[mrsorcerer:37987] Fwd: [လူဗိုလ်ဟူသည် ...] ကေတုမတီ တောင်ငူမြို့ဟောင်း သမိုင်းအကျဉ်းချုပ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/20
Subject: [လူဗိုလ်ဟူသည် ...] ကေတုမတီ တောင်ငူမြို့ဟောင်း သမိုင်းအကျဉ်းချုပ်
To: lubo601@gmail.com



သာသနာတော် (၂၀၅၄) ခုနှစ်၊ ကောဇာသက္ကရာဇ် (၈၇၂) တွင်ဇေယျဝဍ္ဎတိုင်းကြီး အတွင်း ၌ ကေတုမတီမင်းနေပြည်တော်ကြီးကို မင်း(၂၉)ဆက်မြောက် မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကျီးညိုမင်းတရားကြီး တည်ထောင်တော်မူခဲ့သည်။ တောင်ငူမင်းဆက်ကို သ၀န်ကြီးနှင့် သ၀န်ငယ်ညီနောင်နှစ်ဦးက စတင်တည်ထောင်ခဲ့သည်။ မင်းစဉ်မင်းဆက်တို့မှာ

၁။ သ၀န်ကြီးမင်း (၆၄၁-၆၇၉)

ခပေါင်းချောင်းဖျားရှိတောင်ကုန်းငယ်ပေါ်တွင် တောင်ငူမြို့ကို စတင်တည်ထောင်ခဲ့သည်။ (၆၇၉)ခုနှစ်တွင် မြတ်စောညီနောင်ဘုရား၌ ညီသ၀န်ငယ်လုပ်ကြံ၍ အနိစ္စရောက်သည်။

၂။ သ၀န်ငယ်မင်း (၆၇၉-၆၈၆)

တောင်ငူမင်းအဖြစ်အုပ်စိုးခဲ့၍ (၆၈၆)တွင် ကွယ်လွန်သည်။

၃။ မင်းစောနစ် (၆၈၆-၆၈၇)

သ၀န်ငယ်၏မယားစောစလာမှ ဖွားမြင်သည်။ အရွယ်မရောက်သေးသဖြင့် မိခင်စောစလာရင်ခွင်ပိုက်အုပ်ချုပ်ရသည်။ ထောင်မှူးကရင်ဘ က လုပ်ကြံ၍ မင်းစောနစ်ဆုံးသည်။

၎။ ထောင်မှူးကရင်ဘမင်း (၆၈၇-၇၀၄)

ထိုမင်းလက်ထက်စည်ကားသည်။ လက်ရုံးကောင်းသည်။ (၇၀၄)ခုနှစ်တွင် အနိစ္စရောက်သည်။

၅။ လက်ျာစကြာမင်း (၇၀၄-၇၀၆)

ထောင်မှူးကရင်ဘ၏ သမက်ဖြစ်သည်။ (၇၀၆)တွင် ညီတော်ထောက်လှေကား လုပ်ကြံ၍ အနိစ္စရောက်သည်။

၆။ ထောက်လှေကားမင်း (၇၀၆-၇၀၈)

နောင်တော်ကိုလုပ်ကြံပြီး ထီးနန်းဆက်ခံသည်။ (၇၀၈)ခုနှစ်တွင် သင်္ဂပါ(သိမ်ပကား)လုပ်ကြံ၍ အနိစ္စရောက်သည်။

၇။ သိင်္ဂပါ(သိမ်ပကား) (၇၀၈-၇၂၉)

(၇၀၈)ခုနှစ်တွင် သိင်္ဂပါ(သိမ်ပကား)မင်း ရေလွဲငါးခရိုင်ကိုထိုး၍ သုံ့ပန်းယူသည်။ (ငနွယ်ကုန်း) လယ်ဝေးအနောက်တွင် ငနွယ်သားတို့ကို နေစေသည်။

၈။ ပျံချီကြီးမင်း (၇၂၉-၇၃၇)

သိင်္ဂပါမင်းလွန်သော် ပဲခူးတွင်နေသော သားတော်ပျံချီကြီး မင်းပြု၍ (၇၃၇)တွင် ပျံချီကြီး အနိစ္စရောက်သည်။

၉။ မွန်မင်း - မစိန်(မဲ့ကျိန်) (၇၃၇-ခုနစ်လသာ)

ပြည်မြို့တွင် ပျံချီကြီးမင်း လုပ်ကြံခံရသောအခါ တောင်ငူမြို့စောင့်ထားခဲ့သော မွန်မစိန် (မွန်ဘာသာ အသုံးမဲ့ကျိန် ဟုဖတ်ရသည်) မြို့ကို သိမ်းပိုက်ပြီး မင်းဖြူနှင့် ဖာပုပျံချီကြီး၏ သားသမက်စုက္ကတေးတို့က တောင်ငူကိုလုပ်ကြံ၍ရလျှင် မွန်မင်းမစိန်ကိုသတ်၏။ မစိန်နန်းသက် (၇)လမျှသာရှိ၏။

၁၀။ ပျံချီငယ် (၇၃၇-၇၄၁)

ပျံချီကြီး၏သား ပျံချီငယ်အမည်နှင့် ထီးနန်းဆက်ခံ၏။ ထိုမင်းကား အလုပ်အကြံမရှိ၊ အပျော်အပါးကြူး၏။ (၇၄၁) ခုနှစ်တွင် ယောက်ဖ စုက္ကတေးလုပ်ကြံ၍ အနိစ္စရောက်သည်။

၁၁။ စုက္ကတေးမင်း (၇၄၁-၇၄၅)

ထိုမင်းသည် မွန်မင်း၊ မြန်မာမင်းတို့နှင့် သင့်တင့်အောင်မကျင့်သဖြင့် မြို့၊ရွာ မငြိမ်မသက်ဖြစ်၏။ (၇၄၅) ခု၌ မင်းဖေါင်းကားလုပ်ကြံ၍ အနိစ္စရောက်၏။

၁၂။ မင်းဖေါင်းကား (တပါးမင်း) (၇၄၅-၇၅၉)

ပင်းယအနောက်ဖေါင်းကားရွာတွင် မွေးဖွား၍ မင်းဖေါင်းကားသည် အရည်အသွေးကောင်းသောကြောင့် တောင်ငူစည်ကားသည်။ အင်းဝမင်းကြီးစွာကိုလည်း ညွတ်သည်။ မွန်မင်းတို့ကိုလည်း သင့်တင့်အောင်ဆက်ဆံသည်။ ဘာသာရေးကောင်းမှုများကိုလည်း အားသန်သည်။ တောင်ငူ ငြိမ်းချမ်းသာယာသည်။ (၇၅၉)တွင် အနိစ္စရောက်သည်။

၁၃။ မင်းစောမင်း (ပထမ) (၇၅၉-၇၆၁)

မင်းဖေါင်းကားသားတော်ဖြစ်သည်။ မင်းမူ၍ (၂)နှစ်ရှိလျှင် အသက်ငယ်ရွယ်၍ ပြည်ရွာကို မအုပ်ချုပ်နိုင်ရာဟု အင်းဝမင်းကြီးစွာက မင်းနေမိကို ဆင်ခြောက်ဆယ်နှင့် တောင်ငူကိုပေးသဖြင့် မင်းစောဦးနန်းကျသည်။ ရွာကျစောဦးဟု အမည်တွင်သည်။

၁၄။ မင်းနေမိ (တပါးမင်း) (၇၆၁-၇၇၀)

မင်းနေမိ တောင်ငူတွင် မင်းပြုသည်။ အင်းဝမင်း၏လက်အောက်ခံမြို့စားမျှသာ ဖြစ်သည်။

တောင်ငူတွင် မင်းတစ်နှစ်လပ်သည်။ (၇၇၀-၇၇၁)

၁၅။ မင်းလက်ျာ (တပါးမင်း) (၇၇၁-၇၇၃)

အင်းဝမင်းခေါင်က မင်းနေမိကို ဖယ်ရှားပြီး အထိန်းတော်ငခင်ညိုကို လက်ျာကြီးဟူသောအမည်ဖြင့် တောင်ငူတွင် မင်းမူစေသည်။

၁၆။ စတုသင်္ခယာ (၇၇၃-၇၇၇)

အင်းဝဘုရင်မင်းခေါင်က တောင်ငူကို စတုသင်္ခယာအားပေးသည်။ နန်းသက်လေးနှစ်တွင် ကွယ်လွန်သည်။

၁၇။ သင်္ခယာငယ် (၇၇၇-၇၈၀)

စတုသင်္ခယာလွန်သော် သားသင်္ခယာငယ်က တောင်ငူထီးနန်းဆက်ခံသည်။ (၇၈၀)တွင် အရှေ့ရှမ်းတို့ လာရောက်တိုက်ခိုက်သဖြင့် ကျဆုံးရသည်။ ထို့ကြောင့် စစ်ကျသင်္ခယာဟုတွင်သည်။

တောင်ငူတွင်မင်းတစ်နှစ်လပ်သည်။ (၇၈၀-၇၈၁)

၁၈။ ပန်းတောင်းမင်း (၇၈၁-၇၈၂)

၇၈၁ ခုတွင် အင်းဝဘုရင်မင်းခေါင်က ပန်းတောင်းမင်းကို တောင်ငူ၌မင်းပြုစေသည်။ တစ်နှစ်လျှင် ပန်းတောင်းမင်းကိုနှုတ်၍ မင်းသစ်စောလူးကို ပို့ကာအုပ်ချုပ်စေပြန်သည်။

၁၉။ စောလူးသင်္ခယာ (၇၈၂-၇၉၇)

အင်းဝမင်းခေါင်ကြီးက စောလူးအား သင်္ခယာဘွဲ့နှင့် တောင်ငူကိုပေး၍ စောလူးသားစောဦးကို ရန်နောင်မြို့အစားပေးသည်။ စောလူးသင်္ခယာလက်ထက် တောင်ငူမြို့စည်ကားသည်။ ထိုမင်းသည် ရတနာသုံးပါးကို ကြည်ညို၍ ကောင်းမှု၌မွေ့လျော်၏။ ရဲစွမ်းသတ္တိနှင့်လည်း ပြည့်စုံသည်။ ထိုမင်းတည်ခဲ့သော မြနန္ဒာဘုရားသည် တောင်ငူမြို့အနောက်ဘက် ၁၀ မိုင်ခန့်တွင် သပ္ပါယ်စွာတည်ရှိဆဲဖြစ်သည်။ အင်းဝ၊ မိုးညှင်းမင်းကို ခြားနား၍ အင်းဝ၏လက်အောက်ခံဘ၀မှ တောင်ငူကို လွပ်လပ်စေခဲ့သည်။ (၇၉၇) ခုနှစ်တွင် မွန်ပြည် ဒရယ်ပြင်အရပ်မှာ တောကစားခိုက်ခဏချင်းနာ၍ ကွယ်လွန်တော်မူသည်။

၂၀။ ဥဇနာမင်း (၇၉၇-၇၉၈)

စောလူးသင်္ခယာလွန်လျှင် သားမက်တော် ဥဇနာ တောင်ငူထီးနန်းကိုဆက်ခံသည်။ နန်းသက်တစ်နှစ်အကြာ (၇၉၈)ခုတွင် မွန်မင်းဥဇနာကို လှည့်ဖြားခေါ်ယူပြီး တောင်ငူကို စောဦးအား အုပ်ချုပ်မင်းလုပ်စေသည်။

၂၁။ မင်းစောဦး(ဒုတိယ) (၇၉၈-၈၀၂)

မင်းစောဦးကား စောလူးသင်္ခယာသားရန်နောင်မြို့စားတည်း။ တောင်ငူထီးနန်းတွင် စိုးစံ၍ (၄)နှစ်ရှိလျှင် နာမကျန်းဖြစ်နေစဉ် ၄င်း၏မယားနှင့် တရဖျားပေါင်း၍ လုပ်ကြံသောကြောင့် မင်းစောဦးသေသည်။

၂၂။ မင်းတရဖျား (တပါးမင်း) (၈၀၂-၈၀၇)

မင်းစောဦးလွန်သော် တရဖျားတောင်ငူထီးနန်းကိုရ၏။ (၈၀၇) ခုနှစ်တွင် ရုတ်တရက်အနိစ္စရောက်၏။

၂၃။ မင်းခေါင်ငယ် (၈၀၇-၈၁၃)

မင်းတရဖျားလွန်သော် သားတော်အငယ်က မင်းခေါင်ငယ်အမည်ခံ၍ တောင်ငူထီးနန်းကို ဆက်ခံ၏။ (၈၁၃)တွင် မင်းငယ်ကျော်ထင်၏ ကျွန်များလုပ်ကြံ၍သေသည်။

၂၄။ မင်းငယ်ကျော်ထင် (တပါးမင်း) (၈၁၃-၈၂၀)

မင်းခေါင်ငယ်လွန်သော် မင်းငယ်ကျော်ထင်ထီးနန်းရသည်။ ထိုမင်းကား ဆိုးသွမ်းသည်။ သိက္ခာကိုမစောင့်စည်း၊ မိမိထင်ရာကျင့်တတ်သည်။ မိန်းမကြူးသည်။ ရတနာသုံးပါးကိုလည်း မရိုသေ။ အမျက်စောင်းမာန်ကြီးသည်။ (၈၂၀) ပြည့်တွင် စောလူးသင်္ခယာ၏မြေး ငတန်စီဆိုသူက ဓားဖြင့်ခုတ်သတ်၍ မင်းငယ်ကျော်ထင် သေလေသည်။

၂၅။ မင်းသီရိဇေယျသူရ (တပါးမင်း) (၈၂၀-၈၂၈)

မင်းငယ်ကျော်ထင်လွန်သော် အင်းဝထူပါရုံဒါယကာမင်းတရားကြီးက တောင်တွင်းမြို့စား မင်းသီရိဇေယျသူရအား တောင်ငူကိုပေး၏။ ထိုမင်းသည် (၈၂၈)တွင် ကွယ်လွန်လေသည်။

၂၆။ လက်ျာဇလသင်္ကြန်(မင်းပေးမင်း) (၈၂၈-၈၃၂)

ဤမင်းကား အတုလမိဖုရား၏ အထိန်းတော်မှ ဖွားမြင်သောသားတည်း။ လက်ျာဇလသင်္ကြန်ဘွဲ့နှင့် မြေထဲမြို့ကိုစားနေရာမှ တောင်ငူကိုပေး၍ မင်းပြုရသူဖြစ်၏။ ထိုမင်း၏ကိုယ်၌ပွေးစွဲသောကြောင့် မင်းပွေးမင်းဟုတွင်သည်။ (၈၃၂) ခုတွင် အနိစ္စရောက်သည်။

၂၇။ စည်သူကျော်ထင် (တပါးမင်း) (၈၃၂-၈၄၃)

ဤမင်းကား ညောင်ရမ်းနှင့်တောင်ငူနှစ်မြို့ကို စားရသည်။ ရက်စက်ကြမ်းကြုတ်၍ လူသတ်များသည်။ သားစားလည်းကြူးသည်။ ကျောင်းများဆောက်၍ ကောင်းမှုများလည်းပြုသည်။

၂၈။ မင်းကြီးစည်သူ (စည်သူငယ်) (၈၄၃-၈၄၇)

စည်သူကျော်ထင်လွန်သော် သားတော်မင်းကြီးစည်သူ ထီးနန်းဆက်ခံသည်။ (၈၄၇) တွင် တူတော် မင်းကြီးညိုလုပ်ကြံ၍ အနိစ္စရောက်သည်။

၂၉။ မင်းကြီးညို (၈၄၇-၈၉၂)

ဦးရီးတော်ကို လုပ်ကြံပြီး တောင်ငူထီးနန်းကိုသိမ်းပိုက်သည်။ ဦးရီးတော်၏အိမ်နေရာတွင် စည်းခုံကြီးဘုရားတည်ပြီး ပုတ်ပဲချောင်း(ပန်းပဲချောင်း)အနီးတွင် အိမ်ဖြူတော်ဆောက်၍ ဦးရီးတော်၏သမီး စိုးမင်းကို မိဘုရားမြောက်ကာစံသည်။ ထိုနေရာကို မြ၀တီ (မြရာဝတီ) ဟု သမုတ်သည်။ တောင်ငူကိုကား မိမိ၏ခမည်းတော်မင်း မဟာသင်္ခယာကို ပေးအပ်သည်။ (၈၅၃) ခုတွင် ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာ (ယခု လောကုတ္တရာ)၌ ဒွါရ၀တီမြို့သစ်ကို တည်ထောင်ကာစိုးစံသည်။ (၈၇၂)ခုတွင် တောင်ငူမြို့သို့ရွှေ့ပြောင်း၍ မြို့သစ်တည်ဆောက်ပြီး ကေတုမတီ ဟု သမုတ်တော်မူသည်။ မြို့တော်မှာ ကြီးကျယ်ခမ်းနားလှသည်။ ထိုမင်းသည် ဘုန်းတန်ခိုးကြီး၍ ဘာသာတရားနှင့် ကောင်းမှုများလည်းပြုလုပ်သည်။ (၈၉၂)ခုတွင် နတ်ပြည်စံခဲ့သည်။ နံတော်မှာ ဗုဒ္ဓဟူးသားတည်း။

၃၀။ တပင်ရွှေထီး (၈၉၂-၉၀၁)

တပင်ရွှေထီး ကေတုမတီ၌ နန်းစံသည်။ ခမည်းတော်မင်းကြီးညိုလွန်သော် သားတော်တပင်ရွှေထီး နန်းတက်သည်။ ဟံသာဝတီပြည်နှင့် အင်းဝလက်အောက်ခံနယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ သက္ကရာဇ် (၉၀၀) ခုတွင် မင်းတရားရွှေထီးသည် ဟံသာဝတီသို့ ဘုရင့်နောင်နှင့်အတူ ပြောင်းရွှေ့စံသောအခါ မိမိ၏ အထိန်းတော် ဘုရင့်နောင်ခမည်းတော် မင်းရဲသိင်္ခသူကို မင်းမြောက်တန်ဆာငါးပါးနှင့်တကွ တောင်ငူမြို့ကို အပ်နှင်း၍ မင်းပြုစေသည်။ မင်းတရားရွှေထီးသည် ဟံသာဝတီ ၌ (၉၀၀-၉၁၂) ခုနှစ်အထိ နန်းစံတော်မူသည်။ (၉၁၂) ခုတွင် မုတ္တမအနီး၌ မွန်လူမျိုးသမိန်စောထွတ်လုပ်ကြံ၍ နတ်ပြည်စံရသည်။ ထိုမင်းသည် ဘုန်းလက်ရုံးနှင့် ပြည့်စုံသော်လည်း သေရည်သေရက်စွဲမက်၍ ပျက်စီးခဲ့ရသည်။ နံတော် ဗုဒ္ဓဟူးသားတည်း။

၃၁။ မင်းရဲသိင်္ခသူ (၉၀၀-၉၁၀)

(၉၀၁)ခုတွင် မင်းအဖြစ်ကိုရပြီး (၉၀၇)ခုတွင် မြစည်းခုံစေတီတော်ကို တည်ထောင်တော်မူခဲ့သည်။ (၉၁၀)တွင် အနိစ္စရောက်လေသည်။

၃၂။ ဘုရင်မင်းခေါင် (၉၁၀-၉၁၂) နှင့် (၉၁၄-၉၄၆)

မင်းရဲသိင်္ခသူလွန်သော် သားတော်မင်းရဲသီဟသူ (ဘုရင့်နောင်၏ညီတော်)ကို မင်းတရားရွှေထီးက မင်းခေါင်ဟူသောဘွဲ့နှင့် တောင်ငူကို နှင်းအပ်ခဲ့သည်။ (၉၁၂) ခုတွင် မင်းတရားရွှေထီး လုပ်ကြံခံရသောအခါ မင်းခေါင်သည် မြို့ကိုပတ်၍ နောင်တော်ဘုရင့်နောင်ကို ခြားနားခဲ့သည်။ သို့သော် ဘုရင့်နောင်တောင်ငူကိုတိုက်၍ရသောအခါ ညီတော်မင်းခေါင်အားသည်းခံခွင့်လွှတ်၍ ကောင်းစွာထားလေသည်။ ဘုရင့်နောင်မင်းမြတ်သည် ကေတုမတီထီးနန်းတွင် (၉၁၂-၉၁၃)ထိ စံနေတော်မူပြီး လက်နက်နိုင်ငံထူထောင်သည်။ ထို့နောက် ဟံသာဝတီကို တိုက်ခိုက်အောင်မြင်၍ ဟံသာဝတီသို့ (၉၁၄)ခုတွင် ပြောင်းရွှေ့နန်းစံသောအခါ ကေတုမတီထီးနန်းကို ညီတော်မင်းခေါင်အား ပြန်လည်အပ်နှင်းခဲ့လေသည်။ ဘုရင်မင်းခေါင်သည် ရွှေဆံတော်ဘုရားကိုတည်ထားကိုကွယ်တော်မူခဲ့သည်။ (၉၄၆) ခုတွင် မင်းခေါင် အနိစ္စရောက်သည်။

၃၃။ ဘုရင့်နောင် (၉၁၂-၉၁၃)

(၉၁၂ မှ ၉၁၃)ခုထိ ကေတုမတီ၌နန်းစံသည်။ ဘုရင့်နောင်သည် တောင်ငူမင်းရဲသိင်္ခသူ၏သားတော်ကြီးဖြစ်၍ ငယ်မည်မှာ ရှင်ရဲထွဋ်ဖြစ်သည်။ မင်းတရားရွှေထီး၏အမတော် ခင်ခင်ကြီး ကြင်ယာတော်လည်းဖြစ်သည်။ မင်းတရားရွှေထီးကေတုမတီမှ ဟံသာဝတီသို့ ပြောင်းရွှေ့စံတော်မူသောအခါ စစ်သူကြီးအဖြစ်လိုက်ပါရသည့်အပြင် ဘုရင်ရွှေထီးအားနောင်တော် တော်သောကြောင့် ဘုရင့်နောင် ဟု ခေါ်သည်။ (၉၁၂)တွင် မင်းတရားရွှေထီးလုပ်ကြံခံရသောအခါ တောင်ငူကို လက်နက်အင်အားစုစည်းပြီး နိုင်ငံကိုပြန်လည်ထူထောင်ရသည်။ မြန်မာ့သမိုင်းတွင် အနော်ရထာမင်းကဲ့သို့ ဒုတိယအကြိမ် ကျယ်ဝန်းသော မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သည်။ ဧကရာဇ်မင်းတပါးအဖြစ်ထင်ရှားသည်။ မဏိပူရ ဇင်းမယ်ယိုးဒယားသီဟိုဠ်ကျွန်းစသည်တို့ကိုလည်း အောင်နိုင်ခဲ့သည်။ ကျော်ထင်နော်ရထာဟူ၍လည်း ဘွဲ့ခံရသည်။ တောင်ငူတွင် စိုးစံစဉ် ကောင်းမှုတော်စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့သည်။ မင်းစည်းစိမ် ကေတုမတီတွင် (၂) နှစ်၊ ဟံသာဝတီတွင် (၃၀)နှစ်၊ နှစ်ပေါင်းသုံးဆယ့်နှစ်နှစ်စံပြီး (၉၄၃)ခုနှစ်တွင် ရုတ်တရက်ဖျားနာ၍ ဟံသာဝတီထီးနန်း၌ နတ်ပြည်စံလွန်တော်မူသည်။ ၄င်း၏ သင်္ချိုင်းဂူ ဟံသာဝတီတွင်ရှိသည်။ နံတော်မှာ ဗုဒ္ဓဟူးသားဖြစ်သည်။ ထို့ကြောင့် ဤမင်းကို တောင်ငူရွှေနန်းတည်မင်းဟု ခေါ်သည်။

၃၄။ မင်းရဲသီဟသူ (တောင်ငူရွှေနန်းတည်မင်း) (၉၄၆-၉၇၁)

ဘုရင်မင်းခေါင်လွန်သော် သားတော်မင်းရဲသီဟသူ ဆက်ခံ၏။ ထိုမင်းလက်ထက် ဟံသာဝတီတွင် ဘုရင့်နောင်၏သားတော်ကြီး နန္ဒဘုရင် မင်းပြု၏။ ဟံသာဝတီအခြေယိုင်ကာ လက်အောက်ခံများ ပုန်ကန်ကြသည်တွင် တောင်ငူဘုရင် မင်းရဲသီဟသူက ဟံသာဝတီကိုတိုက်ခိုက်သိမ်းယူသည်။ မင်းကျီးညိုတည်ဆောက်ခဲ့သော နန်းတော်မှာ ဟောင်းနွမ်းပြီဖြစ်၍ နန်းသစ်ပြန်လည်တည်တော်မူသည်။ ထို့ကြောင့် ဤမင်းကို တောင်ငူရွှေနန်းတည်မင်းဟု ခေါ်တွင်သည်။ (၉၇၁)ခုတွင် နတ်ပြည်စံတော်မူသည်။

၃၅။ နတ်သျှင်နောင် (၉၇၁-၉၇၄)

ခမည်းတော်မင်းရဲသီဟသူ နတ်ပြည်စံသော် သားတော် နတ်သျှင်နောင် တော်ငငူရွှေနန်းကိုဆက်ခံစိုးစံသည်။ ထိုမင်းသည် ရတုကဗျာအစပ်အဆိုကောင်းသည်။ စောင်းညင်းအတတ်လိမ္မာသည်။ လက်ရုံးကောင်းသည်။ ယိုးဒယားစစ်ပွဲနှင့် ရှမ်းပြည်စစ်ပွဲတို့၌ မင်းပွဲရသူဖြစ်သည်။ သက္ကရာဇ် (၉၇၂)တွင် အင်းဝမင်းမဟာဓမ္မရာဇာ (အနောက်ဖက်လွန်မင်း) မင်းတရား တောင်ငူကို လာရောက်တိုက်ခိုက်သည်။ အင်အားချင်းမမျှသဖြင့် နတ်သျှင်နောင်အညံ့ခံရသည်။ နတ်သျှင်နောင်ကို ဘုရင်အဖြစ်မှ နန်းချပြီး မြို့စားအဖြစ်ထားကာ အနောက်ဘက်လွန်မင်း အင်းဝသို့ပြန်သည်။ ထို့နောက် သံလျှင်စား ပေါ်တူဂီလူမျိုး ဇွင်ကာကူသည် (၉၇၄)ခုတွင် ကေတုမတီကို လာရောက်တိုက်ခိုက်ပြီး နတ်သျှင်နောင်ကိုခေါ်ဆောင်သွားသည်။ အင်းဝမင်းကြားလျှင် သံလျှင်သို့ချီတက်လုပ်ကြံအောင်မြင်ပြီး နတ်သျှင်နောင်နှင့် ဇွင်ကာကူတို့ကို ကွပ်မျက်သည်။ နတ်သျှင်နောင်ကို သံလျှင်ရောက်မင်းတရားဟူ၍ ခေါ်စမှတ်ပြုကြသည်။ ဤသို့အားဖြင့် သက္ကရာဇ် (၈၇၂)ခုနှစ်မှစ၍ တည်ထောင်ခဲ့သော ကေတုမတီတောင်ငူမြို့တော်ကြီးမှာ (၉၇၄) ခုနှစ်အရောက် နန်းသက် (၁၀၂) နှစ်တွင် ပေါ်တူဂီလူမျိုးဇွင်ကာကူ၏တိုက်ခိုက်မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပေတော့သတည်း။
credit:Unknown
Post By:Moekyashweco


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/21/2013 10:52:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.