[mrsorcerer:22085] “ ည ” ငါးလုံးရှောင်ကာပုန်း
(၁) မညည်းနဲ့ 
ညည်းညူတာဟာ မကောင်းပါဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က စိတ်မချမ်းမြေ့ဖွယ်ပြောဆိုနေပြီဆိုရင်  "ခိုလိုမညည်းပါနဲ့ ဟယ်"ဟုပြောလေ့ရှိကြပါသည်။
ဘယ်လိုအခက်အခဲပဲတွေ့ တွေ့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ပြဿနာအခက်အခဲကို ဖြေရှင်းကျော်လွှားရမှာပါ။ ညည်းညူနေလို့  အကျိုးမရှိဘူး ဟု ဆိုလိုချင်တာပါ။ လုပ်စရာရှိတာ ဖြေရှင်းစရာရှိတာတွေကို ညည်းညူမနေတော့ဘဲ ပြတ်ပြတ်သားသား ဖြေရှင်းဖို့ ကို ဆိုလိုတဲ့ မညည်းနဲ့ ဆိုတဲ့ အဆုံးအမလေးပါ။
ထပ်တွေးကြည့်တော့လည်း ဟုတ်တော့ဟုတ်သား။ ညည်းညူနေတဲ့ လူဟာ တစုံတရာအပေါ်မှာ စိတ်ပျက်လက်ပျက်ရှိနေလို့ သာ ညည်းနေတာပဲလေ။ ဒီတော့ သူ့ စွမ်းအင်တွေဟာ အကျသဘောဘက်ဆောင်နေတော့ ဘယ်လာကောင်းတော့မှာလဲ။ ဒါကြောင့် စိတ်ပျက်ကာ ညည်းညူနေမယ့်အစား မညည်းညူဘဲ လုပ်စရာရှိတာ ဆက်လုပ်ဖို့ ပဲလိုပါတယ်။ ညည်းညူနေပြီး စိတ်ဓာတ်ကျသွားရင် ကိုယ့်မှာရှိတဲ့ (Energy) စွမ်းအင်တွေကုန်တာပဲ အဖတ်တင်ပါတယ်။
(၂) မညစ်နဲ့ 
ဒီစကားလေးကတော့ လူသားအချင်းချင်းစာနာထောက်ထားပြီး ရန်သူပင်ဖြစ်လင့်ကစား မညစ်ရဘူးလို့ ဆုံးမထားတဲ့ အဆုံးအမလေးပါ။ မည်သူ့ ကိုမဆို တမင်သက်သက် အနိုင်မကျင့်ရဘူး၊ မညစ်ပတ်ရဘူးလို့ 
လူကြီးတွေ အမြဲဆုံးမနေတဲ့ စကားလေးပါ။ ဘယ်သူ့ ကိုမှ မညစ်သင့်ဘူးလေ။ ညစ်ပတ်တယ်ဆိုမှတော့ ဘယ်လိုမှ မဖြူစင်တော့ဘူးလေ။
(၃) မညှစ်နဲ့ 
ဒီအဆင့်လေးက မညစ်နဲ့ ဆိုတာထက်ပိုပါတယ်။ သူများအပေါ်မညစ်ရဘူး ဆိုတဲ့ ဖြူစင်စိတ်ထား ထားဖို့ အပြင် နောက်ထပ် မညှစ်နဲ့ ဆိုတဲ့အဆင့်လေးကလည်း သတိချပ်စရာပါ။ ပတ်ဝန်းကျင်တွင် ကိုယ်ပြောရင်ရတယ်ဆိုပြီးမညှစ်နဲ့ ၊ ကိုယ်တောင်းရင် ရတာပဲ ဆိုပြီး မတရား  မညှစ်နဲ့  ၊ အလှူဒါနများပြုကြရာတွင်လည်း အတင်းကြီး အလှူခံရင် သဒ္ဓါလန်သွားတက်လေသည်။ ဒီအဆင့်လေးမှာ အရာရာအတွက် သတိထားကြည့်ရင် သဒ္ဓါလွန်မသွားစေဖို့ အတင်းကြီးအားတက်သရော မဖိညှစ်မိစေရန် ဆုံးမထားတဲ့ အဆုံးအမလေးပါ။ အတော်လေးကို အရေးကြီးပါတယ်။
(၄) မညာနဲ့ 
လိမ်တာညာတာမှာ မိမိကိုယ်တိုင်ရော သူတစ်ပါးကိုပါ မညာသင့်ပါ။ သူတစ်ပါးကို ညာချင်ညာလို့ ရမယ်၊ မိမိကိုယ်တိုင်ကတော့ သိနေတာမို့ လိမ်တာညာတာဟာ အစကတည်းက ပြစ်မှုမြောက်ပြီးသားပါ။
ဒီတော့ ပြစ်မှုကျပြီးသား တရားခံတစ်ယောက်ဟာ လောကအလယ်မှာ ရဲရဲဝံ့ဝံ့ ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းနိုင်ပါမည်လော။ ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်လိပ်ပြာကိုယ် သန့် စင်သောလူတစ်ယောက်ဖြစ်မြောက်ဖို့ အတွက် လိမ်ညာခြင်းကင်းရန်လိုအပ်လှပါသည်။ အရေးကြီးသည်မှာ ဘယ်သူ့ ကိုမှ  မညာဘဲနဲ့  မိမိယုံကြည်ချက်ဖြင့် လမ်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ ပဲလေ။ ဒီတော့ ဘယ်သူ့ ကိုမှ မညာနဲ့ နော်။
(၅) မညှာနဲ့ 
ဒီ မညှာနဲ့  ဆိုတဲ့ စကားလေးဟာ ပြောလိုက်တာက လွယ်ပေမယ့် တကယ်တမ်းလက်တွေ့ မှာ ပင်ပန်းဆင်းရဲမှုတွေ ကြံ့ကြံ့ခံပြီး  မိမိကိုယ်ကို မညှာဘဲ တိုက်တွန်းထားတဲ့ အဆုံးအမလေးပါ။ ရေသာခိုအချောင်လိုက် လမ်းစဉ်ဖြစ်တဲ့ မိမိကိုယ်ကို ညှာတာသနားပြီး အနစ်နာမခံရင် ရှေရှည်အတွက် ဘယ်လိုမှ မသားနားနိုင်ပါ။ ကျွန်မဖတ်မှတ်ဖူးတဲ့ စကားဆောင်ပုဒ်လေးတစ်ခုရှိပါသည်။ "ငယ်စဉ်က မိမိကိုယ်ကိုမခိုင်းလျှင် ကြီးလာသောအခါ သူများက ကိုယ့်ကိုခိုင်းလိမ့်မည်" ဟု မှတ်သားရပါသည်။ နက်နက်တွေးရင် ရေးရေးသာမြင်ပါသော်လည်း ဒီစကားစုလေးကို အလွတ်ရနေမိသည်။  မိမိကိုယ်ကို သက်ညှာ၍ နောက်လိုက်ငယ်သားများကို ဦးစားမပေးလျှင်လည်း လေးစားအားကိုးရသော ခေါင်းဆောင်ကောင်းများ မပေါ်ထွန်းနိုင်ပေ။ တရားဘာဝနာများ အားထုတ်ရသော အချိန် ၌ပင် မိမိခန္ဓာကိုယ်ကို ညှာတာ၍ တရားရှာမည်ဆိုပါကလည်း တရားမရနိုင်သည်မှာ အထင်အရှားဖြစ်ပါသည်။
ညငါးလုံးအကျဉ်းချုပ်မှာ :
(၁) မညည်းနဲ့ 
(၂) မညစ်နဲ့ 
(၃)  မညှစ်နဲ့ 
(၄) မညာနဲ့ 
(၅) မညှာနဲ့ 
ကျွန်မတို့ မှာရှိတဲ့ ညအမှောင်ညများတွေလည်း ရှောင်ပုန်းသင့်ပြီမို့ .အလင်းရောင်များကိုလိုက်ရှာရင်း
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ