ငါးရဖို့က အဓိက
ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။
နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။
မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။
ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။
ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။
သို့သော် ပြည်သူများ သတိမထားမိသည့်အချက်မှာ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ၂၃ ခုက အဆိုပါ ကျပ် ၅,၀၀၀ ဈေးဖြင့် သူတို့လည်း ရောင်းချပေးပါမည်။ သို့မဟုတ် လူတိုင်း ဖုန်းကိုင်နိုင်ရန် မည်မျှအထိ ဈေးလျှော့ ရောင်းနိုင်ပါသည်ဟူသော အသံလုံးဝ ထွက်မလာခြင်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီများက ကျပ် ၅,၀၀၀ ဖြင့်ပင် ရောင်းနိုင်သော ဖုန်းကတ်ကို ကျပ် ငါးသိန်းအထိ ဈေးတင်ပြီး ဖုန်းတစ်လုံး ရောင်းရတိုင်း ရောင်းသင့်ရောင်းထိုက်သောဈေးထက် အဆ ၁၀၀ ကျော် အမြတ်အစွန်း ရယူရောင်းချခဲ့ပြီးဖြစ်သည်။
ပြည်သူများဆန္ဒမှာ မြန်မာ့ဆက်သွယ်ရေးက ရောင်းသည်ဖြစ်စေ၊ မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီး ၂၃ ခုက ရောင်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကျပ် ၅,၀၀၀ ဖြင့် ဖုန်းကတ်ရောင်းနိုင်သည်ဟု ကြေညာလိုက်သော ရွှေပြည်တံခွန်က ရောင်းသည်ဖြစ်စေ၊ ၀ယ်ယူသုံးစွဲကြမည့် သူချည်း ဖြစ်သည်။
ထို့ကြောင့်လည်း ယခုရေးသည့်စာ၏ ခေါင်းစဉ်ကို ငါးရဖို့က အဓိကဟု ရေးလိုက်ခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးနှင့် လက်ရှိတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများသည် အခြားသူများနှင့် ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့ လုပ်ပိုင်ခွင့်ရနေ ခြင်းမဟုတ်သည်ကတော့ သေချာသည်။
နိုင်ငံတော်သည် နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့်အတူ စီးပွားရေးစနစ်လည်း ပြောင်းလဲနေပြီဖြစ်သည်။
လက်သင့်ရာ ခေါ်ပြီး စားတော်ခေါ်စေသည့်အခြေ အနေမျိုးလည်း ယခုကျင့်သုံးနေသည့် စနစ်နှင့် မကိုက်ညီတော့ပြီဖြစ်သည်။
ထို့ကြောင့်လည်း တယ်လီဖုန်း ကတ်ကိစ္စ နှင့်ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားနေချိန်တွင် အဆိုပါကုမ္ပဏီကြီးများသည် အသံတိတ်ပြီး သူတို့နှင့်မဆိုင်သလို မျက်နှာလွှဲခဲပစ် နေနိုင်ကြခြင်းဖြစ်သည်။
ယခုခေတ်သည် ယခင်ကာလကဲ့သို့ အစစအရာရာ ပိတ်ဆို့ထားသည့် ကာလမဟုတ်သဖြင့် တယ်လီဖုန်းကတ်တစ်ခု ထုတ်လုပ် စရိတ်သည် ကျပ် ၁,၀၀၀ အောက်သာရှိကြောင်း လူတိုင်းသိနေကြပါသည်။
အစိုးရဌာနများသည် သူတို့၏ ၀န်ဆောင်မှု၊ သို့မဟုတ် ရောင်းချသည့် ပစ္စည်းကို ဈေးတင်လိုသောအခါ နိုင်ငံတကာဈေးကွက်တွင် မည်မျှဈေးရှိနေပြီ၊ နိုင်ငံတ်ာအနေဖြင့် မည်မျှအရှုံးခံရောင်းနေရသည်ဟု ပြောကြားပြီး ဈေးတက်လေ့ရှိသည်။
သို့သော် နိုင်ငံတကာတွင်ဖုန်းပြောခသာကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့ မရောင်းပါသနည်း။
ဆက်သွယ်ရေးကို တစ်နှစ်လျှင် အမြတ်ငွေ မည်မျှအထိ ရှာပေးရမည်ဟု သတ်မှတ်ပေးခြင်းအစား ကုန်ကျစရိတ် ကာမိစေရန်၊ အရှုံးမပေါ်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်သင့်ချိန် ရောက်နေပြီဖြစ်သည်။
နိုင်ငံတကာတွင် ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စများ၌ ပြည်သူများ ၀န်မပိစေရန် အစိုးရက ထောက်ပံ့ ကျားကန်ပေးသည့် အစဉ်အလာများ ရှိပါသည်။
ထိုသို့ဆိုရသော် ၀န်ထမ်းများလစာနှင့် အခြားအစိုးရ အသုံးစရိတ်များကို မည်သည့်ငွေဖြင့် ပေးချေမည်နည်းဟု အထွန့်တက်စရာ ရှိလာသည်။
နိုင်ငံတော်၏ များပြားလှသော သဘာဝသယံ ဇာတများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှရသည့်ငွေသည် နှစ်စဉ်အများ အပြား ရှိပါသည်။
ထိုသို့သော သယံဇာတများကို ထုတ်ယူရောင်းချခွင့်ရနေသော ကုမ္ပဏီကြီးများထံမှ အထူးအမြတ်ခွန် (Super Tax) ကောက်ခံပြီး ၀န်ထမ်းများ လစာနှင့် အစိုးရအသုံးစရိတ်ကို ဖြေရှင်းနိုင်ပါသည်။
အများအမြင်သာဆုံးကို ပြောရလျှင် ယခင်က စားအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီတစ်ခုတည်းသို့ ချပေးထားသဖြင့် စားအုန်းဆီ ဈေးမှာ အလွန်မြင့်တက်ခဲ့ပြီး ယခု ပြိုင်ဆိုင်တင်သွင်းစေသောအခါ ဈေးပြန်ကျသွားသည်ကို အထင်အရှား တွေ့နိုင်ပါသည်။
ကုမ္ပဏီတစ်ခုတည်း တင်သွင်းခွင့်ရသည့်ကာလတွင် အဆိုပါ ကုပ္မဏီအနေဖြင့် မည်မျှမြတ်စွန်းသွားမည်ကို တွေးကြည့်နိုင်ပါသည်။
တယ်လီဖုန်းသည် ယခုခေတ်အခါတွင် ဇိမ်ခံပစ္စည်းမဟုတ်တော့ဘဲ နေ့စဉ် လူမှုဘ၀အတွက် မရှိမဖြစ်သုံးနေရသည့် ပစ္စည်းဖြစ် ပါသည်။
ထို့ကြောင့် တယ်လီဖုန်းကိစ္စကို အပြိုင်အဆိုင်လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် တယ်လီဖုန်းကတ်များကို ပြည်သူများ ဈေးသက်သာစွာဖြင့် သုံးစွဲ ခွင့်ရမည်ဖြစ်သည်။
အစိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများအရ ချက်ချင်းပြောင်းလဲမရသေးလျှင်လည်း ယခုမြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသင့်ပါသည်။
ကုမ္ပဏီများကတော့ ဈေးကွက်တွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်၊ စိတ်ကြိုက်ဈေးသတ်မှတ်ရောင်းချခွင့်ရနေသည့် အရသာကို စွန့်လွှတ်မည်မဟုတ်ပါ။
ထို့ကြောင့် အစိုးရမှ ကြားဝင် ဆောင်ရွက်ပေးသင့်ပါသည်။
လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန်ကုမ္ပဏီအကြား ပြည်သူများ ဗျာများနေရပြီး တကယ်တမ်း အကျိုးအမြတ်ကို နင့်နေအောင် ရယူနေသော ကုမ္ပဏီကြီးများမှာ သူတို့နှင့် မဆိုင်သယောင် မသိယောင် ဆောင်နေကြပါသည်။
ကြားသိရသော သတင်းများအရ သုံးသိန်းတန်တယ်လီဖုန်းကတ်ကို အချိန်တိုအတွင်း အများဆုံးရောင်းချနေရန်သာ လုပ်ဆောင်နေ ကြသည်ဟု သိရသည်။
ကုမ္ပဏီ ၂၃ ခု၏ အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း၏ အကျိုးစီးပွား မည်သည့်ဘက်ဆိုသည်မှာ ရေးစရာပင် မလိုပါ။
ပြည်သူများကတော့ ကိုယ်တိုင် ဖမ်းလို့ရသည်ဖြစ်စေ၊ သူများပေးလို့ ရသည်ဖြစ်စေ၊ လှေပေါ်ခုန်တက်လာသည်ပဲဖြစ်စေ ငါးရဖို့က အဓိကဖြစ်ပါသည်။
ပညာသင်ထောက်ပံ့ဆု/ပညာသင်ဆု ချီးမြှင့်ခံရတာ ရှက်စရာလား၊ သိမ်ငယ်စရာလား။
အခု ကျွန်တော်ရေးတဲ့ Note ဟာ အောက်ပါ Link ရှိ "လှူဒါန်းတတ်ကြပါစေ (ရှင်ရှင်မင်းသား ပြေတီဦး သို့) - ပြတိုက်" ကို ပြန်လည် ချေပရေးသားတာပါ။
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:413541
ပြေတီဦး လို Celebrity တစ်ယောက် က အခုလိုမျိုး ပညာသင်ဆု ကို ဦးစိးဦးဆောင်လုပ်ပေးလိုက်ခြင်းအားဖြင့်၊ မှတ်တမ်းတင်ထုတ်ပြန်ခြင်းအားဖြင့် မြန်မာပြည်သူ/သားတွေ က ကိုယ်နိုင်ငံပညာရေး အတွက် လှုဒါန်းဖို့လိုတယ်ဆိုတာ ကို ပိုသတိပြုမိသွားပြီး ဒီလို ပညာသင်ဆုတွေ အများကြိးပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
အခုလိုမျိုး ပြေတီဦးအနေနဲ့ ပညာသင်ထောက်ပံ့ဆုပေးအပ်ပွဲ အခမ်းအနားလုပ်ပြီး မီဒီယာထဲ ထည့်တယ် ဆိုတာ သူတို့ ကြွားချင်တာ၊ ဂုဏ်ယူဝင့်ကြွားချင်တာ၊ အလှုရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတာ ဖြစ်ကောင်းဖြစ်သလို သူအနေနဲ့ သူ့ အလှူဒါန ကို ဂုဏ်ယူတဲ့အနေနဲ့ ကျင်းပပြီး လူအများကို သိစေတာလည်း ပါပါလိမ့်မယ်။
ဒီလို လူသိရှင်ကြားလုပ်လိုက်တဲ့အတွက်ကြောင့် မြန်မာပြည် က တခြားတတ်နိုင်တဲ့ပြည်သူတွေ အနေနဲ့ လည်း ပညာသင်ထောက်ပံ့ဆုတွေ ပေးရကောင်းမှန်း ပိုသိသွားကြမယ်၊ ကိုယ်နိုင်ငံပညာရေး အတွက် လှုဒါန်းဖို့လိုတယ်ဆိုတာ ကို ပိုသတိပြုမိသွားပြီး ဒီလို ပညာသင်ဆုတွေ အများကြိးပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
အခု ကလေးတွေ ပညာသင်ထောက်ပံ့ဆု ရတယ်ဆိုတာ သူတို့ ပညာတော်လို့ ရတာပါ။ ဒါ ဆယ်တန်းအောင်တဲ့သူတိုင်း ကို ပေးတာ လည်းမဟုတ်ပါဘူး။
ပညာသင်ထောက်ပံဆု၊ ပညာသင်ဆု ရတယ်ဆိုတာ ကလေးတွေအတွက် ရှက်စရာ မဟုတ်ပါ။ သိမ်ငယ်စရာလည်း မဟုတ်ပါ။
တကယ်လို့ ပညာသင်ထောက်ပံ့ဆု၊ ပညာသင်ဆုယူရတယ်ဆိုတာ ရှက်စရာ၊သိမ်ငယ်စရာလို့ ဆိုရင် ဟီရိသြတ္တပ ဆိုတဲ့ အရှက်တရား၊ အကြောက်တရား ကို အဓိပ္ပာယ်ဖွင့်ဆိုချက်(Definition) ကို အသစ်ပြန်ဖွင့်ဖို့ လိုနေပါပြီ။
ကျောင်းသားတွေ အနေနဲ့  ပညာသင်ဆု ဦးစီးပေးတဲ့ ပြေတီဦးဇနီးမောင်နှံ ကို ကန်တော့တယ်ဆိုတာလည်း ဆိုတာလည်း ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ နဲ့ အညီ ကျေးဇူးရှိသူ ကို ကန်တော့တာပါပဲ။
နိုင်ငံတကာမှာလည်း ပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေးပေးပွဲ အခမ်းအနားတွေ ကို ပေးတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာနဲ့ အညီ ကျင်းပနေကြတာပါပဲ။
အထက်ပါဆောင်းပါးရှင် ပြောသလိုသာဆို နိုင်ငံတကာ တက္ကသိုလ်တွေ က ကျွန်တော်တို့ နိုင်ငံ ကို ပညာသင်ဆု/ပညာသင်ထောက်ပံ့ဆုတွေ ပေးနေတာ ကို ယူပြီးသွားတက်နေတဲ့ ကျောင်းသား/သူတွေ ကရော ရှက်ရမှာလား၊သိမ်ငယ်ရမှာလား။
ဒီနေရာမှာ ကျွန်တော်လည်း မိဘက ၀န်ထမ်းမို့ လို ပညာသင်ဆုနဲ့ ကျောင်းတက်ခဲ့ရတာပဲ။ ဒါပေမယ့် ဒီအတွက် ရှက်စရာမဖြစ်ပါ။ မိဘအနေနဲ့ လည်း ငါ့သားသမီး ပညာတော်လို့  သူ့ ပညာဆက်နိုင်အောင် ပညာသင်ထောက်ပံ့ဆု ရတာပဲလို့ မြင်ပါတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။
နိုင်ငံတကာမှာဆို အသက် ၁၆ နှစ်ပြည့်ပြီးသား လူငယ်တွေ ဟာ ပညာသင်ဆု/ပညာသင်ထောက်ပံ့ဆု ရအောင် ဖြေရင်ဖြေ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ အချိန်ပိုင်းအလုပ်လုပ်ပြီးကျောင်းတက်ရတာပါ။
သူတို့ ဆီမှာ အသက် ၁၆ နှစ်ကျော်ပြီး မိဘဆီက ကိုယ်သုံးဖို့ မုန့် ဖိုးကို လက်ဖြန့် တောင်း နေရရင် ရှက်စရာလို့ မြင်ပါတယ်တဲ့။
ဒီဆောင်းပါးရှင် ပြောသလိုသာဆို နိုင်ငံတကာ က ပညာသင်ဆု/ပညာသင်ထောက်ပံ့ဆု ရနေတဲ့ ကျောင်းသား/သူတွေ အကုန်လုံး သိမ်ငယ်စိတ်ဝင်ရမလို ဖြစ်နေပါပြီ။
အခု ပညာသင်ထောက်ပံ့ဆု ရတဲ့ ကလေးတွေ ဟာ အလကားနေအလကား သူတို့ မိဘတွေ ဆင်းရဲလို့ ရတာမဟုတ်ဘူးဆိုတာ ပြန်စဉ်းစားဖို့ လိုပါတယ်။
သူတို့ အနေနဲ့ ဆယ်တန်းမှာ ထူးထူးချွန်ချွန်အောင်ခဲ့လို့ တက်ရောက်ခွင့်ရတဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကို ဆက်လက်တက်ရောက်ခွင့် ရအောင် ကူညီကြတာပါ။
ဒီပညာသင်ထောက်ပံ့ဆု ဟာ ကလေးတွေ ကြိုးစားခဲ့တဲ့ အောင်မြင်မှုရလာဒ် ကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်တာပါ။
ဒီကလေးတွေ သာ ဆယ်တန်းမှာ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှု စတဲ့ ၀ီရိယ၊ ညာဏ်၊ ကံ မလုပ်ခဲ့ရင် ပြေတီဦးဖောင်ဒေးရှင်း က သူတို့ ကို ဒီပညာသင်ထောက်ပံ့ဆု ချီးမြှင့်ပါမလား။
လီကွမ်းယူရေးတဲ့ From Third World to First World (ဆရာဟိန်းလတ်ဘာသာပြန်တဲ့ အမျိုးသားစာပေ ဘာသာပြန်သုတစာပေဆုရ "တတိယကမ္ဘာမှ ပထမကမ္ဘာ" ဘာသာပြန်စာအုပ်) မှာ ဆိုရင် စင်ကာပူနိုင်ငံကို အခုလိုမျိုးဖြစ်အောင်တည်ဆောက်ခဲ့တာ အခြေခံလူတန်းစားတွေ၊ အစိုးရ၀န်ထမ်းတွေ ရဲ့ သားသမီးများ ဖြစ်တဲ့ ပညာတော်ပြီးဆင်းရဲတဲ့ ကျောင်းသား/သူများ ကို စင်ကာပူအစိုးရပညာတော်သင်ဆု ချီးမြှင့်ပြီး နိုင်ငံခြားပညာတော်သင်လွှတ်ခဲ့ပြီး ပြန်လာတဲ့သူတွေ နဲ့ တည်ဆောက်ခဲ့တာ လို့ ရေးထားပါတယ်။
ကျွန်တော် အနေနဲ့ ရုပ်ရှင်မင်းသား/မင်းသမီးတွေ အခုလိုမျိုး လူမှုရေးပရဟိတ လုပ်ငန်းတွေ လုပ်တာကို ကိုပြေတီဦး အပြင် အန်တီဆွေဇင်ထိုက်၊ ဦးကျော်သူ၊ သျှားညို၊ ရဲတိုက်တို့ လုပ်နေတာ ကို ကြားနေမြင်နေရပါတယ်။ သူတို့ အားလုံးအတွက် လေးစားဂုဏ်ယူပါတယ်။
အထက် Link က ဆောင်းပါးရှင် ကတော့ ကိုယ်ကိုယ်တိုင် လည်း ကျောင်းသားတွေ ကို ပညာသင်ဆု မပေးနိုင်၊ ပေးနိုင်တဲ့သူတွေ ကို လည်း အသားလွတ်ဝေဖန်ထားပြီး အလှူရှင် ရဲ့ လှူပြီးစေတနာပီတီကို ပျက်စီးအောင် လိုက်ဖျက်ဆီးလိုက်တာပါ။
ဘာပဲပြောပြော ပြေတီဦးမောင်နှံ အပါအ၀င် ကောင်းတာလုပ်နေတဲ့သူတွေ ဟာ ဘယ်သူတွေဘယ်လို အပြစ်ရှာဝေဖန်ဝေဖန် သူတို့ အနေနဲ့ ကောင်းတဲ့ အလုပ်တွေ ကို ဆက်လုပ်သွားကြမှာပါ။
စကားချပ်။ ကျွန်တော် အနေဖြင့် ပြေတီဦးဖောင်ဒေးရှင်းပညာသင်ဆု ရထားသူလည်း မဟုတ်ပါ။
ရုပ်ရှင်မင်းသား အကယ်ဒမီ ပြေတီဦး ရဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ဖို့ နေနေသာသာ အပြင်မှာတောင် မမြင်ဘူးပါ။
အကယ်ဒမီရရင် ရတဲ့ အကယ်ဒမီကြယ်ကို ဖောင်ဒေးရှင်း ကို ထပ်လှူမယ်ဆို တဲ့ ကိုပြေတီဦး
၂၀၁၀ပြည့်နှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆု ကို
အာဒံရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကား ဖြင့် ရရှိခြင်း ကို ဂုဏ်ပြုပါတယ်။ သာမန် ရုပ်ရှင်မင်းသားမင်းသမီး အကယ်ဒမီရတာထက် နိုင်ငံ့ပညာရေး ကို ၀ိုင်းဝန်းကုညီနေတဲ့ သူ ရတာမို့ လို့ ပိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
နိုင်ငံတကာ မှာ ပညာသင်ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပုံများ ကို ထည့်သွင်းလိုက်ပါတယ်။
First Tang Yau Suk Yan Scholarship Awarding Ceremony Held
November 24, 2011
APP103-14 ISLAMABAD: July 14 – A group photograph of Deputy Speaker National Assembly Faisal Karim Kundi with students during Scholar Award Ceremony under the Overseas Scholarship Programme at Higher Education Commission. APP photo by Irshad Sheikh
CMA and Donors Scholarship Presentation Ceremony 2011/12
December 2011
Award Ceremonies at UKC2011: KUSCO-KSEA Scholarship Awards | Print |
The 2011 KUSCO-KSEA Scholarship Award ceremony was followed in the same location. This year, the top 20 graduate students from 68 applicantswere selected to receive scholarships from KUSCO (15) and KSEA (5). The scholarship winners received their awards ($1,500 scholarship and a certificate) at the ceremony. At the end of the ceremony, all the award recipients enjoyed the group photo session on a red carpet.
WebRepOverall rating
14 October 2011, Singapore – More opportunities are now available for persons with disabilities to broaden their network and meet potential employers. The Microsoft Unlimited Potential Scholarship award presentation and IT Apprenticeship graduation ceremony returned this year with the inclusion of two key establishments to connect scholarship recipients and graduates with prospective companies for employment possibilities – the Tripartite Alliance for Fair Employment Practices (TAFEP) and Singapore National Employers Federation (SNEF).
The 2010 Singapore Scholarship Award Ceremony
The 2010 Singapore Scholarship Award Ceremony was held on 15 July 2010 at 3:00pm at Intercontinental Hotel. This year, there are 3 Cambodian students awarded the undergraduate scholarship by 3 different universities in Singapore:
WebRepOverall rating
ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်မြောင်းမြခရီးစဉ်
နံနက် ငါးနာရီခွဲအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄) နေအိမ်မှ စတင်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား သူမ မထွက်ခွာမီကပင် ဧရာဝတီတိုင်းသားများက ကြိုဆိုရန် ပြင်ဆင်နေကြပြီဖြစ်သည်။
""မနက်လေးနာရီကတည်းက ရွာကနေ လမ်းလျှောက်လာတယ်။ တချို့က ဧရာဝတီတိုင်းအ၀င်က သွားစောင့်ကြတယ်၊ ကျွန်တော်တို့ကတော့ ပန်းတနော်ကပဲစောင့်နေတယ်""ဟု ပန်းတနော်မြို့နှင့် တစ်မိုင်ခန့်ဝေးသော ကျေးရွာတစ်ရွာမှ အသက်လေးဆယ်ခန့်အရွယ် ကိုအောင်ဝိဇ္ဇာက ဆိုသည်။
နံနက် ခြောက်နာရီခန့်တွင် ပန်းတနော်မြို့အ၀င်၌ ဒေါင်းအလံများ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံများကိုင်ဆောင်ကာ လူတစ်ရာဝန်းကျင်ခန့်စောင့်ဆိုင်းနေကြသည်။ ထိုနေရာမှစတင်၍ ပုသိမ်မြို့ရောက်သည်အထိ လမ်းတစ်လျှောက် ကျေးရွာများ၊ မြို့နယ်များတွင် ဒေသခံများက အတီးအမှုတ် အကအခုန်များဖြင့် ကြိုဆိုနေကြသည်။ ကျောင်းကုန်းမြို့အ၀င်တွင် လူပေါင်းသုံးရာခန့် စောင့်ကြိုနေသည်ကို တွေ့ရပြီး ထိုအထဲမှ အသက်ငါးဆယ်ခန့်အရွယ် ဦးသိန်းတန်က ""ဒေါ်စုနဲ့ မတွေ့တာ နှစ် နှစ်ဆယ်ရှိပြီ။ နိုင်ငံ ကောင်းအောင်လုပ်ဖို့ ဒေါ်စုရဲ့ လမ်းညွှန်မှုကိုခံယူဖို့ လာစောင့်နေတာပါ၊ စကားပြောဖို့ စင်မြင့်တစ်ခုလည်း လုပ်ထားပါတယ်"" ဟု ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ လမ်းတစ်လျှောက် ရပ်နားခြင်းမရှိဘဲ ကြိုဆိုနေသူများအား လက်ကိုင်စကားပြောခွက်ဖြင့်သာ ကားပေါ်မှ နှုတ်ဆက်စကားပြောကြားလာခဲ့သည်။ ပုသိမ်မြို့အ၀င်ရှိ နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ တစ်ရာကျော်ခန့်မှာ We Love Su စာတန်းအား လက်မောင်းနှင့် နဖူးများတွင် အသီးသီးစည်းနှောင်ထားကြပြီး ဒေါ်အောင်ဆန်းစုကြည်အား နံနက်ခြောက်နာရီကပင် စုရုံးစောင့်ဆိုင်းနေကြသည်။ ထိုကဲ့သို့ လာရောက်ကြိုဆိုရန် ဆရာဆရာမများက ခွင့်ပြုပေးခဲ့ပြီး ခိုက်ရန်မဖြစ်ကြရန်သာ မှာကြားခဲ့ကြောင်း BE(Machenical) နောက်ဆုံးနှစ်တက်ရောက်နေသူ ကိုအောင်ကိုနိုင်က ပြောသည်။
ထို စောင့်ဆိုင်းနေသူများထဲမှာ အသက်နှစ်ဆယ်အရွယ် BE(Cevil) ဒုတိယနှစ်ကျောင်းသူ မမေလွင်ဦးက ""အမေစုကို သမီးတို့ရဲ့ ဆန္ဒကိုပြောချင်လို့ လာစောင့်နေတာ။ ကျောင်းမှာ လက်တွေ့လုပ်ငန်းတွေမရှိဘူး။ လိုချင်တယ်။ ပုံနှိပ်စာအုပ် အခက်အခဲရှိနေတယ်။ သမီးတို့ကျောင်းသားတွေကို ပစ်မထားပါနဲ့လို့ ပြောချင်လို့ပါ""ဟု ဆိုလာသည်။
ပုသိမ်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်ရှေ့တွင်မူ စာမေးပွဲဖြေဆိုရန်ရှိသဖြင့် ကြိုဆိုနေသော ကျောင်းသားများအား မတွေ့ရဘဲ တိတ်ဆိတ်လျှက်ရှိသော်လည်း
ကျောင်းသား၂၀၀ခန့်မှာ ဒေါ်အောင်ဆန်းစုကြည်စကားပြောမည့် ကိုးသိန်း အားကစားကွင်း အ၀၌ သွားရောက်ကြိုနေကြသည်။ ထိုကျောင်းသားများထဲမှ ဒုတိယနှစ်သင်္ချာအဓိက တက်ရောက်နေသော ကို ပြည့်ဖြိုးအောင်က
""အမေစုကအမှန်တရားကိုမြတ်နိုးလို့ ကျွန်တော်တို့အရမ်းချစ်တယ်။ တွေ့လဲတွေ့ဖူးချင်လို့ လာတွေ့တာ။ တစ်နှစ်ကျလည်းအကျခံမယ်"" ဟုယုံကြည်မူအပြည့်ဖြင့် ပြောသည်။
ပုသိမ်မြို့အနှံ့အပြားတွင် ထိုနေ့နံနက်တွင် ထမနဲထိုးခြင်း၊ မုန့်ဟင်းခါးကျွေးခြင်း၊ စတုဒိသာတိုက်ကျွေးခြင်းတို့ကို ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်ခဲ့သော်လည်း သွားရောက်စားသောက်သူ နည်းပါးကြောင်း ပုသိမ်မြို့ခံများက ပြောကြသည်။
ဒေသခံအာဏာပိုင်များက အိမ်ယာမြေများအား အိမ်ဂရံထုတ်ပေးရန် ထိုနေ့တွင် ရုံးသို့ လာရောက်ကြရမည်ဟု ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
သို့သော် ဧရာဝတီတိုင်းဒေသကြိးအတွင်းရှိ သာပေါင်း၊ ငပုတော၊ အိမ်မဲ အစရှိသည့် မြို့နယ်များမှ မော်တော်ကားများ၊ စက်လှေများ၊ သင်္ဘောများဖြင့် ညတစ်နာရီခန့်ကပင် လာရောက်နေကြပြီး မိုးမလင်းမီကပင် ကိုးသိန်းအားကစားကွင်းရှေ့သို့ တဖွဲဖွဲစုရုံးနေကြသည်ကို တွေ့ရသည်။
""ကျွန်တော်ဖျားနေတာ ၁၅ ရက်လောက်ရှိပြီ။ ဆေးထိုးနေရတယ်။ အခုတောင် တွေ့ချင်လွန်းလို့ ကုန်းရုန်းထလာတာ""ဟု ဘောလုံးကွင်း ဂိုးတိုင်အောက်တွင် ထိုင်စောင့်နေသော မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
နေပူကျဲတဲအောက်တွင် ခွပ်ဒေါင်းတံဆိပ်အလံငယ်များအား ဝှေ့ယမ်းကာ မျှော်လင့်ချက်အပြည့်ဖြင့်စောင့်ဆိုင်းနေကြသော လူထုကြီးအတွင်းမှ ကမ္ဘာမကြေသီချင်းကို ပြိုင်တူသီဆိုလိုက်ကြသံအား တစ်ချက်တစ်ချက် ကြားနေရသည်။ တဦးစ နှစ်ဦးစ စိတ်လွတ်ကိုယ်လွတ် ကခုန်လိုက်ကြသည်ကိုလည်း မြင်ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပုသိမ်မြို့သို့ လာရောက်ခဲ့ပြီး ယခုခရီးစဉ်တွင်လည်း မန္တလေးမြို့ကဲ့သို့ ခရီးစဉ်ရွှေ့ဆိုင်းရမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူမအား လူဦးရေတစ်သိန်းနီးပါး ကြိုဆိုနေကြသော လူထုကြီးရှိရာ ကိုးသိန်းအားကစားကွင်းအတွင်းသို့ နံနက် ၁၁ နာရီအချိန်တွင် ပိတ်ဆို့နေသော လူအုပ်ကြီးကြားမှ ယာဉ်တန်းဖြင့် တရွေ့ရွေ့ရောက်ရှိလာပြီး စောင့်ကြိုနေသော လူထုအား နှုတ်ခွန်းဆက်စကား စပြောသည်။
""ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြုံးရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ ကြိုဆိုတဲ့ ပြည်သူတွေကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီလို ပြည်သူတွေနဲ့ဆို သာယာတဲ့ပြည်ထောင်စုကြီးကို ကျွန်မတို့ တကယ်ပဲ ဆောက်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်"" ဟု အစိမ်းနုရောင် ရင်ဖုံးနှင့် ချိတ်ထမီဝတ်ဆင်ကာ အစိမ်းနုရောင်ပုသိမ်ထီးကလေး ဆောင်းလာသော ဒေါ်အောင်ဆန်းစုကြည်က ကိုးသိန်းအားကစားကွင်း စင်မြင့်ပေါ်မှ ပြောသွားသည်။
ထို့အပြင် ပုသိမ်မြို့သို့ လာရောက်ရခြင်းမှာ ပါတီကိုပြန်လည်တည်ဆောက်နေသော အချိန်တွင် ပါတီတည်ဆောက်ရေးအနေနှင့် လာရောက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ စည်းရုံးရေးအတွက်လာရောက်ခြင်းလည်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။
မိနစ် ၂၀ ခန့် စကားပြောပြီးနောက် ပုသိမ်ဟိုတယ်သို့ နေ့လည်စာစားသောက်ရန် ထွက်ခွာသွားခဲ့သည်။
ပုသိမ်မြို့အ၀င်မှစ၍ ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီပေးမှုများကို တောက်လျှောက်တွေ့နေရပြီး ထိုနေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကလည်း ၎င်းယခင်ရုံးတက်ရုံးဆင်းပြုလုပ်နေကျလမ်းမကြီးမှ ဖြတ်သန်းမသွားဘဲ လမ်းကြားအတွင်းမှသာ ဖြတ်သန်းရုံးတက်ရောက်ခဲ့ကြောင်း အသက် ၇၈ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးစိန်ထွန်းက ပြောပြသည်။
""ဗိုလ်ချုပ်သွေးဆိုလို့ ဒီတစ်ယောက်ပဲကျန်တော့တာ။ ငတ်မွတ်ခေါင်းပါးဘေးမှ လွတ်မြောက်အောင်လည်း သူပဲ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်""ဟု သာပေါင်းမြို့နယ်မှ တောင်သူ ကိုမျိုးအောင်ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် သူမ၏ပါတီ အန်အယ်လ်ဒီအား မဲထည့်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲအား မျှမျှတတဖြစ်စေရေး စောင့်ကြည့်ပေးကြရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။
""ကျွန်မတို့ နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏခဏဖြစ်တာမဟုတ်ပါဘူး။ တစ်ခါတလေမှ ဖြစ်တာပါ။ ဒီလို တစ်ခါတလေမှ ဖြစ်တဲ့အဆင့်ကနေ ပုံမှန်ဖြစ်တဲ့အဆင့်သာမက ပုံမှန်လွတ်လွတ်လပ်လပ်မျှမျှတတ ရွေးကောက်ပွဲဖြစ်နိုင်ဖို့ ကျွန်မတို့ ၀ိုင်းပြီး ကြိုးစား ရမယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေအရ တစ်နိုင်ငံလုံးမဟုတ်တောင် မဲဆန္ဒပေးရတဲ့နေရာတွေမှာဖြစ်နေတဲ့ မမှန်တာတွေကို ၀ိုင်းဝန်းကြည့်ရြှု့ပီးတော့ ရွေးကောက်ပွဲကို ကာကွယ်ပေးကြပါ""ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့လူထုကြီးအား မှာကြားသွားသည်။
အနှစ်နှစ်ဆယ်ကျော်ကြာ ပြန်လည်တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပုသိမ်ဒေသခံ ကိုဖုန်းမြင့်က "" ၀မ်းသာတယ်။ ဒါပေမယ့် ၀မ်းနည်းတယ်။ အမေစု အသက်ရသွားပြီ။ ဒါကို ၀မ်းနည်းမိတာပါ""ဟု ၀မ်းနည်းသည့် လေသံဖြင့် ပြောလာသည်။
ထို့နောက် ပုသိမ်မြို့မှ နေ့လည်တစ်နာရီခန့်တွင် ကားအစီးပေါင်း ၂၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား ကန်ကြီးထောင့်မြို့နယ် မြင်းကာဆိပ်ကျေးရွာမှ စတင်၍ မြောင်းမြမြို့အ၀င် အဝေးပြေးကွင်းအထိ လမ်းတစ်လျှောက် ကျေးရွာများမှ သောင်းသောင်းဖျဖျ ကခုန်ကြိုဆိုကြသည်။ လူများပြားသည့်နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်က ကားအမိုးပေါက်မှ မတ်တပ်ရပ်ကာ လူထုအား နှုတ်ဆက်မြဲဖြစ်သည်။
""မနက် ကိုးနာရီကတည်းက ရောက်နေတာ။ အခုအချိန်ထိ (နေ့လည် ၂နာရီ) နေ့လည်စာမစားရသေးဘူး။ ဗိုက်လည်းမဆာပါဘူး။ အရမ်းတွေ့ချင်နေတယ်"" ဟု ကျုံတွတ်ကျေးရွာမှ အသက် ၂၀ ခန့်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ စ၀င်လာသည့် နေ့လည် သုံးနာရီကျော် အချိန်တွင်တော့ သူမ၏ယာဉ်တန်းကြီးမှာ ကားအစီးပေါင်း ခြောက်ဆယ်ကျော်နေခဲ့ပြီဖြစ်ကာ ဘေးမှဝန်းရံလိုက်ပါလာသည့် ဆိုင်ကယ်များမှာလည်း အစီးပေါင်း ငါးရာကျော်ရှိမည်ဟု ခန့်မှန်းရသည်။
""အနီးဆုံး ငါးမိုင်လောက်အကွာက ရွာတွေက လမ်းလျှောက်ပြီးလာကြတယ်။ ထမင်းလည်းမစားကြရသေးဘူး"" ဟု မွန်းတည့် ၁၂ နာရီကတည်းက ရောက်ရှိနေသည့် အသက်လေးဆယ်ဝန်းကျင် မြောင်းမြမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
နေအပူရှိန်ပြင်းထန်ပြီး ဖုန်တစ်လုံးလုံးထနေသည့် မြောင်းမြမြို့၊ မီတာလေးရာ အဝေးပြေးကွင်းအတွင်း လူဦးရေ ခုနှစ်သောင်းခန့် ရောက်ရှိနေရာယူထားကြသည်။
""ကျွန်မ အခုမြောင်းမြမြို့နယ်ကို ၀င်လာတဲ့အခါမှာ လာတဲ့လမ်းမှာ ပြည်သူတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အဲဒီတော့ ဒီလိုဆင်းရဲမှုတွေက လွတ်မြောက်ဖို့အတွက် အားလုံးဝိုင်းပြီး ရုန်းရမယ်"" ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြူဖွေးနေသော ဖုန်လိပ်များကြားမှ ဒေါင်းအလံငယ်များ ဝှေ့ယမ်းအားပေးနေကြသည့် မြောင်းမြလူထုကို စင်မြင့်ထက်မှ ပြောကြားလိုက်သည်။
ဧရာဝတီတိုင်းမှ သူမအား လာရောက်ကြိုဆိုသော လူထုကလည်း ဆင်းရဲတွင်းမှ လွတ်မြောက်ရန် နှင့် ဒီမိုကရေစီရရှိရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်အားကိုးကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ ရှေ့ဆက်လုပ်ငန်းများတွင် ပြည်သူ့အားကို အဓိကထား၍ လုပ်ဆောင်သွားမည်ဟု ပုသိမ်နှင့် မြောင်းမြ နှစ်နေရာစလုံးတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် ပြည်သူလူထု၏ ပဲ့တင်သံနှင့် ဒေါင်းအလံများ ထပ်တူကျခဲ့ကြသည်ဟု ဆိုရမည်ဖြစ်ပါသည်။
အောင်သူရ၊ ဥက္ကာကိုကို၊ နေလင်းထွန်း
7Day News , အတွဲ(၁၀)၊ အမှတ်(၄၇)

by Thet Oo on Wednesday, January 11, 2012 at 11:12am
၁၉၉၁ခုနှစ်မှ၂၀၁၁ခုနှစ်အထိ ယူနီဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ဖေဖေါ်ဝါရီလ၌ ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးရာထူးများထဲမှ တခုအပါအ၀င် ဖြစ်သည့် ယူနီဆက်၏ တရုတ်နိုင်ငံဌာနေကိုယ်စားလှယ်အဖြစ်မှ အငြိမ်းစားယူခဲ့ သော ဒေါက်တာရင်ရင်နွယ်သည် အမေရိကနိုင်ငံ တောင်ပိုင်းကယ်လီဖိုးနီးယားသို့ ခေတ္တအလည်အပတ်ရောက်ရှိလာစဉ်ကိုဖီးလစ်ထွန်း(အရီဇိုးနား)၏ မိတ်ဆက်စီစဉ် ပေးမှုဖြင့် ၂၀၁၁ခုနှစ် မေလ၁၆ရက်နေ့၌ ရတနာပုံနေပြည်တော်သတင်းစာမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဒေါက်တာရင်ရင်နွယ်ရဲ့ကိုယ်ရေးရာဇ၀င်အကျဉ်း…
ဇာတိကရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့။ စစ်ပြီးခေတ်မှာမွေးပါတယ်။ အဖေ က ကျိုင်းတုံစော်ဘွားကြီးရဲ့သား စ၀်ဆိုင်မိုင်းမင်းရဲ (Sao Saimong Mangrai) အမေက ဒေါ်မီမီခိုင်(ကမ္ဘောဇကျောင်းအုပ်) မွန်လူမျိုးဆိုတော့ ရှမ်းနဲ့မွန်ကပြားလို့ပြောရမှာပေါ့။
ညီမ ဒေါ်သီသီတာ(ရန်ကုန်)၊ မောင်လေး စ၀်ခိုင်မိုင်း(Sao Khai Mong)USA မောင်နှမ၃ယောက်ပါ။
ငယ်စဉ်ကလေးကျောင်းသားဘ၀မှာ အမေတည်ထောင်ထားတဲ့ ကမ္ဘောဇကောလိပ် လို့ခေါ်တဲ့ကျောင်းမှာ ၁၀တန်းအထိတက်ခဲ့တယ်။ ၁၀တန်းစာမေးပွဲကြီး ဖြေခါနီးမှာ အမေ့ရဲ့ကျောင်း ပြည်သူပိုင်သိမ်းခံရတဲ့အတွက် ကမ္ဘောဇကျောင်းကနေ ၁၀တန်း မအောင်ဘဲ ဂန္ဒီကျောင်းကနေ ၁၀တန်းအောင်ခဲ့တယ်။ ပြည်သူပိုင်သိမ်းခံရတဲ့ ကျောင်းတွေထဲမှာ အမေ့ရဲ့ကမ္ဘောဇကျောင်းက ပထမဦးဆုံးပြည်သူပိုင်အသိမ်းခံ ရတဲ့ကျောင်းပါ။
နောက် ၁၉၆၄ အသက်၁၅နှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် တက်ခဲ့ပြီး ဘူမိဗေဒ အဓိကနဲ့၁၉၆၈ခုနှစ်မှာ ဘွဲ့ယူခဲ့တယ်။ နှစ်စဉ်ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ တက္ကသိုလ်နောက်ဆုံးနှစ် ၁၉၆၈ခုနှစ်မှာ အင်္ဂလန်က FGA ကျောက်မျက်ဆိုင်ရာ ဒီပလိုမာကိုရခဲ့တယ်။ ၁၉၆၉ ဇန်န၀ါရီလ ဘွဲ့ရချိန်မှာ အသက်၁၉နှစ်။ ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းဝင်တော့အသက်က၁၉-၂၀ဘဲရှိသေးတယ်။ တက္ကသိုလ်မှာ သရုပ်ပြဆရာမအနေနဲ့ အလုပ်စလုပ်တယ်။ အသက်၂၁နှစ်မှာ နိုင်ငံခြားပညာတော်သင်အနေနဲ့ အင်္ဂလန်မှာရှိတဲ့ ကင်းဘရစ်တက္ကသိုလ်မှာ ပညာ သင်ခွင့်ရတယ်။ ကင်းဘရစ်တက္ကသိုလ်ကနေ အသက်၂၅နှစ်၊ ၁၉၇၄နှစ်ကုန်မှာPh.D စာတမ်းတင်နိုင်ခဲ့တယ်။ ၁၉၇၅ခုနှစ်မှာMineralogy နဲ့ Ph.D ပါရဂူဘွဲ့ မရခင်မှာ အပိုလိုအာကာသယာဉ်က ယူလာတဲ့ လကမ္ဘာကကျောက်တွေကို စစ်ဆေး တဲ့အလုပ်ကို ၆လလောက်လုပ်ခဲ့တယ်။ မြန်မာပြည်က လွှတ်တဲ့ ပြည်ပပညာတော်သင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ Ph.D ဘွဲ့ကိုရခဲ့တာပါ။ Ph.D ဘွဲ့ရပြီးမြန်မာပြည်ပြန်လာပြီးရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်ဘူမိဗေဒဌာနမှာ တိုင်းပြည်အတွက်အလုပ်ပြန်လုပ်ခဲ့တာ ကထိကဖြစ် တဲ့အထိ၁၉၈၈စက်တင်ဘာလအထိ၁၉နှစ်ကြာအလုပ်လုပ်ခဲ့တယ်။
၁၉၈၈ စက်တင်ဘာလ၁၇ရက်နေ့မှာ မြန်မာနိုင်ငံကထွက်ပြီး ဂျာမနီနိုင်ငံMunich Technical University မှာသုတေသနအလုပ်လုပ်ခဲ့တယ်။ ၁၉၉၁ခုနှစ်မှာ ယူနီဆက်မှာ အောက်ခြေကစပြီး အလုပ်လုပ်ပါတယ်။ ပတ်ဝန်းကျင် ဆိုင်ရာ ပရိုဂျက်အရာရှိလုပ်ခဲ့တယ်။ နိုင်ငံ၅၀ကျော်မှာ နေထိုင်အလုပ်လုပ်ခဲ့တယ်။ ၁၉၉၄ကနေ၁၉၉၉ခုနှစ်အထိ အနောက်အာဖရိကတိုက်မှာယူနီဆက်ရဲ့ဒေသဆိုင်ရာ အကြံပေးအရာရှိအနေနဲ့လုပ်ခဲ့တယ်။ ၁၉၉၉ကနေ၂၀၀၁အထိ အရှေ့အလယ်ပိုင်း နိုင်ငံ၂၀မှာဒေသဆိုင်ရာစီမံကိန်းအရာရှိ၊ ၂၀၀၁ကနေ၂၀၀၅အထိအင်ဒိုနီးရှားနိုင်ငံ မှာ၊ ၂၀၀၅ခုနှစ်မှာ ယူနီဆက်ရဲ့ ဆူနားမိဆိုင်ရာအကြီးအကဲနဲ့ ၂၀၀၆ခုနှစ်ဒီဇင်ဘာလ ၁ရက်နေ့ကနေ အငြိမ်းစားယူတဲ့ ၂၀၁၁ဖေဖေါ်ဝါရီလအထိ တရုတ်ပြည်ဆိုင်ရာဌာနေ ကိုယ်စားလှယ် ဖြစ်ခဲ့တယ်။
တက္ကသိုလ်မှာအလုပ်လုပ်ခဲ့တဲ့အကြောင်း…
ဘွဲ့ရပြီးတာနဲ့သရုပ်ပြဆရာမအနေနဲ့ ကထိက ရာထူးအထိနဲ့ ဘူမိဗေဒပညာရှင် အနေနဲ့ နှစ်ပေါင်း၂၀နီးပါး အလုပ်လုပ်ခဲ့တယ်။ နောက်ပြီး တက္ကသိုလ်က တပည့် ကျောင်းသားတွေနဲ့ ရင်းရင်းနှီနှီး မြန်မာပြည်အနှံ့ကွင်းဆင်း၊ အတူတူ ပင်ပန်းဆင်း ရဲခံပြီးစာတမ်းတွေရေးခဲ့ဘူးတယ်။ ဒီလိုတပည့်ကျောင်းသားတွေနဲ့ရင်းနှီးမှုအတိုင်း အတာတွေ၊ အတွေ့အကြုံတွေက ဘာနဲ့မှအစားထိုးလို့ မရနိုင်ဘူး။ ဒါကြောင့်ကမ္ဘာ အနှံ့ ဘယ်နိုင်ငံသွားသွား နိုင်ငံတော်တော်များများမှာ တပည့်တွေရှိလို့လာပြီးနှုတ်ဆက်ကြပါတယ်။ မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရတဲ့အချိန်တွေ၊ ကွင်းဆင်းကျောင်း သားတွေနဲ့ နိုင်ငံအနှံ့ ပင်ပန်းဆင်းရဲခံပြီး လက်တွေ့ကွင်းဆင်းသင်ခဲ့၊ လေ့လာခဲ့ရတာ တွေကို နောင်တ မရပါဘူး။ မမသူငယ်ချင်းတွေကပြောကြတယ်၊ စောစောစီးစီး နိုင်ငံခြားထွက် အလုပ်လုပ်ရင် စောစောစီးစီးချမ်းသာတာပေါ့တဲ့။ မမကတော့ ဒီလိုမမြင်ဘူး၊ မြန်မာပြည်မှာ ဘူမိဗေဒပညာရှင်တဦးအနေနဲ့လုပ်ခဲ့ဘူးလို့ အောက် ခြေလူတန်းစားအကြောင်း နားလည်ခဲ့တယ်၊ ဆင်းရဲသားတွေအကြောင်းလဲ ပိုနား လည်ခဲ့တယ်၊ဆင်းရဲခြင်းအကြောင်းကိုပိုသိခဲ့တယ်။
နိုင်ငံခြားထွက်ခဲ့တဲ့အကြောင်း…
မမ နိုင်ငံခြားကိုထွက်ချင်ရင် အစောကြီးထဲက ပညာတော်သင် ပြီးကတည်းက လို့ ပြောရင်ပိုမှန်မယ်ထင်တယ်၊ ထွက်လို့ရပါတယ်။ ဒါပေမယ့် ဘူမိဗေဒဌာနက ဆရာကြီးတွေ ဆရာမကြီးတွေ နဲ့ မိဘတွေက ကိုယ့်ကိုယုံကြည်လို့ နိုင်ငံခြားလွှတ် ပြီးပညာသင်စေခဲ့တယ်၊ အားလုံးကပြန်လာမယ်လို့မျှော်လင့်ကြတယ်၊ ဒီလိုယုံကြည် မှုကိုတော့အလွဲသုံးစားမလုပ်ချင်ဘူး၊ ဒါကြောင့်သစ္စာရှိရှိနဲ့မြန်မာပြည်ကိုပြန်လာတယ်၊ကိုယ်နဲ့အတူပညာသင်သွားကြတဲ့ တချို့အကိုကြီးတွေ၊ တချို့အမကြီးတွေဆို လျော်ကြေးပေးလိုက်တယ်။ ပြန်မလာကြတော့ဘူး။ စိတ်ဆုံးဖြတ်ပြီး နိုင်ငံခြားကိုထွက်ဖြစ်တာက ၁၉၈၈စက်တင်ဘာ၁၇ရက်မှာ ထွက် လာခဲ့တယ်။
ထွက်ရတဲ့အဓိကအကြောင်းအရင်းကလဲ သားလေးကြောင့်ဘဲ။ အိမ် ထောင်ကွဲပြီးတော့ သားကိုမမကပဲစောင့်ရှောက်လာရတော့ သူ့ကို ပညာရေး ကောင်း ကောင်းပေးရမယ်လို့ ခံယူထားတယ်။ သားလေးကလဲ အင်မတန်ကို စာတော်တဲ့ ကလေး။ ဒါကြောင့် သူ့အတွက် အကောင်းဆုံးဖြစ်အောင်၊ သူ တိုးတက်ဖွံ့ဖြိုးရေး အတွက် မမကြိုးစားမယ်လို့ ခံယူပြီး ဒီစိတ်နဲ့ဘဲ အကိုတယောက်ဆီမှာ ဒေါ်လာ တစ် ထောင်ချေးပြီး ထွက်လာခဲ့တယ်။ ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘာအလုပ်ရမယ်ဆိုတဲ့ အာမခံချက်တခုမှမရှိဘဲထွက်လာခဲ့တာ။ ခုအသက်အရွယ်မှာပြန်စဉ်းစားတွေး ကြည့်တော့ကြောက်မိပါတယ်။ ၁၉၈၈နှစ်မှာ ဂျာမဏီနိုင်ငံဘွန်းမြို့Alexander von Humboldt ဖေါင် ဒေးရှင်းက Ph.Dဘွဲ့ရှိတဲ့ပညာရှင်တွေကိုခန့်မယ့်Post တခု ကမမကို ခေါ်ထား တာရှိတယ်။ ဖေါင်ဒေးရှင်းက Post အတွက် မမကိုလက်ခံလိမ့်မယ်ဆိုတဲ့ မျှော်လင့် ချက်နဲ့ဂျာမနီနိုင်ငံကိုထွက်သာထွက်လာခဲ့ရတယ်၊ ဘာမှမသေချာဘူး။ ဂျာမနီနိုင်ငံကိုရောက်တော့ ခေါ်ထားတဲ့ Post မှာအလုပ်ရဖို့ အမေရိက၊ဂျပန်၊ အင်္ဂလိပ်သိပ္ပံရှင်တွေနဲ့ (ယှဉ်)ပြိုင်ပြီးမှ အလုပ်ရခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေ အ ကြောင်းကြောင်းကြောင့် လာတာ နောက်ကျပေမယ့် အလုပ်ရခဲ့တယ်။ မမကို အလုပ် ပေးတာက အသက်၄၀အောက် ထူးချွန်တဲ့ သိပ္ပံပညာရှင်ဖြစ်လို့၊ နောက်ပြီး မြန်မာ ပြည်မှာလုပ်ခဲ့တဲ့သုတေသနလုပ်ငန်းတွေကိုကြည့်ပြီးတော့ပေးတာလို့သိရတယ်။
မြန်မာနိုင်ငံမတ္တရာ၊မိုးကုတ်ဒေသမှာ အနေအစားဆင်းရဲ၊ခေတ်မှီပစ္စည်းကရိ ယာမစုံလင်ဘဲ ကွင်းဆင်းလေ့လာပြီး သုတေသနစာတမ်းကောင်းကောင်းတွေ ထွက် လာနိုင်လို့ရွေးတာဖြစ်တယ်လို့ဆိုပြီး မမကိုကြိုက်တဲ့မြို့ရွေးဆိုပြီး အလုပ်ခန့်လိုက် တော့တာပဲ။ ဒီလိုနဲ့မမလဲ ဂျာမနီနိုင်ငံMunich Technical University တက္ကသိုလ်မှာ ၁နှစ်ခွဲကျော် သုတေသနအလုပ်တွေ လုပ်ခဲ့ပါတယ်။ အလုပ်မှာ မမကမြန်မာပြည် ကလာတာဆိုတော့ ကွန်ပျူတာပညာမှာ သူများတွေထက် ခေတ်နောက်ကျနေပေ မယ့်လဲ ကြိုးစားပြီး လေ့လာလိုက်တော့ စာတမ်းတွေထွက်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်းပဲ ကိုယ့်တက္ကသိုလ်ဟောင်းဖြစ်တဲ့ ကင်းဘရစ်ကို ပြန်သွားလေ့ လာကြည့်တယ်။ ဂျာမနီမှာက ဘာသာစကားက နဲနဲခက်တယ်။ ပြီးတော့ သား ပညာ ရေးကိုလည်း အင်္ဂလန်မှာ ထားချင်တယ်ဆိုတော့ ကင်းဘရစ်တက္ကသိုလ်ကို သွား ကြည့်ခဲ့တယ်။
အဲဒီမှာဘာကိုမြင်လိုက်သလဲဆိုတော့ မမ ငယ်ငယ်ကသူငယ်ချင်းတွေကပရော် ဖက်ဆာကြီးတွေ၊ဆရာကြီးတွေဖြစ်နေကြပြီ။ ဒီလိုဖြစ်နေကြပေမယ့်လည်း သူတို့ရဲ့ ဘ၀ဟာ တကယ့်အောက်ခြေမဆန်ဘူး။ အောက်ခြေမဆန်ဘူးဆိုတာကလူတွေနဲ့ ထိတွေ့မှုနည်းတာကိုပြောတာနော်။ သူတို့ကသုတေသနခန်းထဲ၊ဓါတ်ခွဲခန်းထဲ မှာ၊ စာကြည့်တိုက်ကြီးတွေထဲမှာဘဲ ကျင်လည်နေကြရတယ်။ ဆရာကြီးတွေက ပြောတယ်၊ ဒီမှာအလုပ်လုပ်ချင်ရင်ဆက်လုပ်။ အချိန်တန်ရင်ပါမောက္ခတော့ဖြစ် လာမှာဘဲလို့ပြောတယ်။ ဒီမှာမမ စဉ်းစားတယ်။ ငါ ဒီလို စာကြည့်တိုက်ကြီးထဲ၊ သုတေသနအခန်းထဲမှာ နေနိုင်မလားပေါ့။ မမ က မြန်မာပြည်က ထွက်လာတာလဲ မကြာသေးဘူး။ မြန်မာပြည် ရဲ့ တချို့နေရာတွေမှာ အစာရည်စာချို့တဲ့နေတာတွေ၊ တိုင်းပြည်ဆင်းရဲနေတာတွေ ကိုလည်းမျက်မြင်ကိုယ်တွေ့မြင်လာခဲ့ရသူဆိုတော့ ဘယ်လိုခံစားမိလိုက်သလဲဆို တော့ ငါ တက္ကသိုလ်မှာ မလုပ်ချင်ဘူး၊ လူတွေနဲ့ ထိတွေ့တဲ့အလုပ်၊ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ လူတွေကို ကူညီတဲ့ အလုပ်ဘဲ လုပ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒက ထင်းထင်းကြီးပေါ်လာတယ်၊ မမရဲ့နိုင်ငံကူးလက်မှတ် အခက်အခဲလဲ ဖြစ်နေတော့ ကုလသမဂ္ဂအလုပ်ကိုကြိုးစားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်။
ကုလသမဂ္ဂ အလုပ်ဝင်ခဲ့ရပုံတွေအကြောင်း…
၁၉၉၀ဂျာမနီကထွက်လာပြီးအမေရိကကိုရောက်လာခဲ့တယ်။ ကုလသမဂ္ဂမှာ အလုပ်ဝင်တော့လဲ Ph.D မို့သူတို့ကတန်းခန့်လိုက်တာ မဟုတ်ပါဘူး။ အောက်ခြေ ကနေ စ၀င်လုပ်ပြီး ပင်စင်ယူတဲ့အချိန်မှာ ကုလသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံးရာထူး ထဲကတခုဖြစ်တဲ့ တရုတ်ပြည်ရဲ့ဌာနေကိုယ်စားလှယ် ရာထူးတာဝန်ထမ်းဆောင်ခဲ့ပြီးမှပင်စင်ယူခဲ့ပါတယ်။ အလုပ်စ၀င်တော့လဲ ၃လ ယာယီအလုပ်ပေါ်လို့ ၀င်လျှောက်လိုက်ပြီး ကုလသမဂ္ဂမှာ ၀င်သွားတာပါ။ Database ရေးဖို့ လူလိုလို့ခေါ်တော့ မမက ဒီလောက်ကတော့ အပျော့ပေါ့ဆိုပြီးဝင်လျှောက်လိုက်တာ။ မမက မြန်မာပြည်မှာ နောက်ဆုံးပေါ်ကွန်ပျူတာပညာကို မလေ့လာခဲ့ရပေမယ့် ဂျာမနီရောက်တော့ သူများထက် အများကြီးကြိုးစားလေ့လာခဲ့တဲ့အတွက် စာတမ်း တွေအတွက် ကွန်ပျူတာတွေကို ကောင်းကောင်းသုံးတတ်နေပြီ။ Database အလုပ်ရတာကတော့ မမရဲ့ဆရာကြီး ဒေါက်တာညီညီရဲ့ ကျေးဇူးနဲ့ စောင့်ရှောက် မှုကြောင့်ပဲ။ ဒီ Detabase အလုပ်လုပ်နေတုန်းယူနီဆက်ကနံပါတ်၂လူကြီးဖြစ်တဲ့ ဒေါက် တာရစ်ချတ်ဂျော်လီက မမကို ကင်းဘရစ်တက္ကသိုလ်ကPh.D ဆိုတာလဲသိရော မမ လုပ်နေရတဲ့အလုပ်နဲ့ အရည်အချင်းနဲ့က မတန်ဘူးဆိုပြီး စမ်းသပ်တဲ့အနေနဲ့ စာ တမ်းတခုရေးခိုင်းတယ်။
အဲဒါကလဲ ရှင်းရှင်းပြောရရင်UN အေဂျင်စီတွေကို Coordination လုပ်တဲ့အကြောင်း စာတမ်းဖြစ်နေတယ်။ မမကြိုးစားပြီး သုတေသနတွေလုပ်၊ တွေ့ဆုံ မေးမြန်းတာတွေလုပ်၊ အချက်အလက်တွေစုပြီး ရေးလိုက်တာ စာတမ်းတစောင် ထွက် သွားရော။ မမ တင်လိုက်တဲ့စာတမ်းကို လူကြီးတွေ ဘယ်လောက် သဘောကျ သလဲဆိုရင် တကမ္ဘာလုံးမှာရှိတဲ့ UNရုံးတွေကိုUN ရဲ့စာအနေနဲ့ ဖြန့်တယ်။ မမ နာမည် ကိုတော့ မတပ်ဘူး။ အဲဒါကပိုပြီးသိက္ခာရှိတယ်။ အဲဒီမှာ နာမည်ရသွားပြီး UN မှာ အလုပ်ရသွားတယ်။ ကိုယ့်ရဲ့ဘွဲ့ကဘူမိဗေဒဆိုတော့ ဘူမိဗေဒနဲ့ ပတ်သက်တဲ့အလုပ် ကိုရလိုက်တယ်။ဒါပေမယ့်လည်းနိမ့်တဲ့ရာထူးကနေစတာပေါ့လေ။
UN မှာလုပ်ခဲ့ရတုန်းကကြုံတွေ့ရတဲ့အတွေ့အကြုံအကြောင်း…
UN မှာပထမဆုံးစလုပ်ရတဲ့အလုပ်ကနEnvironment ပေါ့။ နယူးယောက်မှာလုပ် ရတယ်။ ဒါပေမယ့် ဂျီနီဗာနဲ့ Rio deJaneiro မြို့တွေကို သွားအလုပ်လုပ်ခဲ့ရတယ်။ အဲဒီမှာ ကလေးလူငယ်တွေနဲ့ပတ်သက်တဲ့နJhEnvironment Policy
တွေကို မမ ရေးခဲ့တယ်။ ယူနီဆက်မှာ အောင်မြင်မှုတွေရခဲ့လို့ ရာထူးတိုးခဲ့တယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံ ဘော့စတီးနီးယား၊ ယူဂိုစလားဗီးယား၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံမှာ လဲလုပ်ခဲ့တယ်။
တချို့နိုင်ငံတွေမှာဆိုရင် စစ်အတွင်း တာဝန်ထမ်းဆောင်ရတာ ဖြစ်တဲ့အတွက် UN ကားပေါ်မှာ မမနဲ့ကားဒရိုင်ဘာ၂ယောက်ထဲ သွားအလုပ်လုပ်ခဲ့ရတယ်။ ဒီလို လုပ်နေရင်းနဲ့ ကိုယ့်ကို ရာထူးနေရာတွေ ပေးလာတယ်။ ဆားဗီးယားမှာ လက်ထောက် ဌာနေကိုယ်စားလှယ်ရာထူး၊ ဒါမှမဟုတ် ဒီစစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ လုပ်မလား ဆိုပြီးဖြစ်လာတယ်။ ဒီတော့ မမ စဉ်းစားတာက စစ်ဖြစ်နေတဲ့နေရာတွေမှာ မမ က ကလေးကို ခေါ် ထားလို့လဲမရဘူး။ ဒီစစ်ဖြစ်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ရင် သားလေးကို ဘော်ဒါကျောင်းပို့ရတော့မယ်။ မမမှာလဲ ဒီသားနဲ့အမေနှစ်ယောက်ထဲရှိတာ၊ ကိုယ့် မှာ ခက်ခက်ခဲခဲဒီသားကိုပြုစုလာတာ။ ကိုယ့်သားနဲ့လဲဝေးသွားမယ်။ မြန်မာစကား လဲတတ်တော့မှာမဟုတ်ဘူး။ ဒီရာထူးကို ကိုယ်ယူလိုက်ရင် ကျိန်းသေ ရာထူးတိုး မြန် မှာမှန်ပေမယ့် မမ မယူခဲ့ဘူး။ ဒါနဲ့ မမလဲစဉ်းစားတယ်။ ကိုယ့်သားနဲ့ လဲပြီး ရာထူးယူမလား၊ သားနဲ့အတူနေမလား ပေါ့။ နောက်ဆုံး ရာထူးမတိုးလဲနေ သားကိုတော့ မခွဲနိုင်ဘူး ဆိုပြီး အာဖရိကကို ရွေးခဲ့တယ်။
၁၉၉၄ကနေ ၁၉၉၉ခုနှစ် ၆နှစ်နီးပါးကို ၂၃နိုင်ငံအတွက် အလုပ်လုပ်ခဲ့ တယ်။ ၁၅နိုင်ငံက ပြင်သစ်ဘာသာစကား၊ ၅နိုင်ငံက အင်္ဂလိပ်စကား၊ ၂နိုင်ငံက ပေါ် တူကီစကား၊ ၁နိုင်ငံကစပိန်စကားတွေပြောကြတယ်ဆိုတော့ မမက ပြင်သစ်စကား ကို သေချာပြောနိုင်အောင်ပဲသင်ခဲ့တယ်၊ ပြင်သစ်စကားနဲ့ အင်္ဂလိပ်စကားတတ်ရင် နိုင်ငံတော်တော်များများကိုအုပ်ချုပ်နိုင်ပြီ။ နိုင်ငံ၂၀အတွက် အဆင်ပြေလို့ မမက ပြင်သစ်စကားသင်ခဲ့တယ်။ ပုံမှန်ဆိုရင် နိုင်ငံတနိုင်ငံမှာ ၃နှစ်လုပ်ပြီးရင် နောက်တခြားနိုင်ငံကို ပြောင်းလို့ ရတယ်။ မမက ဘာလို့ အာဖရိကမှာ ၅နှစ်ကျော်၆နှစ်ထိကြာနေသလဲဆိုတော့ ကိုယ့်သားလေးက အဲဒီမှာ အထက်တန်းကျောင်းကို တက်နေပြီဆိုတော့ သူ အထက် တန်းအောင်ပြီးတဲ့အထိနေမယ်ဆိုပြီး မမက မပြောင်းချင်ကြောင်း တောင်းဆို လိုက်တယ်။ သားလေးလဲ Abidjan (Cote d'Ivoire) Ivory Coast ကနေ အထက်တန်းအောင်ခဲ့တယ်။
အဲလို ဆင်းရဲတဲ့နိုင်ငံတွေမှာ လုပ်ခဲ့ရလို့ လူတွေရဲ့ တကယ့်ဆင်းရဲမွဲတေမှုတွေ၊ တိုး တက်ဖွံ့ဖြိုးဖို့ လိုအပ်တာတွေ၊ ရောဂါမျိုးစုံတွေကို တွေ့ခဲ့ရတယ်။ ဒီလို ဆင်းရဲ သားတွေ၊ ရောဂါတွေကို ကိုယ်တိုင်ကြုံတွေ့မြင်ခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ ကိုယ် ကဆရာဝန်မဟုတ်သော်လည်းဘဲဆရာဝန်တွေကိုပါအုပ်ချုပ်လာနိုင်ခဲ့တယ်။ ဒီလိုဆင်းရဲပြီး ရောဂါထူပြောတဲ့ တိုင်းပြည်တွေမှာ လုပ်ခဲ့ရတယ်။ ကိုယ်ရောက်တဲ့ နိုင်ငံ၊ တိုင်းပြည်တိုင်း၊ ရွာတိုင်းမှာ လူနာတွေကြားထဲ၊ ဆင်းရဲသားတွေကြားထဲ မှာ သူတို့နဲ့တန်းတူ နေထိုင်ခဲ့တယ်။ သူတို့ကြားထဲမှာ ၀င်ဆန့်ရတယ်။ အောက်ခြေ ဆန်စွာနေထိုင်နိုင်တယ်လို့ပြောရမှာပေါ့။
၁၉၉၈မှာ သားက တက္ကသိုလ်တက်ပြီဆိုတော့ မမလဲ ၁၉၉၉မှာ အရှေ့အလယ်ပိုင်း ကို ပြောင်းတယ်။ အဲဒီမှာ နိုင်ငံပေါင်း၂၀အတွက် အလုပ်လုပ်ခဲ့တယ်။ အနောက်ဖက်အစွန်ဆုံးနိုင်ငံကမော်ရိုကို၊ အရှေ့ဘက်အစွန်းဆုံးကနိုင်ငံအီရန်အထိဘဲ။ ဆာဒန်ဟူ စိန်ခေတ်မှာလုပ်ခဲ့ရတယ်။ ဒီနိုင်ငံတွေက အာရပ်စကားဘဲပြောတယ်။ အာရပ်ဘာ သာကခက်လွန်းတော့ မမ မသင်ခဲ့ဘူး။၂နှစ်ခွဲနေခဲ့တယ်။ အယ်ဂျီးရီးယားမှာအလုပ်လုပ်တဲ့အချိန်ကတဖက်စွန်းရောက်သူတွေကအစိုးရကို ဒုက္ခပေးတဲ့အနေနဲ့ရိုးရိုးအရပ်သားတွေကိုလည်ပင်းဖြတ်နေတဲ့အချိန်မှာကိုတာဝန်ထမ်းဆောင်ခဲ့ရတယ်။ တခြာ့ြး ၀န်ထမ်း၊ နိုင်ငံခြားသားတွေကတော့ အရပ်ထဲ မ သွားရဲကြဘူး။ အိမ်တွေ ကွင်းဆင်းလေ့လာရေးကို မသွားရဲကြဘူး။ ကိုယ်ကရှင်းရှင်း ပြောရရင် မြန်မာပြည်မှာ နည်းမျိုးစုံ၊ အခက်ခဲမျိုးစုံနဲ့ ကွင်းဆင်းခဲ့ရတဲ့ အတွေ့အကြုံ တွေက ရှိခဲ့တော့ မကြောက်ဘူး၊ ဘယ်သူသွားသွား မသွားသွား ကိုယ်ကသွားတာဘဲ။ ကိုယ်က ဗုဒ္ဓဘာသာဝင်လဲဖြစ်တော့ သေတနေ့မွေးတနေ့ဘဲဆိုပြီး သွားတာဘဲ၊ မကြောက်ဘူး။ ဒါကြောင့်အာရပ်တပည့်တွေက ကိုယ့်ကိုချစ်ကြတယ်။
အာရှမှာ စီးပွားပျက်ကပ်ဆိုက်ပြီးတဲ့နောက် အင်ဒိုနီးရှားမှာ သမ္မတဆူဟာတို ပြုတ် ကျပြီး တိုင်းပြည်က စစ်ဘေးကြုံပြီးပြိုလဲမလို ဖြစ်ခဲ့တယ်။ နေရာတိုင်းမှာ မူဆလင်နဲ့ ခရစ်ယာန်တွေ စစ်ဖြစ်နေတဲ့အချိန်မှာ မမက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ယူနီဆက်ရဲ့ နံပါတ်(၂) အကြီးအကဲရာထူးအနေနဲ့ သွားအလုပ်လုပ်ခဲ့တယ်။ အင်ဒိုနီးရှားရဲ့ အရှေ့ဖျားPapua ဆိုတဲ့ကျွန်းစုက ဟိုးအရင်က လူသားစားတဲ့ နေရာပေါ့။ အဲဒီ ကျောက်ခေတ်လူသားတွေ နေတဲ့နေရာကို လမ်းပြတယောက်နဲ့ ၂ ယောက်ထဲ တောတောင်တွေဖြတ်ပြီး ကုန်းကြောင်း လမ်းလျှောက် သွားခဲ့တယ်။ အဲဒီလူတွေက ခုချိန်ထိ မီးခြစ်မသုံးဘူး၊ မီးလိုရင် သစ်ကိုင်းခြောက်ချင်း ပွတ်တိုက်ပြီး မီးမွှေးယူကြတုန်းဘဲ။ အ၀တ်အစားမ၀တ်ကြဘူး။ သူတို့ရဲ့ ဓလေ့အယူအရ မိခင်တယောက်ဟာ သူ့ရဲ့ကလေးတယောက် သေသွားတိုင်း လက်ချောင်းတချောင်းဖြတ်ရတယ်။ လက်နှစ်ဘက်မှာရှိတဲ့ လက်ချောင်းလေးတွေ အားလုံးဖြတ်လို့ရတယ်။ လက်မကိုတော့ပေးမဖြတ်ဘူး။ လက်မက အလုပ်လုပ်လို့ ရအောင်ချန်ထားတာ။ လက်ချောင်းတွေဖြတ်လို့ ကုန်ရင်နားရွက်ဖြတ်ရတယ်။ ဒီလို ဖြတ်တဲ့အခါမှာလဲ ကျောက်ခေတ်လူသားတွေဖြစ်တဲ့အတွက် ခေတ်မှီသံမဏိဓါး တွေမရှိတဲ့အတွက် ကျောက်ဓါးတွေနဲ့ဖြတ်ရတယ်။ အရမ်းကို ခေတ်မမှီတဲ့နေရာတွေ ကိုသွားခဲ့ရတယ်။အလုပ်လုပ်ခဲ့ရတယ်။
ဒီလိုအောက်ခြေကျကျအလုပ်လုပ်ခဲ့ရသလို အမြင့်ဆုံးကိုလဲ ရောက်ခဲ့တယ်။ အင်ဒိုနီးရှား အမျိုးသမီးသမ္မတMegawati Sukarnoputri နဲ့ လက်ရှိသမ္မတ Susilo Bambang Yudhoyono ၂ယောက်စလုံးနဲ့တွေ့ခဲ့ရတယ်။ ၂၀၀၄ ဩဂုတ်လ အားချဲ Acehမှာသူပုန်တွေထနေတဲ့အတွက် ဘယ်နိုင်ငံခြားသား မှ ပေးမ၀င်တဲ့အချိန်မှာ မမ နဲ့ ယူနီဆက်ရဲ့ အလှူရှင်နှစ်ဦးနဲ့ ကျန်းမာရေးဝန်ကြီး လေယာဉ်ပျံနဲ့သွားနိုင်ခဲ့တယ်။
၂၀၀၄ခု ဒီဇင်ဘာ၂၆မှာ ဆူနာမိ ဖြစ်တော့လဲ မမ သွားပြီး စီမံခန့်ခွဲခဲ့ရတယ်။ မမသွားပြီး လုပ်ကိုင်ခဲ့တဲ့အခါမှာ လုပ်ရည်ကိုင်ရည် ကောင်းလို့ နာမည်အရမ်းတက်ခဲ့ တယ်။ ဒါကြောင့် ၂၀၀၅မှာ ရာထူးအကြီးကြီး တိုးခဲ့တယ်။ ဆူနာမိထိတဲ့ နိုင်ငံ၈နိုင်ငံ အတွက် ဒေါ်လာသန်း၇၀၀ကျော်ကို ကိုင်ပြီး စီမံခန့်ခွဲခဲ့ရတယ်။ ဒီလို ငွေသန်း၇၀၀ကျော်ကို သုံးတဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ လိမ်လည်မှုမရှိဘဲ သုံး စွဲတယ်ဆိုတာကို သံသယကင်းအောင် သိသာနိုင်တဲ့ စာရင်းစစ်တဲ့နည်းစနစ်၊ အထက် တင်ပြတဲ့နည်းစနစ်တွေကို နယူးယောက်မှာ ရုံးထိုင်ရင်းနဲ့ တီထွင်ခဲ့တယ်။ ဒီလိုလုပ် နိုင်ခဲ့တဲ့အတွက် ကိုဖီအာနန်၊ သမ္မတကလင်တန်တို့ရုံးနဲ့ အလုပ်လုပ်ခဲ့ရတယ်။ ဟောလီးဝုဒ်သရုပ်ဆောင် Roger Mooreနဲ့လဲလက်တွဲလုပ်ခဲ့ရဘူးတယ်။တရုတ်ရုပ်ရှင်မင်းသမီး Zhang Ziyi နဲ့လဲလက်တွဲလုပ်ခဲ့ရဘူးတယ်။ တရုတ်ဒုသမ္မတXi Jinping တက်ခဲ့တဲ့ High-Level Meeting on
Cooperation for Child Rights in Asia Pacific Region ကို ၂၀၁၀ နိုဝင် ဘာလ၄ရက်ကနေ၆ရက်အထိတရုတ်နိုင်ငံပေကျင်းမြို့မှာဦးစီးလုပ်ပေးခဲ့တယ်။
သားတိုးနေ၀င်းအကြောင်း…
၁၉၇၉မှာမွေးတဲ့သားက မြန်မာပြည်က ထွက်လာတဲ့အချိန်မှာ ၈နှစ်၉နှစ်အရွယ် ကတည်း မမကရောက်တဲ့နေရာတိုင်းမှာ တနေ့ကို တနာရီ မြန်မာစာ သင်ပေးပါ တယ်။ အမေ အလုပ်လုပ်တဲ့ တိုင်းပြည်တွေကို လိုက်ရလို့လဲ ဘာသာစကားပေါင်း ၄မျိုးကိုပြောနိုင်ပါတယ်။ အာဖရိကမှာ အင်တာနေရှင်နယ်ကျောင်း တက်ပြီး အထက်တန်းအောင်တယ်။ SATကို အမှတ်ပြည့်နဲ့အောင်လို့ MIT, Harvard တက္ကသိုလ်တွေက ၀င်ခွင့်ပေးတယ်။ နောက်ဆုံး သူက MITတက္ကသိုလ်ကို ရွေးလိုက် တယ်။ ၁၉၉၈မှာ MIT တက္ကသိုလ်ကိုတက်ပြီး ၅နှစ်အတွင်း ကွန်ပျူတာသိပ္ပံ အပါ အ၀င်ဒီဂရီ၃ခုနဲ့အောင်တယ်။ အမေပိုက်ဆံကုန်မှာစိုးလို့ Ph.D ဘွဲ့မယူဘဲ အလုပ် တန်းဝင်လိုက်တာခုအမေထက်ချမ်းသာနေပါတယ်။
အခုလက်ရှိဆရာမရဲ့အစီအစဉ်…
မမက အခုပင်စင်ယူလိုက်ပြီဆိုပေမယ့် ပင်စင်ယူခြင်းသည် အလုပ်ရပ်စဲခြင်းမျိုး မဟုတ်ပဲ အလုပ်ကိုဆက်လုပ်မယ်။ Consultant အနေနဲ့လုပ်ဘို့ အစီအစဉ်ရှိတယ်။အဖွဲ့အစည်းတခုက မမကို အလုပ်အပ်ချင်ရင် မမကို အီးမေးလ်နဲ့ ဆက်သွယ်လိုက်ရုံ ဘဲ။ မမပြန်နေမယ့် မြန်မာနိုင်ငံမှာ အီးမေးလ်က နေ့တိုင်းနာရီတိုင်း ရနေတာ မဟုတ် ပေမယ့်လဲ အီးမေးလ်တော့ရတယ်။ မမရဲ့အလုပ်က အီးမေးလ်တခုတည်းရှိရုံနဲ့ဖြစ် တယ်။ ဘယ်နိုင်ငံကမဆို မမကို လိုလို့ ဒီအလုပ်ကို လာလုပ်ပေးပါလို့ အီးမေးလ် ပို့ လိုက်တာနဲ့ မမက ထိုင်းနိုင်ငံကိုထွက်ပြီး လိုအပ်တဲ့အချက်အလက်တွေ စုဆောင်း ရှာဖွေပြီး သုတေသနလုပ်ပြီး အလုပ်လုပ်ရုံပါဘဲ။
ထိုင်းနိုင်ငံကို ထွက်လုပ်ရတယ် ဆိုတာကလဲ ရန်ကုန်ရဲ့အင်တာနက်က နှေးပြီး ထိုင်းမှာက ပိုမြန်လို့ အလုပ်လုပ်ရတာ နဲ့ လိုချင်တဲ့အချက်အလက်တွေရှာတဲ့နေရာမှာ ထိုင်းမှာက ပိုမြန်လိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးအရ အလုပ်လုပ်မှာ မဟုတ်ဘူး။ ပရဟိတလုပ်ငန်း ကိုလုပ်မယ်။ သူများကိုကူညီတာ၊ လူငယ်တွေကို သင်တန်းပို့ချတာတွေ လုပ်မယ်လို့ ဆန္ဒရှိပါတယ်။ လန်ဒန်တက္ကသိုလ်က Public Policy ဘွဲ့တခု ယူဖို့ ကြိုးစား နေတယ်၊ တရုတ်ဘာသာစကား ဆက်သင်ဦးမယ်။ အိမ်ကလဲ ပြင်နေတယ်ဆိုတော့ ဒီနှစ်တွေထဲမှာဒါတွေပဲလုပ်ဖို့ရှိပါတယ်။ အမေ့အိမ်ကို ကိုယ်က ပြန်ဝယ်ပြီး ပြန်ပြင်နေတယ်။ နဂိုအိမ်လေးကို ဖျက်လိုက်တဲ့ အတွက် အိမ်ဖျက်တာ သိန်း၂၀ကျော် ရတယ်။ အဲဒါအားလုံးကို ပရဟိတလုပ်ငန်း လုပ်တဲ့ဘုန်းကြီးကျောင်းကိုလှူပစ်လိုက်တယ်။
တက္ကသိုလ်မှာစာသင်ခဲ့စဉ်ကအမှတ်တရဖြစ်တဲ့အကြောင်း…
တက္ကသိုလ်မှာ သရုပ်ပြဆရာမဘ၀နဲ့ စာစသင်တဲ့အရွယ်က ၁၉နှစ် ၂၀ မပြည့် သေးဘူး။ နောက် နယ်တွေမှာ လက်တွေ့ဆင်းရတော့လဲ ကျောင်းသားတွေနဲ့ မမက လက်ရည်တပြင်တည်း နေထိုင်စားသောက်တယ်။ ဆရာမဆိုပြီး သီးသန့်နေတာမျိုး မရှိခဲ့ပါဘူး။ တောနက်ထဲမှာ ကျားတွေရှိတဲ့ ဂူကြီးထဲမှာ ဖြတ်ပြေးခဲ့ရဘူးတယ်။အမှတ်တရတွေကတော့အများကြီးပါဘဲ။ မမက ကျောင်းဆရာဗီဇပါတယ်လို့ ပြောလို့ရတယ်။ ယူနီဆက်မှာ လုပ်နေရင်းလဲ ရောက်ရာတိုင်းပြည်မှာ သင်တန်းတွေပေးရတယ်။ စာတွေသင်ပေးရတယ်။ တသက် လုံးစာသင်ပေးလာရတယ်လို့ပြောလို့ရပါတယ်။
အလုပ်များတဲ့ကြားကအပန်းဖြေနည်း…
တနေ့ကို တနာရီခွဲ့ Yoga လုပ်ပါတယ်။အင်ဒိုနီးရှားမှာတုံးကရေကူးပါတယ်။ ရုပ်ရှင်သိပ်မကြည့်ဖြစ်ပါဘူး၊။ တီဗီမှာသတင်းပဲကြည့်ဖြစ်တယ်။ ခရီးသွားရတော့ လေယာဉ်စောင့်တဲ့အချိန်မှာ စာဖတ်ပါတယ်။ ငယ်ငယ်က ၀တ္ထုဖတ်ပေမယ့် နောက် ပိုင်း Non Fiction, Biography နဲ့ Political History စာအုပ်တွေဖတ်ပါတယ်။ အခုအသက်အရွယ်အထိမျက်မှန်မတပ်ရသေးဘူး။ တောင်တက်ဝါသနာပါလို့ မနှစ်က မမက မောင်လေးရယ်၊ ညီမလေးနဲ့အတူ ၀ိတိုရိယ တောင်သွားတက်ခဲ့ပါတယ်။
ဖြည့်ပြောချင်တဲ့စကား…
နိုင်ငံခြားရောက်လာတဲ့ မြန်မာလူငယ်တွေ မြန်မာဘာသာစကားအပြင် အခြားဘာ သာစကားကိုလဲသင်စေချင်ပါတယ်။ လူငယ်တွေကို ပရဟိတလုပ်ငန်းတွေ များများ လုပ်စေချင်သလို ပရဟိတလုပ်ငန်းတွေမှာလဲ လှူဒါန်းစေချင်တယ်။ လူတိုင်း ကျန်းမာရေးအတွက် အချိုကို လျှော့စားစေချင်တယ်။ အခွင့်ရရင်မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတိုးတက်အောင်လုပ်ပေးချင်ပါတယ်။ ။
ရတနာပုံနေပြည်တော်သတင်းစာ၏ တွေ့ဆုံမေးမြန်ခြင်းကို စိတ်ရှည်လက်ရှည် ဖြေကြားပေးသော ဒေါက်တာရင်ရင်နွယ် အားအထူးကျေးဇူးတင်ပါသည်။
မိုးသက်ကို တွေ့ဆုံမေးမြန်းသည်။
မှတ်ချက်။ ။ မန္တလေးဂေဇက် နိုဝင်ဘာ ၂၀၁၁ "ထင်ရှားကျော်ကြား မြန်မာများကဏ္ဍ" တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ