်။ ကျမ်းပြုအဖွဲ့သည် ၁၈၂၉ မှ စတင်၍ ရေးသားပြုစုရာ (၄) နှစ်အကြာ ၁၈၃၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ မှန်နန်းမဟာရာဇ၀င်တော်ကြီးကို သီပေါမင်းလက်ထက်တွင် ပေမူမှစတင်ပုံနှိပ်ထုတ်ဝေခဲ့သည်ဟု ဆိုသည်။ မှန်နန်း မဟာရာဇ၀င်တော်ကြီးကို ရေးသားပြုစုခဲ့သော သမိုင်းအဖွဲ့ဝင်များမှာ-

(၁) မုံရွေးဆရာတော်
(၂) သော်ကပင်ဆရာတော်
(၃) အမတ်ကြီးမဟာဓမ္မသင်္ကြန်
(၄) မြင်းစုကြီးဝန် မဟာသီဟသူရ
(၅) ဆောမြို့စာအတွင်းဝန် မင်းကြီးမဟာနန္ဒသင်္ကြန်
(၆) စဥ့်ကူးမြို့စားအတွင်းဝန်၊ အသည်ဝန်မင်းကြီးမဟာအတုလသီဟသူ
(၇) သံတော်ဆင့်မဟာဇေယျသင်္ခယာ
(၈) ဗြဲတိုက်သံတော်ဆင့်ဦးရွဲ
(၉) စာရေးတော်ကြီးဦးဖျော်
(၁၀) စာရေးတော်ဦးလူကြီး
(၁၁) စာရေးတော်ဦးအောင်သာ
(၁၂) ပုဏ္ဏားရာဇဒေဝ
(၁၃) ပုဏ္ဏားကုမုဒြ တို့ဖြစ်ကြသည်။

ထို့နောက် မှန်နန်းရာဇ၀င်ပြုစုသည့်အဖွဲ့တွင် ပါဝင်သော မုံရွေးဆရာတော်၏ မဟာရာဇ၀င်ကျော်ခေါ် မုံရွေးရာဇ၀င်ပေါ်ထွက်လာ ခဲ့သည်။ ယင်းကျမ်းကို ဆရာတော်က ပါဠိဘာသာဖြင့် "ရာဇိန္ဒရာဇ၀ရမဏ္ဍနီ" ဟု အမည်ပေးထားရာ အဓိပ္ပါယ်မှာ "မင်းတကားမင်းတို့ထက် မြတ်သော မင်း၏အဆင်တန်ဆာ" ဟူ၍ ဖြစ်သည်။ သို့သော် ယင်းကျမ်းသည် မဟာရာဇ၀င်ကျော်အမည်ဖြင့်သာ ထင်ရှားပါသည်။ ရေးသားပြုစုသူ မုံရွေးဆရာတော်အားအစွဲပြု၍ မုံရွေးရာဇ၀င်ဟူ၍လည်း ခေါ်ဆိုကြသည်။ ဆရာတော်သည် ဤရာဇ၀င်ကျမ်းကို မှန်နန်းမဟာရာဇ၀င်တော်ကြီး ရေးသားပြုစုချိန်နှင့် မရှေးမနှောင်း ၁၈၂၃ ခုနှစ်ခန့်တွင် ရေးသားပြုစုကြောင်းသိရသည်။ ရာဇိန္ဒရာဇ၀ရမဏ္ဍနီ ကျမ်း ခေါ် မဟာရာဇ၀င်ကျော်သည် ယနေ့တိုင်ပုံနှိပ်ထုတ်ဝေနိုင်ခြင်းမရှိဘဲ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန၌ လက်ရေးပေမူ စာအုပ် (၄) အုပ် အဖြစ်သာ ရှိနေဆဲဖြစ်သည်။

ဆရာတော်ကိုယ်တိုင်ရေးသားပြုစုရခြင်းရည်ရွယ်ချက်မှာ-

(က) ဆရာတော်ကိုယ်တိုင်မှန်နန်းမဟာရာဇ၀င်တော်ကြီးအား ကျေနပ်မှုမရှိပါ။ ယင်းရာဇ၀င်ပြုစုရာ၌ ဘုရင်အကြိုက်၊ အများအကြိုက်ကို လိုက်ရသဖြင့် မိမိအကြိုက်သီးခြားရေးသားရန် ဆန္ဒဖြစ်ပေါ်လာခြင်း၊

(ခ) မှန်နန်းမဟာရာဇ၀င်တော်ကြီး၌ မပါရှိဘဲ ကြွင်းကျန်နေသည့် လိုအပ်သော ပညာရှိစကားများနှင့် စစ်အကြောင်းကိုထပ်မံဖြည့်စွက်ရေးသားပါရန် စစ်ကိုင်းမင်းက တိုင်တန်းလျှောက်ထားခြင်းတို့ကြောင့် ပြုစုရသည် ဟူ၍ ဖော်ပြထားသည်။

မင်းတုန်းမင်းလက်ထက် ၁၈၆၇ စက်တင်ဘာလ ၂ ရက်နေ့တွင် (၁) ကန္နီအတွင်းဝန်မင်းကြီးမဟာမင်းခေါင်သင်္ခယာ (၂) မိုင်းစိုင်း မြို့စားအတွင်းဝန်မဟာသီရိဇေယျသူ၊ (၃) အိမ်ရှေ့အတွင်းဝန်ဟောင်း မဟာမင်းလှသင်္ခယာ (၄) စာရေးတော်ကြီးမင်းလှဇေယျာသူ၊ (၅) အမှာတော်ရေးနေမျိုးစည်သူရာဇာတို့ကို သမိုင်းပြုစုရေးအဖွဲ့ဖွဲ့ကာ တာဝန်ပေးအပ်၍ ဒုတိယမဟာရာဇ၀င်တော်ကြီးပြုစုစေခဲ့သည်။

မင်းတုန်းမင်းက-
"ဘကြီးတော်မင်းတရားလက်ထက် ရေးသ၉ားသော မဟာရာဇ၀င်တော်ကို ပထမမဟာရာဇ၀င်တော်ကြီး၊ ငါ့ရွှေလက်ထက်တွင်
ရေးသားသော မဟာရာဇ၀င်တော်ကို ဒုတိယမဟာရာဇ၀င်တော်ကြီးတွင်စေ" ဟူ၍ အမည်ပေးခဲ့သည်။

ရှေးခေတ်ကပင် မင်းတို့ထီးနန်းရရှိရန် စည်းရုံးကြိုးပမ်းရပုံကစ၍ ကြိုးပမ်းဆောင်ရွက်ချက်ကို ရေးသားမှတ်တမ်းတင်ထားသောအရေးတော်ပုံကျမ်းများ ပေါ်ထွက်လာခဲ့သည်။ တောင်ငူခေတ်တွင် ၀န်ကြီးဗညားဒလ မွန်ဘာသာမှ မြန်မာပြန်သော ရာဇာဓိရာဇ်အရေး တော်ပုံ (ခရစ် ၁၅၅၈)၊ ကုန်းဘောင်ခေတ်တွင် လက်ဝဲနော်ရထာပြုစုသော "အလောင်းမင်းတရားကြီးအရေးတော်ပုံ"၊ တွင်းသင်းမင်းကြီး ပြုစုသော "အလောင်းမင်းတရားကြီးအရေးတော်ပုံ"၊ တွင်းသင်းမင်းကြီးပင်ရေးဟန်ရှိသည်ဟု ယူဆကြသော ဟံသာဝတီဆင်ဖြူများရှင်အရေး တော်ပုံ၊ ရှင်က၀ိသာရ၏ ဓည၀တီအရေးတော်ပုံ (ခရစ် ၁၇၈၇)တို့သည် မြန်မာစာပေသမိုင်းတွင် ဂန္တ၀င်စာပေအဖြစ် မှတ်ယူအပ်သော အရေးတော်ပုံကျမ်းများပင် ဖြစ်ပါသည်။

တရားဥပဒေအဆုံးအဖြတ်ကိုပြသော ဓမ္မသတ်ကျမ်း၊ ဖြတ်ထုံးကျမ်းနှင့် ဘုရင်မင်းတို့အား မှူးမတ်ပညာရှိတို့ လျှောက်ထားပုံကို ပြသော လျှောက်ထုံများလည်း ထီးနန်းပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော ကျမ်းများဖြစ်သည်။ ဓမ္မသတ်ကျမ်းများ ပုဂံခေတ်ကတည်းက ပေါ်ပေါက်ကြောင်း အထောက်အထားတွေ့ရသည်။ ကမ္ဘာဦးက မနုရှင်ရသေ့ပြုစုသည်ဆိုသော မနုဓမ္မသတ်ကျမ်းရင်းက စ၍ အစဉ်အဆက် ပေါ်ပေါက်သည့် ဓမ္မသတ်ကျမ်းအမျိုးမျိုးရှိသည်။ ပုဂံနရပတိစည်သူမင်းလက်ထက် ဓမ္မ၀ိလာသဘွဲ့ခံ ရှင်သာရိပုတ္တရာက ဓမ္မ၀ိလာသဓမ္မသတ် ကို ပါဠိဘာသာဖြင့်ပြုစုရာ ညောင်ရမ်းခေတ် သာလွန်မင်းလက်ထက် ကိုင်းရွာစား မနုရာဇာပြုစုသော ကိုင်းရွာစားမနုရာဇာလျှောက်ထုံးခေါ် မဟာရာဇသတ်ကြီးသည်လည်း ထင်ရှားသည်။ ထို့အပြင် ကုန်းဘောင်ခေတ်တွင် ပေါ်ထွက်လာခဲ့သော ကျုံးဝန်ဘုမ္မဇေယျ၏ အနုကျယ်ဓမ္မ သတ် (ခရစ် ၁၇၅၃)၊ အတွင်းဝန် ၀ဏ္ဏဓမ္မကျော်ထင်၏ ၀ိနိစ္ဆယပကာသနိဓမ္မသတ် (ခရစ် ၁၈၀၁)၊ လက်ဝဲသုန္ဒရ၏ ၀ိနိစ္ဆယပကာသနိဓမ္မသတ် လင်္ကာ၊ ကင်းဝန်မင်းကြီး၏ အာဍ္ဎသံခိပ် ဓမ္မသတ်လင်္ကာ နှင့် အဍ္ဎသံခေပ၀ဏ္ဏာကျမ်းတို့သည် ထင်ရှားသည်။

ဖြတ်ထုံးအများအပြားရှိရာ ရေးသူအမည်မသိသော သုဓမ္မာစာရီဖြတ်ထုံး၊ အတုလဆရာတော်ဖြတ်ထုံး၊ ရေစကြိုစုံတော်ရန္တမိတ် ကျော်ထင်၏ ရေစကြိုစုံထောက်ဖြတ်ထုံးတို့လည်း ပေါ်ထွက်ခဲ့သည်။

လျှောက်ထုံးအနေဖြင့် ရှင်စန္ဒလင်္ကာ၏ ဘိုးရာဇာလျှောက်ထုံး ခေါ် မဏိရတနာပုံကျမ်း၊ ရှင်က၀ိသာရ၏ ဓည၀တီအရေးတော်ပုံမှ ကောက်နုတ်သော မဟာပညာကျော်လျှောက်ထုံးတို့ ပေါ်ထွက်ခဲ့သည်။

မင်း၊ မှူး၊ မတ်တို့မေးမြန်းချက်များကို ဆရာတော်တို့ ဖြေကြားသည့် ကျမ်းများပေါ်ထွက်ခဲ့ရာ အလောင်းမင်းတရားအမေးကို အတုလ ဆရာတော်ဖြေဆိုသော နန်းစဉ် ပုစ္ဆာအဖြေကျမ်း (ခရစ် ၁၇၅၂)၊ လက်ဝဲနော်ရထာ၏ အမေးကို တောင်တွင်းဆရာတော်ခင်ကြီးဖြေဆိုသော လက်ဝဲအနော်ရထာလျှောက်ထုံး (ခရစ် ၁၇၆၃)၊ ဘိုးတော်မင်းတရားအမေးကို မောင်းထောင်းဆရာတော်ဖြေဆိုသော "အမေးအဖြေ" (၁၈၀၆) တို့သည် ထင်ရှားသည်။

ထို့အပြင် နန်းဓလေ့များကို စုစည်းမှတ်တမ်းတင်ထားသော စာပေများသည်လည်း တခန်းတကဏ္ဍအဖြစ် ပေါ်ထွန်းခဲ့ပါသည်။ အတုလဆရာတော်သည် အလောင်းမင်းတရားအတွက် လောကဓမ္မထုံးပေါင်းစာတမ်းကို ပြုစုပေးခဲ့သည်။ ယင်းစာတမ်း၌ မင်းတို့ကျင့်စဉ် ထုံးပေါင်း (၈၅) ခုကို အကိုးအထောက်များဖြင့် ဖော်ပြထားသည်။ အင်ရုံဝန်ကြီး သီရိဥဇနာသည် ညောင်ရမ်းခေတ်မင်းသုံးဆက်တိုင် အမှုထမ်း ခဲ့သည့်အလျောက် နန်းဓလေ့အတွေ့အကြုံများကို အခြေပြု၍ အလောင်းမင်းတရားဆန္ဒအရ "လောကဗျူဟာကျမ်း" (အင်ရုံစာတမ်း) (ခရစ် ၁၇၅၃) ကိုပြုစု၍ ဆက်သွင်းခဲ့သည်။ ထိုကျမ်းတွင် ထီးနန်းဆိုင်ရာ ထုံးနည်းငါးရာကျော်ကို ဖော်ပြထားသည်။
အိမ်ရှေ့အတွင်းဝန် ဇေယျသင်္ခယာကလည်း အမရပူရထီးသစ်နန်းသစ်ကို အကြောင်းပြု၍ "ရွှေဘုံနိဒါန်း" မောင်းထောင်း ဆရာတော်၏ ရာဇာသေ၀ကဒီပနီ၊ ယောမင်းကြီးဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းတို့သည် မင်းအစရှိသော အစိုးရသူကြီးတို့ ကျင့်အပ်သော အချက်များကို ဖော်ညွှန်းပါသည်။

နိုင်ငံကို ကိုယ်စားပြု၍ သွားရသော ပြည်ပခရီးအတွေ့အကြုံကို မှတ်တမ်းတင်သော ခရီးသွားမှတ်တမ်းများက ဂန္တ၀င်စာပေများပင် ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးကာလကတ္တားသို့ သွားရောက်ရုံးစိုက်ရသော မင်းကြီးမဟာစည်သူ၏ ဘင်္ဂလားသွားစာတမ်း (၁၈၃၃)၊ သံအဖွဲ့ကို ခေါင်းဆောင်၍ အင်္ဂလန်နှင့် ပြင်သစ်ပြည်သို့ သွားရသော ကင်းဝန်မင်းကြီး၏ လန်ဒန်မြို့သွားနေ့စဉ်မှတ်တမ်း (၁၈၇၂)၊ ပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်တမ်း (၁၈၇၅)၊ သံအဖွဲ့ဝင်အဖြစ် လိုက်ပါရသော မြောင်လှမြို့စား မင်းကြီးသီရိမဟာဇေယျသူ (ဦးခြိမ့်) က ကဗျာဖြင့် ရေးဖွဲ့သော "ပူတကေစပိန်အီတာလျံသွားမှတ်တမ်း" (၁၈၇၇) တို့ ထင်ရှားသည့်ခရီးသွားမှတ်တမ်းများဖြစ်သည်။

ဝတ္ထု၊ နန်းတွင်းဇာတ်၊ ပြဇာတ်တို့သည်လည်း ထီးနန်းဝန်းကျင်စာပေအဖြစ် ပေါ်ထွက်ခဲ့သည်။ ဗုဒ္ဓစာပေ၀တ္ထုများနှင့် တမူကွဲကာ ပင်ကိုယ်ဥာဏ်ဖြင့် ဖန်တီးရေးဖွဲ့သော ၀တ္ထုတပုဒ်ကုန်းဘောင်ခေတ်တွင် ပေါ်ထွက်ခဲ့သည်။ ယင်းမှာ ရွှေတောင်သီဟသူ၏ "ရတနာကြေးမုံ ၀တ္ထု" ဖြစ်သည်။

ထို့နောက် ဗြဲတိုက်သံဆင့်ဇေယျသင်္ခယာ (နောင် မြ၀တီဝန်ကြီး ဦးစဖြစ်လာသူ) ၏ အီနောင်နန်းတွင်းဇာတ်နှင့် သမုဒ္ဒရာဃောသနန်း တွင်းဇာတ်၊ စဥ့်ကူးမင်းမိဘုရားဟောင်း သခင်မင်းမိ၏ ကေသသီရိနန်းတွင်းဇာတ်၊ တောင်ငူမြို့စားမင်းသားသတိုးဓမ္မရာဇာ၏ သင်္ခပတ္တ နန်းတွင်းဇာတ်၊ လှိုင်ထိပ်ခေါင်တင်၏ ၀ိဇယကာရီနန်းတွင်းဇာတ်နှင့် ဣန္ဒ၀ံသနန်းတွင်းဇာတ်တို့သည် ထင်ရှားလှသည်။

စိတ်ကူးဖြင့် ဖန်တီးရေးဖွဲ့သော ဦးကြင်ဥ၏ ပါပဟိန်ပြဇာတ်၊ ဒေ၀ကုမ္ဘာန်ပြဇာတ်၊ ဦးပုည၏ ၀ိဇယပြဇာတ်၊ ရေသည်ပြဇာတ်၊ ဦးပုတ်နီ၏ ကုမ္မာရပြဇာတ်၊ ဆတိုင်မွတ်ဦးကူး၏ လူဝံမောင်နှမပြဇာတ်တို့သည်လည်း ပေါ်ထွန်းလာခဲ့သည်။

● ပြည်သူကိုအခြေခံသော မြန်မာဂန္တ၀င်စာပေများ
သာမန်ကျေးလက်တောရွာကို ပြည်သူတို့၏ ဘ၀ကို စာနာနားလည်သောစေတနာဖြင့် စာဖွဲ့သူတို့၏ စာပေများလည်း ပေါ်ထွက်လာ ပါသည်။ ယင်းတို့အနက် ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာသည် အထင်ရှားဆုံးဖြစ်ပြီး။ သူ၏ ထန်းတက်သမား၊ လယ်သမား၊ ပိန်းကောလှေသမား၊ တောင်ပိုင်တက်သမား၊ အောက်မားဆင်ဖမ်းသမားတို့၏ အကြောင်း တျာချင်းများသည် အထူးထင်ရှားပေသည်။ အဆိုပါတျာချင်းများကို ဆရာဇော်ဂျီက "ရှေးကမြန်မာစာပေသစ်" ဟူ၍ အမည်ပေးခဲ့သည်။ ထို့အတူ တောင်တွင်းရှင်ငြိမ်းမယ်၏ အိုင်ချင်းများသည် ကျေးလက်တောရွာရှိ လုံမကလေးတို့၏ အချစ်ရေး၊ လွမ်းရေးတို့ကို အချင်းချင်းရင်ဖွင့်ဟန်၊ ရင်ခုန်သံများဖြင့် ရေးဖွဲ့ထားရာ နှစ်သက်ဖွယ် အရေးအဖွဲ့များပင်ဖြစ်ပါသည်။ နောက်ပိုင်းတွေင် ပေါ်ပေါက်လာသော ဗုံကြီးသံ၊ ဗုံတောက်သံ၊ ဒုံးချင်း၊ လွမ်းချင်း၊ လေးဆစ်၊ သံချို၊ ကောက်စိုက်သီချင်း၊ မောင်းထောင်းသီချင်း စသည့် ကဗျာအဖွဲ့များက လူထုဘ၀၀ကို လှစ်ဟနေသော အရေးအဖွဲ့များပင် ဖြစ်သည်။

မြန်မာဘာသာစကား၏ အသွင်ပြင်လက္ခာဏာများကို လေ့လာစိစစ်ဖော်ထုတ်သော ဘာသာဗဒကျမ်းများကလည်း ဂန္တ၀င်စာပေဘောင်ဝင်ပါသည်။ ယင်းတို့မှာ ပထမကျော်အောင်စံထား ဆရာတော်၏ က၀ိလက္ခဏာခေါ် သဒ္ဓါပရမတ်အဆုံးအဖြတ်ကျမ်း (၁၇၄၈)၊ တောင်တွင်းဆရာတော်၏ သဒ္ဒဗျူဟာကျမ်း (၁၇၅၀)၊ ဒုတိယကျော်အောင်စံထားဆရာတော်၏ ဝေါဟာရတ္တပကာသနီ (၁၇၆၉)၊ မဟာဇေယသင်္ခယာ (လှေသင်းအတွင်းဝန်းဦးချိန်) ၏ ဝေါဟာရ၏လီနတ္တဒီပနီ (၁၈၃၀)၊ အမည်မသိဆရာတော်တစ်ပါးပြုစုသော ဝေါဟာရ၀ိပ္ပလ္လာသလက္ခဏဒီပက (၁၈၇၃) တို့ဖြစ်သည်။

အခြားပညာရပ်ဆိုင်ရာ ကျမ်းများတွင်မူ ဦးနိုး၏ ရွှေတိုးဂါမံမြင်းကြန်လင်္ကာရင်း (၁၇၉၁) ကဲ့သို့ မြင်းကြန်ကျမ်း၊ မဟာဓမ္မသင်္ကြန်၏ နေမိတ္တက၀ိဇ္ဇာကျမ်း (၁၈၂၄)၊ ယောမင်းကြီးဥိးဘိုးလှိုင်၏ မဟာသုဇာတကကျမ်းတို့ကဲ့သို့ နက္ခတ်ဗေဒင်ကျမ်းများ၊ အ၀ရွှေမြို့တော်ဝန် မင်း စာရေးကြီး ဦးကောင်း၏ နရသုခီခကျမ်းလင်္ကာ (၁၈၁၁)၊ သမားတော်ဦးနွဲ့တရုတ်ဘာသာမှ မြန်မာပြန်ဆိုခဲ့သော ဂန္ဒာလရာဇ်ဆေးကျမ်း (၁၈၈၀) တို့ကဲ့သို့ ဆေးကျမ်းဓာတ်ကျမ်းများလည်း ပေါ်ထွက်လာပါသည်။

ဤသို့ဖြင့် ရှေးခေတ်မြန်မာဂန္တ၀င်စာပေကို လက်လှမ်းမီသမျှ ဥာဏ်မီသမျှ တင်ခဲ့ပါသည်။ မြန်မာ့ဂန္တ၀င်စာပေ၏ ဂုဏ်ရည်ကို ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ဇာတ်ပေါင်းပျို့မှ အဆိုအမိန့်တစ်ခုကို ကိုးကားလိုပါသည်။ စာဆိုရှင်မဟာရဋ္ဌသာရက -

"ကြည်လင်သန့်သက် ၊ တိမ်ယောင်နက်သား၊ မှိုက်မြက်စင်ကြယ်၊ ရေသဖွယ်တည့်၊ မှတ်လွယ်စေငှာ၊ သိသာစေချင်၊ နားဝင်စေအောင်၊ ထုံးဆောင်ပုံတူ၊ ရေးသားထုသို့၊ ရှင်မှုလူမှု၊ နှစ်ခါးရှုလျက်၊ အနုအကြမ်း၊ အစမ်းအစုံ၊ အာဂုံအာဂါ၊ အရာသိသိ၊ လေးပေါ့ညှိ လျက်ဒ၊ က၀ိလက္ခဏာ၊ လင်္ကာချိုဆိမ့်၊ သည်တွင်ငြိမ့်မျှ" ဟူ၍ မိန့်ထားပါသည်။ စာပေရေးဖွဲ့ရာတွင် ကြည်လင်သန့်ရှင်းနေပြီး တိမ်မယောင်နှင့် နက်သည့် ရေကဲ့သို့ စာမျိုး၊ မှတ်လွယ်သိလွယ်သကဲ့သို့ နားဝင်လွယ်သော စာမျိုး၊ ရှင်မှုလူမှုဟူသော ဓမ္မကြောင်း လောက အကြောင်းနှစ်ပါးလုံးမျှသော စာမျိုး၊ အနုအကြမ်းအလေးအပေါ့သူ့နေရာနှင့်သူ လိုက်ဖက်သောစာမျိုး၊ အသည်းထဲတွင် ငြိမ့်သွားလောက်အောင် ချိုဆိမ့်သော အရသာပေးစွမ်းနိုင်သောစာမျိုးကို ဆိုလိုခြင်းဖြစ်သည်။ ယင်းအဆိုအမိန့်သည် ဂန္တ၀င်ဟု သတ်မှတ်အပ် သော စာပေတို့၌ ရှိအပ်သော ဂုဏ်အရည်အသွးများကို ယေဘုယျဖော်ညွှန်းနေရာ အနက်အဓိပ္ပါယ်လေးနက်မှု၊ အနှစ်သာရရှိမှု၊ အရေးအဖွဲ့ ရှင်းလင်းမှု၊ ပြေပြစ်မှု၊ လိုက်ဖက်မှု၊ နှစ်သက်ဖွယ်ဖြစ်မှု ဟူသော အရည်အချင်းတို့လည်း ပေါင်းစည်းနေသည့် စာပေများဟု ဆိုနိုင်ပါသည်။

မှန်ပေသည်။ ထို့ကြောင့်လည်း ဆရာဇေယျက "သဘာဝအလှတရားတို့ကို တည်တံ့မြဲမြံအောင် စာထဲတွင် ဖမ်း၍ သိုလှောင်ထားရုံမက အရှင်ကို အသေဖြစ်အောင်၊ အခြောက်ကို အစိုဖြစ်အောင် ပြုလုပ်နိုင်သော အစွမ်းသည် ဂန္တ၀င်စာပေတို့၏ အစွမ်းပင်ဖြစ်သည်" ဟူ၍ ဆိုခဲ့သည် မဟုတ်ပါလော။

(ဆက်လက်ဖော်ပြပါမည်)
.........................

မိုးမခမှတ်ချက်။ ။ အကြောင်းအမျိုးမျိုးကြောင့် အပိုင်း (၃) နှင့် အပိုင်း (၄) အား မတင်ဖြစ်လိုက်ပဲ ..အပိုင်း (၅) သာ စောလျင်စွာတင်မိလိုက်တဲ့အတွက် မိုးမခ စာဖတ်ပရိတ်သတ်အား တောင်းပန်အပ်ပါသည်။ ကျန်သည့် အပိုင်း (၄) အားလည်း မကြာမီ ဆက်လက်ဖော်ပြပါမည်။
Posted by Aung Htet at 6:34 PM 0 comments  

Maung Naing Aung (Mother Land) - Articles


ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ
မောင်နိုင်အောင် (အမိမြေ)
ဧပြီ ၁၊ ၂၀၁၃



ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေ သော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။


MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါခင်ဗျာ။

Nay Myo Zin Interview on Peace in Kachin


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် - ဦးနေမျိုးဇင်
အင်ဂွန်ဂျာဝါ၊ ဧပြီ ၁၊ ၂၀၁၃

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လိုင်ဇာ၊ မြစ်ကြီးနား၊ ဗန်းမော်မြို့များအထိ ရောက်ခဲ့တဲ့ ဦးနေမျိုးဇင်နဲ့ မေးမြန်းချက်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့အဖွဲ့သားများနဲ့ လိုင်ဇာမှာတွေ့ခဲ့ပါတယ်။ ကချင် KIA ခေါင်းဆောင်နဲ့စစ်ဗိုလ်စစ်သားများ၊ အစိုးရစစ်ဗိုလ်၊စစ်သားများ (တချို့ မိမိတို့နဲ့ စစ်တပ်အတူနေခဲ့တဲ့ စစ်ဗိုလ်များအပါအ၀င်) အားလုံးဟာ စစ်မတိုက်ချင်တော့ပါဘူး။ ABSDF တပ်များ၊ ပြည်သူလူထုများ၊ ဒေသအားဏာပိုင်များနဲ့လည်း တွေ့ဆုံးတော့ အားလုံးငြိမ်းချမ်းရေး လိုချင်ပါတယ်။
စစ်တိုက်ခြင်းကြောင့် အားလုံးဒုက္ခရောက်၊ ဆင်းရဲ၊ သေကျေ၊ ဒဏ်ရာရ ပျက်စီးကြရတယ်။ တချို့ဆို သိန်း၂၀၀၀ လောက် တန်ဖိုးရှိတဲ့ ဆိုင်ကြီးများကို စွန့်ပစ်ပြီး ဒုက္ခသည်စခန်း လာရောက် ခိုလှုံနေရသူများလည်း တွေ့ရပါတယ်။ ပြည်သူလူထုနဲ့ မေးမြန်းတော့ ပိုပြီးငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ရွာပျက်၊ မြို့ငယ်များပျက်စီးပြီး ထွက်ပြေးလာရတဲ့ ဒုက္ခသည်များစွာပါ။ စစ်ဗိုလ်၊စစ်သားတွေလည်း အထက်က ခိုင်းလို့သာလုပ်ရပါတယ်။
အခု ပထမအကြိမ် ရွှေလီငြိမ်းချမ်းရေးဆွေးနွေးပြီးတော့ မြန်မာစစ်တပ်အချို့ ထိပ်တိုက်ရင်ဆိုင်တဲ့ နေရာများက နောက်ဆုတ်ပေးလိုက်တာ တွေ့ရပါတယ်။ လက်နက်ကိုင် တပ်၂ခု မြင်တွေ့နေရချိန် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်တတ်တာမို့ ထိုးစစ်ဆင်တဲ့ စစ်တပ်များ နောက်ဆုတ်ဖို့ လိုပါတယ်။
စီးပွားရေးနဲ့ပတ်သတ်ရင်တော့ လိုင်ဇာမှာ ဘာမှလုပ်လို့မဖြစ်သေးပါဘူး။ ဗန်းမော်-မြစ်ကြီးနား ခရီးလမ်းတော့ သွားလာ၊ကုန်ကူးနိုင်ပါပြီ။ အခွန်ကောက်ခြင်းမှာတော့ စနစ်တကျမရှိတာတစ်ကြောင်း၊ အုပ်ချုပ်ရေးစနစ်မပီပြင်တာတစ်ကြောင်း နယ်စပ် အခွန်ကောက်မှုမှာ အခက်ခဲရှိမှုများ၊ နိုင်ငံရေးအားဖြင့် ငြိမ်းချမ်းရေးရပြီး ဖက်ဒရယ်အုပ်ချုပ်ရေးဖြစ်လာရင် အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။
ဒုက္ခသည်စခန်းများမှာတော့ KIA ဒေသများမှာ ယခင်က လှုဒါန်းမှုတွေ မရောက်နိုင်ခဲ့ပါဘူး။ အခုတော့ ဒုက္ခသယ်စခန်းများကို သွားလာလို့ ရနေပါပြီ။ လှုဒါန်းဖို့ လွယ်ကူသွားပေမဲ့ မူလ မြို့ရွာများဆီတော့ ပြန်ဖို့မလွယ်သေးပါဘူး။
ငြိမ်းချမ်းရေး ရွေလီမှာ ဆွေးနွေးတဲ့အခါ အိမ်ရှင်ဖြစ်တဲ့ တရုပ်က ထိန်းချုပ်၊၀င်စွတ်မှု များစွာလုပ်ခဲ့ပါတယ်။ KIA ဗိုလ်မှုးချုပ်ဂွမ်မောင် တို့ကတော့ ဖက်ဒရယ်အုပ်ချုပ်ရေးကို နိုင်ငံရေးအားဖြင့် ဖြေရှင်းဖို့ ပြောပါတယ်။
ကိုယ်ရေးကိုယ်တာ အနေနဲ့ ကျနော် စစ်တပ်ကထွက်ပြီးတဲ့နောက် ကိုယ်ပိုင် အင်တာနက်ဆိုင်တခု ကနေ ၀င်ငွေရရှိတဲ့အတွက် မိသားစု၊ စားဖို့အတွက်တော့ အဆင်ပြေပါတယ်။ လိုင်ဇာကို သွားတော့ ဟိုရောက်တဲ့အချိန် ပြည်သူလူထုက ငှားလာတဲ့ ကားခအတွက် ရှင်းပေးလိုက်တော့ ငွေကြေးအဆင်ပြေသွားပါတယ်။ အခုချိန်ထိ အစိုးရပိုင်းနဲ့ ပတ်သက်ပြီး၊ အကူညီ တခုမှ မရသေးပါဘူး။ ကျနော်တို့အရွယ် အသက် ၃၀ - ၄၀ များစွာ အားပေးလုပ်ကိုင်တဲ့ ပြည်ထောင်စုလူငယ်များအဖွဲကလည်း တက်ကြွစွာ လုပ်ဆောင်ကြပါတယ်။ လူငယ်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေတာလည်း ပြည်သူကပေးတဲ့ ကွန်ပြူတာ(တပတ်ရစ်များ)၊ ငွေကြေးပစ္စည်းများ၊ အားပေးမှုများနဲ့သာ လုပ်ဆောင်နေရပါတယ်။ သင်တန်းဖွင့်ဖို့လည်း ကြိုးစားနေပါတယ်။ လစဉ် အခန်းငှားရမ်းခ ကျပ် ၇ သိန်းလောက် ပေးရတော့ ကျနော်တို့ မတတ်နိုင်ပါဘူး။ ရန်ကုန်မှာ ပြည်ထောင်စုလူငယ်များ မြန်မာလူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖြစ် စုပေါင်းလုပ်ဆောင်နေကြပါတယ်။
လက်ရှိဖြစ်နေတဲ့ မိထ္ထီလာအရေးအခင်းနဲ့ စပ်နွယ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများမှာ နောက်ကွယ်က (ယခင် စွမ်းအားရှင်လို) အဖွဲ့အစည်းတခုနဲ့ စနစ်တကျလုပ်ဆောင်နေတယ်လို့ ခံယူပါတယ်။ 

(နေမျိုးဇင် (ညီတိုးငြိမ်း)
၀၉၄၉၃၂၈၅၅၉ 
Facebook: http://www.facebook.com/msdn.naymyozin?ref=ts&fref=ts)
Posted by Maung Yit at 5:23 PM 0 comments  

Zaw Aung (Mon Ywa) - Home & Away Game

အိမ်ကွင်း၊ အဝေးကွင်း
ဇော်အောင် (မုံရွာ)၊ ဧပြီ ၁၊ ၂၀၁၃
အဝေးကွင်းမှာ ရှုံးချည်းရှုံးရတဲ့ မြန်မာ
၁၉၆၀-၁၉၇၀ ခေတ်ကာလတုံးက မြန်မာဘော်လုံးအသင်း အာရှဖလားပွဲကို ၂ကြိမ်ရွှေတံဆိပ်ဆု၊ ပထမဗိုလ်စွဲခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှက ထိုင်းနိုင်ငံအပါဝင် ဘယ်နိုင်ငံမှာ အာရှထိပ်သီးဘ၀ကို မရောက်ခဲ့ဖူးပါ။ အရှေ့တောင်အာရှ ရွှေတံဆိပ်အကြိမ်အများဆုံးရပြီး၊ အာရှအဆင့်မက ကမ္ဘာ့အဆင့်တိုင်အောင် တောင်ကိုးရီးယား၊ ဂျပန်၊ အီရန် အသင်းများကိုပခုံးချင်းယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တိုင်းပြည်လည်း စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်မွဲ၊ လူတွေလဲမွဲသွားပြီး ဘော်လုံး၊အားကစားလဲ မအောင်နိုင်တော့ပါ။

၁၉၉၃လောက်မှာ မြန်မာနိုင်ငံစီးပွားရေး အနည်းငယ်ဦးမော့လာချိန် မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှ၊ဗိုလ်လုပွဲမှာ ထိုင်းကို ၄း၃ နဲ့ရှုံးပြီး၊ ဒုတိယအဆင့်ရခဲ့ပြန်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအချိန် ထိုင်း၊မြန်မာ ဘောလုံးဗိုလ်လုပွဲ စင်ကာပူမှာ အော်ဟစ်အားပေးခဲ့ပါတယ်။ မြန်မာအသင်း ဒုတိယပိုင်းမှာ ၃း၂ နဲ့ နိုင်နေစဉ် မြန်မာနောက်တန်းက အ၀င်ကြမ်းတယ်ဆိုပြီး ပင်နယ်တီပေးခံရပါတယ်။ မြန်မာ့ဒေါသနဲ့ ဒိုင်လူကြီးကို လိုက်ကန့်ကွက်တဲ့ ဂိုးသမားအောင်ကျော်ကျော်နဲ့နောက်ခံလူတစ်ယောက် ၂ယောက်ကို အနီကပ်ပြထုတ်ပစ်ခံရတယ်။ ပွဲရပ်သွားတယ်။ ပြန်စတော့ ပင်နယ်တီကန်သွင်းခံရတယ်။ ၃း၃ နဲ့ သရေဖြစ်နေပေမဲ့ နောက်ဆုံးမှာ ၃း၎ နဲ့ ရှုံးပြီး ဒုတိယပဲရခဲ့တယ်။ မြန်မာပရိတ်သတ်ရော၊ ဘောလုံးသင်းပါ မတရားအညစ်ခံရတယ်ဆိုပြီး ဒေါသနဲ့ ဘော်လုံးကွင်း အမှိုက်ပုံးတွေ ကန်ကျောက်ခံခဲ့ရတယ်။

အဲဒီနောက်ပိုင်း တိုင်းပြည်ကလည်း စီးပွားရေး အနည်းငယ်တိုးတက်စအချိန် .. မြန်မာစစ်အာဏာပိုင်များက လူအား၊ငွေအား အထူးအားပေးခဲ့ပါတယ်။ အထူးပြုစုပျိုးထောင်ပါတယ်။ ငွေကြေး၊စားဝတ်နေရေး၊ အလွန်ဈေးကြီးလှတဲ့ ဂျာမန်နည်းပြတွေ ငှားရမ်းပြီး အရှေ့တောင်အာရှပွဲကို သွားပြိုင်ပါတယ်။ တိုင်းပြည်လည်း ၁၉၉၇ အာရှစီးပွားကပ်မှာ စစ်အာဏာရှင်များကို တိုင်းပြည်ကို Isolation လုပ်ပစ်လိုက်ပြန်တယ်။ နိုင်ငံစီးပွားရေးလည်း ၀ုန်းဒိုင်းဆို ကျဆင်းသွားတယ်။  ဘောလုံးအဆင့်လဲကျသွားပါတယ်။ ၁၉၉၉ အရှေ့တောင်အာရှဘော်လုံးပွဲမှာ ထိုင်း ၇ဂိုး၊ မြန်မာ သုည၊ အုပ်စုအဆင့်က ထွက်ရတဲ့အထိ မြန်မာ့ဘော်လုံးပြိုင်ပွဲရလဒ်လဲ ကျဆင်းသွားပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းလွန်ဓါတ်ငွေ့ထွက်ပြီး စီးပွားအနည်းငယ်ပြန်ဦးမော့လာချိန် ၂၀၀၅မှာတော့ တိုက်ဂါးဖလား အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဆီးမီးဖိုင်နယ်၊ အိမ်ရှင်စင်ကာပူနဲ့ ကန်ရတယ်။ ကျွန်တော်တို့ သွားပြီးအားပေးကြည့်ရှုကြပြန်ပါတယ်။ ပထမပိုင်း မြန်မာ ၂ဂိုး၊ စင်ကာပူ သုည၊  မြန်မာအသင်း ဗိုလ်လုပွဲတက်ဖို့ သေချာနေချိန် ဒိုင်လူကြီးက မြန်မာတိုက်စစ်မှုးရန်ပိုင်ကို အ၀ါကပ် ၂ကြိမ်ပြပြီး ထုတ်လိုက်တယ်။ ဘော်လုံးအသင်းနဲ့မြန်မာပရိတ်သတ် ဒေါသထွက်ကြတယ်။ နောက်ဆုံး ပွဲပြီးခါနီး ပင်နယ်တီပေးခံရတယ်။ အပြင်းထန်လိုက်ကန့်ကွက်လို့ မြန်မာဘောလုံးသမား၂ဦးကို အနီကပ်ပြထုတ်ခံလိုက်ရတယ်။ အချိန်ပို ဆက်ကန်တော့ ၂း၎ ရှုံးပြီး၊ ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတယ်။ မြန်မာပရိတ်သတ် ဒေါသနဲ့အမှိုက်ပုံးလိုက်ကန်၊ ကွင်းထဲထိ ၀င်ကန့်ကွက်လို့ ရဲအဖမ်းခံရသူများရှိခဲ့တယ်။

အဲဒီ ဘောပွဲအားလုံးဟာ အဝေးကွင်းမှာ ကန်ခဲ့ရပါတယ်။ မြန်မာနိုင်ငံစီးပွားပျက်စီးတော့ အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်တာဝန်၊ မယူနိုင်ခဲ့တာ နှစ်ပေါင်း၄၀ကျော်သွားပါပြီ။ အခု ၂၀၁၃ ဒီဇင်ဘာမှာ အိမ်ကွင်း၊ နေပြည်တော်မှာ အရှေ့တောင်အာရှ Sea Game ကျင်းပပါတော့မယ်။ မြန်မာဘောသင်းလည်း နိုင်ငံတော်အစိုးရသစ်က အထူးအားပေးခဲ့လို့ တိုးတက်လာပေမဲ့၊ အိမ်ကွင်းမှာ အရှေ့တောင်အာရှအဆင့် အနည်းဆုံးဘောလုံးပွဲမှာ ပထမရအောင် ကန်ရပါမယ်။ ဘယ်လိုကန်မလဲ။




O2 Opportunity and Option 
ဒီနာမည်နဲ့ ဆွေးနွေးမှုတစ်ခု မြန်မာတတ်သိပညာရှင်အချို့ စင်ကာပူမှာပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ တတ်သိပညာရှင်များနဲ့ ဆွေးနွေးကြပါတယ်။ သူတို့ဟာ လက်တွေ့စက်ရုံအလုပ်များတည်ဆောက်ခြင်း၊ ကုန်ထုတ်လုပ်ခြင်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သူများ ဖြစ်ပါတယ်။ စားသောက်ကုန်၊ ဆန်၊ဆီစက်ကိုယ်ပိုင်လုပ်ငန်း၊ လူနေကွန်ဒို၊ ဟိုတယ် အဆောက်အဦများ၊ လမ်း၊ တံတား၊ ဆည်မြောင်း  အဆုံးသပ် နေပြည်တော်ဆောက်လုပ်ခဲ့ခြင်း၊ စတဲ့လုပ်ငန်းများအပြင် အစိုးရကော်ပိုရေးရှင်းများရဲ့ စက်မှု(၁) (၂)၊ ရေနံ၊ဓါတ်ငွေ၊ သတ္တုလုပ်ငန်းများ၊ အထည်စက်ရုံများ၊ မြန်မာအာဏာပိုင်များ၊ ငွေရှင်များ၊ နိုင်ငံခြား (ဂျပန်၊ကိုးရီးယား၊ ဂျာမန်နဲ့ဥရောပါ၊ အမေရိကန် အပါအ၀င်ကုမ္ပဏီကြီးများ အပြင် နောက်ဆုံး၊ စင်ကာပူ၊မလေးရှား၊တရုပ်၊အိန္နိယနဲ့ အခု ပေါ်ပြူလာဖြစ်နေတဲ့ ထိုင်းလုပ်ငန်းရှင်များနဲ့ တွဲဖက်လုပ်ဆောင်နေသူများဖြစ်ပါတယ်။

ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတော့ အိမ်ကွင်းမှာ ကန်မဲ့မြန်မာဘော်လုံးသမားများ ဘယ်လိုအောင်နိုင်အောင်လုပ်မလဲ ..။

မန်မာနိုင်ငံရဲ့အားသာချက်များ
တဟုန်ထိုးတိုးတက်နေတဲ့ တရုပ်နိုင်ငံနဲ့၊ အိန္နိယ ၂နိုင်ငံကြားမှာ ရပ်တည်နေပါတယ်။
အကောင်းမြင်တတ်ဆုံး စစ်ဗိုလ်ချုပ်ကို ရွေးကောက်ပွဲအပြီး အစိုးရသစ်ရဲ့ အာဏာရ ကြံ့ဖွံ့ပါတီသမ္မတ အဖြစ်တင်မြောက်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်မှ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တွေ့ဆုံပြီး ရင်ကြားစေ့စပ်နိုင်ခဲ့ပါတယ်။
လွှတ်တော်မှာ အတိုက်ခံ အင်အယ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့ ၁၀%လောက် အနိုင်ရရှိ၊ပါဝင်လာပါတယ်။
အမေရိကန်နဲ့လည်း အောင်မြင်စွာ ချစ်ကြည်ရေးတည်ဆောက်ထားခဲ့ပြီဖြစ်တယ်။
စစ်အာဏာရှင်ဟောင်း ခေါင်းမာသူအုပ်စုလည်း အင်အားနည်းလာပါတယ်။
ငွေကြေးဈေးကွက်လည်း ကျပ်ငွေကို US$1=K6.50 ပုံသေနှုန်းထားမှု၊ ရပ်ဆိုင်းပြီး ကမ္ဘာ့ငွေကြေးစနစ်ကိုဝင်လာခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၁၁ဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ခဲ့ပြီး၊ နောက်ဆုံး ကချင်အဖွဲ့နဲ့ ၁နှစ်ခွဲအပြင်ထန်တိုက်ပွဲ Feb2013 မှာရပ်ဆိုင်းနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အားနည်းချက်များ

ဒုတိယတန်း နိုင်ငံခေါင်းဆောင်များ အမျိုးသားစိတ်ဓါတ်ရှိဖို့လို အရေးကြီးလှပါတယ်။
မြန်မာလူမျိုးများရဲ့ စစ်အာဏာရှင်စိတ်ဓါတ် အင်အားသုံးချေမှုန်းလိုခြင်း မကြာခဏတွေ့နေရပါတယ်။
ပထမ၊ဒုတိယတန်း နိုင်ငံခေါင်းဆောင်များ ခြစားနေမှု၊ ပုဂ္ဂိုလ်ရေးခင်မင်မှုများကို ဖြေရှင်းရန်လိုပါတယ်။
ပြည်ပရောက် နိုင်ငံရေး Black List များသာမက၊ တတ်သိပညာရှင်များကို ပြည်တွင်းမှာနေရာပေးဖို့လိုပါတယ်။
ပြည်တွင်းခေါင်းဆောင်များ အနည်းဆုံး အီးမေးပို့တတ်ဖို့လိုနေပါတယ်။ (လူငယ်များ တတ်လွယ်ကြပါတယ်)။
ပြည်ပ FDI နဲ့ တရုပ်၊ထိုင်း စီးပွားရေးရင်းနှီးမှုများကို ဦးစားပေးနေရခြင်း။
လက်ရှိ အရှေ့တောင်အာရှမှာ စီးပွားရေး တစ်ဦးချင်းဝင်ငွေ၊ အနည်းဆုံးဖြစ်နေပါတယ်။
တိုင်းပြည်သယံဇာတ ရောင်းချတဲ့လုပ်ငန်းတခုပဲ ၀င်ငွေရတဲ့လုပ်ငန်းဖြစ်နေပါတယ်။


စီးပွားရေးလုပ်ငန်းအခြေခံသဘောတရား
ပထမအချက်အနေနဲ့ နိုင်ငံတိုးတက်ဖို့ဆိုတာ ကုန်ထုတ်လုပ်ငန်းတိုးတက်ဖို့အခြေခံများ၊ အစိုးရကပျိုးထောင်ပေးထားရပါတယ်။ ဥပမာ ဆက်သွယ်ရေး (မိုဘိုင်းဖုန်း)၊ ပို့ဆောင်ရေး (ကုန်ကား၊လူစီးကား၊ရထား၊လေယဉ်)၊ လမ်း၊တံတား စတဲ့အခြေခံများကို ဈေးနှုံးချိုသာအောင်လုပ်ပေးရပါတယ်။ နိုင်ငံအုပ်ချုပ်သူများအတွက် Infra Structure ဆိုတာလုပ်ဖို့ အစိုးရယန္တယားဖြစ်တဲ့ အုပ်ချုပ်ရေး ၀န်ကြီးဌာနအများအပြားနဲ့ဆိုင်တဲ့ ဦးစီးဌာန၊ ကော်ပိုရေးရှင်းများ၊ ပြင်ပပုဂ္ဂလိကလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဘာသာရေးလူမှုရေး ရှုပ်ထွေးလှပါတယ်။
အခြေခံဖြစ်တဲ့ စီးပွားလုပ်ငန်းတခုကိုစဉ်းစားရင် Quality, Cost, Delivery ၃မျိုးနဲ့ အမြက်အစွန်း Profit ထွက်အောင်လုပ်ရပါမယ်။ တနပ်စား၊ ပေါ်ပင်၊ဂွင်လုပ်ငန်းများကို နည်းအောင်လုပ်ပေးခြင်းအား ခြစားမှုကို တိုက်ဖျက်ပေးခြင်းဖြစ်ပါတယ်။


မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း တွေကိုကြည့်မယ်ဆိုရင် အမြက်အစွန်း Profit ကောင်းလှပါတယ်။ ဒါပေမဲ့ လူထုနဲ့ကမ္ဘာမြေကြီး (မြန်မာပြည်သဘာဝ) ဖက်ကကြည့်ရင် Health ကျန်းမာရေး၊ Safety လုံခြုံရေး၊ Environment တ်ဝန်ကျင်ထိခိုက်မှုများ ကိုငဲ့ကြည့်ရင်တော့ မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ရပါတယ်။ တခါတလေ နိုင်ငံအကျိုးအတွက်ကြည့်ပြီး၊ သဘာဝပျက်စီးသွားရင်လည်း ခွင့်ပြုရပါတယ်။ လက်ပံတောင်းတောင် အရေးအခင်းမှာ ဒေသခံများအတွက် အလွန်နစ်နာပါတယ်။ ဒါကြောင့် ရပ်ဆိုင်းသင့်၊မသင့် အများကြီးစဉ်းစားနေဆဲဖြစ်ပါတယ်။

အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းများ SME Small & Median Business များကတော့ ပထမ၃ချက် Cost, Delivery, Quality ကိုအဓိကထားပြီး အမြက်အစွန်းထွက်အောင် လုပ်ရပါမယ်။


ပိုင်းခြေညှိခြင်း

လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် အသေးစား၊ အလတ်စား SME အတွက်တော့ အမ်ဘီအေဘွဲ့ရသူများစဉ်းစားသလို မစဉ်းစားကြပါ။ အများအားဖြင့် မြန်မာ့လုပ်ငန်းရှင်များဟာ လုပ်ရင်းကိုင်ရင်း တိုးတက်ကြီးပွားလာသူများဖြစ်ပါတယ်။ သူတို့မှာ ယုံကြည်မှုကို အခြေခံတည်ဆောက် လုပ်ရပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတည်ဆောက်ရပါတယ်။ နိုင်ငံခြားက အခုမှရောက်လာတဲ့ နိုင်ငံခြားကုမ္ပဏီကို ဘယ်လိုလုပ်ပြီး ယုံကြည်ရမလဲ။  ပြည်ပက မြန်မာပြည်တွင်း လာရင်းနှီးသူများဟာ စေတနာရှိလို့လာသူ မရှိသလောက်ပါ။ လုပ်ငန်းသဘောတရားအရ အမြတ်အစွန်းရဖို့ လာခြင်းဖြစ်တဲ့အတွက် ကုမ္ပဏီကြီးများရင်းနှီးတဲ့ FDI Foreign Direct Investment ကိုတော့ နိုင်ငံတော်အစိုးရလူကြီးမင်းများရဲ့ တာဝန်၊ မီဒီယာဆရာ၊ ပညာရှင်တိုင်ပင်ခံများရဲ့တာဝန်လို့ပဲ ထားပါစို့။

အခုစဉ်းစားမဲ့ အလတ်တန်းစားလုပ်ငန်းတွေမှာ နိုင်ငံခြားကလာရောက်ပစ္စည်းရောင်းမယ်။ ကုန်ကြမ်းရောင်းမယ်။ စက်ပစ္စည်းရောင်းမယ်။ ကုန်ချောဝယ်မယ် ...စသဖြင့် ပြည်တွင်းက လုပ်ငန်းရှင်များနဲ့လုပ်ကိုင်မယ်ဆိုရင် ပိုင်းခြေညှိရပါတယ်။

အပိုင်းဂဏန်းကိုတော့ မူလတန်းပညာသင်ဖူးသူတိုင်း နားလည်မှာပါ။ ဥပမာ ၁။ကုန်ကြမ်းရောင်းသူ၊ ၂။ကုန်ထုတ်လုပ်သူ၊ ၃။ကုန်ချောဝယ်သူ (စားသုံးသူ)  ၃ဦးတို့မှာ မတူညီတဲ့ အခြေအနေများရှိပါတယ်။ မတူညီမှုမကို ပိုင်းခြေလို့ သတ်မှတ်ရင်၊ အားလုံးပူးပေါင်းလုပ်ဆောင်ဖို့ ပိုင်းခြေအရင်တူအောင်လုပ်ရပါမယ်။ Co-ordination ဆိုတဲ့ ညှိနှိုင်းမှုလိုပါတယ်။ လူတိုင်း အမြက်အစွန်းထွက်ချင်တယ်။ ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့သဘောသဘာဝ ရှိပါတယ်။ ရေရှည် အတူလုပ်ကိုင်ကြမှာဖြစ်တဲ့အတွက် ၃ဦးစလုံးတူညီတဲ့ပိုင်းခြေရအောင် ကြိုးစားရပါမယ်။

အထူးသဖြင့် ပြည်တွင်းက လုပ်ငန်းများဟာ အခုမြန်မာပြည်ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အချိန် အသေးစား၊ အလတ်စား လုပ်ငန်းများ SME တွေ အလွန်အထိနာလှပါတယ်။ အထူးသဖြင့် ကျပ်ငွေဈေး ရုတ်တရက်ခိုင်မာသွားချိန် ပြည်ပထုတ်ကုန်လုပ်ငန်းများ အလူးအလဲခံရပါတယ်။ ပြည်ပဈေးကွက်နဲ့ ပိုင်းခြေညှိရတဲ့အခါ ပြည်တွင်းစက်မှုလုပ်ငန်းများ အရှိုက်ကို အပြင်းအထန်ထိုးနှက်ခံလိုက်ရပါတယ်။ နိုင်ငံတော်အစိုးရသစ်ကလည်း စစ်အာဏာရှင်စနစ် ခေါင်းဆောင်ပိုင်းပြုပြင်ပြောင်းလဲနေချိန်၊ ၀င်ငွေအမြောက်အများရမဲ့ FDI လုပ်ငန်းကြီးများကိုပဲ အာရုံစိုက်ရပါတယ်။ ပြည်ပသွင်းကုန်၊ ပို့ကုန်လုပ်ငန်းကို နားမလည်ခြင်း၊ နားလည်လျှက် ခြစားခြင်း ၀န်ထမ်းနဲ့စနစ်များကြောင့် ပြည်ပစွန့်ပစ်လူသုံးကုန်ပစ္စည်းများ ဒလဟောပြည်တွင်းကို ၀င်လာပါတယ်။ အခွန်ရှောင်များကို လိုက်ဖမ်းတဲ့ တရားမ၀င်ကုန်စည်များ လိုက်ရှာဖွေခြင်း ဌာနဆိုင်ရာများဟာ အလွန်အလုပ်များရပါတယ်။ တရုပ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္နိယနိုင်ငံ နယ်စပ်များက တရားမ၀င်၊ တရာဝင် ကုန်တင်ကားကြီးများစွာ ဒလဟောဝင်နေခြင်းဟာ အလွန်ကြီးမားလှတဲ့ အခွန်ငွေများ နစ်နာနေပါတယ်။ ရပ်လို့လည်းမရ၊ ဖမ်းလို့လည်းမရ။

၁၂ဘီးကုန်ကားကြီးများလည်း တစ်စီးကို တန်၃၀လောက်တင်မောင်းနေရာက အာစီယံစံနှုန်းဆိုပြီး တစ်ကားကို ၁၀တန်ပဲတင်ရမယ် လုပ်လိုက်တော့ ကားကြီးသမားများ ဒုက္ခရောက်သွားပါတယ်။ ဒီဇယ်ဖိုး၊ ဒရိုင်ဘာဖိုး၊ ကားအပိုပစ္စည်းများကြောင့် မကိုက်တော့ပါ။ တရုပ်ကုမ္ပဏီများက ဓါတ်ငွေပိုက်လိုင်းမှာ အကြွေးနဲ့လုပ်ပေးတဲ့အဆင့်ကို ရောက်သွားပါတယ်။ တရုပ်ကုမ္ပဏီများကလည်း မြန်မာပြည်အတွက် စပယ်ရှယ် အခုမှထောင်ထားတာလားမသိ၊ လုပ်ငန်းတခုပြီး ပျောက်သွား၊ ဘယ်သူ့ဆီ လုပ်အားခလိုက်တောင်းရမှန်းမသိ၊ အထူးသဖြင့် မြန်မာလူမျိုး ဌာနဆိုင်ရာများ အားဏာပိုင်အချို့ ကလည်း တော်တော်ပေးရတယ်။ ငါးပုံတစ်ပုံ စီမံခန့်ခွဲခလိုလို၊ အခွန်လိုလို တရားဝင်လိုလို ပေးရတယ်ဆိုပါတယ်။ လုပ်ငန်းလုပ်သူများဟာ ၂၀%လောက်မြက်အောင် မနည်းလုပ်ရတာ အမြက်ကမသေချာသေးဘူး၊ အခွန်ကအရင်ကောက်တော့ ခက်ခဲလှတဲ့ ပြုပြင်ပြောင်းလဲရေးခေတ်ကြီးပါ။

ဌာနဆိုင်ရာများနဲ့ ပိုင်းခြေညှိရတာ အခက်ဆုံးဖြစ်ပါတယ်။ ဥပဒေဆိုတာ ဘာမှန်းမပီပြင်သေးတော့ Institute, Association တွေကို မှတ်ပုံတင်ဖို့ အလွန်ခက်ပါတယ်။ ဥပမာ ခရုလုပ်ငန်းရှင်များက သူတို့ဖာသာအဖွဲ့အစည်းလေးဖွဲ့မယ်။ နိုင်ငံခြားနဲ့ဆက်သွယ်တဲ့အခါ ကိုယ့်လုပ်ငန်းတူတဲ့လူအချင်းချင်း အမြန်ဆုံးဖြတ်ချင်ပေမဲ့၊ အဖွဲ့အစည်းမှတ်ပုံတင်ခြင်းဥပဒေက မသေချာတော့ နေပြည်တော်အထိ အလုပ်ရှုပ်ရတယ်။ အချိန်ကုန်၊ငွေကုန်၊ မလုပ်ရဲတာထက်..ဘာလုပ်ရမှန်းမသိဖြစ်ရတယ်။

ဒီတော့ ပြည်ပနိုင်ငံများက လာရင်းနှီးချင်တဲ့ သာမန်ကုမ္ပဏီလေးတွေ ဘယ်ခံနိုင်မှာလဲ။ ရုံးခန်းလေးလောက်ပဲ ထားပြီး ပြန်ပြေးရတယ်။ ဂျပန် မာရူဘိနိ ပွဲစားကုမ္ပဏီကြီးလိုမျိုးတွေပဲ ပိုင်းခြေညှိတတ်တော့ အဆင်ပြေတယ်။ ပိုင်းခြေညှိရတာ တော်တော်ခက်ကြောင်းပါ။ ပိုင်းခြေညှိလို့ရသွားရင်တော့ အိုကေသွားပါပြီ။




ပုစ္ဆာနားလည်မှအဖြေရမည်

ပြသနာ၊ ပရိုဂျက်၊ ရည်မှန်းချက်တွေကို ပုစ္ဆာလို့ ဆိုကြပါစို့။
အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးက ယောင်္ကျားပါ။ မိန်းမအဓိကငွေရှာတဲ့ အိမ်ထောင်တောင်မှ ယောင်္ကျား၊ နံပါတ်(၁)ပါပဲ။ အင်အားကြီးတဲ့ယောင်္ကျားက မိသားစုပြသနာများမှာ တာဝန်အကြီးဆုံးဖြစ်ပါတယ်။ ဇနီးမောင်နှံ၂ဦးစလုံး ပြသနာ (ပုစ္ဆာ)နားလည်ရပါမယ်။ ဒါမှ အဖြေမှန် ရပါမယ်။ ယာယီအဖြေ၊ ရေရှည်အတွက် အဖြေ ..စသဖြင့် အဖြေအမျိုးမျိုးရှိနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် ပုစ္ဆာကို အစိုးရသစ်က နားလည်ပြီးဖြစ်ပါတယ်။ အဖြေကိုရှာရပါတယ်။ နိုင်ငံအလယ်ပိုင်းဒေသ ဗဟိုပြုပြီး တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ်၁၀၀၀ကြာပြီး၊ အင်္ဂလိပ်လက်ထက်မှာ ရေတပ်အင်အားနဲ့ ပင်လယ်ဆိပ်ကမ်းဖြစ်တဲ့ ရန်ကုန်ဗဟိုပြုအုပ်ချုပ်ခဲ့ပါတယ်။ အခုနေပြည်တော်ကို ဗဟိုပြုနေပါပြီး၊ မန္တလေးတိုင်းဗဟိုပြုစနစ်ဖြစ်နေပါတယ်။ (See Illustration Image)

ပြသနာ၊ ပရိုဂျက်၊ ရည်မှန်းချက်တွေကို ရေတို၊ ရေရှည် ပူးပေါင်းလုပ်ဆောင်နေကြသူတွေကတော့ အဓိက သမ္မတဦးသိန်းစိန်အစိုးရ၊ ပြည်သူ့လွှတ်တော်တို့ဖြစ်ပါတယ်။ အတိုက်ခံ အင်အယ်ဒီပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို အထူးပြုရသလို၊ လွှတ်တော်၂၅ရာနှုန်းပါဝင်တဲ့ အင်အားကြီးစစ်တပ်ခေါင်းဆောင်များကိုလည်း အထူးပြုရပါတယ်။ ပြီးတော့ ပြည်တွင်းစီးပွားရေးဦးပိုင်၊ ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်ပရင်းနှီးမြှတ်နှံမှုများ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံတကာအစိုးရအဖွဲ့စည်းများ ...စသဖြင့် ရှုပ်ထွေးနေပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်တွင်း၊ ပြည်ပ ပေါ်လစီများကို သူတို့ပြောတဲ့ မိန့်ခွန်းများ သေချာစွာလေ့လာဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပရင်းနှီးမြှတ်နှံမှုအတွက် လေးစား၊ အားကိုးရသလို၊ ပြည်တွင်းမှာတော့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်အစိုးရကို လေးစား၊အားကိုးရပါတယ်။ ချစ်၊ကြောက်၊ရိုသေ၊နာခံဖို့ တော်တော်ခက်ခဲနေဆဲ ပြုပြင်ပြောင်းလဲကာလပါ။ ကျနော်လည်း သူတို့မိန့်ခွန်းတွေ အားချိန်မှာပြန်ဖတ်ရပါဦးမယ်။


Link
 http://murann.com/dasskuts.htm
ခေါင်းဆောင်၂ဦး၊ ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြော၊ လုပ်တာပြောတာ မှတ်တမ်းရှိ ISO ပုံစံ၊ စစ်ဆေးနိုင်မဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေလိုနေပါတယ်။

လောလောဆယ်တော့ ပုစ္ဆာများ မမျှော်လင့်ပဲပေါ်လာတာတွေလည်း မနည်းပါ။ ပြည်တွင်းလက်နက်ကိုင်ပြသနာ၊ လူမျိုးရေး၊ဘာသာရေးပြသနာ၊ ငွေကြေးစီးပွားပြသနာ...စုံနေပါတယ်။ အဖြေများ တစ်ခုပြီး၊တစ်ခု ဒီမိုကရေစီစနစ်နဲ့ဖြေရှင်းရသလို၊ နည်းဟောင်းဖြစ်တဲ့ ဗဟိုဦးစီးစနစ်ဖြေရှင်းခြင်းကို ပိုမိုသုံးစွဲနေရပါတယ်။
 

လယ်ယာစိုက်ပျိုးနိုင်ငံ
မန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးအဆင့်မှာပဲ ကျန်ရစ်နေပါတယ်။ ခေတ်ကြီး ၅ခေတ်ကို ကြည့်ရင်၊
၁။ ကျောက်ခေတ်(အမဲလိုက်ခြင်း)၊
၂။ လယ်ယာစိုက်ပျိုးခြင်း၊
၃။ စက်မှုခေတ်
၎။ ကွန်ပြူတာ၊အင်တာနက်ခေတ်
၅။ ရွှေပညာရှင်ခေတ် ... လို့သတ်မှတ်ရင် မြန်မာပြည်ရဲ့ ၇၀ရာနှုန်း လူဦးရေဟာ၊  Farming လယ်ယာ၊သားငါးကုန်ထုတ်လုပ်ငန်းကို မှီနေရပါတယ်။ 




ဒါကြောင့် မြန်မာအစိုးရသစ်ဟာ နိုင်ငံခြားက ရတဲ့ FDI Foreign Direct Investment ငွေကြေးများကို လယ်ယာလုပ်ငန်းမှာရင်းနှီးပြီး တိုင်းသူပြည်သားများ ဆင်းရဲမှုပပျောက်ရေးအတွက် အထူးကြိုးပမ်းနေပါတယ်။ Farming လုပ်ငန်းအတွက် မြေသြဇာ၊ နည်းပညာ၊ စက်မှုလယ်ယာ စသဖြင့် အသေးသုံးများစွား လိုနေပါတယ်။ အကြီးစားအနေနဲ့ ရေ၊ ချေးငွေ စသည်တို့ လိုအပ်ပါတယ်။ ရေတမံ၊ မြေအောက်ရေ၊ မြစ်ချောင်းရေ၊ တူးမြောင်း ... စသဖြင့် အထူးလိုအပ်ပါတယ်။ ဒါကြောင့် ရေကိုသာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှတ်နှံနိုင်ရင် ထိုင်း၊ မလေးရှားလို လယ်ယာ၂သီးလောက် စိုက်ပျိုး၊ ၀င်ငွေရွှင်လာပါမယ်။ 

ပဲမျိုးစုံ ပြည်ပတင်ပို့ခြင်းအတွင် ၂၀၁၂ ၀င်ငွေဟာ ကန်ဒေါ်လာ သန်းပေါင်း၁၂၀၀ကျော် ဖြစ်တယ်လို့ သိရပါတယ်။ ငါးပုဇွန်များ ပြည်ပတင်ပို့ခြင်းဝင်ငွေလည်း ကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ကျော်ရှိတယ် သိရပါတယ်။ ဆန်တင်ပို့မှု၊ အခြားသီးနှံ၊ သရက်သီး၊ ငှက်ပျောသီးများကို ဖိလစ်ပိုင်နိုင်ငံက လွှမ်းမိုးထားပါတယ်။ လိမ္မော်၊ပန်းသီး၊ စပျစ်၊ မက်မန်း များလည်း မြန်မာပြည်မှာထွက်ပါတယ်။ြ

ပြည်ပပို့နိုင်ဖို့ဆိုတာ နိုင်ငံတကာဗဟုသတ ကြီးမားတဲ့ နိုင်ငံတော်အစိုးရက လုပ်ပေးမှရပါမယ်။ Agriculture Product များကိုတင်ပို့ရောင်းချဖို့ ကုန်သယ်များအသင်းတွေ အလိုအလျောက်ရှိနေပါတယ်။ သူတို့ကို ကူညီဖို့ နိုင်ငံတော်အစိုးရတာဝန်ပါ။  တရုပ်နိုင်ငံ၊ ကိုးရီးယားနိုင်ငံများက ကုန်စည်များ ကမ္ဘာကို ထိုးဖောက်ခြင်းဟာ တရုပ်သံရုံးမှာ စီးပွားရေးအတွင်းဝန်ဌာနက အခမဲ့၊ စေတနာနဲ့ ကူညီပေးပါတယ်။ နမူနာယူရမှာပါ။



နိဂုံးချုပ်
အိမ်ကွင်းနဲ့အဝေးကွင်း ဆောင်းပါးကို အဆုံးသပ်ဖို့၊ စက်မှုလုပ်ငန်းများကို ဦးတည်ဖို့ကတော့ ယုံကြည်မှုလှိုင်း၅ခု နဲ့ အဆုံးသတ်ချင်ပါတယ်။

အကြမ်းဖျင်းရေးရရင်

၁။ မိမိကိုယ်တိုင် (ကျနော်ကိုယ်တိုင်)
၂။ အခြားသူများနဲ့ (မြန်မာလူမျိုးစုများအချင်းချင်း)
၃။ အဖွဲ့အစည်းအချင်းချင်း (မြန်မာအဖွဲ့အစည်းများ အချင်းချင်း)
၎။ ဈေးကွက်
၅။ လူမှုရေးကွန်ယက် စသည်တို့ဖြစ်ပါတယ်။  ပထမ (၃)ခုကို ကျွန်တော်တို့ဖာသာ စတင်ရမယ်ဖြစ်ပြီး၊ ဈေးကွက်နဲ့လူမှုကွန်ယက်များကိုတော့ နိုင်ငံတော်အစိုရက စေတနာစိတ်၊ အမျိုးသားစိတ်နဲ့ဦးဆောင်ပေးရပါမယ်။

မြန်မာပြည်အတွက် တကယ်လိုအပ်တဲ့အရာဟာ ငွေမဟုတ်ပါဘူး။ လူသားအရင်းအမြစ်ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှတ်နှံမှုကော်မတီမှာ ပြည်ပရောက်မြန်မာတတ်သိပညာရှင်များကို သူတို့ ပြည်ပမှာရတဲ့လခအတိုင်း ပေးပြီးခန့်ဖို့ လိုအပ်ပါတယ်။ 


One Country - Two System ဆိုတဲ့အတိုင်း ပြည်ပလစာနှုန်း ရတဲ့အုပ်စုတစ်ခုနဲ့ ပြည်တွင်းလစာနှုန်းရတဲ့ အုပ်စု၂ခု ခွဲထားရပါမယ်။ မြန်မာဘော်လုံးအသင်းကို အုပ်ချုပ်ဖို့ နိုင်ငံခြားနည်းပြများကို လစာဒေါ်လာသောင်းဂဏန်း ပေးနိုင်သလို၊ မြန်မာတတ်သိပညာရှင်များ ဒေါ်လာသောင်းဂဏန်း၊ နိုင်ငံခြားမှာ လစာရရှိနေသူများရှိပါတယ်။

 ပြည်ပမှာ လစာ ဒေါ်လာတစ်ထောင်လောက်ပဲ ရသူများ မြန်မာပြည်ပြန်လာပြီး၊ ဒေါ်လာသန်းချီတဲ့ စီးပွားရေးပရောဂျက်တွေကို အကြံပေးနေရင်တော့ ပြည်ပကုမ္ပဏီများက စွန့်ပစ်ထားတဲ့ စက်အစုတ်တွေချည်းပဲ မြန်မာပြည်လာပုံချထားသလို ဖြစ်နေမှာပါ။ ဗီယက်နမ်နိုင်ငံလည်း ဒီလို အမေရိကန်မှာ ရောင်းမရတဲ့စက်တွေ ဗီယက်နမ်အစိုးရကို ညာချပြီးရောင်းစားထားတာ အများကြီးပါပဲ။



အမျိုးသားရေးအတွက် မိမိကိုယ်တိုင်၊ အခြားသူများနဲ့ပူပေါင်းပြီး၊ အဖွဲ့အစည်းနဲ့သွားမှ အလွန်ကြီးမားလှတဲ့ တရုပ်၊အန္နိယနိုင်ငံများရဲ့ အင်အားသုံးဝင်ရောက်ချယ်လှယ်မှုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်ကိုယ်တိုင်လည်း ခန္တာအင်အားနည်းမှု၊ ငွေကြေးအင်အား၊ ပြည်တွင်းမှာအနှစ်၂၀ကျော် လုပ်ခဲ့တဲ့ ပင်ပမ်းမှု၊ ကျွန်ုမိတ်ဆွေများ အဝေးကွင်း (ပြည်ပ)မှာ အဆမတန်တနေ့၁၀နာရီအထက် နေ၊ညမပျက် ပင်ပမ်းစွာလုပ်ကိုင်ခဲ့မှု၊ အလွန်အားနည်းပါတယ်။ တစ်ဦးချင်း အားနည်းပေမဲ့ ပြည်တွင်းက သန်း၆၀ မြန်မာများနဲ့ ပြည်ပရောက် မြန်မာ၆သန်း ပူးပေါင်းကွန်ယက်ဖို့ အလွန်အရေးကြီးနေပါပြီ။ အဝေးကွင်းမှာ ရှုံးနိုမ့်ပေမဲ့၊ အိမ်ကွင်းမှာတော့ ဒီ စင်ကာပူ၊ ဂျပန်၊ အမေရိကန်၊ ကိုးရီးယား၊ တရုပ်၊ အင်္ဂလိပ် စတဲ့ အဝေးကလာတဲ့ အသင်းတွေကို အိမ်ကွင်းမှာ အနိုင်ကစားရပါတော့မယ်။

ကုလသမဂ္ဂအကြီးကဲ ဦးသန့်ရဲ့မြေး သန့်မြင့်ဦး ရေးတဲ့ စာအုပ်တွေမှာ တဟုန်ထိုးတိုးတက်နေတဲ့ နိုင်ငံကြီးများကြားမှာကျနေတဲ့ မြန်မာလူမျိုးများ ရပ်တည်ဖို့ ကိုယ်ပိုင်အမျိုးသားစိတ်ဓါတ်နဲ့ စုစည်းညီညွတ်မှုလိုအပ်ပါတယ်။ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်သူများ၊ ရပ်ဆိုင်းဖို့၊ ထိုင်းနိုင်ငံရဲ့တိုးတက်မှုကို လက်ခံဖို့၊ အခုဆို အမေရိကန်များနဲ့ဥရောပနိုင်ငံများလည်း အမြက်အစွန်းရရှိရေးအတွက် တာစူနေပြီဖြစ်ပါတယ်။ မြန်မာဈေးကွက်ကို တရုပ်နဲ့ဂျပန် ၂နိုင်ငံစီးပွားလုပ်ငန်းကြီးများက လုယက်၊တိုးဝှေ့နေကြတာ စစ်တိုက်နေတဲ့အလား၊ မြန်မာ့လက်ရှိ အစိုးရသစ်ခေါင်းဆောင်များ အတွက်ဘယ်သူ့ကိုဦးစားပေးရမလဲ စဉ်းစာရကျပ်နေချိန်ဖြစ်ပါတယ်။

အဆုံးသပ်မှာတော့ ဒီနိုင်ငံကြီးသားများ မြန်မာ့ဈေးကွက်ကို လုယူကြတဲ့ပွဲ အိမ်ကွင်းဘောလုံးပွဲကစားနေပါပြီ။ ကိုယ့်နေရာမပေးချင်လဲ၊ ထိုင်ခုံအသစ်များ ဖန်တီးပေးသင့်ပါတယ်။ ဘောလုံးပွဲကို ဥပမာရေးပေမဲ့ အောင်မြင်တဲ့ဘောလုံးသမားဟာ "လသုံးလုံး"  ဆိုတဲ့ လိင်၊ လပ်၊ လောင်းကစား မလွန်ကျူးဖို့အလွန်အရေးကြီးသလို မြန်မာ့ခေါင်းဆောင်များအတွက်လဲ အရေးကြီးလှပါတယ်။ တရုပ်၊ကိုးရီးယား ကမ္ဘာ့အဆင့်ရောက်သွားခြင်းဟာ ပြည်ပရောက်သူတို့လူမျိုး တတ်သိပညာရှင်များကို ချဉ်းကပ်၊ရာထူးပေးနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ အစိုးရသစ်ခေါင်းဆောင်များ အဝေးရောက်မြန်မာတတ်သိပညာရှင်များကို တန်ရာတန်ကြေးပေးပြီး၊ ခေါ်ယူခန့်ထားနိုင်ဖို့အရေးကြီးနေပါပြီ။  အပြောမဟုတ်ပဲ လက်တွေ့ ခေါ်နိုင်မှ အိမ်ကွင်းမှာ ဟန်မယ်ဖြစ်ပါကြောင်း။

စုစည်းတင်ပြသူ
ဇော်အောင်  ၂၃-မတ်-၂၀၁၃

မှတ်ချက်။
မြန်မာတတ်သိပညာရှင်များဆွေးနွေးချက်များကိုမှီညမ်းပါသည်။
http://mingalaronline.net/stories/Singapore_02_O2.pptx
http://mingalaronline.net/stories/Myanmar SME Project Summary March 10 2013.ppt.pptx


Posted by Maung Yit at 3:44 PM 0 comments  

Ku Mo Jo - Cartoon


ကာတွန်း ကူမိုးကြိုး - စိတ်ကြီးတဲ့ မင်းသား၊ မတ် ၃၁၊ ၂၀၁၃

Posted by Maung Yit at 11:19 AM 0 comments  

Emergency Management Committee formed by President


အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီဖွဲ့စည်းခြင်း
သတင်းကောက်နုတ်ချက်၊ မတ် ၃၁၊ ၂၀၁၃
မြန်မာ့အလင်းသတင်းစာ ၃၀ မတ် ၂၀၁၃၊ (အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၃)
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) ဥက္ကဋ္ဌ
ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) အတွင်းရေးမှူး
(၁၀) ဦးကော်မတီ ။ 


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives