[Moemakadaily] 9th May - MoeMaKa Daily
ကာတွန်းမောင်ရစ် - သမ္မတကြီးမှာ လဲစရာ အကြွေမရှိတော့ဘူး ကာတွန်း၊ မေ ၉၊ ၂၀၁၃
Zarganar - Second Book Published
ဇာဂနာ၏ 'ဒုတိယ' စာအုပ်ထွက်
မိုးမခစာအုပ်စင်၊ မေ ၉၊ ၂၀၁၃
ကိုဇာဂနာရဲ့ မိသားစုလူကြုံကျေးဇူးကြောင့် ဇာဂနာရဲ့ ထောင်တွင်းမှတ်တမ်း ဒုတိယအုပ် 'ဒုတိယ' စာအုပ် ထွက်ရှိတာကို လက်ခံရရှိပါတယ်။ စာမျက်နှာ ၁၂၀ ခန့် ၀တ္ထုစာအုပ်အရွယ် သေသပ်တဲ့ စာအုပ်ကလေးပါပဲ။ ပထမအကြိမ် ၈၈ အရေးတော်ပုံနောက်ပိုင်း အဖမ်းခံရစဉ် အတွေ့အကြုံတွေကို 'ပထမ' ဆိုပြီး စာအုပ်ထုတ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီမှာ နောက်တကြိမ် 'ဒုတိယ' အကြိမ် အဖမ်းခံရ၊ ထောင်ဒဏ် ၅ နှစ် စစ်ခုံရုံးကနေ ချမှတ်ခံရတာကို ရေးသားထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခြင်းခံရသူတဦးရဲ့ ထောင်တွင်းမှာ ရင်ဆိုင်ဖြတ်သန်းရတာတွေကို ရေးသားထားရာမှာ အသနားခံ ဂရုဏာသက်စရာ၊ နာကျည်းစရာ၊ ကြေကွဲဝမ်းနည်းစရာ၊ ဒေါသထွက်စရာ စတဲ့ ခံစားချက်တွေနဲ့ လူသားတဦး အဖြစ်ထက် ဖြစ်လာသမျှ လောကဓံကို ခေါင်းမော့ပြီး ရင်ဆိုင်သူ၊ ရယ်သွမ်းသွေးနိုင်သူတဦးအဖြစ် ရေးသားထားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။ 
အကျဉ်းကျနေတဲ့ အနုပညာသမားတဦးဟာ အနုပညာဖန်တီးမှု၊ ထုတ်လုပ်မှု၊ မျှဝေခံစား ဖြန့်ချိမှုတို့ကို အကျဉ်းချမခံဘဲ လွတ်မြောက်နေစေသူ၊ အနုပညာဖြင့် အသက်ဝိညာဉ်ကို အမြင့်မားဆုံး လွှင့်ထူနေဖို့ ကြိုးပမ်းနေခဲ့ပုံတွေကို ဖတ်ရှုရပါတယ်။ ထောင်ထဲကနေ လွတ်မြောက်မဲ့တနေ့ကို ထိုင်စောင့်နေတာထက် ထောင်ထဲကနေ လွတ်မြောက်မှုတွေကို ထုဆစ်ပုံဖော်ပြီး ရပ်တည် ရှင်သန်မှုတွေကို မြင်ရမှာ ဖြစ်ပါတယ်။
Min Ko Naing & Ko Ko Gyi to meet with Washington DC Burmese Community - 9th June 2013 - Sunday
မင်းကိုနိုင်၊ ကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တို့နဲ့ ၀ါရှင်တန်ဒီစီ မက်ထရို မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲ၊ ဇွန် ၉၊ ၂၀၁၃၊ ဆန်းဒေး ဖိတ်စာ ထွက်ပါပြီ။
ပန်းချီ မင်းကျော်ခိုင် - ပြည်သူ့ဘက်တော်သားတွေ ဖြစ်ပါစေ
ပန်းချီ မင်းကျော်ခိုင် - ပြည်သူ့ဘက်တော်သားတွေ ဖြစ်ပါစေ
မေ ၉၊ ၂၀၁၃
(အမေရိကန်ပြည်ထောင်စုကို မေလလည်မှာ ရောက်ရှိပြီး အနှံ့အပြားရောက်ရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေနဲ့ တွေ့ဆုံမယ့် ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့အတွက် ရည်ရွယ်ရေးဆွဲပါတယ်လို့ သိရပါတယ်)
ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၁၀)
ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၁၀) 
ပါရီမောင်၊ မေ ၉ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
Leçon 10      (Lesson 10 )
အရောင်များ  Les couleurs ၊ နေ့များ  Les jours
အရောင်များ ကိုပြောဆိုရာတွင်  အရောင် La couleur (n/f) လာကူးလား ၊အမနာမ် ဖြစ်နေသဖြင့်  အရောင်တခုကို အပြည့်အစုံပြောဆို ရန်အတွက်
ဥပမာ    အနက်ရောင်  ဆိုလျှင်  La couleur noirဟူ၍ ရှေ့မှ အမနာမ်ဖြစ်သော La couleur စာလုံးကို ထိန်းညှိပေးရန်အတွက် noirတွင် e ပေါင်းထည့်ပေးရပါသည်။
Le ciel bleu.  လယ်စီးရဲလ် ဘလား(Le နှင့် bleu ကို အသံထွက်အတိအကျရေး ၍မရပါ) အပြာရောင်ကောင်းကင်
Une chemise rose. အယူးန် ရှမီးစ် ရို့စ် ။ ပန်းရောင် အင်္ကျီ (rose သည် e နှင့် အဆုံးသတ်ထားပြီး၍ အင်္ကျီ သည် အမနာမ်ဖြစ်သော်လည်း e ထပ်မထည့်ရပါ)
Un tableau noir. အန် တာဘလို နွား ။  ကျောက်သင်ပုန်း အမဲရောင်
မိမိပြောလိုသော အရာဝထ္တုများ ၏ အခေါ်အဝေါ်များကို အရောင် များဖြည့်စွက်ခေါ်ဝေါ်ခြင်းဖြင့် လေ့ကျင့်ပါ။
နမ်တခုနှင့် အရောင်ကို တွဲဖက်သုံးသည့်အခါတွင် အရောင်စာလုံးများသည် နာမဝိသေသန အဖြစ် လုပ်ဆောင်သည်။
Clair  အရောင်ဖျော့ ဖြစ်ပြီး    Foncé   အရောင်ရင့်ဟု ခေါ်ဝေါ်သုံးစွဲပါသည်။
အရောင်များကို ခေါ်ဝေါ်သုံးစွဲ ရန်အောက်ပါလင့်ကို နားထောင်လေ့ကျင့်ပါရန် ။
အပြန်အလှန် စကားပြော သင်ခန်းစာများ မပေးခင်မှာ  ကြိယာများ ကို နည်းနည်း ပြန်ပြောလိုပါတယ်။ ပြီးခဲ့တဲ့ သင်ခန်းစာ ၄ ၊ ၅ တွေမှာ ပထမအုပ်စုဝင် အလွယ်ဆုံးဖြစ်တဲ့ er နဲ့ အဆုံးသတ်တဲ့ ကြိယာတော်တော် များများကို ပေးထားပြီးဖြစ်ပါတယ်။ စာအုပ် သီးသန့်တအုပ် မှာ ကြိယာတွေရဲ့  Conjugaison ကိုပဲချရေး ပြီး သပ်သပ်ထားသင့်ပါတယ်။ ဝယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ သင်ခန်းစာ  မှာဖေါ်ပြထားတဲ့ ဓါတ်ပုံ လိုမျိုး Conjugaison  စာအုပ်ဟာ Dictionaire အဘိဓ္ဓါန်စာအုပ် တအုပ်လို အရေးကြီးလှပါတယ်။ ကြိယာတွေရဲ့ အဘိဓ္ဓါန် စာအုပ်တအုပ် ဆိုရင် မမှားပါဘူး။  သင်ခန်းစာ  မှာ အရေးကြီးဆုံး ကြိယာ ၂ခုဖြစ်တဲ့  " être "နှင့်  " avoir "  တို့ကိုလည်းကြေညက်နေအောင် လေ့ကျင့်ဖို့ ထပ်ပြောပါရစေ။
ရှေ့မှာဖေါ်ပြပြီးခဲ့တဲ့ ကြိယာတွေ အပြင် ဒုတိယ အုပ်စုနဲ့ တတိယ အုပ်စု ကြိယာတွေ မလာခင်မှာ အရေးကြီးတဲ့ နောက်ထပ် ကြိယာတခုပေးချင်ပါတယ်။ အသုံးလဲ ဝင်လှပါတယ်။
aller အာလေ  ဆိုတဲ့  သွားသည် လို့ အဓိပ္ပါယ် ရတဲ့ ကြိယာပါ။ er နဲ့အဆုံးသတ်ပေမဲ့ ပုံမှန်မဟုတ်သော ကြိယာ  exceptionnel ဖြစ်ပါတယ်။
           Aller (verbe infinitif )   Conjugaison  အာလေ၊ သွားသည်
Je vais ရဗေး၊ ကျနော်သွားသည်               Nous allons နူဇာလွန် ၊ ကျနော်တို့ သွားကြသည်
Tu vas ကျူဗား၊ မင်း၊ခင်ဗျားသွားသည်                  Vous allez ဗူဇာလေမင်းတို့၊ခင်ဗျားတို့ သွားကြသည်
il/elle vaအီလ်ဗား၊ အယ်လ်ဗား သူ၊သူမ သွားသည် Ils/Elles vont အီလ်ဗွန့်၊ အယ်လ်ဗွန့်သူတို့၊သူမ
တို့သွားကြသည်
Nous နင့် Vous တို့တွင် အသံဆက်သည်ကို သတိပြုပါ။   s တလုံးထည့်း ဖြစ်၍  z  အသံ ကိုထွက်ရပါမည်။
သွားသည် ဆိုတဲ့ ကြိယာကို ပြောမှတော့ တွဲလျက်ဖြစ်တဲ့ လာသည် ဆိုတာကိုလည်း တလက်စထဲ လေ့ကျင့်လိုက်ပါဦး။ လက်တွေ့ ပြောဆိုနေတာတွေအတွက်အသုံးဝင်ပါတယ်။  Venir ဗနီး ၊ဆိုတာက verbe infinitif ဖြစ်ပြီး  ir နဲ့အဆုံးသတ်တဲ့ တတိယအုပ်စုဝင် ကြိယာဖြစ်ပါတယ်။ လာသည် ဟု အဓ္ဓိပါယ်ရပါသည်။
         Venir (verbe infinitif )   Conjugaison   ဗနီး၊ လာသည်
Je viens ရဗျန့်၊ ကျနော်လာသည်              Nous venons နူဗနွန် ၊ ကျနော်တို့ လာကြသည်
Tu viens ကျူဗျန့်၊ မင်း၊ခင်ဗျားလာသည်       Vous venez ဗူဗနေမင်းတို့၊ခင်ဗျားတို့ သွားကြသည်
il/elle vient အီလ်ဗျန့်၊ အယ်လ်ဗျန့် သူ၊သူမ လာသည် Ils/Elles viennent အီလ်ဗျန့်၊
အယ်လ်ဗျန့်သူတို့၊သူမတို့လာကြသည်
ကြိယာ များကို စာကြောင်းတခုပြုလုပ်ရာတွင်  ပြုလုပ်သူ ကတ္တားပုဒ် တခု အတွက် ကြိယာ တခုထက်ပို၍ သုံးနိုင်ပါသည်။
ပထမဆုံး ကြိယာတခုကိုသာ Conjugaison  ပြုလုပ်ပြီး  ကျန်ကြိယာများကို မူရင်းအတိုင်း verbe infinitif  အနေနှင့်သာ သုံးစွဲရပါမည်။
ဥပမာ ။  ကျနော် အခန်းကိုတက်သွာပြီး  စာအုပ် သွားရှာကြည့်မယ် ။
Je   vais   monter   chercher  le  livre   dans   la  chambre.
ရ    ဗေး   မောန့်တေး ရှက်ရှေး  လ လိဗ်  ဒေါန်း  လာ ရွှန့် ဘ်ရ်
ဒီစာကြောင်းကိုကြည့်ရင် ကြိယာ ၃ခုဖြစ်တဲ့ vais(aller)   monter   chercher  သွားသည်၊ တက်သည်၊ရှာသည်  တို့ကို တွေ့ရပါမည်။ ပထမဆုံးကြိယာဖြစ်တဲ့သွားသည်ကိုသာ Conjugaison လုပ်ပြီး ကျန် ကြိယာများကိုတော့ မူလအတိုင်း verbe infinitif အနေနဲ့သာ သုံးရပါမည်။
အထက်ပါစာကြောင်းမှာပင်
Je cherche  le  livre   dans   la  chambre. ကျနော်အခန်းထဲမှာ စာအုပ်ရှာသည်။
( ကြိယာ ၁ ခုတည်း ကိုသာသုံးသည်ဖြစ်၍ Conjugaison လုပ်ပေးရပါသည်)
သင်ခန်းစာ ၅ တုံးက ပေးထားတဲ့ ကြိယာတွေ၊ သင်ခန်းစာ ၉ က Prépositions ဝိဘတ် တွေ၊ ယခုသင်ခန်းစာမှာပါတဲ့  အရောင်တွေကို အသုံးပြုပြီး အောက်ပါလေ့ကျင့်ခန်းများ ကို လုပ်ပါ။ မှားသည်၊မှန် သည်က အရေးမကြီးပါ။ လုပ်ရင်း ဖြင့် တိုးတက်သွားမည် ဖြစ်ပါသည်။
လေ့ကျင့်ခန်း (၂)
၁။  ကျနော် အလုပ် စလုပ်ပါသည်။ (  စ သည် နှင့် လုပ် သည် ကြိယာ ၂ ခု ပါရပါမည်။)
၂။ ကျနော် စာအုပ်များကို သိမ်းဆည်းပါသည်။
၃။ သူမ သီချင်းးနားထောင်သည်။ ( သူမ အင်္ဂလိပ်သီချင်းနားထောင်သည်။ ကျနော်ညတိုင်း ရေဒီယိုနားထောင်သည်။ စသည်ဖြင့် ချဲ့ထွင် ပြောဆိုနိုင်ပါသည်။)
၎။သူတို့ မန္တလေးတွင် နေထိုင်ကြသည်။
၅။ကျနော် တံခါးကိုပိတ်သည်။
၆။ ခင်ဗျား ကားကိုဆေးကြောသည်။
၇။ ကျနော်တို့ ဈေးထဲမှာ လှည့်ပါတ်နေသည်။
၈။ သူလှလှကို ဆက်သွယ်သည်။
၉။ကလေးများ ပုံဆွဲကြသည်။
၁၀။သူမ အပြာရောင်ကောင်းကင်ကို ကြိုက်သည်။( ချစ်သည်)
၁၁။ ကျနော် ရော့ခ် သီချင်း နားထောင်ရတာ ကြိုက်တယ်။( နားထောင် ၊ ကြိုက်)
၁၂။ အမေ ဈေးသို့ သွားသည်။ ( maman  အမေ)
၁၃။ မြမြသည် ကိုမောင်အား ဖုံးဆက်သည်။
၁၄။ ကျနော် ခရီးမှပြန်လာသည်။
၁၅။ သူမတို့ အိမ်ထဲသို့ ဝင်သွားသည်။
( အဖြေများ ကို ရှေ့တပါတ်မှာ ဖေါ်ပြပါမယ်။ ကြိုးစားပြီးရေးကြည့်ပါ)
 တကယ်တော့ ပြင်သစ်ဘာသာနဲ့ပြောဆို ၊ရေးသားရာမှာ လှုပ်ရှားမှု  လုပ်ဆောင်မှု တွေကို ဖေါ်ပြရာမှာ  ပစ္စုပ္ပန်ကာလ တခုထဲနဲ့ သုံးနှုံး ရေးသားတာ၊ ပြောဆိုရတာတွေဟာ  မလွယ်ကူလှပါဘူး။  အတိတ်ကာလပြဆိုသော Past Tense ကို မလွဲမသွေ ထည့်သွင်းသုံးစွဲမှ အဆင်ပြေပါတယ်။ ဒီကနေ့ခေတ်ပေါ်သင်ခန်းစာတွေမှာ ပြင်သစ်စာကို ဘာမှ မတတ်သေးလို့၊မသင်ဘူးလို့ ဆိုပြီး ကြည့်လိုက်ရင် Past Tense  နဲ့ မကင်းပါဘူး။ ကြုံကြိုက်ရင် ပြင်သစ် ကလေးတွေရဲ့ဒုတိယတန်း၊ တတိယတန်း ဖတ်စာတွေ ထည့်သွင်းဖေါ်ပြပေးသွားပါမယ်။
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၁ ) 
 မြို့ထဲသွားခြင်း  En ville
ဒီသင်ခန်းစာမှာ မိသားစု  တခုရဲ့
ဖခင်   Gil  ဂျီးလ်
မိခင်    Stéphanie  စတေဖနီ   ရယ် ကလေးတွေဖြစ်တဲ့
ရိုမန်  Romain , လီဆာ Lisa ,  လီလူ  Lilou တို့ပါဝင်ကြပါတယ်
အသံဖိုင်  ၀၀၁
ကောင်းမွန် ပီသပြီး ပြင်သစ်စာ လေ့လာသင်ကြားနေသူများအတွက် ထုတ်တဲ့ သင်ခန်းစာဖြစ်လို့ ဒီသင်ခန်းစာမှာပါတဲ့စာကြောင်းတွေ အတိုင်း လေ့လာသူတို့ အလျင်းသင့်ပါက ပြောဆိုသုံးစွဲခြင်း၊ ဝေါဟာရတွေကို မှတ်သား ခြင်းများပြုလုပ်ပါက အချိန်တိုအတွင်း ကောင်းမွန်သော အသံထွက်ဖြင့် တတ်မြောက်ပါမည်။ စားသားများနှင့် သဒ္ဒါရင်းလင်းချက်များကို လာမည့်အပါတ်တွင် ဖေါ်ပြပါမည်။ ပြင်သစ်အသံနှင့် ကျွမ်းဝင်မှုရှိစေရန်နားထောင်ပေးပါ။
ကာတွန်းကူမိုးကြိုး - တသက်လုံးဖုံးသမျှ ... ကြံ့ဖွတ်တက်မှ ပေါ်တော့တယ်
ကာတွန်းကူမိုးကြိုး - တသက်လုံးဖုံးသမျှ ... ကြံ့ဖွတ်တက်မှ ပေါ်တော့တယ်
မေ ၈၊ ၂၀၁၃
မေဒိနီဆရာတော် တလပြည့် ပူဇော် (ABMA News)
ခရစ်သက္ကရာဇ် ၁၉၉၀ - ပြည့်နှစ် - န.၀.တ. လက်ထက်တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ရာ၌ ရန်ကုန်တိုင်းတွင် ဦးဆောင် ဆရာတော်တပါးအဖြစ် ပါဝင် လက်မှတ် ရေးထိုးခဲ့သောကြောင့် တိပိဋက ဆရာတော် အပါအဝင် သံဃာတော်များနှင့် အတူ ၁၉၉၀ - ခုနှစ်မှ ၁၉၉၃ - ခုနှစ်အထိ (၃) နှစ်နီးပါး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသော၊ ၁၉၉၆-ခုနှစ်မှ စတင်၍ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်၌ ရတ္တညူ မဟာနာယကအဖြစ် သီတင်းသုံးနေထိုင်လျက် ၂၀၀၇- ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၌ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်အား မြောက်ဥက္ကလာပမြို့နယ်၌ ဦးဆောင် သံဃာဟု ယူဆ၍ စစ်အစိုးရမှ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်ကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးသောကြောင့် ၂၀၀၇- ခုနှစ်မှ စတင်၍ ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် အတွင်းရှိ တပည့်သံဃာများထံ လှည့်လည် သီတင်းသုံး နေထိုင်တော်မူသော ဆရာတော် ဘဒ္ဒန္တ ဉာဏ၀ံသ သည် ၁၃၇၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၂) ရက် ၉.၃.၂၀၁၃  စနေနေ့ ညနေ(၄း၄၁) နာရီအချိန်တွင် ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် နဘူးကျေးရွာ အောင်သိဒ္ဓိကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီး ၉.၄.၂၀၁၃ နေ့တွင် ဆရာတော် ပျံလွန်ခြင်း (၁) လပြည့် အခမ်းအနားအား မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အပါအ၀င် ရွှေဝါရောင် သံဃာတော်များ ကြွရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နံနက် ၉း၀၀ နာရီတွင် စတင်ခဲ့ပြီး နံနက် ၁၁း၃၀ တွင် အောင်မြင်စွာ အဆုံးသတ် ရုတ်သိမ်းခဲ့ပါသည်။
ဆရာတော် လောင်းလျာသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ၀မ်းဘဲအင်းကျေးရွာ၌ ကောဇာသက္ကရာဇ်  ၁၂၉၃ ခုနှစ် ကဆုန်လဆန်း(၁၄) ရက်နေ့တွင် ဖခမည်းတော် ဥိးဘိုးချစ် + မယ်တော် ဒေါ်ငွေစိန် တို့မှ ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။
၁၃၀၄- နှစ်တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရိယ ကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၁၁ နှစ် အရွယ် ရှင်သာမဏေ ဘဝမှ စတင်၍ အစိုးရ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကု နှစ်ချင်းပေါက် အောင်မြင်ပြီး ရှင်သာမဏေ အကျော်၊ ၀ိနယဝိသာရဒအကျော် ဘွဲ့ တံဆိပ်တော်များကို ရှင်သာမဏေ ဘ၀နှင့်ပင် ထူးချွန်စွာ ရရှိအောင်မြင်ခဲ့ပါသည်။
၁၃၀၉- ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ အာဠာရ သည် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီ ကျောင်းတိုက် တည်ထောင်ရာ၌ ဆရာတော်(၁)ပါး၊ ရဟန်း(၁)ပါး၊ သာမဏေ(၁)ပါး၊ ကျောင်းသား(၁)ယောက် (၁-၁-၁-၁-) ဖြင့်တည်ထောင်ရာတွင် ရှင်သာမဏေအဖြစ်ဖြင့် ပါဝင်ခဲ့ပါသည်။ ၁၃၁၃ -ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့တွင် မူလကျောက်ကုန်းတောရ မေဒိနီ တည်ထောင်ခဲ့သော ဆရာတော် ဘဒ္ဒန္တ အာဠာရ ကို ဥပဇ္ဈာယ်ပြုလျက် မြင့်မြတ်သော ရဟန်းဘ၀သို့ တက်လှမ်းခဲ့ပါသည်။
ဆရာတော်သည် ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယ၊ ကျောက်ကုန်းတောရ မေဒိနီ ဆရာတော် ဘဒ္ဒန္တ အာဠာရ (အဂ္ဂမဟာပဏိတ) စသော မြန်မာပြည် အရပ်ရပ်ရှိ ကျမ်းတတ်အကျော်အမော် ဆရာတော်ကြီးများထံ စာပေများ သင်ကြား၍။
၁၃၁၀-ခုနှစ်  ရှင်သာမဏေအကျော်
၁၃၁၀-ခုနှစ်   ၀ိနယ၀ိသာရဒအကျော်
၁၃၁၆-ခုနှစ်   သာသနဓဇဓမ္မာစရိယ
၁၃၁၆-ခုနှစ်   ၀ိနယာဓိကသီရိပ၀ရဓမ္မာစရိယ
၁၃၁၇-ခုနှစ်   သာသနဓဇသီရိပရဓမ္မာစရိယ
၁၃၁၈-ခုနှစ်   အင်္ဂုတ္တရနိကာယပါဠိပါရဂူ
၁၃၁၈-ခုနှစ်    ဗုဒ္ဓသာသန၀ိသိဋ္ဌဒီဃဘာဏက
၁၃၂၃-ခုနှစ်    ဒီဃနိကာယဘာဏကဂမ္ဘီရဉာဏ
၁၃၂၆-ခုနှစ်    ဗုဒ္ဓသာသနဒီဃနိဏာယ ကောဝိဒ စသော ဘွဲ့တံဆိပ်တော်များ ရယူနိုင်ခဲ့ပါသည်။
၁၃၂၈-ခုနှစ်တွင် မူလ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကို တည်ထောင်ခဲ့သော ဆရာတော် ဘဒ္ဒန္တ အာဠာရ သည် "ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကို တည်ထောင်ခဲ့တာ ဦးဉာဏ၀ံသ အတွက် တည်ထောင်ခဲ့တာဟု" အတိအလင်း မိန့်ကြားပြီး ဆရာတော် ဦးဉာဏ၀ံသကို ကျောင်းတိုက် ၀န်ဆောင် နာယကအဖြစ်ဖြင့်ခန့်အပ် တာဝန်ပေးခဲ့ပါသည်။
နာယကတာဝန် ယူပြီးသည့်နောက် ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကြီးကို ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်း ဓမ္မာစရိယတန်း စာသင်သားသံဃာ (၂၀၀) ကျော် ဖြစ်အောင် ပဓာန နာယက ဆရာတော်အဖြစ် တာဝန်ယူ စီမံအုပ်ချုပ်ပြီး သာသနာရေး ၀န်ကြီးဌာနမှ ကျင်းပသော ပထမပြန်စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း တို့၏ ပုစ္ဆကတာဝန်၊ ဓမ္မာစရိယတန်း၏ ပုစ္ဆာကတာဝန်၊ ပါဠိပါရဂူ ပုစ္ဆကတာဝန်၊ တိပိဋ္ဋက စာမေးပွဲ ပုစ္ဆကတာဝန်များနှင့် နိုင်ငံတော် သံဃသမ္မုတိ သံဃာ့ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ သြ၀ါဒါစရိယတာဝန်၊ ရွှေကျင် ဂိုဏ်လုံးဝန်ဆောင် နာယက တာဝန်များကို ထမ်းဆောင်ရင်း ခရစ်သက္ကရာဇ် ၁၉၉၀ - ပြည့်နှစ် န.၀.တ. လက်ထက်တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ရာ၌ ဆရာတော်သည် ရန်ကုန်တိုင်းတွင် ဦးဆောင် ဆရာတော်အဖြစ် ပါဝင် လက်မှတ် ရေးထိုးခဲ့သည့်အတွက် တိပိဋကဆရာတော်နှင့် အခြား သံဃာတော်များနှင့်အတူ ၁၉၉၀ - ခုနှစ်မှ ၁၉၉၃ - ခုနှစ်အထိ(၃) နှစ်နီးပါး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရပါသည်။ ၁၉၉၃-ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာသောအခါ အထိန်းသိမ်းခံရသော ဆရာတော်များသည် မိမိ၏ မူလ သီတင်းသုံးသော ကျောင်းများတွင် သီတင်းသုံးနိုင်ပါသော်လည်း ဆရာတော် ဦးဉာဏ၀ံသ သည် လက်ရှိ ကျောင်းတိုက်အတွင်းရှိ တပည့် စာချဆရာတော်များမှ န.၀.တ၊ န.အ.ဖ. ဟု ခေါ်ဆိုသော စစ်အစိုးရများနှင့် ပူးပေါင်း၍ ဆရာတော် ဦးဉာဏ၀ံသ အား နိုင်ငံတော်ဆန့်ကျင်သည့် ဆရာတော်ဖြစ်သည့်အတွက် ကျောင်းတိုက်မှ လက်မခံနိုင်ပါ ဟု  ပြောဆို၍ (မိမိကိုယ်တိုင် တည်ထောင်ခဲ့သော ကျောင်းတိုက်ကို) တပည့် စာချပုဂ္ဂိုလ်များက မတရားသဖြင့် အဓမ္မ လုယူ သိမ်းပိုက်ခဲ့သောကြောင့် ဆရာတော်သည် မိမိ၏ တပည့်သံဃာများ၏ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ခဲ့ရပါသည်။
ဆရာတော်သည် ၁၉၉၆-ခုနှစ်မှ စတင်၍ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်၌ ရတ္တညူ မဟာနာယကအဖြစ် သီတင်းသုံးနေထိုင်လျက် ၂၀၀၇- ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၌ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်(မိမိ)ကို မြောက်ဥက္ကလာပမြို့နယ်၌ ဦးဆောင်သံဃာဟု ယူဆ၍ စစ်အစိုးရမှ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်ကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးသောကြောင့် ဆရာတော်သည် "မိမိကြောင့် တပည့်သံဃာများ ရှာဖွေမေးမြန်းဖမ်းဆီး ထိန်းသိမ်းခံရသည့်အတွက် စိတ်မကောင်းသဖြင့်" ၂၀၀၇- ခုနှစ်မှ စတင်၍ ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် အတွင်းရှိ တပည့်သံဃာများထံ လှည့်လည် သီတင်းသုံးနေထိုင်ရင်း ၁၃၇၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၂) ရက် ၉.၃.၂၀၁၃  စနေနေ့ ညနေ(၄း၄၁) နာရီအချိန်တွင် ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် နဘူးကျေးရွာ အောင်သိဒ္ဓိကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
-- 
ထွန်းအောင်(ABMA)
အနန္တဂုဏ်အင် ကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တ ဉာဏ၀ံသ ၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်
Kyaw Thu - FFSS Yangon Activity,
ခွဲစိတ်ဖို့အရေး စိတ်အေးရလေပြီ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မေ ၈၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၇ ခုနှစ် မတ်လ (၂) ရက် တောင်သူလယ်သမားနေ့မှ စတင်၍ "သုခကုသိုလ်ဖြစ်ဆေးခန်း"အား အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး မိဘပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား အလေးထားဆောင်ရွက်ပေးခဲ့သည်မှာ (၆) နှစ်ကျော်ကာလသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ ယခုဆိုလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်) အပြင် ပြည်၊  ကြို့ပင်ကောက်၊ ပဲခူးမြို့များတွင် တိုးချဲ့၍ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် အခြားသော နယ်ဒေသမြို့နယ်များရှိ ကိုယ်ထူကိုယ်ထ ပရဟိတဆေးခန်းများသို့ လစဉ်ဆေးဝါးများ ထောက်ပံ့ပေးလျှက်ရှိသည်။ ထို့ကြောင့် "ကျန်းမာခြင်းသည် လာဘ်တပါး" ဟူသော ဆောင်ပုဒ်အတိုင်း အများပြည်သူတို့အတွက် ကျန်းမာခြင်းသုခများ ရရှိနိုင်စေရန်ရည်ရွယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အလှူရှင်၊ စေတနာရှင်များနှင် လက်တွဲကာ အစဉ်ကြိုးစားလျှက် ရှိပါသည်။
၁.၅.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပဲနွယ်ကုန်းမြို့ရှိ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှာက်မှု ပရဟိတလုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ပေးနေသော Hundard Power မိသားစု၏ ကုသိုလ်ဖြစ်ဆေးခန်း၌ လိုအပ်လျှက်ရှိသော ခွဲစိတ်ခန်းသုံး ခွဲစိတ်ကုတင်နှင့် ခွဲစိတ်ကုတင် (Operation Chair)နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများအား လှူဒါန်းပေးခဲ့သည်။ ၄င်းခွဲစိတ် ကုတင်သည် ကျပ်ငွေ (၁၄) သိန်းကျော်ခန့် တန်ဖိုးရှိပြီး အများပြည်သူအလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများဖြင့် ဝယ်ယူထားသော  အများပြည်သူတို့၏ ကောင်းမှုအလှူတော်ပင်ဖြစ်သည်။ Hundard Power မိသားစု၏ ကုသိုလ်ဖြစ်ဆေးခန်းအနေဖြင့် ခွဲစိတ်ခန်းသုံး ခွဲစိတ်ကုတင် (Operation Chair) နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပြည့်စုံစွာရရှိပြီးဖြစ်သည့်အတွက် ပဲနွယ်ကုန်းမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ မှ ကျန်းမာရေးချို့တဲ့လူနာများနှင့် ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအတွက် ခွဲစိတ်ကုသမှု ပြုလုပ် ပေးနိုင်တော့မည်ဖြစ်သည့်အတွက် "ခွဲစိတ်ကုသဖို့အရေး ရင်အေးရပြီ" ဖြစ်ပါကြောင်း အများပြည်သူ အလှူရှင်အပေါင်းတို့အား  အသိပေးနှိုးဆော်အပ်ပါသည်။
Han Thar Waddy U Win Tin - Articles
စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြမယ် နွှာကြတယ်
ဟံသာဝတီ ဦးဝင်းတင်
မေ ၈၊ ၂၀၁၃
ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ်လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာတွေ တိုးလာသဗျာ။ ကိလေသာမကုန်သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင်ဖြစ်လာသေး။
ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။
ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါးအပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲအကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာလို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။
ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေကြော်တဲ့၊ လှော်တဲ့ လူ့ငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ အာဏာရှင်စစ်သူရဲတွေရဲ့ တရှဲရှဲဆီပူထိုး ချိုးကပ်တဲ့ညှော်နဲ့ဆိုးလားဟဲ့။
မဖြစ်ချေဘူးကွယ်ရို့။ ငရဲအိုးတွေချိုးမကပ်အောင်တော့ ခွာကြမှ တော်မယ်ကွယ်။ ငါကိုယ်တိုင် အဲ့ဒီငရဲအိုးတစ်မျိုးမျိုးထဲ ဆင်းရဦးမှာလားတောင် မသိတာ။ ဆီပူအိုးဆိုတာ ချိုးရှိရင်နောက်ထည့်ပစ္စည်း ချိုးကြီးကပ်ဖို့ နီးသဟဲ့။
ငါ ဆီပူလောင်ပြန်ဦးမှာလား။ ချိုးကြွပ်ကပ် ပြန်ဦးမှာလား။
ဒီလိုပဲပေါ့ဗျာ။ တွေးတောယုံမှားခြင်းတွေ ကျုပ်ကို ညှဉ်းဆဲနေသဗျ။ အေးအေးသတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။ အပူကင်းကြပါစေ။ ငရဲအိုးတွေချိုးမကပ်ကြပါစေနဲ့။ အမျှ အမျှ အမျှ။
ငရဲအိုးတွေကိစ္စ ပြောမယ့်သာပြောရတာ။ ကျုပ်တို့၊ ခင်ဗျားတို့ခေတ်မှာ စစ်အာဏာရှင်ငရဲအိုးတွေ အမျိုးအမျိုး ပေါ်ခဲ့တာဆိုတော့ ရိုးနေတဲ့ကိစ္စပဲပေါ့လေ။
အခု သမ္မတဦးသိန်းစိန် အစိုးရခမျာလည်း အဲဒီငရဲဆီပူအိုးတွေကို ချိုးခွာရမယ့် တာဝန်ကြီး ပိနေရှာတယ်။ သနားစရာပဲဗျာ။ သမ္မတကြီးလည်းချွေးတလုံးလုံးနဲ့ဗျာ။ စစ်အာဏာရှင်တွေကြော်ခဲ့၊ လှော်ခဲ့ကြတာဗျ။ အဲဒီတုန်းက ဗိုလ်သိန်းစိန်တစ်ယောက် မှူးကြီး-ချုပ်ကြီး ဗိုလ်ရာဝင်ပြီလား။ ရှေ့တန်းရောက်နေပြီလား၊ မသိပါဘူးဗျာ။ အဲ ဗိုလ်ချုပ်ကြီးတွေ လက်စွမ်းပြခဲ့ကြတဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဟန့်တားမှုတွေက နည်းမှတ်လို့။ အဲဒါတွေရဲ့ သင်္ကေတ ပြယုဂ်ဖြစ်တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ဆိုတာကလည်း များမှများ။ တစ်ပြည်လုံး ပလူပျံနေတာလေ။
လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်အတွင်း လူငယ်ကျောင်းသား၊ ရဟန်းရှင်လူအများကို ထောင်ငရဲအိုးတွေမှာ ကြော်ခဲ့၊ လှော်ခဲ့သဗျ။ စစ်ထောက်လှမ်းစခန်းတွေမှာလည်း ထိုနည်းလည်းကောင်း။ အဓမ္မအလုပ်စခန်းတွေမှာလည်းအလားတူစွာပေါ့။ မီးပြင်းတိုက်၊ ဆီပူထိုး၊ ချိုးကပ်အောင် ကြော်သပေါ့လေ။ အဲဒီမီးပြင်းတွေ၊ အဲဒီဆီပူတွေဆိုတာက ပြောခဲ့တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေပဲပေါ့ဗျာ။
တကယ်တမ်းပြောမယ်ဆိုရင် အာဏာရှင်ခေတ်ဆိုးရဲ့ ချိုးတွေက ကျုပ်တို့တစ်မျိုးလုံးကို ကပ်နေတာဗျ။ အဲဒါတွေကို ကျုပ်တို့ တစ်မျိုးလုံးပဲ ကုန်းရုန်းတွန်းတိုက် မိုက်မိုက်ကန်းကန်း ခွာကြရမှာဗျ။ ခြစ်ကြရမှာဗျ။ ချွတ်ကြရမှာဗျ။ ပွတ်ကြရမှာဗျ။ ဖဲ့ကြရမှာဗျ။
ဒီနေ့ ကျုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ခါးခါးသီးသီး တွေ့ကြုံခံစားနေကြရတဲ့ ရခိုင်ပြဿနာ၊ ကချင်စစ်ပွဲ၊ လက်ပံတောင်း သယံဇာတိကျိန်စာ၊ လယ်မြေအဓမ္မသိမ်း၊ စက်မှုကျွန်ခိုင်း၊ ပညာရေးဦးနှောက်ချောင်၊ ကျမ်းမာရေးလူညွန့်တုံး၊ အလုပ်သမား-လယ်သမား-လက်လုပ်လက်စား ဘဝပျက်၊ အရာရှိ-အရာခံ ဝန်ထမ်းလုပ်သား အကျင့်ပျက်၊ ပြည်သူတိုင်းရင်း ဆင်းရဲတွင်းနက်၊ စာနယ်ဇင်း အလင်းမဆောင်နိုင်၊ လွှတ်တော်ထဲက မရွေးအမတ်အသံ၊ အာဏာကပ်ပါး ခရိုနီတို့ရဲ့ခြေလှမ်း၊ အားလုံးပေါ့လေ။ စစ်အာဏာရှင်ခေတ်ဆိုးရဲ့ချိုးတွေဗျ။ ခွာကြဟေ့၊ ခွာကြ။
အဲ..... အဲ..... အညစ်ဆုံး၊ အမှောင်ဆုံး တဒယ်အိုးလုံးကို မီးသွေးတုံးကြီးလို စွဲကပ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ချိုးကြီးကိုလည်း ခွာကြရဦးမယ်ဗျ။
သမ္မတဦးသိန်းစိန် အစိုးရလည်းလက်ပိုက်ကြည့်မနေရှာပါဘူး။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်စရိုက်မကျင့်မိလေအောင် အလိုက်သင့်ကလေး စစ်အာဏာရှင်စနစ်ဆိုးချိုးတွေနွှာ၊ အိုးတွေခွာပေးနေတယ်ဗျာ။ ၁၉၈၈ ကတည်းကထုတ်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ အမိန့်ကြော်ငြာစာ ၂/၈၈ ကိုနှစ်အစိတ်ပြည့်လုတဲတဲလေးမှာ ရုပ်သိမ်းလိုက်တာကြည့်။
ကောင်းတယ်။ ကောင်းချီးပေးကြပါ။ သရီးချီးယား ဟစ်ဟစ်ဟူးရေးလို့ ဘိုလိုအော်ချင် အော်ကြပါ။
သမ္မတကြီးဟာ နှလုံးသမားဗျ။ ဟိုနှစ်လုံးသမား ပြောတာမဟုတ်ပါဘူး။ နှလုံးရောဂါသမားလို့ပြောတာပါ။ နှလုံးသမားဆိုတာ စိတ်မချရဘူး။ အဲဒီရောဂါမျိုးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဗျ။ တစ်နေ့နေ၊ တစ်နေ့ အဲ ..... အဲ .... သက်တော်ရာကျော်ရှည်ဆိုတာမျိုးဗျ။
ကျုပ်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို အာဖြဲဟစ်လိုက်ချင်စိတ် ပေါက်လာတယ်ဗျာ။ ကျုပ် သူငယ်ပြန်တာ မဟုတ်ပါဘူးနော်။ သူငယ်ပျော်တယ် ဆိုချင်ဆိုပါ။
ကိုင်း .... ကိုင်း ... ကျုပ်နဲ့အတူ အတင်းအာဖြဲ သီချင်းကဗျာ ဟဲကြစို့။
"နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် နှလုံးသမားကို တအားကူမယ် စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ် .... " ကိုင်း ..... ငရဲပြည်ကို၊ ငရဲကျွတ်တို့၊ ငရဲလူထွက်တို့ ....။
..... သမ္မတ ထောက်ခံကဗျာတေးကို ကျကျနန နောက်တစ်ပြန် လျှာသွေးလိုက်ကြပါဦး။ ဝမ်း .... တူး ... သရီး ... 
" နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် .... .... .... စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ်"။ ။
...............
ဒီလှိုင်း ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၅)
ဦးဝင်းတင် ဖေ့ဘုတ်ခ်မှ ကူးယူပါသည်။
Aung Maw - Cartoon
ယ တြာ
ကာတွန်း - အောင်မော်
မေ ၈၊ ၂၀၁၃
ကာတွန်းအောင်မော် ဖေ့ဘုတ်မှ ပြန်လည်ကူးယူပါသည်။
ပူဇာ စ ပူဇနေယျာနံ
ဆရာတော် ဦးဝိလာသ
မေ ၈၊ ၂၀၁၃
မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ ဘ၀နတ်ထံပျံလွန်တော်မူသည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ။ "ပူဇာ စ ပူဇနေယျာနံ" ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာမည်၏" ဟု ဗုဒ္ဓမြတ်စွာ မိန့် မှာသည့်အတိုင်း အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲ ကျင်းပခြင်းဖြင့် ဆရာတော်ကြီး၏ ဂုဏ်တော်ကျေးဇူးတော်တို့ ကို ပူဇော်ပေးဆပ်ကြခြင်းဖြစ်သည်။ ဤသို့ ပူဇော်ခြင်းဖြင့် အပူဇော်ခံရသူ ဆရာတော်ကြီးလည်းဂုဏ်တက်၍ ပူဇော်ကြသူ ရဟန်းရှင်လူပြည်သူ ပြည်သားတို့ သည်လည်း ဂုဏ်တတ်ရပါသည်။
အမေရိကန် ကဗျာဆရာကြီး Frost ကွယ်လွန်ခြင်း တနှစ်ပြည့် အခမ်းအနားတွင် ထိုစဉ်က သမ္မတဖြစ်သူ ဂျွန်အက်ဖ် ကနေဒီ ပြောခဲ့သည်ကို မှတ်သားရဖူးသည်။ "နိုင်ငံတနိုင်ငံကို ကြည့်လျှင် ထိုနိုင်ငံ၌ လူကောင်းသူကောင်းများ မည်သို့ ပေါ်ပေါက်လာသည်ဆိုသော အချက်ကို လေ့လာရသည်သာမက ထိုနိုင်ငံက လူကောင်းသူကောင်းများကို မည်သို့ တန်ဘိုးထားသည်ကိုလည်း ကြည့်ရပါမည်။" ထို့ ကြောင့် "ပူဇာ စ ပူဇနေယျာနံ" တရားတော်အရ ချီးမြှင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်နိုင်ငံသူနိုင်ငံသားများသာမက နိုင်ငံကျက်သရေနှင့် လူမျိုးကျက်သရေကိုလည်း တိုးစေပါသည်။
သာသနာတော်နှင့်ပတ်သက်၍ မစိုးရိမ်ဆရာတော်ကြီး ဆုပ်ကိုင်ထားသောမူဝါဒမှာ "သာသနာ့အန္တရာယ် ကာကွယ်ကြ" ဟူ၍ပင်။ ထို့ ကြောင့် "သာသနာ့ အန္တရာယ်ကျရောက်နေပြီ၊ ညီညီညွတ်ညွတ်နဲ့ စုပေါင်းကာကွယ်ကြ" ဟုဩ၀ါဒပေးလေ့ရှိ၏။ ဆရာတော်ကိုယ်တိုင်လည်း သာသနာ့အရေးမှလွဲ၍ မည်သည့်အရေးမျှ ဂရုစိုက်တော်မမူ။
ဆရာတော်ကြီးသည် စစ်အစိုးရကို သပိတ်မှောက်ကံဆောင် ၍ ထောင် ၂၂လကျခံရသည်ကို ကြံ့ကြံ့ခံရင်းထောင်တွင်း အကျဉ်းကျ ခံရသော ရဟန်း၊သာမဏေများ ရဲဘက်စခန်း၌ သေဆုံးပျက်စီးရခြင်းကို စိတ်ထိခိုက်ရရှာ၏။ ၂၀၀၇ခုရွှေဝါရောင် သံဃာ အရေးတော်ပုံ၌ ထိခိုက်ပျံလွန်ကြသော သံဃာများအတွက် စိတ်နှလုံးညှိုးနွမ်း ပူပန်ရသည်။ ယင်းသို့ ပူပန်ခြင်းကြောင့် "သာသနာ့အန္တရာယ် ကျရောက်နေပြီး" ဟု တပည့်ရဟန်းသံဃာများနှင့် ဒကာဒကာမတို့ အား အရေးတကြီးမိန့် ကြားခဲ့သည်။ တပည့်အပေါင်းအား "သာသနာ့အရေး"ကိုသာ အလေးထားဆောင်ရွက်ကြရန် အထူးမိန့် ကြားသည်။ သာသနာ့အန္တရာယ်ကာကွယ်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအပေါ်ကျရောက်မည့် အန္တရာယ်ကိုလည်း ကာကွယ်ပြီးဖြစ်သည်။ ယင်းသို့ ဆိုရခြင်းမှာ အခြားသော ၀ါဒန္တရ၊ ဘာသန္တရ၊ ဂဏန္တရ ပုဂ္ဂိုလ်များ၏ ကဲ့ရဲ့ သဂြိုဟ်စကားတင်းဆိုမှုကို ရှောင်လွဲနိုင်ရန် အလို့ ငှာ ခိုင်မာသော "သာသနာရေးမူဝါဒ" ကိုချမှတ်ခြင်းဖြစ်၏
ဤနေရာ၌ စကားအလျဉ်းသင့်၍ မိုးမခ၀ိုင်းတော်သားတဦးဖြစ်သူ မောင်ရစ်က မစိုးရိမ်ဆရာတော်ကြီးကို ဖူးတွေ့ ပြီး ရေးသားခဲ့ပုံကို တင်ပြလိုပေသည်။ "ကျနော်နဲ့ ဆရာတော်ကြီးတို့ ဆုံရတဲ့ရေစက်က ၂၀၀၇ နိုဝင်ဘာလက ၂၀၀၈ ဧပြီလအထိသာ ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေ တတ်စွမ်းသမျှ ဆရာတော်ကြီးအတွက် ဝေယျာဝစ္စတွေ ၀ိုင်းလုပ်ပြီး ကုသိုလ်ယူခွင့်ရခဲ့တယ်။ အရိုးသားဆုံး၊ အဖြူစင်ဆုံး၊ အဖြောင့်မတ်ဆုံး၊ အလှပဆုံး သက်ရှိတရားတခုကို ဖူးတွေ့ ခွင့်ရလိုက်တာပဲ။"
မြန်မာနိုင်ငံ သာသနာရေးလောက၌ ထင်ရှားသော ပါဠိဂါထာတပုဒ်ရှိ၏။ ထိုဂါထာကို ဘုန်းကြီးပျံပူဇော်ပွဲ၊နှစ်ပတ်လည် ပူဇော်ပွဲတို့ တွင် တွင်ကျယ်စွာ ဟောပြော အသုံးပြုလေ့ရှိ၏။ 
သရီရဿ စ ဂုဏဿ၊ ဒူရမစ္စန္တ မန္တရံ။
သရီရံ ခဏ၀ိဒံ္ဓသိ ဂုဏာ စကပ္ပဌာယိနော။
"လူ့ ခန္ဓာကိုယ်နှင့် လူ့ ခန္ဓာကိုယ်က ဆောင်ရွက်သော ဂုဏ်တို့ သည် မတူညီကြပေ။ လူ့ ခန္ဓာကိုယ်သည် သက်တမ်းအလျှောက်သာ တည်တံ့၍ ခန္ဓာကိုယ်ကို မှီ၍ဖြစ်ရသော ဂုဏ်ဒြပ်တို့ သည်ကား ကမ္ဘာရှည်အောင် တည်တံ့နေပေသည်။"
ဖော်ပြပါ ဂါထာ ပါဠိသည် ရိုးသားဖြောင့်မတ်ပြီး လောကအတွက်၊ သာသနာအတွက် စွန့် စား၊ စွန့် လွတ်တတ်သော သတ္တိနှင့် အမြော်အမြင်ကြီးမှု အားလုံးတို့ ကို ခြုံငုံ၍ "လူသေသော်လည်း နာမည်မသေ"ဟူသော သဘောကို ဖေါ်ပြခြင်းပါ။
ထိုနည်းတူပင် ကဗျာဆရာကြီး ဆရာဇော်ဂျီကလည်း "လူသည် ဓမ္မအလျောက် သေဆုံးရသည်မှန်သော်လည်းသေပြီးသောအခါ ကျန်ရစ်ကောင်း၊ ကျန်ရစ်သင့်သည့် "ဒို့ မြေ၊ ဒို့ စာ၊ ဒို့ ဘာသာ သစ္စာအရောင်" များကို ကဗျာဖြင့် ရှင်းလင်းစွာရေးသားခဲ့၏။
ဪ …. လူ့ ပြည်လောက၊ လူ့ ဘ၀ကား၊
အိုရ နာရ၊ သေရဦးမည်၊
မှန်ပေသည်တည့် …. ။
သို့ တ ပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့ မြေသည်၊
အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
 သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်   
ဥာဏ်တန်ဆောင်လည်း …….
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
ဆရာတော် ဦးဝိလာသ
မဟာအောင်မြေကျောင်းတိုက်
နယူးယောက်ခ်မြို့ 
နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးဝိသုတစာရနှင့် တွေ့ဆုံခြင်း
နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးဝိသုတစာရနှင့် တွေ့ဆုံခြင်း
စီစဉ်တင်ဆက် အရှင်ပညာနန္ဒ၊ ပြည်ပရောက်မြန်မာရဟန်းတော်များအဖွဲ့၊
မိုးမခရုပ်သံ၊ မေ ၇၊ ၂၀၁၃
Aung Way - Poem
မေ န နို င် လို့  ထ ေ ရ း တဲ့ က ဗ် ာ
ေ အ ာ င္ ေ ၀ း
ေ မ ၇၊ ၂ ၀ ၁ ၃
မနေနိုင်လို့ ထရေးတဲ့ကဗျာ
နေနိုင်သူတွေ မဖတ်နဲ့ ။
တစ်နေ့ တစ်နေ့ 
မီးလောင်ဗုံးနဲ့ 
အဓိကရုဏ်းနဲ့ ။
တစ်နေ့ တစ်နေ့ 
သပိတ်စခန်းနဲ့ 
ဒုက္ခသည်စခန်းနဲ့ ။
တစ်နေ့ တစ်နေ့ 
ပုဒ်မ(၁၄၄)နဲ့ 
ပုဒ်မ(၁၈)နဲ့ ။
နေ့ မအိပ်ရ
ညမအိပ်ရ
အထိတ်တလန့် တိုင်းပြည်။
ဟိုတုန်းက
ဒီမိုကရေစီတောင်းဆိုသော
ဒီကနေ့ 
ဒီမိုကရေစီအတုပြင် အဟောင်းလဲသော။
ဟိုတုန်းက
ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းတို့ တိုင်းပြည်
ဒီကနေ့ 
ဒီမိုကရေစီလက်ဝေခံသူတောင်းစားတို့ တိုင်းပြည်။
ဟိုတုန်းက
ထောင်ဝင်စာပို့ တဲ့ခေတ်
ဒီနေ့ က
ထမင်းထုပ်ပို့ တဲ့ခေတ်။
သွားကြပါ
တရုတ်ပြည်လည်းသွား
ငရဲပြည်လည်းသွား
သွားကြပါ။
တိုင်းပြည်က ပင်လယ်ထဲမျောနေ
(နေနိုင်သူကြီးရဲ့)
ခင်ဗျားက (စိန်စု)ဋီကာဖွဲ့ နေ။
လက်ပံတောင်းတောင်က ဒုက္ခရေ
မလက်တိုက ဒုက္ခရေ
မင်းတို့ ကိုကယ်မယ့်သူ မရှိတော့ပါလား။
အားအားရှိ မြေသိမ်း
အားအားရှိ ယာသိမ်း
အားအားရှိ လယ်သိမ်း
မငြိမ်းချမ်းဘူး အမေရယ်။
စစ်တပ်က သိမ်းလိုက်
ဦးပိုင်က သိမ်းလိုက်
ခရိုနီက သိမ်းလိုက်
ဘာလုပ်စားရတော့မလဲ အမေရယ်။
အင်းလေးကန် ရေမခန်း
ခြံသိမ်းခံရတဲ့ ဓနုလင်မယားလေးရေ
လွမ်းတော့။
သန်လျင် အလွမ်းဆွတ်ရွာက
မြေမဲ့ယာမဲ့ ပညာမဲ့ ငါ့ နှမလေးရေ
လွမ်းတော့။
နေ့ နေ့ ညည
တထိတ်ထိတ် တလန့် လန့် 
စိတ်မသန့် တဲ့တိုင်းပြည်။
လယ်သမားအရေး
အလုပ်သမားအရေး
ဒီမိုကရေစီအရေးတွေထက်
မိထ္ထီလာအရေးက ငယ်ထိပ်တက်
ညည အိပ်မက်ဆိုးတွေမက်တယ်အမေ။
ကောသလအိပ်မက်
တစ်ဆယ့်ခြောက်ချက် မဟုတ်ပါဘူး
ကျနော့်အိပ်မက်
ကသောက်ကယက်ပါအမေ။
အိပ်မက်ထဲမှာ
အကြမ်းဖက်ဗုဒ္စဘာသာဝင်တွေ
အင်းစိန်ထောင်ထဲရောက်။
အိပ်မက်ထဲမှာ
အစွန်းရောက်မူဆလင်တွေ
ဆော်ဒီအာရေဗျရောက်။
အိပ်မက်ထဲမှာ
သမ္မတကြီးက မုန့် ဟင်းခါးရောင်း။
အိပ်မက်ထဲမှာ
လေဒီကြီးက အင်္ဂလန်ပြန်။
အိပ်မက်ထဲမှာ
တိုင်းပြည်ကို (ရှီကျင်ပင်း)က အုပ်ချုပ်။
လန့် လိုက်တာအမေရယ်
အိပ်မက်ထဲမှာ
(တရုတ်နိုင်ငံရဲတပ်ဖွဲ့ 
မုံရွာရဲစခန်း)တဲ့
ဆိုင်းဘုတ်လေး တွေ့ လားတွေ့ ရဲ့။
ကြောက်လိုက်တာအမေရယ်
အိပ်မက်ထဲမှာ
(တရုတ်ပြည်သူ့ သမ္မတဗမာနိုင်ငံတော်)တဲ့
ဆိုင်းဘုတ်ကြီး တွေ့ လားတွေ့ ရဲ့။
သွားကြပေါ့ 
တရုတ်ပြည်လည်းသွား
ငရဲပြည်လည်းသွား
သွားကြပေါ့ ။
နောင်တစ်ချိန်ကျရင်
ဗမာပြည်မှာ
(၂၁-ရာစု ဆိုရှယ်နယ်ချဲ့ ဆန့် ကျင်ရေးတိုက်ပွဲသစ်)
တစ်ကပြန်စမယ်။
အဲဒီအခါ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း သေရွာကပြန်ထ
သခင်ဗဟိန်းလည်း သေရွာကပြန်ထ
ဗိုလ်ချုပ်အောင်ဆန်းလည်း သေရွာကပြန်ထ
ဗန်းမော်တင်အောင်လည်း သေရွာကပြန်ထ
ကိုဗဆွေလေးလည်း သေရွာကပြန်ထ
ဗိုလ်ကြီးအုန်းကျော်မြင့်လည်း သေရွာကပြန်ထ
ဆလိုင်းတင်မောင်ဦးလည်း သေရွာကပြန်ထ
ဖုန်းမော်လည်း သေရွာကပြန်ထ
သက်ဝင်းအောင်လည်း သေရွာကပြန်ထ
တာရာမင်းဝေလည်း သေရွာကပြန်ထ
ပဒိုမန်းရှာလည်း သေရွာကပြန်ထ
--------------------------------
ဒီကဗျာရေးတဲ့ကောင်လည်း သေရွာကပြန်ထ။
မနေနိုင်လို့ ထရေးတဲ့ကဗျာ
ခွေးဟောင်မှာတော့ သေချာတယ်။     ။
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives