[mrsorcerer:37782] Fwd: [လူဗိုလ်ဟူသည် ...] တောသားတွေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/3
Subject: [လူဗိုလ်ဟူသည် ...] တောသားတွေ
To: lubo601@gmail.com


by Mg Han (Notes) on Tuesday, April 2, 2013 at 2:04am

"တောသားတွေ"
ဒီစကားက အမေ့ဆီကကြားနေကျပါ။ စကြားမစပ် ကျနော်တို့အဘွား အမေ့အမေက မြို့ပေါ်ရောက်မှ မွေးတော့ အမေကို မေမေ၊ မာမီ ခေါ်မှကြိုက်တယ်။ ကျုပ်လို့ပြောတာ မပြောနဲ့ ကျတော်ဆိုရင်တောင် မကြိုက်ဘူး မင်းကြိုက်စိုးဝင် တော်ဝင် အသုံးဖြစ်တဲ့ "သားကလေ သားကလေ" ဆိုမှ သဘောကျတယ်။ အညာမှာ အမေကို အမလို့ ခေါ်ကြပေမယ့် မြို့ပေါ်မှာ မခေါ်ကြတာ ကြာပါပြီ။ ယောင်ပေစူးလေးတွေတောင် ရွာဘက်တွေမှာ မရှိကြတော့ဘူး။ ထားပါတော့။ ကျုပ်အဖေကကျ ရွာသားဗျ။ ရွာဘက်များ လိုက်သွားရင် "ထွားလာလိုက်တာ"၊ "ဝလာလိုက်တာ" "ချောလာလိုက်တာ"၊ " ဝက်ခြံတွေတောင်ပေါက်ပြီ" အကြောင်းအမျိုးမျိုးနဲ့ လူကိုလာလာကိုင်ကြည့် တာ အဖြူဆိုမဲသဗျ။ တစ်ဝမ်းကွဲ အထက်အောက်တွေက ဝတ်သွားသမျှ ချွတ်ခိုင်းပြီး သူတို့ကြိုက်တာ ဆို ပေးခဲ့ပါလုပ်တာ။ အသစ်ယူပါဆိုလဲ မရဘူး။ သူတို့ယက်တဲ့လက်ဖြစ် ဖျင်ထည်တွေ၊ စီလွန်အဆင် လှလှလေးတွေ ကိုယ့်ကို ပြန်ပေးလိုက်ပါတယ်။


ခင်ဗျားတို့ မြို့မှာ ဟွန်းသံ ကင်းမဲ့ဇုံဆိုတာတောင် ရှိတယ်မို့လား။ ဟွန်းသံဟာ ဆဲတာမို့လား။ ရွာအဝင်လမ်းတစ်လျောက် ဘယ်နားက လမ်းညာဘက် ဘယ်သူ့အခင်း၊ ဘယ်မြောင်းအကျော်က ရေတင်နေတာ ဘယ်ဝါ့လှည်း အဲဒီနားကို ဖြတ်တိုင်း ဟွန်းလေးမှ တီးမသွားရင် မခေါ်မပြောနိုင်ဖြစ်တော့တာ။ ရှေးဗမာတွေ ဟွန်းသံကြိုက်မကြိုက်ကတော့ မေမြို့အတက်လမ်းက နတ်နန်းတွေ အသိပါ့။ ရွာထဲဝင်လို့ အိမ်စဉ်ဖြတ်ရင်လဲ " ဝေး..ဘယ်သူရေ၊ ဘယ်ဝါရေ...".အော်ရတာ။ တစ်အိမ်တက် တစ်အိမ်ဆင်း လည်လို့ တစ်ခုမက ချကျွေးရင် တစ်ခုခုတော့စား၊ မဟုတ်ရင် တောင်းရတယ်။ မတောင်းရင် မစားရင် မယုံဘူး၊ မခင်ဘူး အဓိပ္ပါယ်ရောက်လို့ နောက်များ လမ်းတွေ့တောင် လှည့်မကြည့်ပါဘူး။

" ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ညကြည်ဖြူ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ ဆိုရစေ။" (ရှင်မဟာသီလဝံသ ဆုံးမစာထဲကပါ) ဆက်တီတွေ ပေါ်လာတာမို့ တောကလူတွေများလာရင် ပေါလစ်တင်ထားတဲ့ ဆက်တီပေါ်မှာ ဖုတ်တွေ(ဖုန်တွေ)လူးပေနေတဲ့ ခြေထောက်တွေနဲ့ ဆောင့်ကြောင့်ထိုင်နေတာ တွေ့ဖူးမှာပေါ့နော်။ တောအယူ တောဓလေ့ကတော့ မတ်တပ်ရပ်တာ ရိုသေသမှုမဟုတ်ဘူး။ ဆောင့်ကြောင့်ထိုင်တာ။ မျက်လွှာချတာ သာရိုသေသမှုလို့ သူတို့မှတ်တာ။ ဥပမာ ဆရာတော် တစ်ပါးနဲ့ ကြမ်းတပြေးထဲ နေရာရပြီဆိုပါစို့။ မတ်တပ်ကြီးရပ်နေမယ်ဆို လက်အုပ်လေးတော့ ချီကြရပါတယ်။ မဟုတ်ရင် ပုဆစ်တုပ်ထိုင်ချင်ထိုင်၊ ဆောင့်ကြောင့်ထိုင်ချင်ထိုင်နိုင်ပါတယ်။ ဆရာတော်က သက်သာသလို နေကြပါလေ ဆိုမှ တင်ပလ္လင်ခွေထိုင်တာ၊ နံရံမှီ ဒူးထောင် ထိုင်တာ လုပ်နိုင်ကြတာပါ။ ဒါတောင် အဲဘုန်းကြီးကျောင်းထွက်မှန်ရင် ခြေဖျား ခြေဖဝါးမပေါ်ရဘူးဗျ။ ကိုယ့်လုံချည်နဲ့ကိုယ် လုံရတယ်။ မဟုတ်ရင် ဦးချတဲ့အခါ နောက်လူ မျက်နှာနားမှာ ကိုယ်နင်းချင်ရာနင်းထားတဲ့ ခြေဖဝါးကြီးက အထင်းသားမို့လား။

နောက်တစ်ခုကတော့ ခြေနင်းတာပါပဲ။ ကျောင်းမနေဘူးတဲ့သူများ(ဘုန်းကြီးကျောင်း) သစ်သားကြမ်းပေါ်နင်းတဲ့အခါ အင်မတန် အသံမြည်ပါတယ်။ ဖိနပ်စီးတဲ့အခါ ရှပ်သံထွက်ပါတယ်။ မောင်ဟန်တို့ တပ်ထဲဝင်တော့ ဖိနပ်ကို ခွာသံမပေါက်လို့ အအော်အငေါက်ခံရတာ အဲဒီစည်းကမ်းတွေကြောင့်ပေါ့။ ခြေဖျားနဲ့ချသူဟာ လောဘကြီးတယ်။ ဖနောင့်နဲ့ချသူဟာ ဒေါသကြီးတယ်။ ခြေတစောင်းသမားက မောဟကြီးတယ်ရယ်လို့ မိမိကိုယ်ကို လောဘသမား၊ ဒေါသသမား၊ မောဟသမား မဖြစ်အောင် ထိန်းဖို့ သွန်သင်ခံထားရတဲ့ ဘုန်းတော်ကြီးကျောင်းသားတွေကို လမ်းလျောက်နည်း စည်းကမ်းနဲ့ထိန်းပါတယ်။ ဖိနောင့်ရဲ့ ရှေ့ပိုင်းနဲ့ချ ခြေဖျားနောက်က ဖဝါးဦးနဲ့လိုက်ပြီး ကြမ်းပေါ်မှာ ငြိမ်ငြိမ်လျောက်တတ်ဖို့က ကျောင်းထွက်များမဟုတ်ရင် အညာဓလေ့ မေ့သူများဆိုရင် မသိနိုင်ပါဘူး။ ခုခေတ်မမလေးများ ဒေါက်ဖိနပ်သံကို ဖက်ရှင်ကျအောင် လျောက်ပုံများလဲ နောက်လာဆရာတော်များ အတော်သည်းခံနိုင်နေကြပြီမို့ ဒီဓလေ့လေးတွေလဲ ပြောမယုံကြုံဖူးမှသိမယ့် စာရင်းထဲဝင်လောက်ပါပြီ။ သက်တော်ဝါတော်ရ ဆရာတော်များကတော့ မျက်လုံးအစုံပင်ကွယ်ပလေ့စေ သူ့ကျောင်းကြမ်းပေါ်နင်းသမျှကိုတော့ သူ့ကျောင်းက ဟုတ်မဟုတ် အတပ်ဟောနိုင်နေတုန်းပနော့်။

နောက်တစ်ခုကတော့ ဘာပြောပြော ခင်ဗျာ၊ဗျာ၊ ရှင်၊ ထည့်ပြောရတာပါပဲ။ ဆရာတော်တွေနဲ့ စကားမပြောတတ်ဘူး ဆိုတာ ခေတ်မှီကြောင်းပြသတဲ့ သင်္ကေတ တစ်ခုဖြစ်လာတဲ့ ကာလမှာ "အိုင်က ယူတို့ကိုယ်တော်တွေနဲ့ ဖလူးရန့်ဒလီး မပြောနိုင်ဘူး။ ဖြစ်နိုင်ရင်ကူပါဦး။ အိုခီ" ဆိုတာလေးတွေကို အပြစ်လဲပြောချင် ပြောရလဲခက်ခက် ကျနော်မှာလဲ တဏှာနဲ့ပဲမို့လားလေ နော့်။ ဆရာတော်တွေနဲ့ မပြောတတ်တာ ဆရာတော်တွေ သည်းခံလိမ့်မပေါ့ သူတို့က နိဗ္ဗာန်လမ်း မြန်းကြမယ့်သူတွေပဲ အပရိကတွေ စိတ်ထဲ ထားကြမထင်ပါဘူး။ အညာမယ်တော့ ကိုယ့်မိသားစုချင်းသာ "အင်း၊ အေး၊" ပြောတာပါ။ ဒါတောင် အမေနဲ့သားလောက်ပါပဲ (အမေဆိုတာ သားများဆို ဖူးဖူးမုတ်ကိုး)  ကြီးသူနဲ့ငယ်သူ ယှဉ်လာတဲ့အခါ ပွဲနေပွဲထိုင် ကြုံလာတဲ့အခါ ခင်ဗျာ၊ရှင်၊ ကျွန်တော်၊ကျွန်မက ဟုတ်ကဲ့ ဆိုတာတွေကို သုံးရပါတယ်။ မြို့ကျောင်းတစ်ခုကို သွားတက်တော့ ကျူရှင်ဆရာက နားလည်ရဲ့လား၊ ကျောင်းသားအားလုံးက နားလည်ပါတယ်။ မောင်ဟန်တစ်ယောက်တည်း နောက်က " ခင်ဗျ" ။ အဲဒီပိုနေတဲ့ "ခင်ဗျ"တစ်လုံးမဖျောက်နိုင်လို့ ဆရာက မုန့်ကျွေးပြီး အဖျောက်ခိုင်းခဲ့ရတယ်။ မဟုတ်ရင် "ခင်ဗျ" ဆို ကျောင်းသားတွေက ပြုံးစိစိလှည့်ကြည့်၊ ဆရာကလဲ အရှိန်ပျက်သကိုး။ မုန့်နဲ့မျှားတော့လဲ ဆွေ့ကနဲပါသွားတာပါပဲ။ သိပ်အသဲနုတာကိုးလေနော့်။

နောက်တစ်ခုကတော့ အသက်မေးတာပါ။ ဟိုးအနောက်ကမ္ဘာခြမ်းက ယဉ်ကျေးကြလေသူ အသိုင်းအဝိုင်းကြီးများမှာတော့ လူတစ်ယောက်ရဲ့ အသက်မေးရာမှာ မိန်းမတစ်ယောက်ကို မမေးရဘူးတဲ့။ ဂျန်တာခွဲလိုက်တာနော်။ အညာကျေးမှာတော့ "ဒါလေးမေးတာ ကွာ ဖက်နမ်းတာမဟုတ်၊ လက်ဆွဲနမ်းတာမဟုတ် သူရို့ကို ငါတို့က ဘာလုပ်မှာ မို့တုန်း"ဆို ဖြစ်ကြမှာပေါ့လေနော့်။ အညာမှာ အမှုကြီးတာက လူပျိုက အပျိုကို ခေါ်တောတစ်သိန်းအားနဲ့ကြည့်တာမဟုတ်ပါဘူး၊ အကြည့်ကနေလွန်လို့ လက်ပါလာရင်တော့ ကြည်ဖြူရင်ပြဿနာမရှိပေမယ့် မကြည်ဖြူခဲ့တဲ့အခါ။ လင်ရှိမယားကို သိသားနဲ့ ငေးတာ။ ရောတာ၊ ဖေါက်ပြန်တာဟာ ရပ်ရွာက အကျင်ခံရမယ့် လူ့အန္ဓစာရင်းဝင် အမှုပါပဲ။ ဟိုးအနောက်ကမ္ဘာမှာတော့ တွေ့ရင် ပါးကလေးကို မွှစ်ကနဲ၊ ယောက်ျားတစ်ယောက်လုံးပါလျက်နဲ့ အိခနဲပွေ့ထည့်လိုက်တာ။ လက်ကလေးကို စွပ်ကနဲ နမ်းထည့်လိုက်တာ။သိသိကြီးနဲ့ဝင်ရော အဆင်မပြေရင် ဆောရီးတစ်လုံးတည်းနဲ့ပြီးသွား၊ လက်စွပ်ကို မတွေ့လို့ဆို ပြီးသွားမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ အဆင်မပြေရင်ပြောတာနော့်။ ပြေရင်တော့ ပြေသလိုပါ့။ တွေးကြည့်တော့လဲ ပျော်စရာလိုလိုတော့ ရှိသား။ ပဲ့ပါသွားမယ့် ကိစ္စတွေမဟုတ်တာ ၂ဦးကြည်ဖြူလို့ လောကနိဗ္ဗာန်သွားကြတာ နင်ကကြားကဘာတွေဖြစ်နေတာတုန်းလို့ ဆိုနိုင်တာပေါ့လေ။ မတူတာ ပြောချင်တာ အဓိကပါ။

အညာကျေးမှာတော့ အသက်မေးတာက အရေးကြီးသဗျ။ မတွေ့ဘူးတဲ့ ခဏလာတဲ့ သူစိမ်းတွေမို့ လုံမလေး၊ မဘယ်သူ၊ ဒေါ်ဘယ်သူ၊ အသက်ကြီးသူတွေက တူမလေး ခေါ်နိုင်ကြပေမယ့် ကာလအတော်အကြာလဲနေမယ်၊ လုပ်ငန်းကိုင်ငန်းလဲ ရှိဦးမယ်ဆိုရင် လူရွယ်တန်းမှာတော့ အဲသလိုခေါ်နေသ၍ သူတို့အသိုင်းအဝိုင်းထဲမဝင်ဆံ့ပါဘူး။ ဘယ်နှခုဘွားတုန်းလို့ မေးလိုက်ပြီးရင် အင်္ဂလိပ်နှစ်ကို ဗမာလိုပြန်တွက်ပြဖို့ကလဲ လိုသေးတာ။ လွယ်တော့လဲ မလွယ်ပါဘူး။ အဲသည်တော့မှ သူက နင့်ထက် ကြီးတယ်။ နင့်ထက်တော့ငယ်တယ်။ စသည်ဖြင့် စီနီယာလိုက်စဉ်ပြီး ငယ်သူက အမဘယ်သူလို့ ခေါ်သလို၊ ကြီးသူကလဲ မိဘယ်သူလို့ ခေါ်ပါတယ်။ မိဘ ဦးကြီးဦးလေးများကလဲ ဟဲ့ မင့်နှမ မြို့သူ ခေါ်ချေ။ မင့်အမ မြို့သူ ခေါ်ချေ လို့ မိသားစုဝင်တစ်ယောက်လို ပြောဆိုသုံးနုန်းကြတာပါပဲ။ ဒါပေမယ့် အညာသားတွေလဲ ခေတော့မခေကြပါဘူးလေ မြို့သူတွေ အသက်မေးတာ မကြိုက်မှန်းသိတော့ ကျောင်းပညာနဲ့မှန်းကြပါတယ်။ ကိုယ့်အသက် အရင်ပေးပြီး ကြီးသလား ငယ်သလားမေးတတ်နေကြပါပြီ။ "ကျုပ်က ၉တန်းနဲ့ရပ်ထားတာ ၃နှစ် သူက ၁၄တန်းအောင်တာ ၂နှစ်ကြာပြီဆိုတော့ အပုံကြီူးကြီးသပေါ့ ဒွေးခင်ရဲ့" လို့ အင်္စီရင်ခံနေတာလေးတွေကြားနေနိုင်ပါပြီ။ မမလေးတို့ ယဉ်ကျေးမှုကို မသိလိုကမဟုတ်ပါဘူးနော့် ကိုယ့်ထုံးစံအရ မိသားစုစာရင်းသွင်းချင်လွန်းလို့ ဆွေမျိုးတော်ချင်လွန်းလို့ရှိရှာမှာပါအေရယ်။

နောက်တစ်ခုကတော့ အဲသလိုများ ရင်းပြီဆို ဝင်ငွေဘယ်လောက်ရှိသတုန်း မေးတတ်ကြသဗျ။ ဒါကလဲ ရွာထဲ လာကတည်းက တိုက်ဆောက် ကားဝယ်နေကြရင် ဘယ်သူမှမမေးကြပါဘူး။ ရာထူးနဲ့ပြောင်းလာတယ်။ မိသားစုလေးနဲ့နေတယ် ရိုး၂ငြိမ်၂နေတဲ့ ဝန်ထမ်းတွေ၊ တနယ်တကျေးက ပြောင်းလာတဲ့ မိသားစုငယ်လေးတွေဆို အတော်ရင်းနှီးတော့မှ မေးလေ့ရှိကြတာပါ။ မလောက်ငဘူး၊ မပြေလည်ဘူးဆို ရပ်ရွာတာဝန် ကူဖို့ အလုပ်ပေးဖို့ ထမင်းကျွေးဖို့ မေးလေ့ရှိတာပါ။ အဲ ဆွေမျိုးတွေလိုထဲက တနယ်တကြေး အလုပ်လုပ်သူတွေကိုလဲ မေးလေ့ရှိပါတယ်။ သူတို့က ရည်ရွယ်ချက် ၃ခုနဲ့မေးတာပါ။
၁- ငယ်ငယ်ကတည်းက အသားကျတဲ့ ကုသိုလ်၊ပညာ၊ဥစ္စာ ရဖို့သင်ရာဒေသ နေရတယ်ဆိုတဲ့ မင်္ဂလာတရားတော်ထဲကလို ပြည့်စုံရဲ့လားသိချင်ကြလို့ပါ
၂- မာတာပိတု ဥပဋ္ဌာနံ ဆိုသလို အမိအဘကို စောင့်ရှောက်နိုင်ပြီလား။ ရသမျှ လက်ဖက်တစ်ရိုးနဲ့ အမျိုးတော်တဲ့ မယားဘက် လင့်ဘက်ချည်း ရောက်နေသလား။
၃-ဥာတကာနဥ္ဒ သင်္ဂဟော ဆိုသလို ကိုယ်ကဘာကူနိုင်မလဲ၊ ကိုယ့်ကိုရော ဘာကူနိုင်မလဲ မြို့မှာနေတော့ ငါတို့ဆေးရုံတက်ရင် သူ့အိမ်တည်းနိုင်မလား၊ ငွေအင်အား တောင့်တယ်ဆို အကူညီလိုရင်လွှတ်မယ်။ ချို့ငဲ့တယ် ဆိုရင် လူကြုံနဲ့ အခြောက်အခြမ်း၊ ဆီ၊ ပဲ၊ ထည့်ပို့မယ်။
သည်လို ၃ချက်နဲ့ မေးတာပါပဲတဲ့။
သည်၃ချက်မှာ ၂ချက်နဲ့ ပြည့်စုံရင် လူရာဝင် လူစာရင်းသွင်းလို့ ဘုန်းကြီးပွဲဝင်နိုင်ပြီ၊ ရပ်ရေးရွာရေး နေရာပေးတိုင်ပင်နိုင်ပြီ၊ အိမ်ဦးမှာ နေရာပေးလို့ ထမင်းပွဲရှေ့ရောက် ဧည့်ကောင်းသောင်ကောင်း လုပ်နိုင်ပြီလို့ စာရင်းသွင်းပါသတဲ့ဗျား။
မဟုတ်ရင်တော့ ကလေးစာရင်းထဲမှာ ဗိုလ်လုပ်လို့ရ၊ ဧည့်သည်လုပ်လို့ရတာမို့ သိပ်အရောတဝင် ဆက်ဆံကြမယ် မဟုတ်ပါဘူး။

သူတို့ ခင်ဗျာများမယ် အနောက်ကမ္ဘာဘိလပ်ပြည်က လူယဉ်ကျေးတို့ ထုံးစံ မြို့ကြီးသားတို့ စည်းကမ်းတွေကို မသိလို့မဟုတ်ကြပါဘူး။ ရှိရင်းစွဲအရိုးခံ မိရိုးဖလာမပျက် ဖက်တွယ်ထားခဲ့တဲ့ အစဉ်အလာတွေကို မပစ်ရက်လို့သာ လူရိုင်းစာရင်းမှာ တောသားတွေ တောသားပီပီယဉ်ကျေးနေတာနေမှာလို့ တွေးမိရင်း။       ။

ကျန်းမာချမ်းသာကြပါစေ။
 ကျနော်မောင်ဟန်ပါ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/04/2013 07:34:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.