[moemakadaily@moemaka.biz] 18th Dec 2012 - MoeMaKa Daily

ဟာဂျူလီ (ကသာ) - တောင်းပန်တိုင်းသာ လွှတ်မယ် ဆိုရင် ...
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်) ဒီဇင်ဘာ ၁၈၊ ၂၀၁၂

ABSDF going to Burma




ABSDF ပြည်တော်ဝင်ခရီး မြ၀တီလမ်းကြောင်းမှ တဆင့်
ဇော်သူရ၊ ဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၂
 မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး  (ကျောင်းသားတပ်မတော်) (ABSDF) သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဦးအောင်မင်း၏ ဖိတ်ကြားချက်အရ ယနေ့နံနက်တွင်မဲဆောက်မြို့မှတဆင့် မြဝတီလမ်းကြောင်းအတိုင်း ထွက်ခွါသွားပါသည်။ ဥက္ကဌရဲဘော်သံခဲ ဦးဆောင်သည့်အဖွဲ့အား နယ်စပ်ရေးရာနှင့် လုံခြုံးရေဝန်ကြီးဗိုလ်မူးကြီးအောင်လွင်မှ မြဝတီမြို့တွင်လာရောက် ကြိုဆိုခဲ့ပါသည်။ ဥက္ကဌရဲဘော်သံခဲနှင့်အတူအဖွဲ့ဝင်များအဖြစ် -ရဲဘော်ဆန်နီ(အထွေထွေအတွင်းရေးမူး) ရဲဘော်ဆလိုင်းယောအောင်တို့လည်း လိုက်ပါသွားသည်ကို တွေ့ရသည်။


ကာတွန်းကူမိုးကြိုး - Burmese Hurt Locker


ကာတွန်းကူမိုးကြိုး - Burmese Hurt Locker
ဒီဇင်ဘာ ၁၈၊ ၂၀၁၂

Overseas News Headlines,

အမာရီလိုမြို့ မြန်မာတိုင်းရင်းသားများမှ လက်ပံတောင်း ဒဏ်ရာရသံဃာများအတွက် အလှူငွေပေးအပ်လှူဒါန်း
မိုးမခအထောက်တော် (အမာရီလို)
ဒီဇင်ဘာ ၁၇၊ ၂၀၁၂

အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ မြန်မာတိုင်းရင်းသားများ မိသားစုများမှ လက်ပံတောင်း အရေးတွင် အကြမ်းဖက်ဖြိုခွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုခံယူနေကြသော ရဟန်းသံဃာများအတွက် အလှူငွေများ ကောက်ခံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အလှူငွေ စုဆောင်းကောက်ခံရာတွင် ဦးဆောင်ပါဝင်သူတစ်ဦးလည်းဖြစ် အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌတစ်ဦးလည်းဖြစ်သည့် ဦးညီညီလွင်က မိုးမခသို့ ယခုလို စပြောသည်။

"ကျနော်တို့ မြို့ က မြန်မာတိုင်းရင်းသားများ မိသားစုတွေဟာ လစဉ်လတိုင်းနီးပါးလိုလို ဘာသာရေး သာသနာရေးပွဲတော်တွေနဲ့ အတော် လေး ပင်ပန်းနေကြတဲ့အတွက် အလှူခံဖို့ အတွက်ဆိုပြီးတော့ ကော်မတီသီးသန့် စုဖွဲ့ မှုတွေ မလုပ်တော့ပဲ အမာရီလိုမြို့ မြန်မာထေ ရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အသင်းသူ အသင်းသားတွေဆီက တတ်နိုင်သလောက် ၀ိုင်းဝန်းပံ့ပိုး စုဆောင်းကောက်ခံခဲ့ကြတဲ့သဘောပါ။ ရွှေည၀ါ ဆရာတော်ကြီး ဦးပညာသီဟ ကျနော်တို့ မြို့ ကို လှည့်လည် တရားဟော ကြွရောက်ခဲ့စဉ်တုန်းကလည်း ကျနော်တို့ မြို့ သူမြို့ သားတွေကို အမျိုးဘာသာ သာသနာအရေးကိစ္စတွေမှာ တတ်စွမ်းနိုင်သလောက် ပံ့ပိုးကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံ မိန့် ကြားခဲ့တာလည်း ရှိခဲ့ပါ တယ်။ ခု လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲ ဖြိုခွဲခံရမှုမှာ မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတွေနဲ့ အတူ ရွှေည၀ါဆရာတော်ကြီး လည်း ထိုင်းနိုင်ငံ ချင်းမိုင် ဆေးရုံကြီးသို့ ခြံရံလိုက်ပါကြွရောက်တော်မူလျက်ရှိပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ကျနော်တို့ ဒီက မြန်မာတိုင်းရင်းသားများ မိသားစုတွေက တစ်ညီ တစ်ညွတ် တည်း စည်းစည်းရုံးရုံး တစ်သားတည်းထပ်တူ ရှိနေပါတယ်ဆိုတာ ပြသရာလည်း ဖြစ်တာပေါ့" ဟု ဦးညီညီလွင်က ရှင်းလင်းပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးညီညီလွင်က သူ့ ၏ သဘောထားအမြင်ကို မိုးမခသို့ ယခုလို ဆက်လက် သုံး သပ်ပြောဆိုသည်။

"ဒီစီမံကိန်းတွေကြောင်း ဒေသခံပြည်သူလူထုအတွက် အမှန်တကယ် လယ်ယာမြေ နစ်နာဆုံးရှုံးမှု၊ သာသာသာသနာမြေ နစ်နာရှုံးဆုံးမှု ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ဒီစီမံကိန်းတွေက ထွက်လာမယ့်အကျိုးအမြတ်ရလဒ်တွေဟာ တိုင်းပြည် နှင့် ဘာသာသာသနာလူမျိုးအတွက် အသုံးပြုမှာမဟုတ်ပဲ စစ်အုပ်စုကို သက်ဆိုးရှည်အောင် ကျောထောက်နောက်ခံပေးနေတဲ့ ဦးပိုင်ကစစ်အုပ်စု လူတစ်စုစာ ကောင်းစားရေးအတွက်ပဲဖြစ်ပါတယ်။ ကြေးနီတောင် စီမံကိန်းမတိုင်ခင် မော်ချီး သတ္တုတွင်း၊ ထားဝယ်ရေနက်ဆိပ်ကိမ်း နှင့် ရခိုင် ဂက်(စ်) ပိုက်လိုင်း စီမံကိန်းတွေဟာလည်း စစ်အစိုးရက လက်သင့်ရာ စားတော်ခေါ်သဘောမျိုးနဲ့ နှုတ်ကတိတွေအမျိုးမျိုးပေးပြီး ထင်ထိုင်းလုပ်ခဲ့ကြ တာလေ။ အခု ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစိတ်တပိုင်း ပွင့်လင်းလွတ်လပ်လာတဲ့အတွက် ပြည်သူလူထုတွေက ဆန္ဒထုတ် ဖော်ပြကြတဲ့သဘောပါ။ တရုတ်ကလည်း တရုတ်နဂါးကြီးလိုပေါ့ဗျာ၊ အမြည်းလေးကနေစပြီး တဖြည်းဖြည်းချင်း ၀င်ရင်း ၀င်ရင်းက နေပြီးတော့ နဂါးကြီးတစ်ကောင်လုံး ကျနော်တို့ နိုင်ငံထဲကိုရောက်ရှိနေပါပြီ" ဟု သူက သုံးသပ်ပြောဆိုသည်။

ဒဏ်ရာရ ရဟန်းတော်များကို စိတ်ဓာတ်ပိုင်းဆိုင်ရာ နှင့် ငွေကြေးထောက်ပံ့လှူဒါန်းမှုတွေ အားပေးကူညီရပ်တည်ပေးခဲ့ကြသည့် ရခိုင်တိုင်း ရင်းသား ညီအစ်ကို မောင်နှမများ နှင့် ရခိုင် ရဟန်းသံဃာများကိုပါ နှစ်ထောင်းအားကျေနပ်မှုရှိပြီး ကျေးဇူးဥပကာရ အထူးတင်ရှိကြောင်းလည်း ဦးညီညီလွင်က ဆက်လက်ပြောဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေ ခဲ့ကြသည့် ရဟန်းသံဃာတွေ နှင့် ပြည်သူတွေကို အစိုးရမှ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းလိုက်သည့်အတွက် အထူးဝမ်းနည်း စိတ်ပျက်မိကြောင်း အမာရီလိုမြို့ ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒ၀ံသက မိုးမခသို့ ယခုလို မိန့် ကြားတော်မူသည်။

"လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေကို ဒီမိုကရေစီ ဖော်ဆောင်နေပါတယ်လို့ ကြွေးကြော်နေတဲ့ အစိုးရက ယခုလို အင်အားသုံး အကြမ်းဖက်နှိုင်နှင်း ဖြိုခွဲမှုကြောင့် ဒဏ်ရာ ရရှိသွားသော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ဘုန်းဘုန်းနဲ့ အတူ ဘုန်းဘုန်း တပည့်တကာတကာမတွေက ထပ်တူထပ်မျှ ကြေကွဲ ၀မ်းနည်းမှုတွေဖြစ်ရပြီး အစိုးရရဲ့ လုပ်ရပ်ကိုလည်း စိတ်ပျက်မိပါတယ်" ဟု ဦးနန္ဒ၀ံသက မိန့် ကြားတော်မူသည်။

အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အသင်းသူ အသင်းသားများမှ အကြမ်းဖက် နှိမ်နှင်းမူကြောင့် ဒဏ်ရာရရှိခဲ့ကြသော ရဟန်းသံဃာများအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြရာ အမေရိကန် ဒေါ်လာ ( ၁၅၀၀ ) ကျော် ရရှိခဲ့ပြီး ဇေယျသုခ ကျောင်းထိုင် ဆရာတော် ဦးနန္ဒ၀ံသထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေ ဒေါ်လာ ( ၁၅၀၀) ကျော်ကို ရွှေည၀ါ ဆရာတော် ဦးပညာသီဟထံသို့ လွဲအပ် ပေးပို့သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးနန္ဒ၀ံသမှ ဆက်လက်မိန့်ကြားခဲ့သည်။

Kyaw Thu - FFSS Yangon Activity,

ဆည်းလည်းခတ်သံ ဆည်းလည်းရှိုက်သံလေးများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၇၊ ၂၀၁၂

၁၂.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် (၁၁းဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာသံ အဆိုတော် စိုးစန္ဒာထွန်း ရောက်ရှိလာခဲ့သည်။ စိုးစန္ဒာထွန်းနှင့် မိသားစုသည် ၁ဝ.၁၂.၂ဝ၁၂ ရက်နေ့၌ ကွယ်လွန် ခဲ့သော ဖခင်ကြီး ဦးခင်မောင်ဋ္ဌေး (ဝါးခယ်မ) အသက် (၇ဝ) နှစ် အားရည်စူး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူလူထုအား ထမ်းဆောင်ပေးဆပ်နေသော လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ (၁ဝ) သိန်းကျပ်တိတိနှင့် ဖခင်ကြီး ဦးခင်မောင်ဋ္ဌေး မကွယ်လွန်မီ အသုံးပြုခဲ့သော ဝှီးချဲ၊ လေးချောင်းထောက် (Hand Frame)၊ ချွဲစုတ်စက်နှင့် တုတ်ကောက်တစ်ချောင်းတို့အား လှူဒါန်းခဲ့ကြသည်။  စိုးစန္ဒာထွန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး  အသင်း၏ လုပ်ဆောင်ချက်များကို လိုက်လံရှင်းလင်း ပြသခဲ့ကြကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ကွယ်လွန်သူဖခင်ကြီး ဦးခင်မောင်ဋ္ဌေး အသက် (၇ဝ) နှစ်အတွက် ရည်စူး၍ အဆိုတော် စိုးစန္ဒာထွန်းနှင့် မိသားစုမှ လှူဒါန်းသော အလှူငွေနှင့် ပစ္စည်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သောနေရာများ၊ ဆေးရုံ၊ ဆေးခန်းနှင့် လူနာများအတွက် ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်သည့်အတွက်  ကွယ်လွန်သူဖခင်ကြီး ဦးခင်မောင် ဋ္ဌေးသည်လည်း တမလွန်ဘဝမှ သာဓု  ခေါ်ဆိုနိုင်တော့မည်မှာ အသေအချာပင်ဖြစ်လေသည်။
 
  

ထို့အတူပင် ၁၃.၁၂.၂ဝ၁၂ ရက်နေ့ မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင်လည်း ကွယ်လွန်သူ နိုင်ငံကျော် အဆိုတော်ကြီး ခင်မောင်တိုး(မဇ္ဈိမလှိုင်း) အားရည်စူး၍ ဇနီး ဒေါ်ဝေဝေခိုင်နှင့် မိသားစုသည် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လာရောက်၍ နာရေးကူညီမှုနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းအတွက် အလှူငွေကျပ် ၃ဝဝဝဝဝိ/- (သုံး သိန်းကျပ်)တိတိအား လှူဒါန်းခဲ့ကြသည်။ ယခုကဲ့သို့ လာရောက်လှူဒါန်းရခြင်းမှာ ခင်မောင်တိုး မကွယ်လွန်မီ အဖြစ်ချင်ဆုံးသော ဆန္ဒအားလာရောက် ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း ဇနီးဒေါ်ဝေဝေခိုင်မှ ပြောကြားသွားခဲ့သည်။

ထို့ကြောင့် ဦးခင်မာင်ဋ္ဌေး(ဝါးခယ်မ) နှင့် ဦးခင်မောင်တိုး(မဇ္ဈိမလှိုင်း)တို့သည် ကျန်ရစ်သူမိသားစုတို့၏ ရည်စူးပြုလုပ်သော ကုသိုလ်ကောင်း မှုကြောင့် ရောက်ရာဘုံဘဝမှ သာဓုအနုမောဒနာ အကြိမ်ကြိမ်ခေါ်ဆို၍ ပိုမိုမြင့်ြ့မတ်ရာ ဘုံဋ္ဌာနသို့ တဆင့်ထက်တဆင့် တက်လှမ်းခံစား စံစားနိုင်ကြမည်ဟု ယုံကြည်မိကာ ကျန်ရစ်သူ မိသားစုများမှ အလှူငွေပေးအပ်စဉ် သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ချိန်၌ အထက်ကောင်းကင်ဘုံမှ ဆည်း လည်းခတ်သံ ။ဆည်းလည်းရှိုက်သံလေးများကို တိုးညှင်းစွာကြားသိလိုက်ရပါတော့သည်။

Nay Phyo Myint (Nothern Shan state) - Eassy

ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ
နေဖြိုးမြင့် (ရှမ်း/မြောက်)
ဒီဇင်ဘာ ၁၇၊ ၂၀၁၂


နတ်တော်ညချမ်းတစ်ခုမှ ချမ်းအေးမှုအောက်တွင် နံ့သာစုံတို့၏ ရနံ့သင်းထုန်စွာဖြင့် ခြိမ့်ခြိမ့်သဲ ဆိုင်းသံဗုံသံများကြား ယိမ်းထိုးလှုပ်ရှားနေ သော ခန္ဓာတစ်ခု။

အမျိုးအမည်ပင် မသိသည့် အမှတ်ရုပ်ထုများ တည်ရှိနေရာ စင်မြင့်အဆင့်ဆင့်တွင် အစီအရီ ထွန်းညှိထားသော အမွှေးတိုင် မီးခိုးငွေ့များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော ရိုးရာ ၀တ်စုံမှပုဝါပါးပါးက စည်းချက်ညီညီလွှင့်မျောနေသည်။

နှစ်တစ်နှစ်၏ နတ်တော်လဆန်းတိုင်းတွင် ပြုလုပ်နေကြ ရိုးရာကန္နားပွဲများကို `ဒေါ်မိုးမိုး´ အပါအ၀င် နိုင်ငံတစ်ဝှမ်းလုံးရှိ `ကန္နားစီး´ များ အားလုံး စီစဉ်ကျင်းပခဲ့သည်မှာ သားစဉ်မြေးဆက် ရှေးပဝေသဏီ ကတည်းကဟု ဆိုရမည်ပင်။

`ကျမ အိမ်ထောင်ပြုမယ်ဆိုတော့ အသက်(၂၀)ကတည်းက နတ်နဲ့လက်ဆက်ထားတဲ့အကြောင်း အိမ်ထောင်ဖက်အမျိုးသားကို အသိ ပေးလိုက်တုန်းက ပြဿနာတော်တော်တက်ခဲ့တယ်။ နောက်တော့မှ သူကနားလည်ပေးခဲ့တာ´ဟု ဒေါ်မိုးမိုးက ရင်ဖွင့်သည်။

အသားညိုညိုနှင့် အမြဲပြုံးရွှင်နေသည့် မျက်နာကို ပိုင်ဆိုင်ထားသော ဒေါ်မိုးမိုးသည်  အသက် (၂၀)ကျော် ကတည်းက ကန္နားစီးတစ်ယောက်ဖြစ်ခဲ့ပြီး အခုဆိုရင်  အသက်(၅၅)နှစ်အရွယ်သို့ ချည်းနင်း ၀င်ရောက်နေပြီဖြစ်သော်လည်း ကခုန်နေဆဲ။

သူမ၏အမျိုးသားက လွန်ခဲ့သည့်နှစ်အနည်းငယ်က ယာဉ်မတော်တဆ ထိခိုက်မှုနှင့်  ကွယ်လွန်သွားခဲ့သည်။ သူမှာတော့ သားသမီး (၃) ယောက်နှင့်အတူ ကန္နားစီးဘဝကို မက်မောနေဆဲ ။

သာမာန်အရပ်သားတစ်ယောက်လို လွတ်လပ်စွာ နေထိုင်ခွင့်နည်းပါးသော ကန္နားစီးတစ်ယောက်၏ ဘ၀ကို တော်ယုံလူရွေးချယ်နိုင်ဖို့ ခဲယဉ်းသလို ရွေးချယ်ထားသူများအတွက် ကြုံတွေ့ရသော အခက်အခဲများကလဲ များမှ…များ။

`သားသမီးတွေ ငယ်တုန်းကဆို ကျောင်းပြန်လာတိုင်း ငိုပြီးပြန်လာတယ်၊ နတ်ကတော် သား/သမီး ဆိုပြီး လူတွေက ၀ိုင်းစလို့…တဲ့၊ ကျမ စဉ်းစားကြည့်ဖူးတယ် နတ်ကတော်ဆိုတာ မကောင်းမှုကို လုပ်တဲ့သူမှ မဟုတ်တာ၊ ဘာလို့ အဲ့လို လှောင်ပြောင်စရာ တစ်ခု ဖြစ်နေရတာလဲ၊

..တစ်ချို့က စုန်းလိုလို ကဝေလိုလိုစွပ်စွဲပြီး ကဲ့ရဲတတ်ကြသလို အလကား နေရင်းရွံကြောက်ဖြစ်နေတဲ့ သူတွေ၊ မခေါ်နိုင်မပြောနိုင်နဲ့ ရှောင်ဖယ်နေတဲ့သူတွေလဲရှိတယ်' ဟု ဒေါ်မိုးမိုးက ပြောသည်။

သို့သော်`ရွှေ´တို့၏ တိုင်းပြည်အတွင်း ရိုးရာယဉ်ကျေးမှုအရ ယုံကြည်စွာကိုးကွယ်နေသူများ ရှိနေသရွေ့ တာဝန်ဝတ္တရားနှင့်စောင့် ထိန်းမှုများပြားလာသ၍ စည်းမျဉ်းဆောင်တာ ကျဉ်းကျပ်လှ သော `ကန္နားစီး´ (အရပ်အခေါ်-နတ်ကတော်) ဘ၀နှင့် ရှင်သန်သူ များကလဲ ရှိနေဆဲ။

စိတ်ရင်းစေတနာကောင်းလှပါသည် ဟု အရှေ့တောင်အာရှတွင် နာမည်ကြီးသော`ရွှေ´တို့၏ အသိုက်အ၀န်း၌ တိတ်တဆိတ်တွယ်ကပ်ပါလာတတ်သော`လှောင်ပြောင် နှိမ့်ချခြင်း အတတ် ပညာ´မှာ တသီးတသန့် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း မရှိဖူးသော်လည်း လူမှုအသိုင်းအ၀န်း များ၌ ရှိနေဆဲ။

နတ်ကိုဗန်းပြကာ လိမ်ညာဂွင်ဆင်ရိုက်စားလုပ်တတ်သော မသမာသူများကြောင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော အစစ်အမှန် ကန္နားစီးများအဖို့ သိက္ခာကျခဲ့ရသည်မှာ အခါခါ။

ပြည်သူ့ကြေးမုံသဖွယ် အသိပညာဖြန့်ဝေပေးသော ဗွီဒီယိုဇာတ်ကားကဲ့သို့ မီဒီယာအချို့တွင်လည်း ကန္နားစီးတစ်ယောက်၏ သရုပ်ဆောင်ချက်သည် ဟာသတစ်ခု/လိမ်ညာဟန်ဆောင်သူ အဖြစ် သရုပ်ဖေါ် ခံခဲ့ရသေးသည်။

`နာမည်ကြီးမင်းသားကြီးတစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကန္နားစီးနေရာမှာသရုပ်ဆောင်ပြီး ပြောသွားတဲ့ စကားတစ်ခွန်း ရှိတယ် `ငါကဒီဘ၀ကို အနေချောင်လို့ နေနေတာ´တဲ့၊ အဲ့ဒီစကား တစ်ခွန်းရဲ့ ရိုက်ခတ်မှုက ကန္နားစီးအားလုံး ဟာ အဲ့လိုရည်ရွယ်ချက်နဲ့ဖြစ်နေရသလို သဘော သက်ရောက် စေတယ်လေ´ဟု ဒေါ်မိုးမိုးက ဆိုသည်။

မြန်မာသက္ကရာဇ်တိုင်း၏ နတ်တော်လ၊ တပေါင်းလနှင့် ၀ါခေါင်လများသည် ကန္နားစီးတို့အတွက် တစ်နှစ်စာဝင်ငွေရရှိနိုင်သော ပွဲတော်ကာလများဖြစ်ပြီး အခြားအချိန်များတွင် အရေးကိစ္စများအတွက် ကန်တော့ပွဲထိုးသူနှင့် နတ်မေးသူအချို့သာ ခပ်ကျဲကျဲရှိတတ်၍ ၀မ်းဝဖို့ မပူရသော်လည်း  နောက်ခံ ထောက်ပံ့ပေးသူ မရှိက ခါးလှဖို့ တော့ မသေချာ။

ကိုးကွယ်သူ၊ ကန္နားပေးသူများအတွက်`ကန္နားစီး´ တစ်ယောက်သည် ဆရာတစ်ဆူဖြစ်နိုင်သော် လည်း စောင့်ထိန်းရမည့် ၀တ္တရားများနှင့် ရှောင်ကျဉ်ရသည့်စည်းကမ်းချက်များက လူ့အသိုင်းအ၀ိုင်း မှာ ကဲ့ရဲ့စရာတစ်ခုအဖြစ် အလိုလိုဖြစ်တည် နေတုန်းပင်။

နတ်ကိုးကွယ်မှုနှင့် ကန္နားစီးတို့၏ ဘ၀ကို လက်ခံနားလည်ပေးနိုင်သူတွေရှိသလို ခေတ်ပညာနှင့် နှိုင်းယှဉ်ပြီး လက်မခံနိုင်စွမ်းရှိသူတွေလည်း ရှိနေဆဲ။

`ရိုးရာတော့ ရိုးရာကဏ္ဍတစ်ပိုင်းပေါ့။ မိန်းမတွေဖြစ်ပြီး အရက်သောက်တာ၊ ကခုန်တာ၊  နှုတ်ကြမ်း အာကြမ်းနှင့် ပြောတတ်ဆိုတတ်ကြ တာတွေက လူ့အသိုင်းအ၀ိုင်းမှာ မသင့်တော်သလိုဖြစ်နေတယ်´ ဟု အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦးက မှတ်ချက်ချသည်။

လူသားတိုင်းအတွက် ကိုယ်ရှင်သန်ရာ ၀ါသနာနှင့်အသိုက်အ၀န်းဆိုသည်မှာ ပိုင်ဆိုင်ရာကံကြမ္မာနှင့် ဖန်တီးနိုင်မှု တစ်ဝက် ပါဝင်သော ဘ၀ပုံစံတစ်ခုဆိုလျှင် မှားမည်မထင်။

သို့သော်…….မိမိရွေးချယ်လိုက်သော ဘ၀တစ်ခုသည် အခြားလူသားများအတွက် လှောင်ပြောင်စရာ တစ်ခု ဖြစ်နေလျှင်တော့ မလွယ်ရေးချ…မလွယ်။

အထူးသဖြင့် သာမာန်ထက် ကွဲပြားခြားနားသော အခြေအနေများတွင် လှောင်ပြောင်နှိမ့်ချခြင်းကိစ္စရပ် များက မဖြစ်မနေဖြစ်ရမည့် သဘာဝအလား စွဲမြဲစွာကျင့်သုံးနေကြသော်လည်း၊ ရွှေတို့၏ တိုင်းပြည် တွင် `တောင်ပြုံးပွဲတော်´ကဲ့သို့သော အထိမ်းအမှတ်ပွဲများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိနေခြင်း ကတော့ ကန္နားစီးတို့အတွက် အားတက်စရာတစ်ခုပင်။

ဒေါ်မိုးမိုးကတော့ `အနာဂတ်အတွက် စိတ်တိုင်းကျပုံသွင်းခွင့်မရနိုင်တဲ့သူမရဲ့မျိုးဆက်တာဝန်´ကို သားသမီးတွေအပေါ်မလွှဲပြောင်းပေးတော့ကြောင်း ဆိုသည်။

`လွန်ခဲ့တဲ့နှစ်တွေတုန်းက ထက်စာရင်တော့ နားလည်မှုတွေများပြားလာတဲ့ ဒီခေတ်ကြီးမှာ ကန္နားစီး တစ်ယောက်ကို ခွဲခြားဆက်ဆံတာမျိုး ရှောင်ဖယ်တာမျိုးတွေ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့်.. ဘာတွေဘယ်လိုပဲ တိုးတက်ပြောင်းလဲလာပါစေ။ ရိုးရာဆိုတာတော့ ဘယ်တော့မှပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ရိုးရာဓလေ့တွေ မပျောက်ပျက်သေးသရွေ့တော့ ကန္နားစီးတွေလဲရှိနေဦးမှာပါပဲ´ဟု ဒေါ်မိုးမိုးက လေသံအေးအေးဖြင့် ပြောသည်။ 


မြစ်မခမှ  ပြန်လည်ကူးယူဖော်ပြပါသည်။

Than Win Hlaing - Articles

ရွှေနန်းထက်မှ ဧကရီသုံးပါး
ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၇၊ ၂၀၁၂


ဗြိတိသျှထီးနန်းကို ယနေ့တိုင် စိုးစံလျက်ရှိသော ဧကရီဘုရင်မကြီးမှာ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မဖြစ်သည်။ ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် သည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နတ်ပြည်စံခဲ့ပြီးနောက် ဗြိတိသျှထီးနန်းကို ဆက်ခံခဲ့သော သူဖြစ်သည်။ သို့သော် နန်းသိမ်းပွဲ ရာဇဘိသေကကို ခမည်းတော် နတ်ပြည်စံလွန်ပြီး ၁ နှစ်အကြာ ၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယမြောက် အယ်လစ်ဇဘက်ဘုရင်မကြီးသည် ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် (King George VI) နှင့် မယ်တော် အယ်လစ်ဇဘက် မိဘုရား (Elizabeth Bowes – Lyon) တို့မှ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည့် မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသမီးတော်ဖြစ်သည်။ ညီမတော်မှာ မာဂရက်မင်းသမီးဖြစ်သည်။ ခမည်းတော်မှာ ပဉ္စမဂျော့ဘုရင်၏ ဒုတိယသားတော်ဖြစ်ပြီး နောင်တော်မှာ နောင်တွင် နန်းစွန့်ဘုရင်ဟု ကျော်ကြားခဲ့သော အဋ္ဌမမြောက်အက်ဒွပ်ဘုရင် ဖြစ်သည်။ အယ်လစ်ဇဘက်မင်းသမီးသည် မွေးစအရွယ်မှ ၁၀ နှစ်သမီးအထိ နန်းစံရမည့် ဧကရီဘုရင်မအဖြစ် ခန့်မှန်း၍ မရသေးပေ။ သာမာန် ၀င်ဆာမင်းသမီးတစ်ပါးမျှသာ ဖြစ်သည်။ ဘကြီးတော် အဋ္ဌမအက်ဒွပ်ဘုရင်သည် အချစ်အတွက် ထီးနန်းကို စွန့်၍သာ ခမည်းတော် ယော့မြို့စားသည် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗြိတိသျှ ထီးနန်းကို ဆက်ခံခွင့် ရခဲ့သည်။


ဤသို့ဖြင့် ၁၀ နှစ် သမီးအရွယ်သာ ရှိသော အယ်လစ်ဇဘက် မင်းသမီးသည် အလိုအလျောက် နန်းလျာမင်းသမီး ဖြစ်လာခဲ့လေသည်။ အယ်လစ်ဇဘက်မင်းသမီး၏ နာမည်အပြည့်အစုံမှာ အယ်လစ်ဇဘက် အလက်ဇန်ဒရားမေရီ (Elizabeth Alexandra Mary) ဖြစ်သည်။

မယ်တော်ကိုယ်တိုင် အယ်လစ်ဇဘက် မင်းသမီး၏ ပညာရေးကို ကြီးကြပ်၍ သင်ရိုးဘာသာရပ်များအပြင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေ၊ သမိုင်းဆိုင်ရာ ပညာရပ်တို့ကို နန်းတွင်းအကျော်အမော်များတို့ဖြင့် သင်ကြားစေခဲ့သည်။ မင်းသမီးသည် မြင်းစီးအတတ်၊ ရေကူးတို့၌ ကျွမ်းကျင်၍ မက္ကင်းနစ်စက်မှုအတတ်ပညာကိုပါ တတ်ကျွမ်းသည်။ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်တတ်ပြီး မော်တော်ယာဉ်စက်ပြင် မက္ကင်းနစ်ပညာကိုပါ တတ်ကျွမ်းသည်။ အနုပညာ၌ စာပေ၀ါသနာထုံ၍ စန္ဒရားကို ကောင်းစွာတီးနိုင်သည်။ ရုပ်ရှင်၊ ပြဇာတ်၌လည်း စိတ်ဝင်စားသည်။ ခွေး နှင့် မြင်းကိုလည်း ချစ်မြတ်နိုးသည်။

၁၉၃၇ ခုနှစ်တွင် အယ်လစ်ဇဘက်မင်းသမီးသည် အမျိုးသမီးကင်းထောက်အဖွဲ့သို့လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပင်လယ်ကင်းထောက်အဖွဲ့သို့လည်းကောင်း ၀င်ရောက်၍ လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ထိုနှစ်အတွင်း ခမည်းတော် ဆဋ္ဌမမြောက်ဂျော့ဘုရင်က သမီးတော်အား ဂရင်းနားဒီးယား အစောင့်တပ်ဖွဲ့ (Grenadier Guards) တွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး (Colonel – in – Chief) အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသမီးများ အရန်တပ် (Women's Auxiliary Territorial Service) တွင် ၀င်ရောက်အမှုထမ်းခဲ့ရာ ၁၉၄၅ ခုနှစ် တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရသည်။ သူ၏ ကိုယ်ပိုင်အမှတ်မှာ ၂၃၀၈၇၃ ဖြစ်သည်။

 
၁၉၄၇ ခုနှစ် နှစ်ဦးတွင် အယ်လစ်ဇဘက်မင်းသမီးသည် ခမည်းတော်မယ်တော်တို့နှင့်အတူ ပထမဆုံး ခရီးစဉ်အဖြစ် တောင်အာဖရိကသို့ ခရီးထွက်ခဲ့သည်။ သူ၏ ၂၁ နှစ် ပြည့် မွေးနေ့တွင် မင်းသမီးသည် ဗြိတိသျှ ဓနသဟာယနိုင်ငံများ (British Commonwealth) အကျိုးကို တစ်သက်လုံးသယ်ပိုးဆောင်ရွက်ပါမည်ဟု အသံလွှင့်ကြေညာခဲ့သည်။


 
၁၉၄၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ယခင်က ဂရိ နှင့် ဒိန်းမတ် မင်းသားဖြစ်သည့် ဘုရင့်ရေတပ်မှ ဗိုလ် ဖိလစ်မောင့်ဘက်တန် (Lieutenant Philip Mountbatten) နှင့် စေ့စပ်ကြောင်းလမ်းကြေညာခဲ့သည်။ အယ်လစ်ဇဘက်မင်းသမီးသည် အသက် ၁၃ နှစ် အရွယ်ကပင် ဖိလစ်မင်းသား ဒတ်မောင့် (Dartmouth) မြို့၌ တော်ဝင်ရေကြောင်းတက္ကသိုလ်တက်နေစဉ်ကပင် မေတ္တာမျှခဲ့သည်။ ချစ်သူရည်းစားဘ၀၌ အပြန်အလှန် စာသ၀ဏ်လွှာ ပါးကာ နောက်ဆုံးယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦး၏ ချစ်ခရီးလမ်းကား မေတ္တာမပျက်၊ သစ္စာဖက်ပြီး ရွှေလက်မြဲမြဲတွဲနိုင်သည်အထိ ခိုင်မြဲခဲ့လေသည်။


 
ယင်းနောက် ထိုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာပင် အယ်လစ်ဇဘက်မင်းသမီးနှင့် ဖိလစ်မင်းသားတို့သည် လန်ဒန်မြို့ ၀က်စမင်စတာအက်ဗေးဘုရားရှိခိုးကျောင်း၌ ထိမ်းမြားလက်ထပ်ခဲ့ကြသည်။ လက်မထပ်မီ အကြိုနေ့၌ ဆဋ္ဌမမြောက် ဂျော့ဘုရင်က သမက်တော် ဖိလစ်မင်းသားအား အက်ဒင်ဗရာ မြို့စားဘွဲ့ ချီးမြှင့်ပေးခဲ့ လေသည်။


 အရှေ့တောင်အာရှ မဟာတပ်ပေါင်းစု၏ သေနာပတိ လော့ဒ်လူဝီမောင့်ဘက်တန်၏ တူလည်း ဖြစ်သည်။ ဒိန်းမတ်နှင့် ဂရိနိုင်ငံတို့၏ မင်းသားအဖြစ် ၁၉၃၄ မှ ၁၉၃၇ အထိ ထမ်းရွက်ခဲ့သည်။ ယင်းနောက် သူ၏ အရိုက်အရာကို နောင်တွင် ဒိန်းမတ်ဘုရင်ဖြစ်လာသည့် န၀မမြောက် ခရစ်တီယန် အား လွှဲပြောင်းပေးခဲ့သည်။ ဖိလစ်မင်းသားသည် ဂရိမင်းသား အင်ဒရူး၏ သားတော်ဖြစ်ပြီး ဂရိနိုင်ငံ ကော့ဖူးကျွန်းတွင် ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဖိလစ်မင်းသားသည် ငယ်စဉ်က ပါရီမြို့ရှိ အမေရိကန် မူကြိုကျောင်း၊ ပြင်သစ်နိုင်ငံ စိန့်ကလို့မြို့ရှိ အမေရိကန်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှရေတပ်ဗိုလ်ကလေးအဖြစ် စတင်အမှုထမ်းရင်း မြေထဲပင်လယ်ရေတပ်စခန်းတွင် တာဝန်ကျခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရေကြောင်းဗိုလ်ကြီးဖြစ်လာပြီး ၁၉၄၄ ခုနှစ်အထိ ပစိဖိတ်သမုဒ္ဒရာ ဗြိတိသျှရေတပ်စခန်း၌ ထမ်းရွက်ခဲ့သည်။

ဖိလစ်မင်းသား၏ နာမည်အပြည့်အစုံမှာ ဖိလစ်မောင့်ဘက်တန်ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်းရှိ 

ထို့နောက် အယ်လစ်ဇဘက်မင်းသမီးနှင့် ထိမ်းမြားပြီးနောက် ၁၉၅၃ ခုနှစ်တွင် တော်ဝင်ရေတပ်မတော်၌ ရေကြောင်းဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

အယ်လစ်ဇဘက်မင်းသမီးသည် ကြင်ယာတော် အက်ဒင်ဗရာမြို့စား ဖိလစ်မင်းသားနှင့်အတူ ပြင်သစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးထွက်ခဲ့ သည်။ ထိုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သားဦးဖြစ်သော ချားလ်ဖိလစ်အာသာဂျော့ချားလ်မင်းသား ဖွားမြင်ခဲ့သည်။ သားတော်သည် ယခုအခါ ဗြိတိသျှနန်းလျာ အိမ်ရှေ့စံ ဝေလမင်းသား ဖြစ်နေပြီဖြစ်သည်။ 

ယင်းနောက် ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၅ တွင် အဲန်အယ်လစ်ဇဘက်အဲလစ်လူဝီမင်းသမီး ဖွားမြင်သည်။ နောင် အယ်လစ်ဇ ဘက်ဘုရင်မကြီးသည် သမီးတော်အား တော်ဝင်မင်းသမီးဘွဲ့ (Princess of Royal) ကို ၁၉၈၇ ခုနှစ် ဇွန်လတွင် ချီးမြှင့်ပေးခဲ့သည်။ အဲန်းမင်းသမီးသည် တော်ဝင်အမျိုးသမီးရေတပ်မတော်၏ တပ်မှူးချုပ်၊ အမျိုးသမီးသယ်ယူပို့ဆောင်ရေးတပ်၏ တပ်မှူးချုပ်နှင့် မြို့တော် အမျိုးသမီးများအဖွဲ့၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၈ ခုနှစ်မှစ၍ ဆဋ္ဌမဂျော့ဘုရင်၏ ကျန်းမာရေးချွတ်ယွင်းလာခဲ့ရာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆဋ္ဌမဂျော့ဘုရင်ကြီးသည် နတ်ပြည်စံခဲ့လေသည်။ ထို့ကြောင့် အာဖရိကတိုက် ကင်ညာနိုင်ငံသို့ ရောက်ရှိနေသော နန်းလျာ အယ်လစ်ဇဘက်မင်းသမီးသည် အင်္ဂလန်ပြည်သို့ ချက်ချင်းပြန်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ခမည်းတော်၏ အရိုက်အရာ ဗြိတိသျှထီးနန်းကို ဆက်ခံရသည်။ နန်းစံစဉ်ကပင် အသက် ၂၅ နှစ်သာ ရှိသေးသည်။ သို့သော် ရာဇဘိသေက နန်းတက်မင်္ဂလာပွဲသဘင်ကို ခမည်းတော်နတ်ပြည်စံပြီး ၁ နှစ်ကျော် အကြာမှ ၀မ်းနည်းအောက်မေ့ဖွယ်ကာလလွန်ပြီးမှ ပြုလုပ်ခဲ့သည်။ ယခုအခါ ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး၏ နန်းသက်သည် အနှစ် ၆၀ ပြည့်ပြီဖြစ်သလို သက်တော်မှာလည်း လာမည့် နှစ် ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ၈၇ နှစ် ပြည့်ပြီဖြစ်သည်။ သူ၏ နန်းသက် နှစ် ၆၀ ပြည့် စိန်ရတု ရာဇဘိသိက်ခံယူပွဲသို့ ဗြိတိသျှ ကိုလိုနီ ၁၆ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ၊ ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတော်အကြီးအကဲသမ္မတများ၊ ၀န်ကြီးချုပ်များ၊ ဘုရင်၊ ဘုရင်မများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒုတိယသားတော် အင်ဒရူးအဲလဗတ် ခရစ္စတီယန် အက်ဒွပ် ကိုလည်းကောင်း၊ ၁၉၆၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အထွေးဆုံးသားတော် အက်ဒွပ်အန်တိုနီရစ်ချတ်လူဝီမင်းသားကိုလည်းကောင်း ဖွားမြင်ခဲ့သည်။

အယ်လစ်ဇဘက် ဘုရင်မကြီး၏ ညီမတော်မှာ မာဂရက်မင်းသမီးဖြစ်ပြီး သူသည် ဘုရင့်သမီးတော်ဖြစ်သော်လည်း ပကာသနကို ရှေ့တန်းမတင်၊ ဂုဏ်ဒြပ်ကို မမှုဘဲ အချစ်ရေးကို ဦးထိပ်ထားမိသဖြင့် ကြေကွဲဖွယ်ရာ အချစ်ပုံပြင်တစ်ပုဒ်ဖြင့် ဘ၀နိဂုံးချုပ်ခဲ့ရသည်။

အယ်လစ်ဇဘက်ဘုရင်မကြီး၏ နိစ္စဓူဝလုပ်ဆောင်ချက်များကိုလည်း ရှုပါဦး၊ နေ့စဉ်လုပ်ငန်းဆောင်တာ များ သည် နံနက် ၈ နာရီ ထိုးသည်နှင့် အစပျိုးတော့သည်။ နံနက်စာအဖြစ် လက်ဖက်ရည်၊ ပေါင်မုန့်ကင်နှင့် သစ်သီးစုံယိုတို့ကို စားသုံးပြီးသည်နှင့် နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်၊ အပတ်စဉ်ထုတ် မဂ္ဂဇင်းများ၊ ဂျာနယ်များ ဖတ်ရှုလေ့လာသည်။ ဘုရင်မကြီးသည် ဂန္တ၀င်စာပေများကို မလွတ်တမ်းဖတ်ရှုလေ့ရှိသည်။ နံနက် ၉ နာရီတွင် ဘက်ကင်ဟမ်နန်းတော်ရင်ပြင်၌ ဘုရင်မ စစ်တီးဝိုင်းမှ တီးမှုတ်သော နံနက်ခင်းအလံတင် တီးမှုတ်သံများကို နားသောတဆင်တော်မူရသေးသည်။

၁၀ နာရီထိုးသည်နှင့် အယ်လစ်ဇဘက်ဘုရင်မကြီးသည် သူ၏ ရုံးခန်းအတွင်း၌ အသင့်ရောက်ရှိနေသော အနီရောင်သေတ္တာငယ်အတွင်းမှ ထိပ်တန်းလျှို့ဝှက်အဆင့် (လ၀-၁)၊လျှို့ဝှက်အဆင့် (လ၀-၂)၊ အတွင်းရေး (လ၀-၃) သ၀ဏ်လွှာများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့သော သံကြိုးစာများ၊ ၀န်ကြီးဌာနအသီးသီးမှ အစီရင်ခံစာများကို ဖတ်ရှု၍ လက်မှတ်ရေးထိုးခြင်း၊ မှတ်ချက်ရေးခြင်း ပြုလုပ်ပေးရသည်။

နေ့လည်စာစားချိန် ရောက်သည်နှင့် နေ့လည်စာ ပွဲတော်တည်၍၊ ၁ နာရီတွင် ရုံးပြန်တက်သည်။ ရုံးချိန်ပြီးသည့် သူ၏ နားနေခန်း၌ ရုပ်မြင်သံကြား ကြည့်ရှုသည်။

အင်္ဂါနေ့ ညနေ ၆ နာရီခွဲတိုင်း ဘုရင်မကြီးသည် ၀န်ကြီးချုပ်အား လက်ခံတွေ့ဆုံလေ့ရှိသည်။

ဗြိတိသျှပြည့်ရှင်ဘုရင်မကြီးမှာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ရာ ဗြိတိန်နိုင်ငံ ဆန်းဒေးတိုင်းမ်စ် မဂ္ဂဇင်း နှင့် အမေရိကန်နိုင်ငံထုတ် ဖော့စ် (Forbes) မဂ္ဂဇင်း၌ ဖော်ပြချက်များအရ လက်ရှိဘုရင်မကြီး သုံးဆောင်နေသော အ၀တ်တန်ဆာ၊ သရဖူ၊ သန်လျက်၊ ရာဇလှံတံ စသည်တို့၌ တပ်ဆင်ထားသော နန်းစဉ်သုံးကျောက်သံပတ္တမြား များ၊ ရဲတိုက်များ၊ တော်ဝင်လှေသင်းတိုက်များ၊ ပြိုင်မြင်းများ မပါဝင်ဘဲ ၂၀၁၁ ခုနှစ် အထိ ဗြိတိသျှ စတာလင်ပေါင် ၇ ဒဿမ ၃ ဘီလီယံ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ (တစ်ဘီလီယံ တွင် သန်းတစ်ထောင် ရှိသည်။)

အယ်လစ်ဇဘက်ဘုရင်မကြီးသည် သူရရှိခံစားထိုက်သော ၀င်ငွေများကို အများနည်းတူ ထုံးစံအတိုင်း အကောက်အခွန်ကောက်ယူခွင့်ပြုထားသည်။

ဗြိတိသျှဘုရင်မကြီးသည် ဗြိတိန်နိုင်ငံ၌ နန်းသက် ဒုတိယအရှည်ဆုံးသော ဧကရီဘုရင်မကြီးဖြစ်ပြီး၊ သူ၏ နန်းသက် အနှစ် ၆၀ အတွင်း ၂၀၁၂ ခုနှစ် တွင် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ရုပ်ရှင်ကားတို့ကို နောက်ဆုံး ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရစ်နှင့်အတူ ပါဝင်သရုပ်ဆောင်ပေးခဲ့သည်။

မည်သို့ဆိုစေ… ဗြိတိသျှထီးနန်းဆက်ခံရေးတွင် ဗြိတိသျှဘုရင်မကြီးပြီးနောက် သားတော် ဝေလမင်းသား ချားလ်မှာ ဦးစားပေးနေရာတွင် ရှိနေပြီး၊ ၄င်း၏သားတော် ၀ီလျံမင်းသားသည် ဒုတိယဦးစားပေးနေရာတွင် ရှိသည်။ သို့သော် ဗြိတိန်ထီးနန်းဆက်ခံရေးတွင် အမျိုးသားများကိုသာ ဦးစားပေးရမည်ဟူသော ရာစုနှစ်ပေါင်းများစွာမှ ကျင့်သုံးလာသည့် ရိုးရာအစဉ်အလာ ဥပဒေနှင့် ထီးနန်းဆက်ခံ သူများမှာ ကက်သလစ်ဘာသာဝင်များအား လက်ထပ်ပိုင်ခွင့်အား တားမြစ်ထားသော အခြေခံဥပဒေပါ တားမြစ်ချက်များကို ပယ်ဖျက်ပေး ခဲ့သည်။ သို့သော် ထီးနန်းဆက်ခံရေး အပြောင်းအလဲမှာ လက်ရှိ ထီးနန်းဆက်ခံရေးတွင် လတ်တလော အကျိုးသက်ရောက်မှုရှိမည် မဟုတ်ဘဲ ၀ီလျံမင်းသား၏ သားသမီးများ လက်ထက်မှ စတင်၍ အကျိုးသက်ရောက်မှု ရှိမည်ဟု ဆိုသည်။

Lai Lone - Cartoon

ပို့စရာဆိုလို့ ... ဒါပဲကျန်တော့တယ်
ကာတွန်း - လိုင်လုဏ် 
ဒီဇင်ဘာ ၁၇၊ ၂၀၁၂ 

Kyaw Thu - FFSS Yangon Activity, Adv

လူသားအကျိုးပြုသင်တန်းများ တက်နိုင်ပြီ
ဒီဇင်ဘာ ၁၇၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်)၌ မကြာမီတွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းရပ်များအား အများပြည်သူလူထုတို့အနေဖြင့် စိတ်ဝင်စား၍ သော်၎င်း၊ ဗဟုသုတအနေဖြင့်သော်၎င်း၊ ပညာရပ်တစ်ခုအနေဖြင့် သော်၎င်း၊ လူသားများနှင့် ကင်းကွာ၍မရနိုင်သော လူသားအကျိုးပြု ပညာရပ်များအား အောက်ပါနေ့ရက်၊ အချိန်များတွင် လာရောက်၍ လေ့လာသင်ကြားနိုင်ပါကြောင်း အထူးသတင်းကောင်းပါးအပ်ပါသည်။

● ပျော်ရွှင်စာသင်ကျောင်းဖွင့်နည်း
ဒေါ်ယမင်းဇော် (Diploma of Children's Service Australia) မှ သင်ကြားပို့ချမည်ဖြစ်သည်။

နေ့ရက်   - ၂၈.၁၂.၂ဝ၁၂ (သောကြာနေ့)
အချိန်    - ညနေ (၃းဝဝ) နာရီမှ (၅းဝဝ) နာရီအထိ
ရည်ရွယ်ချက်  -
(က) မိမိနေအိမ်မှနေ၍ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာနိုင်ရန်။
(ခ) အခြေခံပညာတတ်ရုံမျှဖြင့် အသက်အရွယ် ကန့်သတ်ချက်မလို မိမိအားသည့် ကိုယ်ပိုင်အချိန်တွင် အလုပ်လုပ်နိုင်ရန်။
(ဂ) ကလေးထိန်းမဟုတ်ပဲ ကလေးများ၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်သော ဆရာ ဆရာမကောင်းများ ဖြစ်လာစေရန်။
(ဃ) ငွေကြေးများစွာ မြှပ်နှံစရာမလိုပဲ တန်ဖိုးနည်းပစ္စည်းများကိုသုံး၍ ကိုယ်ပိုင်စီးပွား ရေးလုပ်နိုင်ရန်။
(င) ကလေးများ၏ စဉ်းစားတွေးခေါ်လိုစိတ်၊ ဖန်တီးလိုစိတ်၊ မိမိကိုယ်ကို အားကိုးယုံ ကြည်စိတ် စသည်တို့ရရှိနိုင်စေရန်။
(စ) မိမိတတ်နိုင်သော ငွေကြေးပမာဏဖြင့် မိမိရင်သွေးငယ်လေးများ ဖွံဖြိုးတိုးတက် စေရန်နှင့် ယုံကြည်စွာအပ်နှံနိုင်သောနေရာ ရရှိနိုင်ရန်။
(ဆ) အထူးသဖြင့် သင်တန်းဖွင့်မည့် ဆရာ/မများအတွက်၎င်း၊ ကလေးမိဘများအတွက် ၄င်း၊ ငွေကြေးများစွာ သုံးစွဲစရာမလိုပဲ အရည်အချင်းရှိသော ဆရာ/မများစွမ်းရည် တိုးတက်၍ မိမိကိုယ်ကိုယုံကြည်စွာဖြင့် ပျော်ရွှင်သော ကလေးငယ်များ ဖြစ်ထွန်း လာစေရန် ရည်ရွယ်ပါသည်။
x   x    x    x    x

● First-Aid & CPR
ဒေါက်တာ ဦးနေဝင်းအောင် (Australia)၊ ဒေါက်တာကျော်တင်လတ်(U.S.A) တို့မှ သင်ကြားပို့ချ မည်ဖြစ်သည်။

နေ့ရက်   - ၂၉.၁၂.၂ဝ၁၂ (စနေနေ့)
အချိန်    - နံနက် (၉းဝဝ) နာရီ

ရည်ရွယ်ချက် - (Mouse to Mouse) အသက်ရှူကူခြင်း၊ နှလုံးနှိုးစက် အသုံးပြုနည်း၊ အသက်ရှူ လမ်းကြောင်းသို့ အစားအသောက်၊ အကြွေစေ့၊ ကစားစရာအရုပ်ငယ်လေးများ ပိတ်ဆို့ခဲ့ပါက အသက်ကယ်တင်ခြင်း၊ သွေးထွက်လွန်သူအား (၅) မိနစ်မှ (၁ဝ) မိနစ်အတွင်း သွေးအမြန်တိတ် နည်း၊ မီးလောင်ဒဏ်ရာအား အရေကြည်ဖုထွက်ရှိမှုအား နာကျင်မှုမရှိစေခြင်း၊ လောင်မြိုက်၍ စားခြင်း စသည့်လူနာများအား ဆေးရုံ (သို့) ဆေးခန်းများထံသို့ မရောက်မီ လူနာအားသက်သာ စေရန် အချိန်မှီကယ်တင်နိုင်ရန် နည်းလမ်းများနှင့် မြွေကိုက်ခံရသူများအား အရေးပေါ်ရှေးဦးပြုစု နည်းများနှင့် ပြည်ပနိုင်ငံတွင်အသုံးပြုသည့် ကုထုံးနည်းစနစ်သစ်များအား သင်ကြားပို့ချမည် ဖြစ်သည်။
x   x    x    x    x

● TOT (ဆရာ/မများအတွက်သာ)
နေ့ရက်   - ၂၆.၁၂.၂ဝ၁၂ ရက်နေ့မှ ၂၈.၁၂.၂ဝ၁၂ ရက်နေ့အထိ
အချိန်    - နံနက် (၉းဝဝ) နာရီမှ ညနေ (၃းဝဝ) နာရီအထိ
x   x    x    x    x

 ● Accounting Course (LCCI)
ဆရာ ဦးနေလင်းအောင် (B.Com, C.P.A, FLCCI (London-UK)

လျှောက်လွှာလက်ခံမည့်နေ့ - ၆.၁.၂ဝ၁၃ (တနင်္ဂနွေနေ့) အထိ
ပို့ချမည့်ဘာသာရပ်  - LCCI 1st & 2nd Level Book-Keeping
တက်ရောက်ရမည့်နေ့ရက်  - ၇.၁.၂ဝ၁၃ ရက်နေ့မှစ၍ အပါတ်စဉ် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)
တက်ရောက်ရမည့်အချိန်    - နံနက် (၁ဝးဝဝ) နာရီမှ (၁၂း၃ဝ) နာရီအထိ
(ဓါတ်ပုံ (၂) ပုံနှင့်အတူ လူကိုယ်တိုင်လာရောက် လျှောက်ထားရန်)
x   x    x    x    x

SUNDAY, DECEMBER 16, 2012

Rakhine Social Network Conference Statement


 
 တောင်ကုတ်မြို့တွင် ကျင်းပသည့် ရခိုက်လူမှုကွန်ယက်ညီလာခံက သဘောထားထုတ်ပြန်
Coral Arakan News ကောက်နုတ်ချက်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၂
ရခိုင် ဆယ့်ရှစ်မြို့နယ်မှ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်ပေါင်း ငါးဆယ်ခန့်က တောင်ကုတ်မြို့တွင် တက်ရောက်ခဲ့ကြသည့် ပထမအကြိမ် ရခိုင်လူမှုကွန်ရက် ညီလာခံက အောက်ပါ သဘောထားထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ (Coral Arakan News)

ရခိုင်လူမှုကွန်ရက်၏ ပထမအကြိမ် (၁၈)မြို့နယ် ညီလာခံမှ သဘောထားထုတ်ပြန်ချက် 
နေ့စွဲ - ၁၆ ဒီဇင်ဘာ ၂၀၁၂
၁။ ရခိုင် ဆယ့်ရှစ်မြို့နယ်မှ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ စေတျာရာမကျောင်းတိုက်တွင် ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နှင့် ၁၆-ရက်နေ့ တို့တွင် လူမှုကွန်ရက်ညီလာခံကို ကျင်းပကာ၊ ရခိုင်ပြည်တွင်းရှိ မြို့နယ်တို့မှ လူမှုအဖွဲ့အစည်းများကို ချိတ်ဆက်ထားသည့် "ရခိုင်လူမှုကွန်ရက်" ကို ဖွဲ့စည်းခဲ့ကြပါသည်။

၂။ ရခိုင်တိုင်းရင်းသားတို့၏ လူမှုစီးပွားအရေးအရာအရပ်ရပ်တို့ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် အားဖြည့်ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ပါဝင်ပေးရာတွင် လက်တွဲဆောင်ရွက်သွားကြရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းချိတ်ဆက်ကြ ခြင်းဖြစ်သည်။

၃။ ရခိုင်လူမှုကွန်ရက်ကို မွေးဖွားသန့်စင်လိုက်သော ရခိုင် ဆယ့်ရှစ်မြို့ အရပ်ဘက် လူ့ အဖွဲ့အစည်း များ ၏ ဤညီလာခံက လတ်တလော ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်တို့ အောက်ပါအတိုင်း ရှုမြင်သုံးသပ်ရပ်တည်သည်။

(က) လတ်တလောဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှုများသည် တရားမ၀င်ကျူးကျော်ဝင်ရောက်သူ ဘင်္ဂါလီတို့က ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် နယ်မြေလုအကြမ်းဖက်မှုသာလျှင်ဖြစ်သည်။ ဤ ပြဿနာများကို ဖြေရှင်းရာတွင် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို အလေးမထားပဲ ဖြေရှင်းရန်ကြိုးစားခြင်းသည် မှန်ကန်သော ဖြေရှင်းနည်းမဟုတ် ဟု ကျွန်ုပ်တို့ အခိုင်အမာ ခံယူသည်။

(ခ) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို ဆန့်ကျင်လျက် ဘင်္ဂါလီများအား ပြန်လည် နေရာချထားခြင်းသည် တတိယအကျော့ ဘင်္ဂါလီအကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးတည် သွားစေ နိုင်သည် ဟု ဤညီလာခံက ရှုမြင်သည်။

(ဂ) ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာထောက်ပံ့ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ UN / iNGO / NGO အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားတို့အား အင်အားနည်းစေပြီး တစ်ဘက်လူအဖွဲ့အစည်းကို အင်အားကောင်းသထက်ကောင်းအောင် လုပ်ဆောင်နေခြင်းရှိမရှိကို စောင့်ကြည့်ရာတွင် ဤကွန်ရက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။

(ဃ) ရခိုင်ဒေသအတွင်းရှိ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ရခိုင်ပြည်သူလူထုအား ပွင့်လင်းမြင်သာသော ရှင်းလင်းထုတ်ပြန်ချက်များကို ချပြပြီး ဒေသခံပြည်သူများ၏ သဘောတူညီမှုဖြင့် ထုတ်ယူခွဲဝေသုံးစွဲမှသာ မျှတမှုရှိမည်ဖြစ်သည်။ ထိုကဲ့သို့ သယံဇာတများအား တရားမျှတမှုရှိရှိ ထုတ်ယူခွဲဝေသုံးစွဲမှုအရေးအတွက် ကြိုးပမ်းရာ၌ ကျွန်ုပ်တို့ ကွန်ရက်အနေဖြင့် ပြည်သူလူထုနှင့် အတူ ပူးပေါင်းပါဝင်သွားမည်။

၎။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုအား အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ကျွန်ုပ်တို့ ကွန်ရက်က ပြစ်တင် ရှုံ့ချ သည်။

ရခိုင်လူမှုကွန်ရက် ပထမအကြိမ် ညီလာခံ
(ဓာတ်ပုံများ - Coral Arakan Facebook Page)


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives