[mrsorcerer:38160] မွတ်စလင်မ်များ သတ်ဖြတ်ခံရမှုနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍ


မွတ်စလင်မ်များ သတ်ဖြတ်ခံရမှုနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍ

မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့တွင်း၌ မီးကွင်းများ၊ ဓားရှည်များကိုင်ဆောင်ထားသော ဗုဒ္ဓဘာသာဝင် လူရမ်းကားများသည် မွတ်စ်လင်မ် ၁၀၀ ခန့် လိုက်လံသုတ်သင်ပြီးနောက်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးမှ မွတ်စ်လင်မ် မိန်းကလေးငယ်လေးတစ်ဦးကို ဖမ်းချုပ်၍ သူမ၏ လည်မျိုအား ဓားဖြင့်ထောက်ကာ " မင်း ငါတို့နောက်လိုက်ရင် ငါ သူ့ကို သတ်ပစ်ရလိမ့်မယ် " ဟု ရဲတပ်သားကို ကြိမ်းမောင်းပြောဆိုခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောဆိုသည်။

၎င်းမှာ မတ်လ ၂၁ ရက်၊ ကြာသပတေးနေ့ ဖြစ်သည်။ နာရီပိုင်းအတွင်း မွတ်စ်လင်မ် ၂၅ ဦးထက်မနည်း သတ်ဖြတ်ခံလိုက်ရသည်။ ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုသည် သွေးအလိမ်းလိမ်းဖြစ်နေသော ယင်း ရုပ်အလောင်းများကို မင်္ဂလာဇေယုံအနီးရှိ တောင်ကုန်းပေါ်သို့ ဒရွတ်တိုက်ဆွဲယူသွားကာ မီးရှို့ခဲ့ကြသည်။

သားသတ်သမားကဲ့သို့ ခုတ်ထစ်သတ်ဖြတ်ခံရသည့်အပေါ် ငယ်သံပါအောင် ဟစ်အော်နေသည့် မြင်ကွင်းကိုလည်း လူအချို့မှ တွေ့မြင်ခဲ့ကြသည်။ ရိုက်တာသတင်းထောက်တစ်ဦးမှ အသက် ၁၀ နှစ်ပင် မပြည့်တတ်သေးသော ကလေးငယ် ၂ ဦး၏ မီးကျွမ်းထားသည့် ရုပ်အလောင်းများကို တွေ့မြင်ကြောင်းဆိုသည်။

မြန်မာနိုင်ငံ စစ်အုပ်ချုပ်မှုအောက်၌ လွန်ခဲ့သော ၄၉ နှစ်တာကာလကတည်းကပင် လူမျိုးရေး အမုန်းတရားများကို ဇက်လွှတ် ပေးထားခဲ့သည်။ စစ်အုပ်ချုပ်မှုကာလမှ ၂၀၁၁ ခုနှစ် မတ်လတွင် အဆုံးသတ်ခဲ့သော်လည်း ၄င်းလူမျိုးရေး မုန်းတီးမှုသည် ပိုမိုကျယ်ပြန့်လာပြီး၊ နိုင်ငံ၏သမိုင်းဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အန္တရာယ် ဖြစ်လာပေသည်။ မျိုးဖြုတ်သုတ်သင်ခြင်း လက္ခဏာမှာ ပေါ်လွင်ထင်ရှားလာကာ ထိုသို့ မျိုးတုန်းသတ်ဖြတ်မှုများကိုလည်း မည်သည့်အရေးယူခြင်း မရှိချေ။

နေပြည်တော်၏မြောက်ဖက် မိုင် ၈၀ မျှသာ ကွာဝေးသောမြို့တွင် ၄ ရက်တာအတွင်း လူပေါင်း ၄၃ ဦး သေကြေပျက်စီးခဲ့ရသည်။ မွတ်စ်လင်မ် အများစု ပါဝင်သည့် လူပေါင်း တစ်သောင်းသုံးထောင်ခန့်မှာ အိုးမဲ့အိမ်မဲ့ လုပ်ငန်းလက်မဲ့ဘ၀ ရောက်သွားရသည်။

ဤသွေးချောင်းစီးမှုသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တစ်လျှောက်ရှိ ရွာပေါင်း ၁၄ ရွာနှင့်အထက်သို့ ဆက်လက်ရွေ့လျားသွားခဲ့သည်။ ဤဖြစ်စဉ်သည် အာရှတိုက်တွင် မွတ်စ်လင်မ် လူနည်းစုတို့ကို ခွဲခြားနှိမ့်ချ ပ,ထုတ်မှု အကြီးမားဆုံး စာရင်းဝင် ဖြစ်ခဲ့သည်။

မိတ္ထီလာရှိ မွတ်စ်လင်မ် ၂၅ ဦးအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်သူများမှာ ဗုဒ္ဓဘာသာဝင် သံဃာများဖြစ်ကြောင်း၊ ၄င်းတို့သည် မြန်မာ့ဒီမိုကရေစီအရေး၌ ပါဝင်လေ့ ရှိသူများဖြစ်ကြောင်း မျက်မြင်သက်သေ ၃၀ ကျော်နှင့် တွေ့ဆုံမေးမြန်းချက်ရလဒ်မှ သိရသည်။

သတ်ဖြတ်မှုကြီးသည် ရဲဝန်ထမ်းများ၏ ရှေ့မှောက်၌ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး၊ ဒေသခံအာဏာပိုင်မှလည်းကောင်း ဗဟိုအစိုးရမှလည်းကောင်း ကြားဝင်ဖျန်ဖြေ တားဆီးခြင်း အလျဉ်း မရှိခဲ့ချေ။

နံရံတစ်ခုပေါ်တွင် "မွတ်စ်လင်မ် မျိုးဖြုတ်ရေး"ဟု လူရမ်းကားတို့မှ မသဲမကွဲ ရေးခြစ်ဖော်ပြထားကြောင်း တွေ့ခဲ့ကြရသည်။

မိတ္ထီလာမြို့တစ်နေရာ (ဓာတ်ပုံ - အလင်းမျက်ဝန်း)

မတည်ငြိမ်မှုသည် အခြားမြို့များသို့လည်းကောင်း၊ ရန်ကုန်မြို့လယ်ခေါင်မှ နာရီပိုင်းမျှ မောင်းနှင်ရသည့် နေရာဒေသများသို့လည်းကောင်း ဆက်၍ဖြစ်ပေါ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က မျက်နှာလွှဲခဲပစ် ပြုခဲ့ကြသည်။

မတ်လ ၂၁ ရက် သတ်ဖြတ်မှုကြီး၏နောက် သာသနာရေးဝန်ကြီးသည် ၃ ရက်ကျော် ကြာညောင်းသော အကြမ်းဖက်မှုအား ရပ်တန့်အောင် ဆောင်ရွက်ရာတွင် မဆိုစလောက်မျှသာ ပြုလုပ်နိုင်ခဲ့သည်။ အစွန်းရောက် သံဃာများမှ မီးကွင်းပစ်ခြင်း၊ ကယ်ဆယ်ရေးလုပ်သားတို့အား ခြိမ်းခြောက်ခြင်းနှင့် တစ်စမကျန်အောင် သောင်းကျန်းဖျက်ဆီးခြင်းတို့ကိုသာ ထိရောက်စွာ ဟန့်တားနိုင်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်အပေါင်းမှာ အကြမ်းဖက်ကျူးလွန်သူများ မဟုတ်ကြ။ မွတ်စ်လင်မ်တို့ကြောင့် သံဃာတော်တစ်ပါး စတင်သေဆုံးရသည်ဟု စွပ်စွဲသော်လည်း စတင် သောင်းကျန်း ဖျက်ဆီးကြသည်မှာ မွတ်စ်လင်မ်များ မဟုတ်ကြပေ။

ယမန်နှစ် မြန်မာ အနောက်ခြမ်း ပြဿနာများမှသည် ယခု မိတ္ထီလာဖြစ်ရပ်ဆိုးကြီးအထိ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ ခြေရာလက်ရာဖြစ်ကြောင်း၊ အာဏာပိုင်များမှ အရေးယူ ဆောင်ရွက်မှုမရှိကြောင်း ရိုက်တာသတင်းမှ တင်ပြခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ ဗျူဟာမြောက်ဒေသ၌ ယခုကဲ့သို့ သွေးချောင်းစီးမှု ဖြစ်ပေါ်လာသောအခါ – ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း သမိုင်းဝင်အပြောင်းအလဲအား စတင်ဖော်ဆောင်သူ ဟုဆိုသည့် သမ္မတဦးသိန်းစိန်မှာ တပ်မတော်ကို ကိုင်တွယ် ထိန်းချုပ်ခွင့် အပြည့်အ၀ ရှိမှရှိပါ၏လော ဟူ၍ မေးခွန်းများ ထွက်ရှိလာပါသည်။

ဗုဒ္ဓဘာသာဝင်အများစုရှိပြီး နာမည်ကြီး စေတီပုထိုးများကြောင့် " ရွှေနိုင်ငံ " အဖြစ် ကျော်ကြားသော တိုင်းပြည်၏ မတည်ငြိမ်မှု၌  ထိမ်ချန်ဖုံးကွယ်ထားသော အမှန်တရားတစ်ခု ရှိနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလကပင် မွတ်စ်လင်မ်ဆန့်ကျင်ရေးဂယက်၌ ဘုန်းတော်ကြီးများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပတ်သက်နေသည့်လူ ၄၂ ယောက်ကို ဖမ်းဆီးထားသည်ဟု ဆိုပါသော်လည်း၊ ဘုန်းတော်ကြီးများမှာမူ ၉၆၉ ဟု ကျော်ကြားသည့် ဗုဒ္ဓဘာသာဝင် လူမျိုးကြီးဝါဒတရားများကို ပိုမို အရှိန်မြှင့်တင် ဟောပြောနေခြင်းက မီးလောင်ရာလေပင့်နေခြင်းပင်။

စီးပွားရေးသာမဟုတ် ဘာသာရေးပြဿနာလည်း ပါဝင်သည်ဟု ဆန်းစစ်မှုများက ဆိုသည်။ အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခုတွင် (မိတ္ထီလာအပါအ၀င်အခြားဒေသမှ) မွတ်စ်လင်မ်တို့သည် ၄င်းတို့ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်များထက် ယေဘူယျအားဖြင့် စီးပွားဖြစ်ထွန်းကြသည်။

မွတ်စ်လင်မ်တို့သည် မြန်မာတစ်နိုင်ငံလုံး၌ ၅% မျှသာ ရှိသော်လည်း မိတ္ထီလာ၏ လူဦးရေ၌ သုံးပုံတစ်ပုံထိ ရှိသည်ဟု ဆိုကြသည်။ ၄င်းတို့သည် အခြေခံစီးပွားများ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အထည်အလိပ်ထွက်ကုန်၊ စားသောက်ဆိုင်များ၊ ဆိုင်ကယ်အရောင်းပြခန်းများ စသဖြင့် ပိုင်ဆိုင်ကြပြီး – လုပ်သားများ၊ ပျံကျဈေးသည်များအဖြစ် အသက်မွေးကြသည့် မြို့ခံဗုဒ္ဓဘာသာဝင်အများစုထက် ၀င်ငွေကောင်းခဲ့ကြသည်။

ဘားမားဟု အသိများကြသည့် ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေး လက်အောက်ရှိ မြန်မာနိုင်ငံသည် အာရှတိုက်နောက်ဆုံးဈေးကွက်၏ ထိပ်တန်းနေရာတွင် ရှိနေရာ စီးပွားရေး အကျိုးအမြတ်မျှော်လင့်ချက် ကြီးမားလှသည်။

နှစ်ပရိစ္ဆေဒများစွာ မှီတင်းနေထိုင်လာကြသော မွတ်စ်လင်မ်လူ့အသိုက်အ၀န်းအား အမြစ်လှန်လိုသည့် လတ်တစ်လောအကြမ်းဖက်ခြင်းနှင့် တည်ငြိမ်မှုပျက်ပြားစေခြင်းတို့မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလအတွက် အကြီးစား ထိုးနှက်ချက်တစ်မျိုးဖြစ်ကြောင်း သုံးသပ်ရပေသည်။

ပါလီမန်တွင် အတိုက်အခံ ခေါင်းဆောင်ဖြစ်သူ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ ဤတင်းမာမှုအပေါ် ပြေလျော့အောင် မဆောင်ရွက်ခဲ့မှုကြောင့် သူမ၏ စိတ်ဓာတ်ပုံရိပ်အား အရိပ်မည်း စွန်းထင်းသွားစေနိုင်သည်။

ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် ဒေါ်စုကြည်သည် တရားဥပဒေစိုးမိုးရေးအတွက် ပြင်းပြင်းထန်ထန်သတိမပေးဘဲ မဆိုစလောက်မျှသာ တုန့်ပြန်နေပါက အကြမ်းဖက်မှု ဆက်လက်ကျယ်ပြန့်လာတော့မည် ဖြစ်၏။

ဤဖြစ်ရပ်အတွက် ဒေါ်စုကြည်နှင့် တွေ့ဆုံမေးမြန်းရန် လိုပေဦးမည်။

ရွှေဆံညှပ်၏ သာမန်ပြဿနာမှ စတင်သော မီးပွား

မိမိနေထိုင်ရာ ပြုံးကောက်ရွာရှိ ဘုန်းတော်ကြီးများကို ကျွေးမွေးလှူဒါန်းလိုသော ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဒေါ်အေးအေးနိုင်(၄၅ နှစ်)သည် ဖြစ်စဉ်အကြိုနေ့ မတ်လ ၂၀ ရက်၊ နံနက် ၉ နာရီခန့်တွင် မိမိ၏ ရွှေဆံညှပ်/ဆံထိုးအား မြို့တက် ရောင်းချခဲ့သည်။ ၄င်းမှ တစ်သိန်းလေးသောင်းကျပ် (၁၆၀ဒေါ်လာဝန်းကျင်) ဖြင့် ၀ယ်ထားသော ယင်းရွှေထည်ကို မွတ်စ်လင်မ်တစ်ဦးပိုင်ဆိုင်သည့် နယူးဝိန့်စိန်ရွှေဆိုင်သို့ ၄င်း၏ခင်ပွန်း၊ ညီမနှင့်အတူ သွားရောက်ရောင်းချရာ ဆိုင်ရှင်မှ တစ်သိန်းရှစ်ထောင်ကျပ် ဈေးပေးခဲ့သော်လည်း သူမက အနည်းဆုံး တစ်သိန်း တစ်သောင်းကျပ် လိုချင်ခဲ့သည်ဟု ဆိုသည်။

assk-kawhmu-closeup-b305
ပြဿနာစတင်ဖြစ်ပွားရာ ရွှေဆိုင်ကို အကြမ်းဖက်ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - အင်တာနက်)

သူမ၏အဆိုအရ ဆိုင်လုပ်သားများက ရွှေထည်အား စစ်ဆေးရာ၌ ပျက်စီးမှုဖြစ်ပြီး တန်ဖိုး ကျဆင်းမှုကြောင့် အချင်းများခဲ့ကြသည်။ ဒေါ်အေးအေးနိုင်၏ အမျိုးသားမှ ဟစ်အော်သောင်းကျန်းသည်၌ ဆိုင်လုပ်သားသုံးဦးဖြင့် ၄င်းတို့အား ဆိုင်ပြင်ဆွဲထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ယင်းလင်မယားနှင့် သက်သေနှစ်ဦးက ပြောဆိုသည်။

လူအများ ၀ိုင်းအုံကြည့်ရှုလာကြပြီး ရဲတပ်ဖွဲ့ရောက်လာသည့်နောက် ဒေါ်အေးအေးနိုင်နှင့် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးအား ထိန်းသိမ်းလိုက်သည်။

မျက်မြင်သက်သေများစွာ၏ အဆိုအရ ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်၍ ဆိုင်တံခါးများကို ချိုးဖျက်ပြီး စတင်အကြမ်းဖက်ခဲ့သည်။

မည်သူမျှ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း မရှိခဲ့ပါ။ သို့သော် မွတ်စ်လင်မ်ပိုင် ရွှေဆိုင် အဆောက်အဦနှင့် အခြားဆိုင်ခန်းများစွာ ဖျက်ဆီးခံခဲ့ရသည်။ လမ်းတစ်ဖက်ခြမ်းမှ အကြမ်းဖက်မှုအား စောင့်ကြည့်နေခဲ့သူ မခင်စန်းက "ဒီဆိုင်က အနီးတ၀ိုက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။ သူတို့ဆိုင်ရှေ့မှာ ကားရပ်နားတာ ခွင့်မပြုဘူး။ မကြာခဏ အချင်းများလေ့ရှိတဲ့အတွက် လူတွေက အငြိုးထား မုန်းတီးနေကြပါတယ်"ဟု ပြောပြခဲ့သည်။

ထိုကိစ္စမတိုင်မီ ရက်သတ္တပတ် အနည်းငယ်ခန့်တွင် "သောကရှင် ဗုဒ္ဓဘာသာဝင်များ"ဟု မိမိဖာသာ ကင်ပွန်းတပ်ထားသော အုပ်စုတစ်စု၏ လက်မှတ်ထိုး ထုတ်ပြန်စာတမ်းတစ်စောင် ဖြန့်ဝေခြင်းက ယင်းအငြိုးအာဃာတအား ပို၍ ကြီးမားသွားစေခဲ့သည်။

ထိုဖြန့်ချိစာ၌ မိတ္ထီလာမှ မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များအပေါ် မကောင်းကြံစည်လေ့ရှိကြောင်း၊ ဆော်ဒီအာရေဗျထံမှ ငွေကြေးအထောက်အပံ့ ရရှိခံစားနေကြောင်း၊ ဗလီဝတ်ကျောင်းတော်များအတွင်း၌ မရိုးသားသည့် ဆွေးနွေးစီစဉ်မှုများ ရှိနေကြောင်း ရေးသားဖော်ပြထားပြီး နယ်ခံသံဃာတော်များကို လှုံ့ဆော်ထားခြင်း ဖြစ်သည်။

Soe Thein, a Buddhist mechanic, talks to Reuters reporters in Meikhtila
ဗုဒ္ဓဘာသာဝင် တဦးဖြစ်သူ ကိုစိုးသိန်း (ဓာတ်ပုံ - ရိုက်တာ)

ကိုယ်တိုင် တွေ့မြင်ရသူဟုဆိုသော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စိုးသိန်းမှ ဖော်ပြပါကဲ့သို့ ပြောပြခဲ့သည်။ တင်းမာမှု ပြင်းထန်လာသည်နှင့်အမျှ ညနေ ၅း၃၀ နာရီတွင် မွတ်စ်လင်မ်အမျိုးသား ၄ ဦး သည် လမ်းဆုံလမ်းခွ တစ်နေရာ၌ အသင့်စောင့်ဆိုင်းနေကြသည်။

ဘုန်းကြီးတစ်ပါးကို တင်ဆောင်လာသော ဆိုင်ကယ်အား ၄င်းတို့မှ တိုက်ခိုက်ကြရာ မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဘုန်းတော်ကြီးသည် ဦးခေါင်းနောက်တွင် ဓားဒဏ်ရာ ရရှိခဲ့သည်။ ၄င်းတို့အနက် တစ်ဦးက ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့သည်။ ဘုန်းတော်ကြီးမှာ ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ထိုအခါ စိုးသိန်းမှ ဈေးသို့ပြေး၍ ဘုန်းတော်ကြီးတစ်ပါးကို သတ်လိုက်ကြပြီဟု ဟစ်အော်ခဲ့သည်။

သူပြန်လှည့်ပြေးလာရာတွင် လူတစ်စုမှ လိုက်ပါလာကြပြီးသည့်နောက် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားတော့သည်။ မွတ်စ်လင်မ်တို့၏ အိမ်ခြေနှင့် ဈေးဆိုင်များကို မီးတင်ရှို့ခဲ့ကြသည်။ စိုးသိန်းမှ ယင်းတိုက်ခိုက်သူများကို အမည်နှင့်တစ်ကွ ဖော်ပြခဲ့သည်။

ဘုန်းတော်ကြီးအား သတ်ဖြတ်ပြီးနောက် ရွာထဲ၌ ထိုသူများကို တွေ့ရကြောင်း ပြောဆိုခဲ့၏။ မိတ္ထီလာအကြမ်းဖက်မှုနှင့် ဆက်နွှယ်သောလူ ၁၃ ဦးကို ဖမ်းဆီးစစ်ဆေးရာတွင် ၄င်းတို့အနက် ၄င်းသူတို့ပါမပါကို ရဲတပ်ဖွဲ့မှ ဖြေကြားလိုခြင်း မရှိချေ။

ထိုညနေတွင် မွတ်စ်လင်မ် အများစုနေထိုင်သော မိတ္ထီလာအရှေ့ပိုင်း မင်္ဂလာဇေယုံရပ်ကွက်ကို မီးတင်ရှို့ခဲ့ကြသည်။ ဗလီတစ်လုံး၊ မိဘမဲ့ကလေးငယ်တစ်ဦးနှင့် အိမ်ခြေများစွာ မီးထဲပါသွားသည်။ ရာပေါင်းများစွာ ထွက်ပြေးကြသည်။ မျက်မြင်သက်သေများက ဗုဒ္ဓဘာသာဝင်တို့၏အိမ်များကိုလည်း မီးရှို့ခဲ့ကြောင်းဆိုကြ၏။ အိမ်ခြေ ၁၀၀ ခန့် ပြာကျခဲ့သည်။

ငါတို့လိုချင်တာ မွတ်စ်လင်မ်

အကြမ်းဖက်အုပ်စု ကြီးထွားလာရာတွင် ဒေါ်စုကြည်၏ NLD ပါတီမှ လွှတ်တော်အမတ် ဦးဝင်းထိန်က လူအုပ်ကြီးအား ထိန်းသိမ်းဖို့ ကြိုးစားသော်လည်း ဆွဲထုတ်ခြင်း ခံရသည်။ "တစ်စုံတစ်ယောက်က ကျွန်တော့် လက်ကို ဖမ်းဆွဲလိုက်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်သာ ဂရုစိုက်ပါ။ နို့မဟုတ်ယင် ခင်ဗျားပါ ဒုက္ခရောက်သွားမယ်လို့ ကျွန်တော့်ကို ပြောပါတယ် " ဟု ပြန်လည်ပြောပြခဲ့သည်။

၎င်းပြင် လူစုကွဲသော ညဥ့်သန်းခေါင်မတိုင်မီအထိ ရဲအရာရှိများက အကြမ်းဖက်မှုကို မလှမ်းမကမ်းမှ ရပ်ကြည့်နေခဲ့ကြသည်ဟုလည်း ဆိုသည်။

နံနက် ၄ နာရီခန့်တွင် မောင်မောင်၏အိမ်တွင်းရှိ မွတ်စ်လင်မ် အမျိုးသားတို့သည် ပြင်ပ၌ ၀ိုင်းရံထားသော ဗုဒ္ဓဘာသာဝင်လူဦးရေ တစ်ထောင်နီးပါးခန့်ကို ရင်ဆိုင်ရန် အရဗီဘာသာ စကားဖြင့် ကြွေးကြော်ခဲ့ကြသည်။

နံနက် ၆ နာရီခန့် အရုဏ်တက်ချိန်တွင် အနီးအနား၌ ရဲအရာရှိ ၁၀ ဦးမျှသာ ကျန်ရှိတော့သည်။ ၄င်းတို့သည် တဖြည်းဖြည်းနောက်ဆုတ်သွားပြီး လူအုပ်ကြီးကို ရှေ့ပို့တိုက်ခိုက်စေလိုက်သည်ဟု အိမ်နီးချင်း ဗုဒ္ဓဘာသာဝင် အမျိုးသား ဦးလှသိန်း(၄၈ နှစ်)မှ ပြောပြသည်။

မွတ်စ်လင်မ်တို့သည် အိမ်ဘေးမှ ထွက်ပြေးကြရာ လူတို့က ဓားများ၊ ဒုတ်များ၊ သံတုတ်များ၊ မီးကွင်းများဖြင့် လိုက်ကြသည်။ အချို့မှာ အနီးရှိ မြောင်းအတွင်း၌ ခုတ်ထစ်ခံရသည်ဟု ဦးလှသိန်းအပါအ၀င် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ် အခြားမျက်မြင်သက်သေ ၄ ဦးမှ ပြန်ပြောင်းပြောကြားသည်။

NLD ဦးဝင်းထိန်က "ယုန်လေးတွေကို အမဲလိုက်နေကြတဲ့အတိုင်း အကြမ်းဖက်ခဲ့ကြတာပါ"ဟု တောင်ကုန်းပေါ်တက်ပြေးစဉ် ခုတ်ပိုင်းခံရသူများနှင့် ပတ်သက်၍ ဆိုခဲ့သည်။

578268_132582523590948_661147998_n
ပြောင်းရွေ့လာသူများ (ဓာတ်ပုံ - အင်တာနက်)

အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော မွတ်စ်လင်မ် ၄၇ ဦးကို ရဲတပ်ဖွဲ့ဝင်များက မိမိတို့၏ ဒိုင်းလွှားများဖြင့် ၀န်းရံကာကွယ်ပြီး ကယ်ထုတ်ပေးခဲ့ကြောင်း၊ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဦးလှသိန်းကဆိုသည်။

ရဲဝန်ထမ်းတစ်ဦး၏ အဆိုအရ သံဃာတစ်ဦးမှ "ငါတို့က မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး။ ငါတို့ မွတ်စ်လင်မ်တွေကိုဘဲ (တိုက်ခိုက်ဖို့) အလိုရှိတယ်"ဟု ရဲတပ်ဖွဲ့ဝင်တို့အား ဟစ်အော်ပြောဆိုကြောင်း သိရ၏။

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ၄င်းနေ့တွင် ဖြစ်ပွားသော အခြေအနေကို ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။ စင်စစ်မှာမူ အခြေအနေက ပို၍ဆိုးဝါးသွားခဲ့ကြောင်း၊ လက်နက်ကိုင်စွဲထားကြသည့် သံဃာများနှင့် ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် လမ်းမများပေါ်တွင် နောက်ထပ် ၃ ရက်တိုင်တိုင် အကြမ်းဖက်နေခဲ့ကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။

581688_4783004134582_729859989_n
သီရိမင်္ဂလာရပ်ကွက်မှ မြို့ကျက်သရေဆောင် မှန်လုံဗလီကြီး မီးရှို့ဖျက်ဆီးခံထားရစဉ် (ဓာတ်ပုံ - အေပီ)

မီးလောင်ကျွမ်းနေသော ဗလီတစ်လုံးအား မီးငြိမ်းသတ်ရန်ကြိုးစားနေသည့် မီးသတ်တပ်ဖွဲ့ဝင် ကိုသိန်းဇော်ကို သံဃာတစ်ဦးက "မင်း မီးငြိမ်းရဲရင် ငြိမ်းကြည့်၊ မင်းကိုပါ သတ်ပစ်မယ်"ဟု ကြိမ်းမောင်းခဲ့သည်။ သံဃာ ၃၀ ခန့် ပါဝင်သောလူအုပ်သည် မီးသတ်ပေါ် ချိတ်ဆွဲထားသော တံဆိပ်အား ရိုက်ချိုးဖျက်ဆီးကာ မီးသတ်ကားအား ၀ိုင်းရံခဲ့ကြသည်။ သူ့အား ကျောက်တုံး ကျောက်ခဲများဖြင့် ပစ်ပေါက် မောင်းထုတ်ခဲ့ကြသဖြင့် မျက်လုံးအောက်ဖက်တွင် ထိခိုက်သွားရကြောင်း သူ၏ဒဏ်ရာကို ပြသလျက် ပြောပြခဲ့သည်။

အလားတူစွာပင် ကိုသိန်းဇော်ကဲ့သို့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အငယ်တန်း မီးသတ်သမား ကိုကျော်ရဲအောင်ကလည်း "သံဃာတစ်ဦးက ကျွန်တော့်ကို ဓားတစ်ချောင်းနဲ့ ရမ်းခဲ့သေးတယ်ဗျ"ဟု ပြောပြသည်။

သုံးရက်လွန်သော် မွတ်စ်လင်မ်တို့၏ ရုပ်အလောင်းများကို မီးရှို့ခဲ့သော ကုန်းစောင်းပေါ်၌ လူကြီး၊ ကလေးငယ်တို့၏ ခန္ဓာအပိုင်းအစ အကြွင်းအကျန်များစွာ တွေ့ခဲ့ရသည်ဟု ၄င်းသူက ဆိုသည်။ ၄င်းနောက် စည်ပင်ထရပ်ကားများဖြင့် ရုပ်ကြွင်းများကို  မီးသင်္ဂြိုလ်စက်နံဘေးရှိ ကွင်းပြင်ထဲ ရွှေ့ပြောင်းလိုက်ကြပြီး တာယာဟောင်းများသုံး၍ မီးရှို့လိုက်ကြသည်။

နိုင်ငံရေး၏ ပယောဂ မကင်းနိုင်

ဓားတရမ်းရမ်း သောင်းကျန်းခဲ့ကြသော ဘုန်းတော်ကြီးတို့က ပစိဖိတ်ဒေသတွင်း ကောင်းသတင်းဖြင့် ကျော်ကြားလှသည့် ဗုဒ္ဓ၀ါဒ ပုံရိပ်ကို ယိမ်းယိုင်သွားစေသည်။ အသိတရားပြည့်ဝရေး၊ အကြမ်းမဖက်ရေး၊ မိမိကိုယ်ကိုပြုပြင်ရေးနှင့် အတ္တပယ်ဖျောက်ရေးအပေါ် အခြေခံထားသော ဗုဒ္ဓ၀ါဒမှာ ဘာသာရေးဆိုင်ရာ စစ်ပွဲများကို ရှောင်ကြဉ်ရ၏။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ၀န်းကျင်က ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များကို ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်း၊ မြော်မြင်ဥာဏ်ကြီးမားခြင်းအားဖြင့် အစဉ်အလာအရ လက်ခံထားကြသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသော တိုင်းပြည်တစ်ခုဖြစ်သည်။ နိုင်ငံ့လူဦးရေ သန်း ၆၀ ၏ ၉၀ % မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင် သံဃာတော်များသည် လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီကြိုးပမ်းမှုအတွက် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံ ရှေ့တန်းမှ ပါဝင်ခဲ့ကြကုန်၏။

File picture showing a sticker of the "969 movement" at a shop in Minhla
၂၀၁၃ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့က ရိုက်တာသတင်းဌာနမှ ရိုက်ယူခဲ့သော မင်းလှမြို့ရှိ 969 တံဆိပ်နှင့် ဈေးဆိုင် (969 အကြမ်းဖက်ဂိုဏ်းမှ မွတ်စလင်မ့် လူ့အသိုင်းအ၀ိုင်းနှင့် စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားသည့် လှုပ်ရှားမှုဖြစ်ပါသည်။)

သံဃာတုသံဃာယောင်များဖြင့် လူထုအတွင်း အသိအမြင်မှားယွင်းအောင် လွယ်လင့်တကူ သပ်လျှိုသွေးထိုးနိုင်ခဲ့ခြင်းက လက်ရှိနှစ်များအတွင်း ဖြစ်ပျက်နေသော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတို့၏ အဓိကအခန်းကဏ္ဍပင်ဖြစ်ကြောင်း မြန်မာလူမျိုး အများအပြားမှ ယုံကြည်နေကြသည်။

ဒေသတွင်း နာမည်ကြီးဘုန်းကြီးကျောင်းမှ သံဃာများကို မိတ္ထီလာလမ်းများပေါ်၌ တွေ့ခဲ့ကြရသည်။ နိုင်ငံ၏ ဒုတိယမြို့တော် မြန်မာ့ယဉ်ကျေးမှု၏ ဗဟိုဌာနီ မန္တလေးမြို့မှ သံဃာများ ရောက်လာကြခြင်းကိုလည်း ကြုံဆုံခဲ့ကြသည်။


969 အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ၀ီရသူ

၎င်းတို့အနက် အမျိုးသားရေးဝါဒီ ဘုန်းကြီးဖြစ်သူ ဦးဝီရသူလည်း အပါအ၀င်ဖြစ်၏။ စစ်အုပ်ချုပ်ရေး ခေတ်လွန် မြန်မာနိုင်ငံ၏ အကောင်းဆုံးပြောင်းလဲမှုအဖြစ် ချီးကျူးခံရသည့် နိုင်ငံရေးအကျဉ်းသားများစွာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဦးဝီရသူသည် ကိုးနှစ်တာ အကျဉ်းစံနေရာမှ လွတ်မြောက်လာခဲ့သည်။ သူသည် ၂၀၀၃ ခုနှစ် မွတ်စ်လင်မ်ဆန့်ကျင်မှု လုပ်ရပ်ဆိုး စွဲချက်ဖြင့် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

with Khin Nyunt
အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ဝန်ကြီးချူပ်ဟောင်း ဦးခင်ညွှန့်မှ ဦးဝီရသူနှင့် တွေ့ဆုံခဲ့သည့် မြင်ကွင်း

ပြုံးစေ့စေ့ဖြင့် ဇ ရှိသော ဦးဝီရသူ (၄၅ နှစ်) မှာ ယခုသော် မန္တလေး မစိုးရိမ်တိုက်သစ်၏ ကျောင်းထိုင်ဘုန်းကြီး ဖြစ်နေလေပြီ။ သူ၏ကျောင်းတိုက်၌ သံဃာအပါး ၆၀ ရှိပြီး၊ ထိုဝန်းကျင်မှ နေထိုင်သူ ၂၅၀၀ ခန့်အပေါ် သြဇာညောင်းလျက်ရှိသည်။

ယင်းအင်အားကို အခြေပြုလျက် - မွတ်စ်လင်မ်တို့နှင့် စီးပွား လူမှုဆက်ဆံရေး မပြုရန် ဗုဒ္ဓဘာသာဝင်များအား တိုက်တွန်းနေသော ၉၆၉ အမည်ရှိ လှုပ်ရှားမှုကို အချိန်တိုတိုအတွင်း ကြီးမားလာအောင် ဦးဆောင်နေသူ ဖြစ်သည်။

၎င်းနံပါတ်သုံးလုံးမှာ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များ၊ တရားဓမ္မများ၊ ရဟန်းသံဃာကဏ္ဍတို့ကို ကိုယ်စားပြုထားသည်။ လက်တွေ့တွင်မူ ယင်းဂဏန်း နံပါတ်များသည် အစ္စလာမ် ဆန့်ကျင်ရေး မျက်ကန်းမျိုးချစ် အစွန်းရောက်ဝါဒ၏ အမှတ်တံဆိပ် ဖြစ်သွားခဲ့ပြီး၊ မြန်မာနိုင်ငံအား လူမျိုး တစ်မျိုးတည်းသာ ကြီးစိုးသည့် တိုင်းပြည်အဖြစ် အသွင်ပြောင်းလဲရေးသို့ ကြိုးပမ်းလာခဲ့သည်။

"ဘယ်သွားသွား ဘာစားစား ဘာဝယ်ဝယ် ၉၆၉ ဆိုတဲ့ ဆောင်ပုဒ်ကို ဦးဇင်းတို့ အသုံးပြုတယ်"ဟု ဦးဝီရသူက သူ၏ကျောင်းတိုက်၌ ပြောဆိုခဲ့သည်။ ခရီးသွားခြင်း၊ စားသောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဗုဒ္ဓဘာသာဝင်နှင့်သာ ပြုလုပ်ဆောင်ရွက်ရန် ဟူသည့် ဆိုလိုချက်ဖြစ်သည်။ သူ၏အစွန်းရောက်မှု ဂုဏ်သတင်းကြောင့် သူ့အား "မြန်မာဘင်လာဒင်"ဟု ကင်ပွန်းတပ်လာခဲ့ကြသည်။

ပြီးခဲ့သည့်လေးလတာကာလအတွင်း သူသည် ၉၆၉ တရားပွဲများကို တစ်သီတစ်တန်း ဆက်တိုက်ပြုလုပ်ခဲ့သည်။ "ဒီလုပ်ငန်းစဉ်ပြန့်ပွားဖို့က ဦးဇင်းရဲ့အလုပ်ဘဲ"ဟု သူကဆိုခဲ့၏။ သူဆိုလေသည့်အတိုင်း ၉၆၉ စတစ်ကာနှင့်အမှတ်သင်္ကေတများမှာ ပလူပျံလျက် ပြန့်နှံ့သွားသည်။ ရံဖန်ရံခါ အတင်းအဓမ္မ သွတ်သွင်းမှုများ ဖြစ်ခဲ့သည်။

969 အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ၀ီရသူမှ 969 တရားပွဲတစ်ခုတွင် လှုံ့ဆော်နေစဉ်

မိတ္ထီလာ ဖျက်ဆီးမှုများအပေါ် အကြမ်းဖက်သမားများက ၉၆၉ ဟု မှုတ်ဆေးဖြင့် ရေးသားခဲ့ကြသည်။ ရန်ကုန်နှင့်အလှမ်းမဝေးလှသော ပဲခူးတိုင်းတွင်လည်း ၉၆၉ တရားပွဲများ ပြုလုပ်ပြီးသည့်နောက် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်အုပ်စုများ ပေါ်ပေါက်လာကြသည်။ ၉၆၉ နံပါတ် စတစ်ကာများသည်လည်း လမ်းဘေးဆိုင်များ၊ ဆိုင်ကယ်များ၊ ပိုစတာများ၊ ကားများပေါ်တွင် ထင်ထင်ရှားရှား ကပ်ခြင်းများ အလွန်အကျွံ ဖြစ်လာခဲ့သည်။

ရန်ကုန်မှ နာရီအနည်းငယ်ခရီးသာ ကွာဝေးသော လူဦးရေ တစ်သိန်းခန့်နေထိုင်သည့် မင်းလှမြို့တွင် မွန်ပြည်နယ်ကျောင်းထိုင် ဆရာတော် ဦးဝိမလဘိဝံသမှ ဖေဖော်ဝါရီ ၂၆၊ ၂၇ ရက်က တရားပွဲပြုလုပ်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်ဦးရေ ၂၀၀၀ ခန့် တက်ရောက်သော ယင်း တရားပွဲ၌ မိမိ၏ပြည်နယ်အတွင်းရှိ ရဟန်းသံဃာတို့သည်  ၉၆၉ ကို အသုံးပြုကာ မွတ်စ်လင်မ်ပိုင် နာမည်ကြီး ခရီးသည်တင် ဘတ်စ်ကားကုမ္ပဏီအား မည်သို့မည်ပုံ ဆန့်ကျင်နေကြောင်း ရှင်းလင်းဟောပြောသွားခဲ့သည်ဟု ထိုဓမ္မာရုံဂေါပကဥက္ကဌ ဦးဝင်းမြင့်ထံမှ သိရသည်။

969-1
969 အခွေများအား ရောင်းချနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ယင်းတရားပွဲပြီးသည့်နောက် မင်းလှမြို့တွင် ဆိုးဆိုးဝါးဝါး အခြေအနေပြောင်းလဲသွားကြောင်း၊ မွတ်စ်လင်မ်များမှာ စော်ကားပြောဆိုမှုခံလာရကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်စ်လင်မ်လူငယ်တစ်ဦးက ပြောပြခဲ့သည်။

တစ်လကြာမြင့်ပြီးသောအခါ သတ္ထုပိုက်များ၊ သံတူများ စွဲကိုင်ထားကြသည့် ဗုဒ္ဓဘာသာဝင် ၈၀၀ ခန့်က ဗလီသုံးလုံး၊ မွတ်စ်လင်မ်တို့၏ အိမ်ခြေ ၁၇ လုံးနှင့်လုပ်ငန်းများကို  ဖျက်ဆီးခဲ့ကြကြောင်း၊ လူအသေအပျောက် မရှိခဲ့သော်လည်း မင်းလှမြို့ရှိ မွတ်စ်လင်မ် သုံးပုံနှစ်ပုံခန့်မှာ လွတ်ရာကျွတ်ရာသို့ ထွက်ခွာသွားပြီး ပြန်မလာတော့ကြောင်း ရဲတပ်ဖွဲ့ထံမှ ကြားသိရသည်။

သံဃာတော်များအား တိုက်ခိုက်မှုများ မလုပ်ကြရန် မိတ္ထီလာသို့ သွားရောက်တိုက်တွန်းခြင်း ဖြစ်ကြောင်း ဦးဝီရသူက ပြောဆိုခဲ့သည်။ တစ်နေရာတွင် သူသည် ကားခေါင်မိုးပေါ်မှ မိန့်ခွန်းလည်း ပြောခဲ့သေး၏။

969 အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ၀ီရသူနှင့် မွတ်စလင်မ်တစ်သိန်းအား သတ်ပေးမည်ဟုပြောသော ရွှေည၀ါ (မျက်မှန်နှင့် မိုက်ခရိုဖုန်းကိုင်ထားသူ) တို့အား အကြမ်းဖက်ကာလများအတွင်း လှည့်လည်ဟောပြောနေပုံ

သို့ရာတွင် သူ့ပြောကြားမှုမှာ လက်ခံနိုင်စရာ မရှိခဲ့ပေ။ သူသည် ၉၆၉ ဖြန့်ချိမှုကို အသိအမှတ်ပြု အားပေးခဲ့သည်သာမက၊ မွတ်စ်လင်မ်တို့သည် မြန်မာပြည်ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းမှေးမှိန်အောင် ပြုလုပ်နေသည်ဟု တပ်လှန့်ခဲ့သည်။ သူ၏ဟောပြောမှုများ၊ သူ၏ဆိုရှယ်မီဒီယာနှင့် လတ်တစ်လော ရက်သတ္တပတ်များအတွင်း သူ၏ဆက်သွယ်မှုတို့၌ ထပ်ပြန်တလဲလဲ အပ်ကြောင်းထပ်နေသည့် ကောက်ချက်ချမှုတစ်ရပ်မှာ အောက်ပါကဲ့သို့ဖြစ်၏။

"သူတို့ (မွတ်စ်လင်မ်)တွေဟာ ငွေကိုခင်းပြီး ကြွယ်ဝချမ်းသာနေကြတယ်။ မြန်မာအမျိုးသမီးတွေကို ငွေခင်းရယူပြီး အစ္စလာမ်ဘာသာထဲ သွတ်သွင်းကြတယ်။ သူတို့ စီးပွားရေးက အားကောင်းသထက် ကောင်းလာပြီး အိမ်တွေ၊ မြေတွေကို ၀ယ်ပြီးရင်း ၀ယ်ကြတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ နည်းပါးလာစေတဲ့ သဘောပဲ။ ပြီးတော့ သူတို့ချမ်းသာလာကြတဲ့အခါ ဦးဇင်းတို့ ဘုရားကျောင်းကန်တွေလို ပွင့်လင်းမြင်သာစွာမျိုး မဟုတ်ဘဲ ဗလီတွေကို (ပုန်းလျှိုးကွယ်လျှိုး/တရားးမ၀င်) ဆောက်လုပ်ကြတယ်။ အဲ့ဒါတွေဟာ ဦးဇင်းတို့အတွက် ရန်သူ့အခြေစိုက် စစ်စခန်းတွေ ဖြစ်တယ်။ ဗလီတွေများပြားလာလေလေ ရန်သူအခြေစိုက်စခန်းတွေ များပြားလာလေလေလို့ ဆိုရမှာဘဲ။ ဒါကြောင့်မို့ ဒီကိစ္စကို ဦးဇင်းတို့ မဖြစ်မနေ ကာကွယ်တားဆီးကြရမယ်"

၁၃ ရာစုအတွင်း အစ္စလာမ်ရောက်လာပြီးနောက် ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံမှ လိုက်ပါသွားမည်ကို ဦးဝီရသူမှ စိုးကြောက်နေခဲ့သည်။ ၁၆ ရာစုအကုန်တွင် အင်ဒိုနီးရှား၏ အဓိကရ ကျွန်းဒေသများ၌ ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒနေရာဝယ် အစ္စလာမ်က အစားထိုးလွှမ်းမိုးလာခဲ့သောကြောင့် ဖြစ်သည်။

ဦးဝီရသူသည် ၂၀၀၁ ခုနှစ်တွင် ယခု ၉၆၉ တရားနှင့်ဆင်တူသော စကားမျိုးကို စတင် ဟောပြောခဲ့ရာ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ထင်ထင်ရှားရှား များပြားလာသည်။ ၄င်းနှစ် မတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘာမီယန်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို တာလီဘန်တို့မှ ဖျက်ဆီးခဲ့ခြင်း၊ စက်တင်ဘာလတွင် အမေရိကန်၌ အလ်ကိုင်ဒါ၏ တိုက်ခိုက်မှု – ဖြစ်ရပ်များက မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် လောင်စာများ ဖြစ်သွားခဲ့သည်။

ယင်းသူသည် ၂၀၀၃ ခုနှစ် ထိန်းသိမ်းဖမ်းဆီးခံရသည်အထိ လှုပ်ရှားနေခဲ့ပြီး၊ မိတ္ထီလာအနီး သူ့ဇာတိ ကျောက်ဆည်မြို့ အဓိကရုဏ်းဖြစ်ပေါ်အောင်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရသည်။ ကျောက်ဆည်မြို့၌ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုမှ မွတ်စ်လင်မ် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု U.S. State Department မှ ဖော်ပြခဲ့သည်။

မိမိ၏ရွှေဆံထိုးကို ရောင်းချရန်ကြိုးစားသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကြောင့် ဖြစ်ပေါ်လာခဲ့သော မိတ္ထီလာ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဦးဝီရသူက "ဒီအမျိုးသမီးဟာ မွတ်စ်လင်မ်နဲ့ အရောင်းအ၀ယ် သွားလုပ်ခဲ့လို့ ဒီလိုဖြစ်ရတာပါ"ဟု လျှပ်တစ်ပြက် အဖြေပေးခဲ့လေသည်။

အာဏာပိုင်များ၏ ပါဝင်ပတ်သက်မှု ရှိနေသလော?

ဒီမိုကရေစီအရေးအတွက် ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရက "ဦးဝီရသူကို ဖမ်းဆီးအရေးယူသင့်ပါတယ်။ သူ့ဟောပြောမှုတွေဟာ ဗုဒ္ဓအဆုံးအမများနဲ့ လွဲချော်နေပါတယ်။ သူဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဖြစ်နေတဲ့အတွက် သူ့အန္တရာယ် ကြီးမားပါတယ်။ သူဟာ တစ်နေ့တစ်ခြား အကြင်နာကင်းပြီး ပိုမို ကောက်ကျစ်လာပါတယ်"ဟု ပြောလိုက်သည်။ မွတ်စ်လင်မ် ဆန့်ကျင်ရေးအမြင်ကို တားဆီးနိုင်သည်မှာ နိုင်ငံတော် အစိုးရသာ ဖြစ်ကြောင်း ဦးဂမ္ဘီရမှ ထပ်လောင်းပြောဆိုခဲ့သည်။

"အရင်တုန်းက အစိုးရဟာ ဘုန်းတော်ကြီးတွေကို ဒီမိုကရေစီနဲ့နိုင်ငံရေးအကြောင်း မဟောပြောဖို့ ပိတ်ပင်တားဆီးခဲ့တယ်။ အခုကျတော့ ဒီလို အတို့အထောင် ဟောပြောမှုတွေကို မတားမြစ်တဲ့အခါ အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ ၂၅၀၀ ၀န်းကျင် အင်အားရှိနေတဲ့ ကျောင်းထိုင်ဆရာတော် ဖြစ်နေလို့ ဘယ်သူမှ သူ့ကို မကောင်းမပြောရဲဘူး ဖြစ်နေတယ်လေ။ နိုင်ငံတော်အစိုးရ အနေနဲ့ သူ့ကို အရေးယူဖို့ လိုအပ်နေပါပြီ"

by Sithu Lwin 2
မိတ္ထီလာမြို့ ဘာသာရေးအကြမ်းဖက်မှုတွင် မွတ်စလင်မ်တစ်ဦးအား ခုတ်ထစ် သတ်ဖြတ်ပြီးနောက် မသေမရှင်အနေအထားတွင် ခြေထောက်အား ကြိုးချည်၍ ဆိုင်ကယ်ဖြင့်ဆွဲခံရကာ သေဆုံးခဲ့သည်။ (ဓာတ်ပုံ - အင်တာနက်)

မိတ္ထီလာဖြစ်ရပ်ဆိုး၏ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးလှသိန်းက အကြမ်းဖက်မှုကို အာဏာပိုင်များမှ တော်ရိရော်ရိတားမြစ်ပုံမှာ မယုံနိုင်စရာကောင်းလှကြောင်း ပြောခဲ့သည်။

"သူတို့ဟာ ဘယ်တော့မှ မပေးတော့တဲ့ အမိန့်တစ်ခုကို စောင့်စားနေသလိုမျိုး ဖြစ်နေတယ်ဗျ"

မိမိသည် အကြမ်းဖက်အုပ်စုအား အင်အားသုံး ထိန်းသိမ်းရန် အမိန့်ထုတ်ပြန်မည်ဟု မျှော်လင့်ခဲ့သော်လည်း နံပါတ်တုတ်ကိုပင် အသုံးမပြုရဟု မှာကြားခံရကြောင်း ၀ါရင့် ရဲဝန်ထမ်းတစ်ဦးမှ ထုတ်ဖော်ခဲ့သည်။

၎င်းမှာ မြန်မာနိုင်ငံအနောက်ပိုင်းဒေသ ရခိုင်ပြည်နယ်တွင် ယမန်နှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု၏ ပုံသဏ္ဍာန်အတိုင်း ထပ်တူထပ်မျှ ဖြစ်နေကြောင်း ရိုက်တာသတင်းထောက်များမှ ဆန်းစစ်တွေ့ရှိခဲ့ကြသည်။

ယင်းတိုက်ခိုက်မှု လှိုင်းလုံးတွင် စစ်တပ်၏ ပယောဂလည်း မကင်းကြောင်း၊ ပြည်နယ်၏ အင်အားကြီး နိုင်ငံရေးပါတီနှင့် ချိတ်ဆက်ထားသည့် ဗုဒ္ဓဘာသာဝင် ရခိုင်မျက်ကန်းမျိုးချစ်များမှ ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပြောဆိုကြောင်း၊ ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပါဝင်လေ့ရှိကြောင်း မျက်မြင်သက်သေများက ဆိုသည်။

စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ နိုင်ငံရေးအကျဉ်းစံဖြစ်ခဲ့သူ NLD မှ ဦးဝင်းထိန်က တိုင်းမှူးဖြစ်သူ အောင်ကျော်မိုးသည် ပြတ်သားသောအမိန့် အနည်းငယ်ပေးလိုက်ယုံဖြင့် ယခု သွေးချောင်းစီး အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်သွားနိုင်ကြောင်း၊ မိတ္ထီလာနှင့် အနီးဝန်းကျင်၌ ရှိနေကြသည့် ထောင်ပေါင်းများစွာသော တပ်မတော်သားများကို ယာယီအသုံးပြုယုံမျှဖြင့် တားဆီးနိုင်ကြောင်း ပြောကြားသွားသည်။

သို့ရာတွင် "အဲ့ဒါက စစ်ပွဲတစ်ခုနဲ့ သွားတူနေပါတယ်။ စတင်ဖြစ်ပွားချိန်မှာ လူအင်အား ဘယ်လောက်အသုံးပြုမယ်။ ဘယ်လောက် ကြီးထွားလာမယ်လို့ ဘယ်လိုမှ မှန်းဆလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုံခြုံရေးတော့ ပေးခဲ့ပါတယ်"ဟူ၍ အာဏာပိုင်များဖက်က တာဝန်ကျေကြောင်း ချေပပြောဆိုခဲ့သည်။

ဒေါ်စုကြည်နှင့်မတိမ်းမယိမ်း နှစ်များစွာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့သူ မင်းကိုနိုင်သည် အကြမ်းဖက်မှုစတင်ကာစ၌ မိတ္ထီလာသို့ ရောက်ရှိသွားသည်။ အကြမ်းဖက် လူစုသည် စံနစ်တကျလေ့ကျင့် ပြင်ဆင်ထားပုံရကြောင်း၊ ဆဲလ်ဖုန်းကိုင်ထားကြသော ဘုန်းကြီးများသည် မြို့ပြင်ထွက်သည့် ကားများကို စစ်ဆေးမှုများ ပြုခဲ့ကြကြောင်း၊ အဆောက်အဦအချို့ကို ဖြိုဖျက်ရာတွင် ဘူလ်ဒိုဇာတစ်စင်းကိုလည်း အသုံးပြုခဲ့သည်ကို တွေ့ရကြောင်း၊ သာမန်လူတို့သည် ဘူလ်ဒိုဇာအား မည်သို့မောင်းနှင် အသုံးချရမည်ကို မသိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဤအကြမ်းဖက်မှု၌ အာဏာပိုင်များ၏ ပါဝင်ပတ်သက်နေမှု အချက်အလက်များ ရထားသည်ဟုဆို၏။ စစ်သားနှင့် ရဲတို့သည် မိမိတို့ မျက်စေ့ရှေ့မှောက်၌ ကြမ်းကြုတ်ရက်စက်မှုများ တွေ့မြင်နေရပါလျက် ရပ်ကြည်နေလေ့သာရှိခဲ့ကြောင်း၊ ဤသည်မှာ အာဏာပိုင်တစ်ချို့၏ ပါဝင်ပတ်သက်မှု သို့တည်းမဟုတ် ယင်းမတရားသော လုပ်ရပ်များကို တိတ်တဆိတ် အားပေးကူညီမှု ဖြစ်နိုင်ကြောင်း မစ္စတာကင်တားနားမှ သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ပြန်ကြားရေးအရာရှိနှင့် ပြန်ကြားရေးဌာန ဒုဝန်ကြီးဖြစ်သူ ဦးရဲထွဋ် ကမူ ၄င်း၌ စစ်တပ်နှင့်အစိုးရမှ ပါဝင်ခဲ့ခြင်း မရှိဟုဆိုကာ ယင်းပြောဆိုချက်မှာ အခြေအမြစ်မဲ့ စွပ်စွဲချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကြမ်းဖက်မှု တတိယမြောက်နေ့ မတ်လ ၂၂ ရက်၊ နေ့လယ်ချိန်တွင် အာဏာပိုင်များမှ မာရှယ်လော ထုတ်ပြန်ခဲ့သည်။ ထိုအချိန်အထိ လက်နက်ကိုင်ဆောင်မှုဖြင့် လူ ၃ ဦးမျှသာ ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။ အကယ်၍ စလျှင်စချင်း ပိုမိုဖမ်းဆီးအရေးယူခဲ့ပါက နောက်တစ်နေ့၌မှာပင် မတည်ငြိမ်မှု အဆုံးသတ်သွားမည်ဖြစ်၏။ စုစုပေါင်း အဆောက်အဦ ၁၅၉၄ လုံး ဖျက်ဆီးခံရသည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။

နောက်တစ်နေ့အလွန်တွင် နေပြည်တော်အစွန်အဖျားရှိ တပ်ကုန်းမြို့တွင် ဖြစ်ပွားပြန်သည်။ ၄င်းနောက် အကြမ်းဖက်မှုများသည် ပဲခူးတောင်ဖက် – ရန်ကုန်မြောက်ဖက် အဝေးပြေးလမ်းကြောတစ်လျှောက် ကူးစက်သွားခဲ့သည်။ ၂၉ ရက်နေ့အထိ မြန်မာပြည် အလယ်ပိုင်းရှိ မြို့နှင့်ရွာ ၁၅ ခု၌ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ကြုံတွေ့လိုက်ရသည်။

ရန်ကုန်တွင်လည်း မွတ်စ်လင်မ်အချို့သည် ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်မှုများမှ ကင်းဝေးစေရန် ဈေးဆိုင်များကို ပိတ်သိမ်းလျက် ဆွေမျိုးသားချင်းများရှိရာ၌ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ဧပြီလ ၂ ရက်တွင် ရန်ကုန်မြို့ဘာသာရေးစာသင်ကျောင်းတစ်ခုအတွင်း မွတ်စ်လင်မ် ကလေးငယ် ၁၃ ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ထိခိုက်ကြေကွဲနေသော ၄င်းတို့၏ မိသားစုများက ၄င်းသည် ရှို့မီးသာဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ ကိုယ်တွေ့ကြုံဆုံရသူများက မီးတောက်လောက်စဉ် ဆီအိုင်နေသော ကြမ်းပြင်ကြောင့် ချော်လဲခဲ့ရကြောင်း ဆိုကြသည်။ သို့သော် ရန်ကုန်အာဏာပိုင်များကမူ ၄င်းသည် လျှပ်စစ်ပိုင်းဆိုင်ရာ မတော်တဆမှုသာဖြစ်ကြောင်း ပြောကြားနေသည်။

အကြမ်းဖက်မှုကြီးမှာ ပြုပြင်တည်ဆောက်ရေးသမားတို့ကို နောက်ကြောင်းပြန်လှည့်စေရန် စံနစ်ဟောင်းအင်အားစုများမှ ဖန်တီးချက်ဖြစ်ဖွယ်ရှိသည်ဟု အချို့က အမြင်ရှိကြသည်။ သို့တည်းမဟုတ် ခေတ်ဟောင်းအာဏာရှင်များနှင့် ချိတ်ဆက်နေသော ခရိုနီများက မွတ်စ်လင်မ်လုပ်ငန်းရှင်တို့ကို ကန်ထုတ်၍ မိမိတို့စိတ်ကြိုက် စီးပွားခွင်ကို ဖန်တီးလိုမှုလည်း ဖြစ်နိုင်သည်။

အောင်မြင်သည့် မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးမှ " ဒီကိစ္စမှာ ဘာသာရေး အငြိုးအတေးနဲ့ စီးပွားရေး နှစ်မျိုးလုံး ပါဝင်နေတယ် "ဟု ယူဆသုံးသပ်ခဲ့သည်။ ထိုသူကဲ့သို့ပင် မွတ်စ်လင်မ်များစွာတို့သည် မိမိတို့၏ ဘိုးဘေးဘီဘင် မျိုးဆက်များကို ပြောပြနိုင်ကြသည်။ အခြားသူများအတိုင်း သူသည်လည်း အောင်မြင်ဖြစ်ထွန်းသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မိတ်ဆွေများစွာရှိရာ ၄င်းတို့အနက် သူ့အား အကြမ်းဖက်မှုမှ လွတ်မြောက်အောင် ကူညီခဲ့ကြပေသည်။

ဒုက္ခသည်စခန်းများ မြင်ကွင်း

လူ ၂၀၀၀ ခန့်မှာ နှစ်ထပ်ဆောင် အထက်တန်းကျောင်းတစ်ကျောင်း၌လည်းကောင်း၊ မွတ်စ်လင်မ် တစ်သောင်းတစ်ထောင်ခန့်မှာ ဒုက္ခသည်များ ယာယီတဲများ၌လည်းကောင်း နေထိုင်နေကြရသည်။ အနီးအနားရှိ အားကစားကွင်း၌ ၄င်းထက်ပိုသည့်ဦးရေဖြင့် ပြည့်နှက်နေသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုအဖွဲ့၏ အဆိုအရ သိရသည်။

7
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းအတွင်းရှိ မွတ်စလင်မ်များ လာရောက် ခိုလှုံရာ ဒုက္ခသည်တဲများ (ဓာတ်ပုံ - eleven)

လုပ်ငန်းများ ဖျက်ဆီးခံရသည့် မွတ်စ်လင်မ်တို့အတွက် အရင်းအနှီးများ ပြန်လည်ထူထောင် ဖေးမှုပြုမပြုကိုမူ ရှင်းလင်းစွာ မသိရှိရချေ။ ဦးရဲမြင့်က ၄င်းတို့ကို နယ်မြေသစ်များထံ ပို့ဆောင်မည်။ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးပြီးဆိုလျှင် ၄င်းတို့အား ပြန်လည် နေရာချထားပေးမည်ဟုဆိုသည်။ ၄င်းမှာ အပြန်အလှန်ခွဲခြားမှုကို ထပ်မံဖြစ်ပွားစေခဲ့သည့် ရခိုင်ပြည်နယ်တွင် ကျင့်သုံးခဲ့သော ခွဲခြားမှု ပေါ်လစီတစ်ခုသာ ဖြစ်သည်။

အထက်တန်းကျောင်းမှာ အကျဉ်းထောင်သဖွယ် ဖြစ်နေသည်။ ကျောင်းထဲမှ မွတ်စ်လင်မ်တို့မှာ ပြင်ပသို့ ထွက်ချင်တိုင်း ထွက်ခွင့်မရပေ။ ၄င်းတို့၏ မိတ်ဆွေများ၊ သားချင်းများသည် ပြင်ပ၌သာ စောင့်နေရသည်။ ဂျာနယ်လစ်များအား မွတ်စ်လင်မ်တို့နှင့် ဂိတ်တံခါးမှတဆင့် စကားပြောဆိုခွင့်ကိုပင်လျှင် ရဲများက ပိတ်ပင်ထားကြသည်။

မိမိ၏ဆွေမျိုးဆယ်ဦးကို စောင့်မျှော်နေသော ကျော်စိုးမြင့်သည် အစောင့်မှ ခြောက်လှန့် မောင်းမသွင်းမီ "ညညဆိုရင် ကျွန်တော် အိပ်မပျော်ဘူး။ နောက်ထပ် တိုက်ခိုက်ခံရဦးမလားလို့ စဉ်းစားနေမိတယ်။ ကျွန်တော်တို့မှာ စိုးထိတ်မှုနဲ့ နေနေရတာ"ဟု ပြောပြသွားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းထားသူတို့၏ အချက်အလက်များကိုလည်း ရှင်းလင်းစွာ မသိကြရ။ ထိန်းသိမ်းခံထားရသူတို့အနက် ရွှေဆိုင်ပိုင်ရှင်လည်း ပါဝင်သည်ဟု ရဲဌာနက ပြောကြားသည်။
ရွှေဆံထိုးပိုင်ရှင် ဒေါ်အေးအေးနိုင်မှာ အကြမ်းဖက်မှုကြောင့် အကြောက်မပြေသေး။

"သတ်ဖြတ်ခံလိုက်ရတဲ့ မွတ်စ်လင်မ်တွေအတွက် ကျွန်မ ထိခိုက်ခံစားရပါတယ်။ လူသား အားလုံးဟာ အတူတူပါဘဲ။ အသားအရောင် ကွာခြားတာလေးဘဲ ရှိပါတယ်။ ကျွန်မတို့မှာလည်း မွတ်စ်လင်မ် မိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မရဲ့ ဆံထိုးတစ်ခုကြောင့် ဘာတွေဖြစ်ကုန်မှန်း မသိတော့ပါဘူးရှင်"ဟု သူမက ပြောပါသည်။

Jason Szep (ရိုက်တာသတင်းဌာန)
http://www.reuters.com/article/2013/04/08/us-myanmar-violence-specialreport-idUSBRE9370AP20130408

ဘာသာပြန် - သာကီထက်ကောင်း

Special Report: Buddhist monks incite Muslim killings in Myanmar – ရိုက်တာသတင်းဌာန၏ အထူးသတင်းဆောင်းပါးကို M-Media မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.