သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


RCSS/SSA ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာအား မြန်မာအစိုးရစစ်တပ် တိုက်ခိုက်သိမ်းပိုက်

Posted: 09 May 2013 04:19 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၌ ဖြစ်ပွါးသောတိုက်ပွဲမှ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ၏ ဌာနချုပ် အခြေ စိုက်ရာ နောင်မရွာအား မြန်မာစစ်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း RCSS/SSA ကပြောပါသည်။
Tueng Kharမေလ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရသော RCSS ၏ တင်းခါးတပ်စခန်း

RCSS/SSA ၏ ၇၀၁ စစ်ဒေသမှူးက " ကျနော်တို့အခု စခန်းကနေခွါပြီး ဖြန့်နေထားကြတယ်။ ဗမာစစ်တပ်က လက်နက် ကြီးတွေနဲ့ ထုထုပြီးရှေ့တိုးလာတော့ ကျနော်တို့ စခန်းကနေ မခွါရင် နောင်မရွာ တခုလုံးမီးလောင်ကုန်တော့မယ်။ ရွာသားတွေ အတိဒုက္ခ ရောက်ကုန်မယ်။ ဒါကြောင့်အခု  နောင်မ အထက်ပိုင်းကနေ ဆုတ်ခွါလိုက်တယ်။  သေနတ်သံတော့ မရပ်သေးပါဘူး။ တွေ့တဲ့နေရာမှာ ဆက်ပြီးချသွားမယ် " ဟု ဆိုပါသည်။

မွန်းလွဲ ၃ နာရီဝန်းကျင်က မြန်မာအစိုးရစစ်ကြောင်း နောင်မတာရွာထဲသို့ ဝင်ရောက်နိုင်ကြောင်း၊ မန့်ဟောင်းရွာသား များအား ပေါ်တာအဖြစ် စစ်ကြောင်းကြားညှပ်၍ခေါ်ဆောင်သွားကြောင်း    နမ့်ခမ်းမြို့ခံတဦးကပြောသည်။

" ခုန ၃ နာရီခွဲလောက်က နောင်မရွာထဲကို မြန်မာစစ်တပ်က ဝင်နေပြီ။ ရွာသားတွေကိုသူတို့စစ်ကြောင်းကြားထဲ ညှပ်ပြီး ခေါ်သွားတယ်။ စခန်းထဲကိုတော့ မဝင်သေးဘူး။ စိတ်မကောင်းဘူးဗျာ၊ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ရင်း ဒီလိုဖြစ် တယ်ဆိုတော့ တခုခုလွဲနေပြီ " ဟု နမ့်ခမ်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တိုက်ပွဲကြောင့် တရုတ်ပြည်သို့ ဝင်ရောက် ခိုလှုံမှုကိုလည်း မွန်းတည့်ချိန်က တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်ကြောင်း၊ ဒေသခံများမှာ ပြေးပေါက်မရှိဘဲ ပူပန်နေရကြောင်း အဆိုပါမြို့ခံကပြောသည်။

သိန္နီအခြေစိုက် စကခ ၁၆ လက်အောက်ခံ အင်အား ၄၀၀ နှင့် ၅၀၀ ကြား သုံး၍ RCSS ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာ အား  အဘက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုများရှိခဲ့ကြောင်း မြို့ခံများ ကပြော သည်။

ဧပြီလနှောင်းပိုင်းက မြန်မာစစ်တပ်၏ လူ ၄ ဦးပျောက်ဆုံးမှုမှာ RCSS က ဖမ်းထားသည်ဟု အစိုးရစစ်ဘက်က စွပ်စွဲ၍ RCSS  တင်းခါးစခန်းအား ဝင်ရောက်ရှာဖွေ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးနောက်ပိုင်း စစ်အင်အားထပ်မံဖြည့်တင်းတိုက်ခိုက်ကာ ၇၀၁ စစ်ဒေသ အခြေချစခန်းကို ယနေ့ သိမ်းပိုက်သည်အထိ ဖြစ်ပွါးခဲ့သည်။

RCSS/SSA နှင့် အစိုးရတပ်တို့ အကြား အနည်းဆုံး ၅ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွား

Posted: 09 May 2013 12:38 AM PDT

 သျှမ်းပြည်တပ်မတော် RCSS / SSA အမှတ် ရ၀၁ စစ်ဒေသ အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မရွာ အနီးသို့ အစိုးရ တပ်များ ချဉ်းကပ်ထိုးစစ်ဆင်လာရာ ယနေ့နံနက် ၄ နာရီကျော်ခန့်က မူစယ်နှင့် နမ့်ခမ်းမြို့များအတွင်း အနည်းဆုံး နေရာ ၅ ခုခန့်တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
01ယနေ့မနက်တိုက်ပွဲကြောင့် တရုတ်ဘက်သို့ထွက်ပြေးတိမ်းရှောင်သည့် နမ့်ခမ်းဒေသခံများအား တရုတ်အာဏာပိုင်များက စာရင်းလာကောက်နေစဉ်
နမ့်ခမ်းမြို့နယ် နောင်မ ၊ ကွန်ဟိုင်း ၊ မန့်ကွန် ၊ နောင်ခမ်းနှင့် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ရ မိုင်ခန့်အကွာရှိ ကျိန်းစမ်းကျော့ရွာအနီး နေရာများတွင် ဖြစ်ပွားခဲ့ကြောင်း RCSS/SSA အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

"အဲဒီ ရွှေလီမြစ်ကူးတို့ဆိပ်နားကရွာတွေမှာ ဖြစ်တာပေါ့။ ဟို ကူးတို့ဆိပ် အခွန်ကောက်တဲ့စခန်းနေရာတွေ အနည်းဆုံး ၄ နေရာ ၅ နေရာလောက်မှာ ဖြစ်တယ်။ လောလောဆယ် တိုက်ပွဲရပ်နေတယ်။ အစိုးတပ်တွေ ဆုတ်သွားတာတော့မဟုတ်ဘူး။ ခဏနားသွားတဲ့သဘောပဲ " ဟု ၄င်းနီးစပ်သူက ဆိုသည် ။
02ယနေ့မနက်တိုက်ပွဲကြောင့် တရုတ်ဘက်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များ

ယနေ့ နံနက်အစောပိုင်းက မူစယ် ၁၀၅ မိုင်အနီး ကျိန်းစမ်းကျော့လမ်းတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကားအသွားအလာ များ ခေတ္တမျှရပ်ဆိုင်း သွားပြီး ယခုအခါ ကားများပုံမှန်ပြန်လည် သွားလာနေပြီဖြစ်ကြောင်း ကုန်သည်များ အဆိုအရ သိရ သည် ။

နှစ်ဘက်တိုက်ပွဲများကြောင့် ရာချီရှိသည့် ကျေးရွာသားများ တရုတ်နယ်စပ်နှင့် နမ့်ခမ်းမြို့အတွင်းသို့ ၀င်ရောက်ခိုလှုံမှုများ ရှိနေရာ ၄င်းနီးစပ်သူက ဆက်ပြောရာတွင် - " နောင်တိန်းရွာကတော့ မနက်ကတည်းက ရွာလုံးကျွတ်ပြေး သွားကြပြီ။ မန့်ကွန်ရွာက အခုအထိ ပြေးနေကြတုန်းပဲ ။အဲဒီတိုက်ပွဲဖြစ်တဲ့ရွာတွေအကုန်ထွက်ပြေးကုန်တာပေါ့ ။နမ့်ခမ်းမြို့မှာ ဆိုရင် ဇေယျသုခ ကျောင်းတိုက်ကို လူဦးရေ ၁၀၀ ကျော်ရောက်လာတယ် ။ တချို့ကလည်း နီးစပ်တဲ့ဆွေမျိုးတွေဆီမှာ ခိုလှုံကြ တယ် " ဟု ဆိုသည် ။
03တရုတ်ဘက်ခြမ်းသို့ မြန်မာအစိုးရစစ်တပ်၏ ကျည် ကျသည့်နေရာ

မြန်မာစစ်တပ်ပစ်သော လက်နက်ကြီးကျည်များ တရုတ်ဘက်ခြမ်းကွန်ဟိုင်းရွာအထိကျရောက်သည်များလည်းရှိကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အစိုးရဘက်မှ ထိခိုက်ကျဆုံးသူများကို မူစယ်နှင့်နမ့်ခမ်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း စုံစမ်းသိရသည် ။

04တရုတ်ဘက်ခြမ်းကျ လက်နက်ကြီးကျည်စ

RCSS ၏ ရွှေလီမြစ်ဝှမ်းဒေသ အစိုးရတပ်စစ်မျက်နှာသစ်ဖွင့် ဒေသခံရာဂဏန်း တရုတ်ပြည်သို့ထွက်ပြေး

Posted: 08 May 2013 08:55 PM PDT

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ယနေ့နံနက်ပိုင်း၌ အစိုးရစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံလူထု ၈၀၀ ကျော် တရုတ်ပြည်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုဆိုသည်။

fighting aera
"ကျနော်တို့ဘက်က စပြီး ရန်ရှာတာမဟုတ်ဘူး။ ဒီစစ်ကြောင်းတွေကို စကခ ၁၆ မှူးက နမ့်ခမ်းမြို့ စိုက်ပြီး တိုက်ရိုက်ကွပ်ကဲ နေတာ။ အခု ကျနော်တို့နယ်မြေဆီကို ၆ ဘက် ၆ တန်ကနေဝင် လာတယ်။ အခုလဲ ပစ်ခတ်တိုက်ခိုက်နေရတုန်း။ ကျနော်တို့လူ ၁ ယောက် ကျတယ်။ အစိုးရစစ်သား အလောင်း ၁၁ လောင်း  တွေ့ တယ်။ အရှင်လဲ ဖမ်းထားတယ်။ ကျနော်စစ်ကြည့်ဦးမယ် ဒါဘဲနော်" - ဟု စစ်ဒေသ မှူး ဒု ဗိုလ်မှူးကြီး ဇွမ်မိဏ်းက စစ်မျက်နှာပြင်ကနေ ပြောနေတာဖြစ်ပါသည်။

ယခုသတင်းရေးနေချိန်အထိ နမ့်ခမ်းဆေးရုံကြီးတွင် ဒဏ်ရာရ မြန်မာစစ်သား ၆ ယောက် ရောက်ရှိနေပြီး အရေးပေါ်သွေးလိုနေ သည် ဟုလည်း မြို့တွင်း၌သတင်းပျံ့နေသည်ဟု နမ့်ခမ်းဒေသခံ တဦးကပြောပါသည်။ ဒဏ်ရာရစစ်သားများအား ပန်းဆေးပြည် သူ့စစ်က ကူညီပို့ဆောင်ပေးနေသည်ဟုလည်း ဆိုပါသည်။

အလားတူ စစ်မျက်နှာပြင်တွင်လည်း ပန်းဆေးပြည်သူ့စစ်နှင့် ဦးလောဆာမ် ဦးဆောင်သောနမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့ကလည်း အစိုးရတပ်ဘက်မှ ပါဝင်တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း ကော့လီသတင်းဌာနတွင် ဖော်ပြထားသည်။

မေ ၉ ရက် နံနက် ၄ နာရီခန့်မှ စ၍ အစိုးရတပ် စကခ ၁၆ လက်အောက်ခံတပ်ရင်းများ စစ်အင်အား ၄၀၀ ကျော်က ရွှေလီမြစ်ကို လှေဖြင့်ကူးကာ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ အားတိုက်ခိုက်ခဲ့ခြင်း ဖြစ် ၏။ အစိုးရတပ်များ တာဟေးမန့်ဟောင်း (ရွှေလီမြစ်ကူးဆိပ်) မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်မှု ကြောင့် တရုတ်ပြည်ဘက်ခြမ်းသို့ အများအပြားကျရောက်ကြောင်း၊ တိုက်ပွဲကြောင့် သျှမ်းပြည်ဘက်ခြမ်း အပါအဝင်၊ တရုတ်နယ်စပ်လူထုလဲ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် နမ့်ခမ်းမြို့တဘက်ကမ်း ရှိ  နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀ ကျော်က တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူးက တဦးဖြစ်သည့် အိုက်ယီ့လုံ ကပြောပါသည်။

"အခုတရုတ်ဘက်မှာလဲ တရုတ်စစ်သားတွေ အင်အားဖြန့်ထားတယ်။ လူထုတွေတော့ တရုတ်ထဲ ပြေးဝင်နေတယ်။ ဒီဘက်ခြမ်းရော ဟိုဘက်ခြမ်းရော ဒေသခံတွေက သျှမ်းတွေဘဲ။ ဆိုင်ရာအမျိုးတွေဆီ သွားခိုနေကြတယ်" - ဟု ဆို၏။

အထင်ကရဓါတ်ပုံအရောင်းသမားဟန်ဆောင် စစ်ထောက်လှမ်းရေး လေးဦးပျောက်ဆုံးမှုမှ စတင်ပြီး ယခုကဲ့တို့ နှစ်ဘက်တိုက်ပွဲ များ ဖြစ်ပွား လာရခြင်းဖြစ်သည် ဟု ဒေသခံတချို့ကဆိုပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်အဖွဲ့ဖြစ်ပါသည်။