[moemakadaily@moemaka.biz] 17th Jan - MoeMaKa Daily



ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ ကိုယ်ကျိုးနစ်နာဆုံးရူံးမှုများအတွက် ဆန္ဒထုတ်ဖော်
နေမျိုး (ညောင်တုန်း)၊ ဇန်န၀ါရီ ၁၇၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ တောင်သူလယ်သမားများ၊ ရေလုပ်သားများ သည် အင်အား(၄၀၀)ခန့်သည် (၁၇-၁-၂၀၁၃)နေ့ နံနက် ၁၀ နာရီခွဲမှ စတင်ကာ ညောင်တုန်းမြို့နယ်တွင် ကိုယ်ကျိုးနစ်နာဆုံးရူံးမှုများအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်နေကြောင်း သတင်းရရှိပါသည်။
ညောင်တုန်းမြို့နယ်အတွင်း ညောင်တုန်း ကျွန်းပတ်တာနှင့် ဆက်စပ်လျှက်ရှိသော ရေသွင်း၊ရေနုတ်မြောင်းများကို အင်းလေလံဆွဲသည်ဟူ၍ လုပ်ကိုင်နေသူ ဦးထိန်လင်း နှင့် တဆင့်ခံ ၀ယ်ယူလုပ်ကိုင်နေသူများသည် ရေချိုငါးလုပ်ငန်း ဥပဒေ၊ အင်းသားကြီးစဉ်းမျဉ်းစည်းကမ်း နှင့် တူးမြောင်းအက်ဥပဒေများကို ချိုးဖောက်နေကြကြောင်း သိရှိရပါသည်။ အော့(ဒ်)ချက်ကုမ္မဏီ အင်းသားကြီး ဦးထိန်လင်းသည် ဆည်မြောင်းပိုင်ရေသွင်းရေနုတ်မြောင်းများအား သူပိုင်ဆိုင်သည်ဟု ဆိုပြီး အဆင့်ဆင့်ရောင်းချလျှက်ရှိခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော ရေသွင်းရေနုတ်မြောင်းများအတွင်းယင်းကာပိတ်ဆို့၍ ငါးဖမ်းခြင်း၊ ရေစီးရေလာ အနှောက်အယှက်ဖြစ်စေသော လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။
ထို့ပြင် လယ်သမားများရေသွင်းရေနုတ်ရန်အတွက် အားထားနေရသော ထိုမြောင်းများအား တမံတုတ်၍ ရေခန်းအောင် စက်ဖြင့်စုပ်ထုတ်ကာ ငါးဖမ်းခြင်း၊ ရေသွင်းရေနှုတ်မြောင်းများအတွင်း၌ ရှော့ခ်ရိုက်ငါးဖမ်းခြင်း၊ ရေစီးရေလာပိတ်ဆို့စေသော ချူံချခြင်း၊ ဗေဒါမွေးခြင်းများ ပြုလုပ်၍ ငါးဖမ်းခြင်းများကို လုပ်ဆောင်နေသောကြောင့် တောင်သူများမှာ လယ်ယာမြေများအတွက် ရေစီးရေလာ မကောင်းတော့ပဲ များစွာဆုံးရူံးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ တပိုင်တနိုင် ငါးဖမ်းစားသောက်နေရသော ဆင်းရဲသားရေလုပ်သားများကိုလည်း ရေနှုတ်မြောင်းကို ပိုင်ဆိုင်သည် ဆိုသူများက မြို့နယ်အတွင်းရှိ ရဲများကိုခေါ်လာပြီး သေနတ်ဖြင့်ချိန်ကာ ငါးဖမ်းခြင်းပြုနေသူများကို ခြိမ်းခြောက်ပြောဆိုမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
ထို့အတွက်ကြောင့် နစ်နာဆုံးရူံးမှုများပြားနေသော တောင်သူများ၊ ရေလုပ်သားများ စုပေါင်းကာ အော့(ဒ်)ခ်ျကုမ္မဏီ အင်းသားကြီး ဦးထိန်လင်းနှင့် တဆင့်ခံလုပ်ကိုင်နေသူများအား ရေချိုငါးလုပ်ငန်းဥပဒေနှင့် မြန်မာနိုင်ငံတူးမြောင်း အက်ဥပဒေ အခန်း(၈)၊ ပုဒ်မ(၆၀)၊ မြန်မာနိုင်ငံတူးမြောင်း အက်ဥပဒေ အခန်း(၁၁)၊ ပုဒ်မ(၇၅)အောက်ရှိ ပြစ်မှုများ အလိုက် အရေးယူပေးပါရန် ညောင်တုန်းမြို့အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Ashin Zawana (Khone Zaung) - Articles

နှောင်းလွန်နောင်တ အသုံးမကျ ဘဝသင်္ခန်းစာ
အရှင်ဇဝန (ကုန်းဇောင်း)
ဇန်န၀ါရီ ၁၇၊ ၂၀၁၃


မြန်မာစကားပုံတွင် မိုးလွန်မှ ထွန်ချ၊ သူခိုးပြေးမှ ထိုးကွင်းထ၊ လူမိုက်နောက်မှ အကြံရဆိုသော စကား များရှိပါသည်။ အရာရာတိုင်းတွင် အသိနောက်ကျ ပူပန်နေကြသော သူများကို အသိပေးသော စကားပင်ဖြစ်ပါ သည်။ ပုထုဇဉ်တိုင်းမှာ အမှားအယွင်းတစ်စုံတရာ ရှိတတ်ပါသည်။ သို့သော် အမှားတစ်စုံတစ်ရာသည် ပြင်၍ရ သောအမှားရှိသလို ပြင်၍မရသော အမှားများလည်း ရှိတတ်ပါသည်။ အကယ်၍ ပြင်၍မရသော အမှားဖြစ်ခဲ့ လျှင် နောင်တတစ်ဖန် ပူပန်ရတတ်၏။

နောင်တဆိုသောတရားကို လူတိုင်းက အကောင်းဘက်ကချည်း တွေးထင်ယူဆနေကြပါသည်။ နောင် တ မရသေးဘူးလား? နောင်တရဖို့ အချိန်တန်ပြီ-ဟု ပြောဆိုတတ်ကြပါသည်။ နောင်တဆိုသော စကား၏ အဓိပ္ပါယ်ကိုက နောင်မှ တ, ရသည့် အဓိပ္ပါယ်မျိုးဖြစ်နေပါ၏။ ပါဠိစာပေမှာတော့ ဝိပ္ပဋိသာရ - နောင်တတစ်ဖန် ပူပန်ခြင်းဟု ဖွင့်ဆိုပါသည်။ ပြုခဲ့ပြီးသော မကောင်းမှု ဒုစရိုက် မပြုလိုက်မိသော ကောင်းမှုကုသိုလ်များအတွက် ပြန်လည်တွေးတောတသ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်နှလုံး မသာမယာဖြစ်နေခြင်းကို နောင်တဟု ဖွင့်ဆိုပါသည်။

မကောင်းမှုဒုစရိုက်များကို ပြုလုပ်ပြီးကာမှ " အော် ငါလေ အဲဒီတုန်းက ရက်ရက်စက်စက် လုပ်ခဲ့မိတာ မှားလေချင်း၊ ကိုယ်ကလက်ဦး သူ့ကိုကျူးက ထူး၍သူ့ထက် ဆယ်ပြန်တက်အောင် ကိုယ်ပျက်တတ်စွာ ဓမ္မတာ တည်း-လို့ ဆိုထားတယ်။ ငါလုပ်ခဲ့မိတာတွေထက် ဆယ်ပြန်မက ငါပြန်ပေးဆပ်ရဦးမှာပါ့လား" ဟု အဖန်ဖန် စိုး ရိမ်ပူပန်ပြီး တစ်နုံ့နုံ့နှင့် ပြန်တွေးပြီး စိတ်မချင်းမသာဖြစ်နေခြင်းကို နောင်တတစ်ဖန်ပူပန်ခြင်းဟုခေါ်ပါသည်။ ပြန် လည်တွေးတိုင်း တွေးတိုင်း စိတ်မချမ်းမသာဖြစ်ခြင်း စိတ်ပူပန်နေခြင်းကြောင့် ဒေါမနဿဝေဒနာ ကုက္ကုစ္စ-ဟု လည်း ခေါ်ပါသည်။ မပြုလုပ်ခဲ့မိသော ကောင်းမှုကုသိုလ်များအတွက် ပြန်လည်တွေးတောပူပန်နေခြင်းကိုလည်း ဒေါမနဿဝေဒနာ ကုက္ကုစ္စ-ဟုခေါ်ပါသည်။

ဖြစ်ပြီးခဲ့သော အဖြစ်အပျက်များကို ပြန်လည်ပူပန်မနေဘဲ အသိတရားရသွားသော နောင်တမျိုး၊ နောင် ကြဉ်သွားသည့် နောင်တမျိုးကတော့ အကျိုးများစေနိုင်ပါသည်။ ထိုနောင်တမျိုးကို သင်္ခန်းစာယူခြင်း သံဝေဂ ရခြင်းဟု ဆိုနိုင်ပါသည်။ ဖြစ်ပြီးခဲ့သော အဖြစ်အပျက်များကို ပြန်လည်တွေးတော၍ ပူပင်သောကရောက်နေခြင်း သည် ဖြစ်ပြီးခဲ့သော အဖြစ်အပျက်များ အထပ်ထပ်ပွားနေသလိုဖြစ်နေသောကြောင့် အကုသိုလ်အသစ်အသစ် ထပ်ထပ်ပြုပြုနေသည်မည်၏။

"နောက်မှနောင်တ သုံးမကျ ခုကကြိုးစားကြ"ဆိုသည့်အတိုင်း လွန်ပြီးမှ နောင်တပူပန်တတ်သူများ၊ ပြင်၍မရသော အမှားများကို ကျူးလွန်ပြီးမှ အသိနောက်ကျလေခြင်း-ဟု စိတ်ဆင်းရဲတတ်သူများကို မန်လည် ဆရာတော်ကြီးက အချိန်မှီ အသိတရား ရစေခြင်းငှါ နောင်တဆယ်ပါးတရားတော်ကို လင်္ကာရေးသား ဆုံးမထား ခဲ့ပါသည်။

"ငယ်ခါကလျှင်၊ မသင်ပညာ၊ ဥစ္စာမစု၊ သူ့ကိုချစ်ဖျက်၊ သူ့သက်သတ်စား၊ သူ့မယား၌၊ ပြစ်မှားတုံဘိ၊ ပစ္စည်းရှိလျှက်၊ စိုးစိမလှူ၊ မွေးမြူမိဘ၊ မပြုကြနှင့်၊ ဆုံးမ မနာ၊ ပညာရှိထံ၊ နည်းခံမမှတ်၊ အမြတ်မကျင့်၊ ဤ ဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါ၌၊ (နာသောအခါ သေသောအခါ၌)ပူဆာနောင်တ၊ ရတတ်စွာ့တည်း-ဟု စပ်ဆိုတော်မူခဲ့ပါသည်။

● ငယ်ခါကလျှင် မသင်ပညာ
ပညာသင်ကြားဖို့ အကောင်းဆုံး ငယ်ရွယ်စဉ်တုန်းက ပညာကို ကြိုးစားစား မသင်ကြားပဲ အပျော်အပါး တွေလိုက်စားနေမည်၊ အပျင်းထူနေမည်၊ မူးယစ်ဆေးဝါး လောင်းကစားတွေပြုလုပ်နေမည်၊ ပညာရေးနှင့် မသက်ဆိုင်သော ကိစ္စများနှင့် အချိန်ဖြုန်းနေမည်ဆိုပါက ပညာမဲ့သူ၊ အတွေးအခေါ်နိမ့်ကျသူ၊ ဆင်းဆင်းရဲရဲနှင့် အသက်မွေးဝမ်းကြောင်းရသူဖြစ်နိုင်ပါသည်။ အရွယ်လွန်ကာမှ ပညာကို ကြိုးစားစား သင်ယူပါသော်လည်း ကြိုးစားသလောက် ခရီးမပေါက်နိုင်တော့ပါ။ "မိုးချုပ်နေခမ်း၊ စပါးလှန်းသလို၊ ပင်ပန်းရုံသာ၊ ရှိတော့မည်"ဟု လယ်တီဆရာတော်ကြီးက ဆုံးမခဲ့ပါသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ ငယ်ငယ်တုန်းကလောက် အသိဉာဏ်တွေ မထက်မြက်၊ မသွက်လက်တော့ပေ။ ကြောင့်ကြမှုတွေကများလာသည်။ မှတ်ဉာဏ်အားတွေ နည်းလာသည်။ မေ့လျှော့မှုတွေက များလာသည်။ ထို့ကြောင့် ကြိုးစားသလောက် ခရီးမပေါက်နိုင်ပေ။

ထို့ကြောင့် ဆရာတော်ကြီးများက ဆိုဆုံးမခဲ့သည်ကို ပြန်လည်သတိရမိပါသည်။ "အရှင်ဘုရားတို့ ငယ် တုန်းမှာ မကြီးချင်ကြနဲ့၊ ငယ်တုန်းမှာ ကြီးချင်ရင် ကြီးတော့မှ ငယ်နေတတ်တယ်" ဟူ၏။ အဓိပ္ပါယ်ကတော့ ငယ် ငယ်ရွယ်ရွယ် ပညာကို တစ်စိုက်မတ်မတ် ကြိုးစားရမည့်အချိန်မှာ ကျောင်းထိုင်ဆရာတော်တွေလို အလှူပွဲတွေ ကြွလိုက်၊ တရားတွေဟောလိုက်စသည်ဖြင့် လာဘ်လာဘနောက်လိုက်နေလျှင် အသက်အရွယ်ကြီးရင့်လာ သောအခါ ပညာမတတ်သည့်အတွက် မျက်နှာငယ်နေရတတ်သည်ဟု ဆိုလိုပါသည်။

လူ့လောကအသိုင်းအဝိုင်းမှာလည်း ထို့အတူပင်။ ငယ်ငယ်ရွယ်ရွယ် ပညာသင်ကြားချိန်မှာ သူများ ချမ်း သာသလို ချမ်းသာချင်လို့ စီးပွားရေးလောကထဲ ဝင်ရောက်လာမည်ဆိုပါက ပညာရေးမှာ အဆင့်အတန်းနိမ့်ကျ အရှုံးတွေနှင့် ရင်ဆိုင်ရပါမည်။ ပညာရှင်များက စတိုင်ကျကျ သက်တောင့်သက်သာ စီးပွားရှာဖွေပြီး ချမ်းချမ်း သာသာနေနိုင်ကြသော်လည်း ပညာမတတ်သူများကတော့ ပင်ပင်ပန်းပန်း စီးပွားရှာရပြီး ဆင်းဆင်းရဲရဲ နေရသည်ကများပါသည်။

● ဥစ္စာမစု
မိမိတို့ ကြိုးကြိုးစားစား ရှာဖွေထားအပ်သော စီးပွားဥစ္စာများကို ချွေတာရမည်။ စုဆောင်းရမည်။ အကျိုး ရှိနိုင်သော နေရာတို့၌သာ အသုံးချရမည်။ ထိုသို့ ချွေချွေတာတာ စုစုဆောင်းဆောင်း မပြုလုပ်ခဲ့ပါလျှင် ပို၍ပို၍ ဆင်းရဲတွင်း နက်ဖို့သာရှိပြီး နောင်တတစ်ဖန် ပူပန်နေရတတ်ပါသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် များ သောအားဖြင့် အသုံးအဖြုန်း အလွန်ကြီးကြပါသည်။ တစ်လ ငါးသောင်းဝင်ငွေရှိသူက တစ်သိန်းတန် ပစ္စည်းများ ကို ကြိုတင်ဝယ်ယူထားကြသည်။ တစ်လတစ်သိန်း ဝင်ငွေရှိသူက လမကုန်ခင် အကြွေးက တစ်သိန်းမကရှိနေ တတ်ကြသည်။ စီးပွားဥစ္စာ မရှာနိုင်မဖွေနိုင်သောအခါကျမှ စိုးရိမ်ပူပန်မှုများနှင့် နောင်တရနေတတ်ပါသည်။

ဘုရားရှင် လက်ထက်တော်အခါက ကုဋေရှစ်ဆယ်သူဋ္ဌေးသားတစ်ယောက်ရှိပါသည်။ ထိုသူဋ္ဌေးသား ဆင်းရဲသား သူတောင်းစားဖြစ်သွား သောအခါ ဘုရားရှင်၏ ကျောင်းတော်ထဲသို့ လာရောက်တောင်းရမ်းစား သောက်ပါသည်။ ထိုအခါ ဘုရားရှင်က ထိုသူတောင်းစား လင်မယားနှစ်ယောက်ကို ကြည့်၍ "ချစ်သားတို့ အဲဒီ သူဋ္ဌေးလင်မယားနှစ်ယောက်ဟာ ပထမအရွယ်မှာ အသိတရားရခဲ့လို့ စီးပွားဥစ္စာကို ကြိုးစားရှာဖွေခဲ့မယ်ဆိုရင် ကုဋေရှစ်ဆယ်မက ချမ်းသာကြွယ်ဝနိုင်တယ်။ လောကုတ္တရာဘက်မှာ တရားအလုပ်ကို အားထုပ်ခဲ့မယ်ဆိုရင် ရဟန္တာဖြစ်နိုင်တယ်။ ဒုတိယအရွယ်ရောက်မှ အသိတရားရပြီး စီးပွားဥစ္စာကို ကြိုးစားရှာဖွေခဲ့မယ်ဆိုရင်တောင် ကုဋေရှစ်ဆယ် ချမ်းသားနိုင်တယ်။ လောကုတ္တရာဘက်မှာ ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင် အနာဂါမ်ဖြစ်နိုင် တယ်။ တတိယအရွယ်ရောက်မှ အသိတရားရပြီး စီးပွားဥစ္စာကို ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင်တောင်မှ ကုဋေ လေးဆယ် ချမ်းသာနိုင်တယ်။ လောကုတ္တရာဘက်မှာ ကြိုးစားအား ထုတ်ခဲ့မယ်ဆိုရင် သောတာပန်အဆင့် လောက်တော့ဖြစ်နိုင်သေးတယ်။ လောကီဘက်မှာရော လောကုတ္တရာဘက်မှာပါ မကြိုးစား မစုဆောင်းခဲ့သည့် အတွက်ကြောင့် အခုလို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း တောင်းရမ်းစားသောက်ရရှာတယ်"ဟု ရဟန်းတော်များ သတိသံဝဂယူစေရန် မိန့်ဆိုတော်မူခဲ့ပါသည်။

မြတ်ဗုဒ္ဓ၏ စကားတော်ကို ထောက်ဆကြည့်မည်ဆိုလျှင် လူဆိုသည်မှာ လက်ရှိဘဝမှာ ကြိုးစားရင် ကြိုးစားသလောက် ကြီးပွားချမ်းသာခွင့်ကို ရနိုင်သေးသည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။ "လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ" ဆိုသည့်အတိုင်း ကိုယ်ကိုယ်တိုင်က မကြိုးစားအားမထုတ်ချင်တိုင်း "ငါတို့မှာ ကံမရှိ တော့ ဉာဏ်ရှိတိုင်းမွဲနေရတယ်"ဟု ဆင်ခြေပေးနေခဲ့မည်ဆိုလျှင် ဆင်းရဲမြဲဆင်းရဲနေကြရသည်သာ။ မန်လည် ဆရာတော်ကြီးက "ရှေးကသမ္ဘာ၊ အရင်းပါလည်း၊ သမ္မာမကျင့်၊ ဘုန်းမပွင့်ဘူး"ဟု မိန့်ဆိုထားပါသည်။ ရှေးဘုန်း ရှေးကံပါလာသူများပင် လက်ရှိဘဝမှာ သူတော်ကောင်းတရားကို မကျင့်သုံးလျှင် ဘုန်းကံမဖွံ့ဖြိုး အကျိုးများ သင့်သလောက်မများပဲ ရှိနေတတ်ပါသည်။ လောကီစီးပွားရေးကိစ္စများမှာလည်း ထို့အတူပင် လက်ရှိဘဝမှာ ကြိုးစားအားထုတ်မှုမရှိ မကုန်သင့်တာ မကုန်ရအောင် စုဆောင်းမှုမရှိခဲ့လျှင် ဆင်းရဲကျပ်တည်းလာမှ ပူပန် ကြောင့်ကြမှု များစွာနှင့် နောင်တရနေရတတ်ပါသည်။

● သူ့ကိုချစ်ဖျက်
စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်ကြသော ချစ်သူများ၊ မိသားစုများ၊ အသင်းအဖွဲ့များ၊ မြို့ရွာ တိုင်းနိုင်ငံများကို စည်းလုံးမှု ချစ်ခင်မှု ပျက်ပြားအောင် သွေးထိုးဂုံးတိုက်တတ်သူများသည် အိုခြင်း နာခြင်းတရားတွေ ဖိစီးနှိပ်စက်ပြီး သေခါနီးရောက်လာသောအခါ ပူပန်ကြောင့်ကြ နောင်တရနေတတ်သည်။ အချို့က သူတစ်ပါးတွေ ချစ်ခင်စည်းလုံးမှုကို မနာလို မရှုစိမ့်ဖြစ်တတ်ကြ၏။ ချစ်ခင်ကြသူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင် နည်းလမ်းမျိုးစုံသုံးပြီး သွေးခွဲတတ်ကြသည်။ အဖွဲ့အစည်းတိုင်းတွင်လည်း ထို့အတူပင် ခလောက်ဆန်တတ်သူတစ်ယောက်က ဟိုလူ့စကားကို ဒီလူ့ဆီပို့၊ ဒီလူ့စကား ဟိုလူ့ဆီပို့ ပတ်လည်မွှေတာနှင့် ပင် အဖွဲ့အစည်းတစ်ခု ကွဲကြပြဲကြ ပျက်စီးသွားကြသည်ချည်းသာ။ သည်နည်းနှင့် မြို့ရွာ တိုင်းနိုင်ငံတိုင်းမှာ လည်း ပြိုကွဲပျက်စီးခဲ့ပေါင်းများခဲ့လှချေ၏။

အဇာတသတ်မင်း၏ အမတ်ချုပ်ကြီး ဝဿကာရပုဏ္ဏားကိုကြည့်ပါ။ သူသည် အဇာတသတ်မင်းနှင့် လက်ဝါးချင်းရိုက်၍ သူ့ကိုတိုင်းပြည်ကနေ နှင်ထုတ်စေခဲ့ပါသည်။ သူ့အကြံအစည်အတိုင်း ဝေသာလီပြည် လိစ္ဆဝီ မင်းတွေဆီမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သည်။ လိစ္ဆဝီမင်းတွေက ပညာရှိအမတ်ကြီးကို နန်းတွင်းထဲမှာ အမတ်တစ်နေရာပေးခဲ့ကြ၏။ သူက ညီလာခံကျင်းပချိန်မှာဆို နောက်ဆုံးမှရောက်လာတတ်ပြီး ဟိုအမတ်နား ကပ်ပြီး တိုးတိုးလေးပြောလိုက်၊ သည်မင်းသားနားကပ်ပြီးတိုးတိုးလေးပြောလိုက်နှင့် လိစ္ဆဝီတွေ အချင်းချင်း သံသယတွေပွားအောင် လုပ်ဆောင်ပါသည်။ သူပြောလိုက်သည်ကတော့ အခြားမဟုတ် "အမတ်မင်း နေ ကောင်းလား" "မင်းသား အဆင်ပြေလား" စသည့်အရေးမပါသောစကားများပင်ဖြစ်ပါ၏။ သို့သော်လည်း လိစ္ဆဝီ အချင်းချင်းရဲ့စိတ်ထဲမှာတော့ ဒီကောင်က ဝဿကာရနှင့်ဘာတွေများ ကျိတ်ကြံနေတာလဲမသိဘူးစသည်ဖြင့် အချင်းချင်းသံသသယတွေပွားပြီး စိတ်ဝမ်းတွေကွဲကုန်ကြပါသည်။ ထိုအခါကျမှ အဇာတသတ်မင်းက လိစ္ဆဝီ  နိုင်ငံကို စစ်တိုက်ပြီး သိမ်းပိုက်လိုက်ပါတော့သည်။ ကောက်ကျစ်စဉ်းလဲသူများက ရိုးသားဖြောင့်မတ်သူများကို အချင်းချင်း မညီညွတ်အောင် ချစ်ခင်မှုပျက်ပြားအောင် ပြုလုပ်လေ့ရှိကြပါသည်။ ထိုသို့ သွေးထိုးဂုန်းတိုက်တတ် သူများသည် ဖြစ်လေရာရာ ဘဝသံသရာ၌ လူမုန်းများခြင်း၊ ချစ်သူကင်းကွာ အထီးကျန်စွာဖြင့် ဘဝကိုခြောက် သွေ့စွာ ရုန်းကန်ရတတ်ပါသည်။ ကိုယ်က ပြန်ပြီးခံရမည့်အလှည့်ရောက်လာသောအခါ၊ အိုမင်းမစွမ်းဖြစ်လာ သည့်အခါတို့၌ စိုးရိမ်ကြောင့်ကြမှုများစွာနှင့် နောင်တပူပန်နေရတတ်ပါသည်။

● သူ့သက်သတ်စား
သူတစ်ပါးအသက်ကို သတ်ဖြတ်ကြသူများ၊ သတ်ဖြတ်စားသောက်ကြသူများသည် "ကိုယ်ကလက်ဦး သူ့ကိုကျူးက ထူး၍သူ့ထက် ဆယ်ပြန်တက်အောင် ကိုယ်ပျက်တတ်စွာ ဓမ္မတာတည်း"ဆိုသည့်အတိုင်း ကိုယ် ကလက်ဦးအောင် သတ်ခဲ့တုန်းကတော့ ကျေကျေနပ်နပ်ရှိခဲ့သော်လည်း ကိုယ်ကပြန်လည် ပေးဆပ်အသတ်ခံ ရမည့်အလှည့်ရောက်လာသောအခါ ဆယ်ပြန်မက ပူဆွေးသောကရောက်ကြရပါသည်။ စဉ်းစားကြည့်လေ သင်္ခန်းစားယူဖို့ ကောင်းလေလေပင်ဖြစ်ပါသည်။ ကိုယ့်တစ်ဝမ်းတစ်ခါး တစ်နပ်စာလေးအတွက် သူတစ်ပါး အသက်ကို သတ်ဖြတ်စားသောက်ရခြင်းကြောင့် ကိုယ်ကပြန်လည်ပေးဆပ်ရမည့်အပြစ်ဒဏ်က အဆမတန် ကြီးမားလှပါ၏။ စံစားရသည်နှင့် ခံစားရသည်က မညီမမျှ၊ ပေးဆပ်မှုပမာဏ ကြီးမားလေစွာ့။

တစ်ခါတုန်းက ပုဏ္ဏားတစ်ယောက်က သူ့အိမ်ကို ဧည့်သည်လာသဖြင့် သူမွေးထားသော ဆိတ်ကို လည်လှီးသတ်၍ ချက်ပြုတ်ကျွေးမွေးဧည့်ခံပြီး အတူတကွစားသောက်ခဲ့ကြသည်။ သူသေသွားသောအခါ ငရဲသို့ ရောက်ရှိပြီး ငရဲကလွတ်လာသောအခါ ဘဝပေါင်းငါးရာ လည်လှီးပြီးအသတ်ခံခဲ့ရပါသည်။ ထိုပုဏ္ဏား၏ အမှား သည် ပြန်လည်ပြုပြင်၍မရသောအမှားပင်ဖြစ်၏။ သူသည် ဘဝပေါင်းငါးရာပတ်လုံး ပူဆွေးသောက နှောင်း နောင်တတွေနဲ့ ကြောင့်ကြနေသော်လည်း လွတ်လမ်းမရှိတော့ပြီ။ ထို့အတူပင် လူတစ်ယောက်(သို့)လူတစ်စုကို သတ်ဖြတ်ခဲ့သောသူသည်လည်း အမြဲတမ်းစိုးရိမ်ပူပန် နေရတတ်ပါသည်။ ငါ့အလှည့်ဘယ်တော့ရောက်မလဲ၊  ငါ့ကို ဘယ်သူတွေက လက်စားချေမလဲ-ဟု ပူပန်ကြောင့်ကြ နောင်တဗျာဆူ ရင်ပူနေရတတ်ပါသည်။ အဇာတ သတ်မင်းသားကိုကြည့်ပါ။ ဖခင်ကို သတ်ပြီးသည့်အချိန်ကစ၍ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်း မစားရ ယူကျုံးမရ အပူလုံးကြွကာ နှောင်းနောင်တတွေနှင့် အမြဲစိတ်ဆင်းရဲနေခဲ့ရပါသည်။

မိလက္ခမုဆိုးကြီးတစ်ယောက်လည်း မုဆိုးအလုပ်ဖြင့် တောထဲမှာ သားကောင်တွေကို ပစ်ခတ်ဖမ်းဆီး ပြီး အသက်မွေးလာခဲ့သည်မှာ နှစ်ပေါင်း(၅ဝ)တိုင်ခဲ့ပြီ။ သူတစ်ပါးအသက်ကို သတ်ခဲ့သည့်နှစ်သက်တွေ ရင့်လာ သည့်အခါ အရှင်လတ်လတ် ငရဲသားတစ်ယောက်လိုခံစားလာခဲ့ရသည်။ တောထဲမှာ သားကောင်ပစ်ရင်း ရေငတ်လို့ ရေရှာပေမဲ့ ရေမတွေ့။ စိမ့်စမ်းရေတံခွန် ချောင်းမြောင်းအင်းအိုင်တွေမှာ ရေရှာသော်လည်း သူဘယ် လိုမှ ရေကိုမတွေ့ခဲ့ပေ။ ရေရှာရင်း ရဟန္တာအရှင်မြတ်တို့ သီတင်းသုံးရာ တောကျောင်းထဲသို့ရောက်ရှိလာခဲ့ပါ၏။ ကျောင်းအဝင်ဝက ရေအိုးစဉ်တွေ့လို့ အားပါးတရ ရေခတ်သောက်သော်လည်း ရေကပါမလာ။ ထိုအခါ သူက "ကျောင်းနေရဟန်းတွေကလည်း သူများလှူတာတွေ ဇိမ်နဲ့စားနေကြပြီး ရေအိုးစဉ်လေးတောင် ရေဖြည့်မထား ကြဘူး" ဟု အပြစ်ဆိုပါသည်။ ရဟန္တာမထေရ်ကြီးက ကြားသိပြီး "ဟဲ့ ဒကာ မနက်ကမှ ငါရေဖြည့်ထားတာ ရေကအပြည့်ပါ။ ဟောဒီမှာ ရေအပြည့် မင်းမမြင်ဘူးလား? ရော့အားရပါးရသောက်ပေတော့" ဟု ကိုယ်တိုင်ခပ် တိုက်မှသာ ရေကိုကောင်းကောင်းမွန်မွန် သောက်ရလေသည်။

"ဒီမယ် ဒကာ၊ မင်းမုဆိုးအလုပ်လုပ်လာတာ ဘယ်လောက်ကြာပြီလဲ?"

"မှန်ပါ နှစ်ပေါင်း ငါးဆယ်လောက်ရှိပါပြီဘုရား"

"မင်းမှာ အကုသိုလ်တွေက များလွန်းလို့ အရှင်လတ်လတ် ငရဲသားဖြစ်နေပြီ။ မသေခင်ကတောင် ငရဲသားလို ဖြစ်နေမှတော့ မင်းသေရင် မြေကြီးလက်ခတ်မလွဲ အပါယ်ငရဲကျတော့မှာပဲ"

"မှန်ပါ တပည့်တော်ကို ကယ်တော်မူပါဘုရား၊ တပည့်တော် အရှင်ဘုရားတို့ဆီမှာ သင်္ကန်းဝတ်ပါရစေဘုရား" ဟုတောင်းပန်လျှောက်ထားသဖြင့် ကိုရင်ကြီးဝတ်ပေးထားလိုက်ပါသည်။ နေ့စဉ် ဝိပဿနာတရားအလုပ်ကို အားထုတ်စေခဲ့ရာ စိတ်အစဉ်တည်ငြိမ်လာသည့်နှင့် သူသတ်ခဲ့သော သားကောင်များ မချိမဆန့်သေဆုံးနေပုံ တွေ၊ သွေးသံရဲရဲ သားကောင်တွေကိုသာမြင်ယောင်နေပါတော့သည်။ တရားအားထုတ်လို့ကမရ အိမ်သူသက် ထား ဇနီးမယားကိုသတိရနေသည့်အတွက်ကြောင့် လူထွက်ပါရစေ-ဟု အရှင်မြတ်ထံ ခွင့်ပန်လေ၏။

ရဟန္တာအရှင်မြတ်က လူမထွက်ခင်မှာ အပြစ်တွေကျေအောင် ကျောင်းပတ်ဝန်းကျင်မှာရှိသည့် လက်ပံ သားအစိုတွေကို ခုတ်၍ စုပုံစေကာ မီးရှို့ခိုင်းပါသည်။ တစ်နေကုန် မီးပြင်းတိုက်ပြီးရှို့သော်လည်း မီးကမလောင်။ ထိုအခါမှ ရဟန္တာက တန်ခိုးတော်နဲ့ ငရဲပြည်က မီးခဲလေးတစ်ခဲကို သူ့ရှေ့မှာတင်ယူပြ၍ လက်ပံသားအစိုပုံထဲကို ပစ်ထည့်လိုက်ပါသည်။ လက်ပံသားအစိုတွေ ချက်ချင်းပင် ပြာကျသွားခဲ့ပါသည်။ ငရဲမီးက ဘယ်လောက်အထိ ပြင်းသည်ကို သိစေလိုသည့်သဘောပင်ဖြစ်နိုင်ပါသည်။ သည်တော့မှ မိလက္ခကြီးလည်း လူမထွက်တော့ပဲ ရဟန်းခံပြီး တရားဓမ္မကို အချိန်ပြည့်အားထုတ်နေပါတော့သည်။ မိလက္ခကြီးရရှိခဲ့သော နောင်တသည်ကား မလွန်သေးခင်မှာ အချိန်မှီပြင်ခွင့်ရှိသော နောင်တဖြစ်သောကြောင့် အကျိုးရှိသော နောင်တမျိုးဖြစ်ပါသည်။ သူ သည် ရရှိလာသော နောင်တပူပန်မှုများကို ဝိပဿနာတရားဖြင့် အစားထိုးပယ်ဖျောက် ရဟန္တာအဖြစ်သို့တိုင် ရောက်ရှိခဲ့ပါသည်။ အကယ်၍များ သူအိုမင်းမစွမ်းဖြစ်လာချိန် သေခါနီးအချိန်ရောက်မှ နောင်တရခဲ့မည်ဆိုလျှင် ယခုကဲ့သို့ အကျိုးထူးတရားမရနိုင်ဘဲ အပါယ်ငရဲမှာ နစ်မွန်းနိုင်ပါသည်။

စုန္ဒနွားသတ်သမားကတော့ နေ့စဉ်နေ့စဉ် နွားတွေကို သတ်ရောင်းပြီး စီးပွားရှာသည်။ သူကိုယ်တိုင်က လည်း နွားသားမပါလျှင် ထမင်းမစားတတ်သူ။ သူ့အတွက် အကောင်းဆုံး အသားကို ချန်ထားပြီး စိတ်တိုင်းကျ ချက်ပြုတ်စားသောက်လေ့ရှိသူ။ တစ်နေ့မှာ သူ့အတွက် ချန်ထားသော နွားသားများကို ခွေးများက ခိုးစားသွားခဲ့ ပါသည်။ ယင်းနွားသားသည် ဥပုသ်နေ့တိုင်း နွားသင်ခွင့်မရှိ၍ ကြိုတင်ချန်ထားခဲ့သောနွားသားဖြစ်၏။ ဥပုသ်နေ့ ထမင်းဝိုင်းတွင် နွားသားမပါရကောင်းလားဆိုပြီး စိတ်တွေဆိုး၊ မိန်းမကို ဆဲဆိုကာ တင်းကုတ်ထဲက နွားကို အရှင်လတ်လတ် လျှာကိုဖြတ်ပြီး အကြော်ခိုင်းပါသည်။ နွားခမျာလည်း မချိမဆန့်ခံစားရပြီး သေဆုံးရသလို သူလည်းပဲ နွားသားကို သူ့လျှာပေါ်တင်လိုက်သည်နှင့် လျှာကြီးပြတ်ကျကာ မချိမဆန့် နွားလိုအော်ဟစ်ပြီး သေဆုံးခဲ့ရပါသည်။ သည်လိုလူမျိုးအတွက် နောင်တတစ်ဖန် ပူပန်နေလည်း အကျိုးမထူးတော့။ ငရဲပြည်မှာ မိုက်ပြစ်မိုက်ကြွေးကို ခန္ဓာနဲ့ပေးဆပ်ရင်း နောင်တပူပန်နေဦးမည်သာ။

● သူ့မယား၌ ပြစ်မှားတုံဘိ
သူတစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်ခြင်းသည် အလွန်စက်ဆုပ်ဘွယ်ကောင်းသော အပြုအမူ လည်းဖြစ်၏။ အပြစ်လည်း အလွန်ကြီးပါသည်။ အဘယ့်ကြောင့်ပါနည်း ကိုယ်အမြတ်တနိုးချစ်ရသူကို တစ်ပါးသူ များက လာရောက်ဖျက်ဆီးလျှင် ဘယ်လိုခံစားရမည်နည်း။ "ရည်းစားလူလု အူနုကျွဲခတ်"ဆိုသောစကားအတိုင်း ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားကို တစ်ပါးသူက ပြစ်မှားကျူးလွန်လျှင် အူအသည်းပြောင်းပြန်လှန်သလို ပြင်းပြင်း ထန်ထန်ခံစားရမည်ဖြစ်ပါသည်။ ထို့အတူပင် ကိုယ့်သမီး ကိုယ့်အစ်မ ညီမကို သူတစ်ပါးက ကျူးလွန်စော်ကား သွားလျှင် မည်သို့ခံစားရမည်နည်း။ အသက်ချင်းလဲပြစ်ချင်လောက်အောင် ဒေါသထွက်ကြပေလိမ့်မည်။ ထိုသို့ အမြတ်တနိုးတန်ဘိုးထားကြသောအရာများဖြစ်သည့်အတွက်ကြောင့် ကိုယ်ချင်းစာတရား စာနာထောက်ထား၍ သူတစ်ပါး သားမယားကိုသော်လည်းကောင်း၊ အစ်မညီမ သမီးများကိုလည်းကောင်း ကျူးလွန်လျှင် အလွန်ပင် အပြစ်ကြီးလှပါသည်။ ထိုသို့ သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ထားသူများသည် ကိုယ့်ညီမ ကိုယ့်သမီး အလှည့်ရောက်လာသည့်အခါ သူများစော်ကားမှာကို သေလုမတတ် ကြောက်တတ်ကြသည်။ ထိုအကြောက် တရားကြောင့် ငါသူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခဲ့မိတာ မှားတာပဲ-ဟု ပူပန်ကြောင့်ကြ နောင်တမီး တွေ တစ်ညီးညီးလောင်နေရတတ်ပါသည်။

ရှင်အာနန္ဒာ၏အလောင်း ရွှေပန်းထိမ်သည်သားဖြစ်စဉ်အခါက သူတစ်ပါး သားမယားတို့ကို ငွေအင် အားဖြင့် မတရားကျူးလွန်ပြစ်မှားခဲ့သောကြောင့် အပါယ်ငရဲမှာ နှစ်ပေါင်းများစွာ ကျခဲ့သည့်အပြင် ငရဲကလွတ် လာသောအခါမှာလည်း မိန်းမဘဝ၊ မိန်းမလျာဘဝမျိုးစုံတို့မှာ အကုသိုလ်ကြွေး ပြန်လည်ပေးဆပ်ခဲ့ရသည်။ ထို့ အပြင် နွားထီး၊ ဆိတ်ထီး၊မျောက်ထီးများဘဝတွင် ဝှေးဥကို ထုနှက်၍ သင်းကွတ်ခြင်းကို ခံခဲ့ရပါသည်။

● ပစ္စည်းရှိလျှက် စိုးစိမလှူ
ဘုရားအလောင်းသူတော်ကောင်းများသည် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူရာတွင် ဒါနပါရမီကို ဦးစွာပထမဖြည့်ကျင့်တော်မူသည်။ ထို့အတူပင် သူတော်ကောင်းတရားလက်ကိုင်ထားကြသောသူတိုင်းက မိမိ ပိုင်ဆိုင်သမျှ ပစ္စည်းဝတ္ထုများကို မျှဝေလှူဒါန်းခြင်းဖြင့် လူ့လောကသမိုင်းတစ်ခေတ်ကိုအလှဆင်ကြသည်။ မိမိ ပိုင်ဆိုင်သမျှ ပစ္စည်းဝတ္ထုများထဲမှ တတ်အားသမျှ လှူဒါန်းပူဇော်ခြင်းသည် ကြွေးသစ်ချသည်နှင့်လည်းကောင်း၊ ကုသိုလ်မျိုးစေ့ ပြည်လည်စိုက်ပျိုးသည်နှင့်လည်းကောင်းတူပါသည်။ လှူရင်ကုန်တာပဲ၊ ပုညာဘိ ကုန်တာပဲရှိ တာပဲ-ဟု လှူရတန်းရမှာကို နှမြောတွန့်တိုကြသူများသည် လှူစရာပစ္စည်းဝတ္ထု မရှိတော့သည့်အခါ၊ သေခါနီး အခါတို့၌ ပူပင်ကြောင့်ကြ နောင်တကြီးစွာရတတ်ပါသည်။

ဘုရားလက်ထက်က အဒိန္နပုဗ္ဗကသူဋ္ဌေးကြီးက "လှူရင်ကုန်တာပဲ မျက်စဉ်းများတောင်မှ ခတ်ပါများရင် ကုန်ခမ်းသွားသလိုပဲ လှူဒါန်းပေးကမ်းမှုဆိုတာ နည်းနည်းပေးပေး များများပေးပေး ကုန်တာပဲ။ ဘာအကျိုးမှ မရှိ ဘူး" ဟု အယူမှားကာ သူကိုယ်တိုင်လည်းမလှူ၊ သူတစ်ပါးလှူသည်ကိုလည်း လိုက်၍တားဆီးတတ်၏။ ကုဋေ လေးဆယ်သော သူပိုင်ပစ္စည်းများကိုပင် သူကိုယ်တိုင် မသုံးရက် မစားရက် နေ့စဉ် ဆန်ကွဲထမင်း၊ ပုန်းရည်ဟင်း နှင့်သာ စားသောက်၏။ ဖျင်ကြမ်းကိုဝတ်ဆင်၏။ သစ်သားဖိနပ် သစ်ရွက်ထီးကိုသာ သုံးစွဲ၏။ သူသေသွားသော အခါ အမွေခံသားသမီးမရှိ၍ သူ၏ပစ္စည်းဥစ္စာတွေကို ဗိမ္ဗိသာရမင်းကြီးက မင်းဘဏ္ဍာအဖြစ်သိမ်းယူလိုက်ရ၏။ ထိုသူဋ္ဌေး၏အဖြစ်သည် သူပိုင်ဆိုင်သမျှ စီးစိမ်ဥစ္စာများသည် သူ့အတွက်လည်း အကျိုးမများ၊ တိုင်းသူပြည်သား အတွက်လည်း အသုံးမဝင်။ ဘဝများစွာက ဆည်းပူးပြုလုပ် အားထုတ်ခဲ့သော ကုသိုလ်ကောင်းမှု၏ အကျိုး ဆက်များကို နောင်သံသရာအတွက် အကျိုးရှိအောင်အသုံးမချတတ်၍ အချီးနှီးဖြစ်ခဲ့ရလေ၏။ ထိုသူဋ္ဌေးကြီး သေခါနီးကာလနှင့် နောင်တမလွန် ပြိတ္တာဘဝတွေမှာ နောင်တတစ်ဖန် ပူပန်မှုတွေ ဘယ်လောက်များ စိတ်ဆင်း ရဲနေ မည်လဲဆိုသည်ကို တွေးမိတိုင်း သနားမိပါ၏။

● မွေးမြူမိဘ မပြုကြနှင့်
မိဘများကို ပြန်လည်ကျွေးမွေးပြုစုရမည့် တာဝန်သည် သားသမီးတိုင်း၏ တာဝန်ဖြစ်ပါသည်။ မြင့်မိုရ် တောင်ဦး မကကျူး ကျေးဇူးမိဘဂုဏ်ကို လူတိုင်းနားလည်ကြပါသည်။ သားသမီး ဆယ်ယောက်ကို မိဘများက ပြည့်ပြည့်စုံစုံ ပြုစုလုပ်ကျွေးနိုင်သော်လည်း အိုမင်းလာသော မိဘနှစ်ပါးကို သားသမီးဆယ်ယောက်က ပြည့် ပြည့်စုံစုံ ပြန်လည်လုပ်ကျွေးနိုင်ဖို့ခဲယင်းကြသောအဖြစ်များရှိခဲ့ဘူးပါသည်။ မိဘများက သားသမီးတိုင်းအပေါ်မှာ ကျွေးမွေးပြုစု ယုယကြင်နာ ချိုသာသောအပြုံး ချစ်ခင်မြတ်နိုးသော နှလုံးသားဖြင့် တစ်သက်လုံး ပြုစုစောင့် ရှောက်ခဲ့ကြ၏။ သားသမီးများ အိမ်ထောက်ကျပြီး သားသမီးတွေ ပွားစီးသည့်တိုင် မြေးတွေကိုထိန်းပေးကြ၏။ ထိုမိဘများကို မငြိုမငြင် မပင်မပန်းရအောင် ပြုစုစောင့်ရှောက်ဖို့ သားသမီးတိုင်းမှာ တာဝန်ရှိ၏။ ထိုတာဝန်ကို ပျက်ကွက်ခဲ့သော သားသမီးများမှာ မိဘမရှိတော့မှ "အော် ငါမိဘတွေ ရှိစဉ်တုန်းက ငါဘာမှမပြုစု မလုပ်ကျွေးခဲ့ရဘူး။ မိဘတွေက ငါ့အပေါ်မှာ ကောင်းခဲ့သလောက် ငါက မကောင်းခဲ့တဲ့ကောင်ပဲ။ မိဘတွေရှိစဉ် တုန်းက မိဘကျေးဇူးတရားကို ဘာပြုလို့ နားမလည်ခဲ့တာလဲ" ဟု တသသနှင့် ပူပန်ကြောင့်ကြ နောင်တတွေ အကြီးအကျယ်ရနေတတ်ပါသည်။ ထိုသို့ လွန်သွားမှရရှိသော နောင်တမျိုးကား ဘာမှအသုံးမကျ၊ စိတ်ဆင်းရဲ နေရရုံသာ ဖြစ်ပါသည်။

လောကမှာ အစားထိုးလို့မရနိုင်သော အချိန်ကာလနှင့် မိဘဟူသော အရာနှစ်မျိုးရှိရာတွင် အချိန်ကလ ဆိုသည်ကတော့ အစားထိုးလို့မရသော်လည်း မဖြစ်ဖြစ်သည့်နည်းဖြင့် စီမံဖန်တီးလို့ ရနိုင်ပါသေးသည်။ မိဘများ မရှိတော့လျှင် မိဘများကို ပြန်လည်ပြုစုလုပ်ကျွေးခွင့်များ ဘယ်လိုနည်းနှင့်မှ ပြန်ရဖို့ မဖြစ်နိုင်တော့ချေ။ နိဗ္ဗာန် မရသေးခင် သံသရာတစ်ခွင်မှာ ကိုယ့်မိဘတွေကို ပြန်လည်ဆုံတွေ့ခဲ့သော်လည်း ပြန်လည်ဆုံတွေ့ချိန်မှာ ကိုယ့် မိဘမဟုတ်ဘဲ ကိုယ့်သားသမီးလည်း ဖြစ်ချင်ဖြစ်နေမည်။ သို့မဟုတ် ကိုယ့်ရန်သူကြီးတွေလည်း ဖြစ်ချင်ဖြစ်နေ ပေလိမ့်မည်။ ကိုယ့်သားသမီး(သို့)ကိုယ့်ရန်သူများကို ကိုယ့်မိဘဖြစ်ခဲ့ဘူးတာပဲလို့လည်း ကိုယ်ကမမှတ်မိ။ ထို့ ကြောင့် မိဘကဲ့သို့ ပြန်လည်ပြုစုလုပ်ကျွေးခွင့်ကို မရနိုင်တော့ပေ။

မိဘရယ် သားသမီးရယ် ဇနီးခင်ပွန်းရယ်လို့ ဘဝတစ်ခုမှာ လာပြီးဆုံဆည်းခဲ့ကြ။ မိသားစုတွေ အဖြစ် နှင့် အတူတကွ ပေါင်းသင်းဆက်ဆံ အချိန်တန်သောအခါ တစ်လမ်းစီခွဲသွားကြပြီး ကိုယ့်လမ်းခရီးကိုယ် တစ် ကိုယ်တည်း ခရီးဆက်ကြရပြန်သည်။ "ကံဆုန်လျှင် တွဲ၊ ကံကုန်ကွဲ၊ အမြဲမပြတ်၊ ရှုမှတ်ကြ"ဆိုသည့်အတိုင်း ယခုဘဝမှာ အတူတကွပြုခဲ့သော ကုသိုလ်ကောင်းမှုကံကြောင့် ဘဝတစ်ခုခုမှာ မိသားစုရယ်လို့ ပြန်လည်ဆုံ တွေ့။ ကုသိုလ်ကံ အဟုန်ကုန်သွားသည့်အခါ တစ်ဦးနှင့်တစ်ဦး ခွဲခွာသွားကြရပြန်၏။ ဘဝတစ်ခုခုမှာ ပြန်လည် ဆုံတွေ့ခွင့် ရချင်ရနိုင်သော်လည်း ကိုယ့်မိဘက ကိုယ့်မိဘအဖြစ်နဲ့ ပြန်တွေ့ဖို့ ခဲယင်းပါသည်။ ထို့ကြောင့် ကျေးဇူးတရားကိုလက်ငင်းဆပ်နိုင်အောင် ကြိုးစားခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ထိုသို့ ကျေးဇူးမဆပ်ခဲ့ကြ သူများ ကိုယ်တိုင် အိုမင်းမစွမ်းဖြစ်လာသည့်အခါ သေခါနီးအခါတို့မှာ ပူပန်ကြောင့်ကြ နောင်တကြီးစွာ ရတတ် ပါသည်။

● ဆုံးမ မနာ
အသိအလိမ္မာ ဉာဏ်ပညာကြီးမားကြကုန်သော သူတော်ကောင်းများ၏ သွန်သင်ဆုံးမမှုကို နာယူရဖို့ အလွန်မတန် ခဲယင်းလှပါ၏။ ရှင်ရာဟုလာလေးက သဲများကို လက်ဖြင့်ဆုတ်ကိုင်၍ ဤသဲများလောက် ငါ့ကို သွန်သင်ဆုံးမမည့်သူများ ရှိလျှင်ကောင်းလေစွာ့-ဟု ဆိုခဲ့ဘူးပါသည်။ ဆိုးဆိုးမိုက်မိုက် ပေပေတေတေ နေခဲ့သူများက "မိဘဆရာသမားတွေက ငါ့ကိုအရက် မသောက်ဖို့၊ လောင်းကစားမလုပ်ဖို့၊ မိန်းမမလိုက်စားဖို့ အတန်တန်ဆုံးမခဲ့တာပဲ။ ငါကိုက သူတို့စကားကို မလိုက်နာခဲ့လို့ ငါအခုလို ကုစားမရတဲ့ ရောဂါဆိုးကြီးတွေ ရနေတာပဲ" ဟု ရောဂါရချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၊ သေခါနီးအချိန်များမှာ နောင်တတစ်ဖန် ပူပန်ရတတ်ပါ သည်။ ဆုံးမသွန်သင်သူများ ရှိနေတုန်းမှာ ကိုယ်ကလမ်းကြောင်းမှားကိုရောက်နေလျှင်တောင်မှ သူတို့က လမ်း ကြောင်းမှန်ကိုပြန်ရောက်အောင် ပြန်တည့်ပေးတတ်ကြ၏။ သူတို့ဆုံးမမှုကို မနာယူပဲ ကိုယ့်ကိုယ်သာ ကိုယ် ဆရာအဖြစ်နှင့် ဘဝလမ်းခရီးတစ်လျှောက်မှာ အမှားများစွာ ကြုံတွေ့နိုင်ပါသည်။ ထိုအခါရောက်မှ ကိုယ့်ကိုယ် ကိုတောင် ရွံ့မုန်းစက်ဆုတ် ပူပန်ကြောင့်ကြ နောင်တတွေတစ်သီကြီးဖြင့် ဘဝကို နိဂုံးချုပ်ရပေလိမ့်မည်။

● ပညာရှိထံ နည်းခံမမှတ်
ပညာရှင်များက နည်းပညာများကို မျှဝေလာသည့်အခါ လေးလေးစားစား မှတ်သားရမည်။ "တပည့် ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ဆရာကောင်းတစ်ယောက်ဖြစ်နိုင်သည်" ဆိုသောစကားအတိုင်း ကိုယ်ကလေ့လာ သင်ယူချိန်မှာ ကြိုးစားလေ့လာသင်ယူမှ ကိုယ်ဆရာဖြစ်လာသည့်အခါ ပိုင်ပိုင်နိုင်နိုင်သင်ပြပေးနိုင်ပါသည်။ ကိုယ့်ဘဝအတွက်လည်း ကောင်းကောင်းမွန်မွန် ပြန်လည်အသုံးချနိုင်ပါသည်။ ထိုသို့ ပညာရှင်များထံ နည်းခံ မသင်ခဲ့လျှင် လက်တွေ့ဘဝမှာ တကယ်အသုံးချတော့မှ နောင်တတစ်ဖန် ပူပန်နေရပါမည်။

နည်းပညာဆိုသည်မှာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အသုံးချတတ်လျှင် အသုံးချတတ်သ လောက် ကြီးပွားချမ်းသာနိုင်ပါသည်။ တိရစ္ဆာန်များကိုပင် ဆရာတင်၍ တီထွင်ကြံဆ လေယာဉ်ကြီးတွေ၊ ရေဒါ တွေဖြစ်ပေါ်လာခဲ့ပြီး လူသားတို့အတွက် များစွာအသုံးဝင်ခဲ့ကြပါသည်။ နည်းပညာဆိုသည်မှာလည်း လိုက်လေ လိုက်လေ ပို၍နက်နဲကျယ်ဝန်းလေလေ မကုန်ဆုံးနိုင်အောင် ရှိလှပါသည်။ လူ့ဘဝအတွက် အကောင်းဆုံးသော နည်းပညာကတော့ လောကုတ္တရာပညာပင်ဖြစ်ပါသည်။ လောကုတ္တရာနည်းပညာများကို အချိန်ရှိခိုက် ကြိုးစား သင်ယူမှတ်သား ကျင့်ကြံပွားများမှုမရှိခဲ့လျှင် အိုမင်းမစွမ်းဖြစ်လာသည့်အခါ သေခါနီးအခါများမှာ "ငါ့ခန္ဓာကိုယ် ကြီး သန်တုန်းမြန်တုန်း စွမ်းနိုင်တုန်းက တရားအလုပ် ကြိုးစားအားထုတ်မှုမရှိပဲ အပျင်းထူခဲ့မိတာ မှားလေစွာ့" ဟု ယူကျုံးမရ နောင်တပူပန်ရပါလိမ့်မည်။

● အမြတ်မကျင့်
မြင့်မြတ်သောအလုပ်ဖြစ်သော သီလ သမာဓိ ပညာသိက္ခာသုံးပါး အကျင့်တရားတို့ကို လူပင်ဖြစ်စေ ရဟန်းပင်ဖြစ်စေ ကျင့်သုံးခွင့်ရှိပါ၏။ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ဤသီလ သမာဓိ ပညာ သိက္ခာသုံးပါး မြတ်တရားတို့ကို ကြိုးစားအားထုတ်၍ လူ့လောကကြီးတစ်ခုလုံးကို ငြိမ်းချမ်းသာယာမှုအပေါင်းတို့ ဖြင့် အလှဆင်ခဲ့ကြပါသည်။ သူတို့ကိုယ်တိုင်ကလည်း သူတော်ကောင်းတရား သိက္ခာသုံးပါးကို ကျင့်သုံးတော်မူ ကြသလို လူနတ်ဗြဟ္မာသတ္တဝါများကိုလည်း ကျင့်သုံးစေတော်မူခဲ့ကြပါသည်။ ထိုသူတော်ကောင်းတို့၏ လမ်း ကြောင်းအမှန် သိက္ခာသုံးပါး မြတ်တရားတို့ကို မကျင့်သုံးခဲ့သူများသည် အိုမင်းမစွမ်းဖြစ်လာသည့်အခါ၊ ဘေး ဒုက္ခတွေ တွေ့ကြုံလာသည့်အခါ၊ သေခါနီးအခါရောက်မှ ယူကျုံးမရ အပူလုံးကြွကာ နောင်တကြီးစွာ ရနေတတ် ပါသည်။ အချိန်မလွန်သေးသော နောင်တ၊ ဖြစ်ခဲ့ပြီးသော အဖြစ်ဆိုးတွေကို သင်္ခန်းစာယူပြီး နောင်ကြဉ်တတ် သော နောင်တမျိုးဆိုလျှင်ကား တန်ဘိုးရှိလှပါသည်။ ထိုသို့မဟုတ်ခဲ့ပါလျှင် ပူပန်ကြောင့်ကြ ဗျာပါဒပွားရုံမျှသာ ဘာမျှအကျိုးမရှိနိုင်ပါလေ။

သို့ပါ၍ လွန်သွားပြီးမှ နှုတ်မရ ပယ်မရ ယူကျုံးမရ အပူလုံးကြွရသော နှောင်းလွန်နောင်တမျိုး မဖြစ်ကြ စေရန် အထက်ပါ နောင်တဆယ်ပါးတို့ကို အသိဉာဏ်ယှဉ် ဆင်ခြင်သုံးသပ် အမြတ်တရား သူတော်ကောင်းများ ၏တရားဓမ္မကို အချိန်ရှိခိုက် လုံ့လပြုနိုင်ကြပါစေ။ မိမိလေ့လာပွားများ သူတော်ကောင်းတရားတို့ဖြင့် လောက ကောင်းကျိုး၊ အမျိုးဘာသာ သာသနာတော်၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်ကြပါစေ-ဟု ဆန္ဒလျှက်…..။


သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

Zaw Htet (Pyinmanar) - Poem

ပုဂံက အကြော်သည် 
ဇော်ထက် (ပျဉ်းမနား)
ဇန်န၀ါရီ ၁၇၊ ၂၀၁၃

  
သူ့အမည်က 
ဒေါ်ဝင်းတဲ့ဗျ 
သူ့ မျက်နှာက 
ချိုမြလို့ 
သူ့ ဘ၀က 
အေးမြလို့ …..။ 

ပြည်အဖျားမို့
ပျဉ်ပြားလို့ခေါ်ခဲ့တဲ့
ပျဉ်းမနားမြို့ကိုစား
ပျဉ်ပြားမင်းက
မြို့တည်ကာထား

သရပါတံခါးနားက 
ထနောင်းပင်ရိပ်မှာ 
နားခိုကာဈေးရောင်း 
အကြော်တောင်းချ 
နေကပူပူ 
ဖုန်ထူထောင်းထောင်း 
စိတ်ကောင်းကောင်းထား 
အားမာန်တင်းပြီး 
သားသမီးများတို့ 
ဘုရားသားလည်းပါတယ် 
အင်ဂျင်နီယာလည်းပါတယ်

သူ့ အပြုံးဟာ 
ဂုဏ်တက်စရာပေါ့။ 

ပခုက္ကူတစ်ဘက်ကမ်း 
ရွာတန်းရှည်က 
လုပ်အားပေးခ 
ပေးရတာများ 
မတတ်နိုင်တဲ့အားမို့ 
ရွာကိုထားခဲ့ရသတဲ့။ 

မပမ်းနိုင် 
မမောနိုင်ပေ 
ပြောလေခဲ့ 
စာမတတ်လေရှာတဲ့ 
အမေ့ခမျာ 
နိုဘယ်ဆုဆိုတာ 
ဘာမှန်းတောင်မှ 
သူမ….. မသိခဲ့ရပါဘူးတဲ့။ 

အဲဒီနေ့ကများ 
အညာဘုရားပွဲအလား 
စည်ကားလှတယ် 
ဟော…ဒီမယ်လေ 
အမေစု စားခဲ့ 
သူ့ ရဲ့ စားပွဲ 
ဒီမှာပဲတဲ့။ 

ယိုင်ယိုင်နဲ့နဲ့ 
လက်ဖြစ်ခုံတစ်လုံးရဲ့  
ရာဇ၀င်တွင်တဲ့နေ့ 
ရာဇ၀င်တွင်မဲ့နေ့ 
ကျွန်တော်နဲ့ဇနီး 
ပြန်ပြောင်းပြီးကြည့် 
ပီတိအပြည့် 
အညာလေထိတွေ့  
မမေ့နိုင်တဲ့နေ့လေပဲပေါ့။ 

နိုင်ငံခြားသူ 
ဖြူဖြူနုနု 
အလုအယက် 
တွဲဖက်လို့သာ 
မေစုနဲ့သာ 
ဓာတ်ပုံရိုက်တာများ 
အားရပါးရ 
ရှိလှသတဲ့။ 

အမေစုက 
တချို့ လိုနော် 
ချွေးစော်နံပြန်သွား 
အလကားမကြီးကျယ် 
လမ်းဘေးဈေးဝယ် 
ဗိုလ်ချုပ်နှယ်ပဲ 
အကြော်ဆိုင်ထဲ 
အေးအေးဆေးဆေးပဲတဲ့။ 

သူမဆိုင်က 
အကာကမရှိ 
အမိုးကမရှိနဲ့ 
ဒါပေမဲ့လည်း 
ဇွဲမာန်အတိ 
ပီတိကိုစား 
အားရှိတဲ့သူက 
လူ့ ဘ၀ကိုများ 
ခါးစောင်းတင်တဲ့သူမ။ 

အံ့သြစရာ 
လူ့ ကမ္ဘာများ 
သူမအိမ်နီးနားချင်းက 
ဦးအောင်ဆန်းဦးတဲ့ခင်ဗျာ့ 
သူ့အမည်က 
ဒေါ်ဝင်းတဲ့ဗျ 
သူ့ မျက်နှာက 
ချိုမြလို့ 
သူ့ ဘ၀က 
အေးမြလို့…..။   ။

Ohm Naing - Articles

ရေးခဲ့မိသော မှတ်တမ်းများ (၁၂)
အုန်းနိုင်
ဇန်န၀ါရီ ၁၇၊ ၂၀၁၃


● သာသာယာယာ တနင်္သာရီမှာ 
ဒေါ်အောင်ဆန်းစုကြည်ဟာ (၂၇.၁.၈၉) မှာ မိခင်ကြီးအတွက် တလပြည့်ဆွမ်းကျွေးဒါနပြုအပြီး ခဏပဲ ရန်ကုန်မှာနေပြီး ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ တနင်္သာရီတိုင်း  စည်းရုံးရေးခရီးဆက်ထွက်ပါတယ်။ မြိတ်ကို တိုက်ရိုက်လေယာဉ်နဲ့သွားပြီး မြိတ်မှာ (၆) မြို့နယ်အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ဆွေးနွေးပြီး မြိတ်မြို့ နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့စီစဉ်ပေးချက်အရ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ မော်တော်နဲ့လှည့်ပြီး   မြိတ်အနီးအနားတ၀ိုက်မှာ စည်းရုံးဟောပြောနိုင်ခဲ့ပါတယ်။ ဧရာဝတီတိုင်းလို တစုံတရာအနှောင့်အယှက်ပေးတယ်လို့မကြားရပါ။ (၂) ရက်နေ့ကျတော့ ထားဝယ်ဖက်ကို  မော်တော်နဲ့ထွက်ခဲ့တဲ့လမ်းတလျှောက်မှာလည်း စည်စည်ကားကား အတီးအမှုတ်အကအခုန်တွေနဲ့ ကြိုဆိုတာ တွေ့ခဲ့ရတယ်လို့သတင်းတွေရပါတယ်။

(၅.၂.၈၉) နေ့မှာတော့ ထားဝယ်ကနေ လောင်းလုံကိုကူးခဲ့ပြန်တယ်။ အဲဒီနေ့မှာပဲ လောင်းလုံလူထုနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး မောင်းမကန်ကို  ကူးပါတယ်။ မောင်းမကန်ကကြိုဆိုနေတဲ့လူထုကြီးကို  နှုတ်ဆက်မိန့် ခွန်းပြောပါတယ်။ မောင်းမကန်ကမ်းခြေမှာ ဒေါ်အောင်ဆန်းစုကြည်  အပမ်းဖြေ အနားယူခွင့်  ရခဲ့ပါတယ်။ အေးအေးဆေးဆေး  ရေကူးရေချိုးနဲ့အပမ်းဖြေနိုင်ခဲ့တာပါ။ ( ၆. ၂. ၈၉)  နေ့မှာ မောင်းမကန်ကထားဝယ်ကို  ပြန်ကူးပြီး   ထားဝယ်ကတဆင့် ရန်ကုန်ကို လေယာဉ်နဲ့ပြန်ခဲ့တာမို့ အဲဒီနေ့   မွန်းလွဲချိန်မှာပဲ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဒီတနင်္သာရီ  ခရီးစဉ်ကတော့ချောချောမောမော ဖြစ်တဲ့အပြင်  အိုးစည်ဗုံမောင်း  အကအခုန်တွေနဲ့ လူထုကကြိုဆိုခွင့်ရတာတွေ၊ အာဏာပိုင်များအကူအ ညီမရှိပဲ မရနိုင်တဲ့လေယဉ်နဲ့ အသွားအပြန်ခရီးသွားနိုင်တာတွေ၊ မောင်းမကန်ကမ်းခြေမှာ အေးအေးလူလူ  အနားယူခွင့် ရတာတွေကတော့  အထူးအစီအစဉ်တွေဖြစ်ခဲ့ပါတယ်။

● ပေါင်းတည်မြို့ နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  

စည်းရုံးရေးကော်မတီ ကျနော်တို့မြို့ နယ်ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်စုဆောင်းရေးကော်မတီကို လုံလောက်တဲ့အဖွဲ့ဝင်အရေအတွက်ရပြီမို့ စည်း ရုံး ရေးကော်မတီ အဖြစ်ပြောင်းလည်းဖွဲ့စည်းဖို့ ပဲခူးတိုင်းစည်းရုံးရေးကော်မတီက ညွှန်ကြားလာပါတယ်။ ဒါကြောင့် အရင်ကော်မတီဟောင်းက ဆက်လုပ်လိုသူ  နောက်ထပ်ဝင်ရောက်လုပ်ကိုင်လိုသူတွေ ညှိနှိုင်းပြီး   (၁၂.၂.၈၉) မှာ  အသစ်ဖွဲ့စည်းလိုက်ပါတယ်။ အရင်အဖွဲ့ဝင်စုဆောင်း ရေးမှာပါတဲ့အထဲက သုံးဦးထွက်သွားပြီး လူသစ်သုံးဦးထပ်ဝင်လာပါတယ်။ ထွက်သွားတဲ့သုံးဦးကလဲ သဘောထားကွဲလို့ ထွက်တာမဟုတ် ပဲ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကြောင့် အဖွဲ့ချုပ်ကိုထိခိုက်မှာ စိုးလို့ထွက်ပေးကြတာပါ။

မြို့နယ်စည်းရုံးရေးကော်မတီ (ယာယီ) လည်း ဖွဲ့စည်းပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နှစ်ခေါက်လာပြီး သိဒ္ဓိတင်ပေးသွား ခဲ့ပြီ။ ဒီတော့ ဒီမြို့နယ်ရဲ့ စမ်းသပ်နယ်မြေ (Testing  Area) ရွှေလေးနယ်ကို  စည်းရုံးရေးထွက်ဖို့ပြင်ရပါတယ်။ ကျနော်တို့မြို့ မှာလည်း မဲဆန္ဒနယ်မြေက  အရင်ကတည်းက  တစ်..နှစ်ဆိုပြီး နှစ်ခုရှိတယ်။ ပေါင်းတည်ရဲ့  အရှေ့ ခြမ်း  အနောက်ခြမ်းလို့ လည်းခေါ်တယ်။ ခုနပြော ခဲ့တဲ့ ရွှေလေးနယ်ကိုလည်း အရှေ့ ခြမ်း အနောက်ခြမ်းလို့ နှစ်ခြမ်းခွဲထားပါတယ်။ မြို့နဲ့ စီးပွါးရေးဆက်စပ်မှုရှိတာက အရှေ့ ခြမ်းက ပိုပါ တယ်။ရွှေလေးဒေသကို ပဲခူးရိုးမတောင်ပေါ်ဒေသလို့လည်း ခေါ်တော့ တောင်ပေါ်ဒေသရဲ့  အရှေ့ ခြမ်းရော မြေပြန့်ရဲ့  အရှေ့ခြမ်းရော မြို့နဲ့ ဆက်သွယ်ရေးပိုကောင်းပါ တယ်။အနောက်ခြမ်းကတော့ မြေပြန့်ရော တောင်ပေါ်ဒေသပါ ရောင်းရေးဝယ်တာနဲ့ ဆက်သွယ်ရေးမှာပါ  သဲ ကုန်းမြို့နယ်အတွင်းက ၀က်ပုတ်၊ ပုတီးကုန်းမြို့  ၊ ပေါက်ခေါင်းမြို့ တွေဖက်ကိုဆက်သွယ်ကြတာ ပိုများပါတယ်။ ရုံးကိစ္စများသာပေါင်းတည် နဲ့ ဆက်တာပါ..။

ဒီတော့ နယ်မြေ (၁) ဆိုတဲ့အနောက်ခြမ်းက  မြို့ နဲ့ နဲနဲအဆက်ကျဲပါတယ်။ဒါကြောင့်   ရွှေလေးလို့ ခေါ်တဲ့တောင်ပေါ်ဒေသကို တက်တော့မယ်  ဆိုတော့ လည်း   အရှေ့ ခြမ်းကို ပထမစတက်ပါတယ်။ရွှေလေးဒေသ  ကျေးရွာ (၁၁)အုပ်စု ရှိတဲ့အနက်   အရှေ့ ခြမ်းမှာငါးအုပ်စု၊အနောက်ခြမ်းမှာ (၆)အုပ်စု ရှိပါတယ်။နှစ်ခြမ်းစလုံးရဲ့   ရွှေလေးဒေသ တံခါးပေါက်က တော့    ပေါက်တောအုပ်စုပေါက်တောရွာပါ..။အဲဒီပေါက်တောမှာပဲခလရ (၁၀)  စစ်တပ်ရှိပါတယ်။ကျနော်တို့ က  ပေါက်တောရွာကိုတော့အပိုင်စည်းရုံးပြီးသားပါ..။ကျေးရွာအုပ်စုရဲ့  ရ၀တ ဥက္ကဌက  တပ်ကြပ်ကြီးဟောင်း  ကိုတင်ဌေးဖြစ်ပြီး  သူ့ရဲ့  ယောက်ဖ ကိုအောင်မြိုင်ကတော့ ကျနော်တို့ အဖွဲ့ဝင်ပါ...။

● ရွှေလေးဒေသရဲ့  ၀ိသေသ
ရွှေလေးဒေသကို  ကျနော်တို့ အဖွဲ့ရဲ့   တက်စတင်းဧရိယာလို့ သတ်မှတ်ရတာက အကြောင်းရှိပါတယ်.။ဒီဒေသဟာ ပဲခူးရိုးမအတက် တောင်ပေါ်ဒေသဖြစ်ပြီး  ရွှေလေးသစ်တောကြိုးဝိုင်းနဲ့  ရွှေလေးချောင်းကိုအမှီပြုပြီးရွာတွေ တည်ထားတာပါ..။ကိုလိုနီခေတ်က သစ်တော ကြိုး ၀ိုင်း တ၀ိုင်းရှိရင်အနီးမှာ ကြိုးဝိုင်းလုပ်သားတွေ နေဖို့ရွာတည်ပေးပါတယ်။ကြိုးဝိုင်းက ပေးနိုင်တဲ့အခကြေးငွေ နဲ့ လဲမလုံလောက်နိုင်တာမို့ သူတို့ကို  ကြိုးဝိုင်းပြင်ပမှာ  တောင်ယာလုပ်ကိုင်ခွင့်   ပေးရပါတယ်။ကြိုးဝိုင်းရဲ့ အလုပ်တွေဖြစ်တဲ့ သစ်တောစိုက်၊ပေါင်းရှင်း၊မြောခုတ်၊ သင်းသတ်၊ ခုတ်လှဲ၊ ရေမျှော၊ ကျွဲဆွဲ၊ နွားဆွဲ  အလုပ်မျိုးတွေလုပ်ရတဲ့အပြင်  ကြိုးဝိုင်းပြင်ပတောင်ယာတွေမှာ  လယ်စိုက်၊၀ါစိုက်၊ ပဲစိုက်၊နှမ်းစိုက်တွေလည်းလုပ်ကြရပါတယ်။လူတွေအနေဆင်းရဲကြပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း  ဂျပန်တွေ   စစ်ရှုံးစပြုလာလို့ မြန်မာပြည်က  ပြန်ဆုတ်ရတော့မယ့်  အခါမှာ   ရခိုင်ဒေသနဲ့မြန်မာပြည် အလယ်ပိုင်းမှာ ရှိတဲ့   ဂျပန်တပ်တွေဟာစစ်တောင်းမြစ်ဝှမ်းအရှေ့ ဖက် ရှမ်းရိုးမဆီကို ဆုတ်ဖို့    ပထမစုရပ်အဖြစ်  ပဲခူးရိုးမကိုသတ်မှတ်လိုက်ပါတယ်။အဲဒီကတည်းက  ပဲခူးရိုးမတ၀ိုက်မှာရှိတဲ့ရွာတွေဟာ   ဂျပန်အခြေစိုက်စခန်းဖြစ်လာသလို  ဂျပန်တော်လှန်ရေး  ရဲ့ အခြေခံစခန်းတွေလည်း ဖြစ်လာခဲ့ တာမို့ ပဲခူးရိုးမတောင်ခြေ ရွှေလေးဒေသရွာတွေဟာ နိုင်ငံရေးအစဉ်အလာရှိခဲ့ပါတယ်။ဒါ့ ကြောင့် ကျနော်တို့အဖွဲ့ရဲ့   နိုင်ငံရေးစည်းရုံးမှုကို ရွှေလေးဒေသကိုတက်စတင်းဧရိယာသတ်မှတ်ပြီး  စတင်ခဲ့တာပါ..။

မြန်မာပြည်  လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ် မတ်လမှာဗမာပြည်ကွန်မြူနစ်ပါတီ က  လက်နက်ကိုင်တော်လှန်တော့ လည်း  ပဲခူးရိုးမ  အရှေ့ ဖက်ခြမ်း   ပျဉ်းမနားနဲ့ ဖြူးတောင်ငူ တို့ ဘက်မှာ  ဌာနချုပ်လုပ်ပါတယ်။၁၉၅၀ ခုနှစ်   ပြည်မြို့ မှာ ဗဟိုပြုတဲ့  တော်လှန်သောဒီမိုကရေစီ
တပ်ပေါင်းစု  ပျက်သွားပြီးတဲ့နောက်မှာကွန်မြူနစ်ပါတီ ဗဟိုဟာ    ဒီပဲခူးရိုးမတောတောင်တွေထဲကနေပြီး  တော့ပဲအထက်ဗမာပြည်ကို  ရွှေ့ ခဲ့တာပါ.။

၁၉၅၈ ခုနှစ်လောက်မှာ   ဗမာပြည်ကွန်မြူနစ်ပါတီဟာ   ပဲခူးရိုးမကိုပဲပြန်ပြီး  အခြေချပါတယ်။ဒီတခါကျတော့ပဲခူးရိုးမရဲ့   အရှေ့ ခြမ်းရော၊အနောက်ခြမ်းမှာပါ  အခြေစိုက်စခန်းတွေတည်ဆောက်နေထိုင်ပါတော့တယ်။ရွှေလေးဆိုတာဟာ  ပဲခူးရိုးမရဲ့  အနောက်ဖက်ခြမ်းမှာ ရှိပြီးဒီဒေသတ၀ိုက်မှာပဲ   ဗဟိုမက်ခ်စ်လီနင်ကျောင်းတွေ၊ဗဟိုဆေးကျောင်းတွေ  ထောင်ခဲ့တော့  ရွှေလေးဒေသခံတွေဟာ  အနေဆင်းရဲပေမယ့် လူမှုဆက်ဆံရေးမှာတော့  ကွန်မြူနစ်ပညာတတ်တွေ နဲ့ လည်း  ဆက်ဆံဖူးတယ်။နောက်ပိုင်းတပ်မတော်ကနေ  ဒီဒေသကို ထိုးစစ်ကြီးတွေ တခုပြီးတခုပြီး  ဆင်နွဲလာတော့လည်း ဒီထိုးစစ်ကြီးတွေ ရဲ့  ခေါင်းဆောင်  တပ်မှူးကြီးတွေပညာတတ်  တပ်ဗိုလ် တပ်သားတွေ နဲ့ လဲ  ဆက်ဆံရပြန်ရော..။၁၉၆၀  နောက်ပိုင်းထူးခြားဆန်းကြယ်လှတဲ့ မော်စီတုံးရဲ့   မဟာယဉ်ကျေးမှုတော်လှန်ရေး  ကြီးနဲ့ လည်း   ရင်ဆိုင်ခဲ့ဖူးပြန်တယ်။အာဏာနီနယ်မြေအဖြစ်(၁၅)နှစ်ကျော်  တည်ဆောက်ခံထားခဲ့ရတဲ့နယ်မြေဖြစ်လို့ မို့ ဒီနယ်မြေကို  စည်းရုံးရေးဆင်းရာမှာ ကျနော်တို့လွယ်လွယ်ကူကူ သဘောထားလို့ မရပါ..။ကွန်မြူနစ်များ  မြန်မာပြည်အရှေ့မြောက်ပိုင်းကို    ကူးပြောင်းအ
ခြေစိုက် တဲ့ အခါမှာလည်း    ဒီရွှေလေးဒေသကို  မဆလအစိုးရစစ်တပ်ကအထူးနယ်မြေအဖြစ် အလေးထားခဲ့ရတဲ့နယ်ပါ..။တနည်းအားဖြင့်   မဆလ  ခေတ်ရဲ့    ပြည်သူ့ စစ်အခြေခံနယ်မြေလည်း  ဖြစ်ခဲ့ပါတယ်။

ကျနော်တို့ ကလည်း  အဖွဲ့ ချုပ်ကို နိုဝင်ဘာလကတည်းက   ရုံးဖွင့်ပြီး   အပတ်စဉ်လှုပ်ရှားတက်ကြွသူများ   အစည်းအဝေး  (Activists'    Meeting ) တွေလုပ်ပြီးအပြန်ပြန်အလှန်လှန်    ဆွေးနွေးခဲ့ကြတာမို့ တဖက်က  ဗဟိုနိုင်ငံရေးတက္ကသိုလ်ဆင်း  မဆလ   တွေလောက်    မပိုင်တောင်အခြေခံတော့ သိပ်မညံ့တော့ပါဘူး..။ပြီးတော့  ပေါင်းတည်မြို့ ရဲ့   ဒီမိုကရေစီအုံကြွမှုကြီးကိုလည်း၈.၈.၈၈ ကတည်းက  စည်းကမ်းတကျ   ဦးဆောင်နိုင်ခဲ့ရုံမက   ၈.၈.၈၈ မှာအရေးတော်ပုံ  မစတင်နိုင်ခဲ့တဲ့အနီးအနားက  တခြားမြို့ တွေကတောင် သူတို့ မြို့ နယ်တွေကို  လာရောက်ပြီး  အရေးတော်ပုံစတင်နိုင်ဖို့ လှုပ်ရှားပေးဖို့ဖိတ်ခေါ်ခံရတဲ့၁၉၈၈အရေးတော်ပုံအမာခံလူငယ်တွေ  လည်း  ပါလေတော့   အင်မတန်မှကို  တက်တက်ကြွကြွ  ရှိနေပါတယ်။

ဒါကြောင့်   ရွှေလေးနယ်  စည်းရုံးရေးကို  ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှာ  အဖွဲ့ဝင်(၁၁)ဦး  နဲ့၊ပေါက်တော ရွာက (၂)ဦး တို့ ဟာ  ကြို့ပင်အိုင်အထိ  သစ်ဆွဲတဲ့ကားကြီးနဲ့ လိုက်ပါခဲ့ပါတယ်။ကြို့ပင်အိုင် မှာ..ပျဉ်ကြီးရွာက  နယ်မြေကျွမ်းသူ တဦးလာစောင့် နေလို့ စုစုပေါင်း(၁၄)ဦးနဲ့ ကြို့ ပင်အိုင်ရွာကနေ စပြီး စည်းရုံးရေးတရားပွဲတွေ  လုပ်တယ်။ရွှေလေးနယ်မြေ ကို ရောက်တော့  မြေပြန့် အ၀ှမ်းလိုမဟုတ်တော့ဘူး.။ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး(ရ.၀.တ ) အိမ်မှာလည်း  အစည်းအဝေးလုပ်လို့ ရတဲ့အခါ ရတယ်။

ရ.၀.တတွေကလည်း  ၀င်ဆွေးနွေးချင်ဆွေးနွေးတယ်။မြို့ ပေါ်က  အုပ်ချုပ်ရေးနဲ့အလှမ်းကွာသွားပြီ..။ကြို့ ပင်အိုင်ကထွက်ကတည်းက  ရှေ့ လျှောက်တော့ခြေလျင်ခရီးပဲ..။တချို့  နေရာတွေမှာ  မ.ဆ.လ ဟောင်း   တ.စ.ည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်) လည်း  မဖြစ်သေးတဲ့သူတွေကသူတို့ အိမ်ကို ခေါ်သွားတယ်။တဖွဲ့လုံးကို  ကျွေးတယ်။မွေးတယ်။သူတို့အိမ်မှာအစည်းအဝေး လုပ်တယ်။

လူသိပ်မတက်လာဘူးဒီတော့  ကျနော်တို့ ရဲ့   လမ်းပြ  ဦးပေါက်စီကအခြေအနေကို  အကဲခတ်မိတယ်။ပုံမှား ရိုက်နေတာလား..။ကျနော်ကလည်း
မ.ဆ.လခေတ်နှောင်းမှာ တရားသူကြီး ဖြစ်ခဲ့ရတယ်။နောက် ..ကျနော်တို့ အဖွဲ့မှာပါတဲ့ ဦးဖေမြင့် ကလည်း  န.လက(မ.ဆ.လ ခေတ်ဦး) ခေတ်ကောင်စီအတွင်းရေးမှူးဟောင်းဖြစ်ခဲ့ဖူ့း တယ်။ဒါကို သူတို့ က   မှားပြီးဧည့် ခံနေတာလား..။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေအထင်မှားနေသလား..တွေးစရာဖြစ်နေပါတယ်။ဒီတော့  ဦးပေါက်စီက  အဖွဲ့ထဲပါတဲ့  လူငယ်တချို့ ကို  ခေါ်ထုပ်သွားတယ်။အခြားနေရာ တခုမှာ  ရွာကလူငယ်တွေ နဲ့ ဆွေးနွေးကြတယ်။ဒီလိုမျိုး  သုံးရွာလောက် ရောက်ပြီးတော့မှ  လုပ်ငန်းက
ပီပြင်လာတယ်။အားလုံး  ခေါင်းရင်းခန်းမှာချည်း  ထိုင်မနေပဲ..။ကျနော်နဲ့ လူကြီးသုံးလေးယောက်လောက်က ခေါင်းရင်းခန်းမှာ  ဆွေးနွေးနေတုံးလူငယ်လေးငါးယောက်က  ဟင်းဝယ်သလိုလို  ဘာလိုလို နဲ့ရွာထဲထွက်ဆွေးနွေး.ကြတယ်.။ပြီးတော့မှ  တူနေရင်  ပေါင်းလိုက်ကြတယ်။

အဲဒီလိုနဲ့ ပျဉ်ကြီးရွာ၊ကြို့ ကုန်းရွာ၊ သိမ်ကုန်းရွာ၊ငါးရှဉ့်ကွင်းရွာ၊နဲ့ ရွှေလေးဒေသ အစွန်ဆုံးလောက်ဖြစ်တဲ့ ရုပ်ဆိုင်ရွာတွေ အထိ  ရောက်သွားကြတယ်။တရွာနဲ့တရွာ  အလှမ်းဝေးကြတာမို့ရုပ်ဆိုင်ရောက်တော့   လမ်းမှာ နှစ်ညအိပ်ခဲ့ရပြီ..။(၁၇)ရက်နေ့ ညပျဉ်ကြီး။ (၁၈)ရက်နေ့ည  ကြို့ ကုန်း။(၁၉)ရက်နေ့ ညတော့  ရုပ်ဆိုင်မှာပဲအိပ်ရတယ်.။ညစာစားပြီး  ဆွေးနွေးပွဲစတယ်။လူငယ်တွေကရွာထဲထွက်တယ်။အားလုံး  အဆင်ပြေပြေပါဘဲ..။နောက်တနေ့  အလယ်ရွာ။ပြီးတော့ကြို့ ကုန်းရွာကို ပြန်ဝင်တယ်။နောက်..ထန်းကုန်းရွာ၊ချားလျားပင်ရွာ။ချားလျားပင်မှာ တညအိပ်ကြတယ်။၂၁ရက်နေ့  ရောက်တော့ဆီဆုံကုန်း၊ကျောက်တန်းကျောက်တက်ကုန်း၊ ဆင်ထိုးအိုင် ..စတဲ့ ရွာတွေကို ဆက်ကြတယ်။

ဆင်ထိုးအိုင်မှာ တညအိပ်ပြီးနောက်တနေ့မှာ  ငါးပေါရွာက  ဦးခင်မောင်ကလာကြိုနေတယ်။ငါးပေါရွာနဲ့ရှားဘောင်ရွာတွေမှာစည်းရုံးဟောပြောပြီး..ငါးပေါရွာမှာ ညအိပ်နားကြတယ်။နောက်တနေ့ မှာတော့ပေါက်တောရွာကို ပြန်ရောက်ပြီး..အဲဒီကနေ  မြင်းလှည်း အဆင့် ဆင့်စီးပြီး..(၂၂)ရက်နေ့မှာ ပေါင်းတည်ရုံးပြန်ရောက်တယ်။

အောင်မြင်တဲ့စည်းရုံးရေးခရီးလို့ပြောရမှာပါ..။ရွာတရွာမှာ တရားပွဲလုပ်နေတုံး  သေနတ်သံတွေကြားရတော့  တရားပွဲပျက်သွားတယ်။ ချက်ချင်းပဲ  ကျနော်နဲ့ဦးဖေမြင့် တို့   သေနတ်သံထွက်လာတဲ့နေရာဆီကို သွားကြတယ်။လူငယ်တွေလည်း  ပါလာတယ်။အဲဒီနေရာကို ရောက်တော့စစ်သားသုံးလေး ယောက်က   ရွာသားလူငယ်တချို့ ကို သေနတ်ပေးထားပြီး  အုန်းပင်ပေါ်က  အုန်းသီးကိုပစ်ချနေတာတဲ့ ..။ကျနော်ကစစ်သားတွေ အနေနဲ့ ဒီလို မလုပ်သင့် ဘူး..။ကျနော်တို့တရားပွဲလုပ်နေတုံး..ဒီလိုလုပ်တာ..တရားပွဲပျက်အောင် လုပ်သလို ဖြစ်နေတယ်။ကျနော် တို့   အဖွဲ့က  တရားဝင်ဖွဲ့စည်းထားပြီး     တရားဝင်စည်းရုံးရေးထွက်လာတာ..။ဒီလို  လုပ်တော့  စစ်တပ်က  တို့ အဖွဲ့ကို    မလိုလားဘူးဆိုတဲ့  အဓိပါယ် ရောက်သွားနိုင်တယ်။မင်းတို့ အထက်အရာရှိတွေကတောင်   နိုင်ငံရေး အဖွဲ့အစည်းတွေကိုဘက်မလိုက်ဆက်ဆံရမယ်လို့  ပြောထားတာ။ ဒီလိုသာ တို့ သွားတဲ့နေရာတွေမှာ  လိုက်ပြီးလုပ်နေရင်  မြို့ နယ်မ၀တ ဥက္ကဌ ဆီ  အကြောင်းကြားရမှာဘဲ...ဆိုတော့မှ..သူတို့မှာ  ဒီလိုရည်ရွယ်ချက်  မရှိပါဘူး..။ရွာလာတဲ့အခါ   ရွာက  လူငယ်တွေနဲ့  ရင်းရင်းနှီးနှီးနေရင်း..သူတို့ က  သေနတ်ပစ်ကြည့် ချင်တယ်  ဆိုလို့ ပေးပစ်ကြည့်တာပါ..လို့ ပြောပါတယ်။တကယ်တော့  ကျနော်တို့ ကို  ခြောက်ကြည့် တာပါ..။မကြောက်ကြပဲသူတို့ ကို သွားရင်ဆိုင်လိုက်တော့  စည်းရုံးရတာ  ပိုကောင်းသွားပါတယ်.။ဒေသခံ  ဦးပေါက်စီက  ရွာကလူငယ်တွေကို သိနေတာမို့ ချက်ချင်းပဲ  လူစုခိုင်းပြီး  ဆွေးနွေးပွဲတခု  လုပ်ဖြစ်သွားပါတယ်။

ဒီလိုမျိုး  နောက်ထပ်လည်း  မတွေ့ရတော့ ပါဘူး..။ရွာခံလူတွေကလည်း  နိုင်ငံရေး အခြေအနေအမျိုးမျိုး  လက်နက်ကိုင် အဖွဲ့အစည်း  အမျိုးမျိုးနဲ့  ဆက်ဆံလာခဲ့ကြဘူးသူတွေ  ဆိုတော့  သူတို့ နဲ့ ဆက်ဆံ၇တာ  နဲနဲ ခက်ပါတယ်။သူတို့ ဘက်က  စပြီး  အလွယ်တကူရင်းရင်းနှီးနှီး  ဆက်ဆံပြောဆိုလာဖို့ ခဲယဉ်းပါတယ်။ဒီဘက်က  စပြောမှသာ  အခြေအနေကို ကြည့်ပြီးလိုက်နင်းပါလာတတ်ပါတယ်။ဒီ စည်းရုံးရေး ခရီးမှာ  လူငယ်တွေ   အတွေ့အကြုံ အများကြီးရပါတယ်။မြို့ ပေါ်မှာစကားကြီးစကားကျယ်တွေ  အများကြီး ပြောနေတဲ့သူတွေ   ရွှေလေးနယ် သားတွေ ဆီကပညာပြန်ယူရလောက်တယ်။ကျနော်တို့ နဲ့တလမ်းလုံး  လမ်းပြအဖြစ်လိုက်ပြီးကျနော်တို့   အဖွဲ့ကိုလည်း  ယုံကြည်သူဖြစ်တဲ့ဥိးပေါက်စီတောင်..လေးငါးရက်  တွဲပြီး  သွားလာမိတော့မှ  ဗမာပြည်ကွန်မြူနစ်ပါတီကဗိုလ်ဖေငြိမ်းဖွင့် လှစ်ခဲ့တဲ့ဗဟိုဆေး ကျောင်း  ဆင်း  တယောက်ဆိုတာသိရတယ်။

တမြို့ နယ်လုံးရဲ့   မဲပေးနိုင်သူ  အရေအတွက်အရ  ဆိုရင်ဒီရွှေလေးနယ်(၁၁)အုပ်စုရဲ့  မဲဟာသိပ် အရေးမပါလှပါဘူး..။ဒါပေမယ့်   ဒီမြို့ မှာ  နိုင်ငံရေး လုပ်မယ်ဆိုရင် တော့   ရွှေလေးဒေသကို  နားလည်ထားဖို့ လိုအပ်ပါတယ်။ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။သစ်ထုတ်လုပ်ရေးလုပ်ငန်းကလည်း ကြီးကျယ်တယ်။အထူးသဖြင့်  ကျွန်းသစ်ပါ..။ရွှေလေးကြိုးဝိုင်း၊ရှားပြင်ကြိုးဝိုင်း၊ ဒေါလည်ကြိုးဝိုင်းတို့ကလည်းဒီရွှေလေး(၁၁)အုပ်စုထဲမှာပဲ  ရှိပါတယ်။ဒါ ကြောင့် အစိုးရသစ်ထုတ်လုပ်ငန်းရဲ့   စက်ကြီးစက်ငယ်၊ကားကြီးကားငယ် နဲ့ ဆင်စခန်းတွေ ရှိသလို   ၊တရားမ၀င် သစ်ခိုးအဖွဲ့တွေလည်းရှိတဲ့အရပ်ပါ..။တောင်ယာလုပ်ငန်းကလည်း  နှမ်းနဲ့ ၀ါ  အများကြီးထွက်တယ်။ခိုင်းနွားမွေးမြူရေးလုပ်ငန်းကြီးတွေ   ရှိတယ်။ဝါးမျိုးစုံ ရှိသလိုဝါးနဲ့ ပတ်သက်တဲ့မျှစ်၊၀ါးသက်ကယ်၊နှီး၊အိမ်သုံးဝါး၊အမျိုးမျိုးထွက်တယ်။ထင်းလုပ်ငန်းတွေ နဲ့ မီးသွေးလုပ်ငန်းတွေ လည်း  ရှိတယ်။ဒါကြောင့်   မြေပြန့် နဲ့ မတူတဲ့လူနေမှုပုံစံများအပြင်  ရိုးမပေါ်  ရောက်သွားလေလေတောင်ပေါ်ကရင် လူမျိုးစုတွေ နဲ့ ပါ  ဆက်ဆံရပါတယ်။နှစ်စဉ် ပြည်ထောင်စုနေ့ ပွဲများမှာ  အစိုးရက  ရန်ကုန်ကို  ဖိတ်ကြားခံရတဲ့ကရင်ကြီးတွေမို့ ရိုးရိုးအအ  ကရင်တွေလို့   မှတ်ယူလို့ မရပါ..။

Cartoon Saw Ngo - Transforming Agriculture into Corruption


ကာတွန်း စောငို - စိုက်ပျိုးရေးကိုအခြေခံ၍ ဘက်စုံ တက်စုံ …
ဇန်န၀ါရီ ၁၇၊ ၂၀၁၃

Maung Nyi Nyut - Khin One, my friend, the artist

တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ - မောင်ညီညွတ်
(ဤ ဆောင်းပါးကို Mandalay Icon မဂ္ဂဇင်း 2012 June တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။)
(ပုံ ၁ - "မောင်ညီညွတ် ၊ ပြေငြိမ်း ၊ ခင်ဝမ်း" သူငယ်ချင်း သုံးယောက်။ ဓာတ်ပုံ မျှဝေသူ - Doney MP)
လူ့ ဘဝမှာ လူငယ်ဘဝဟာ ပျော်စရာအကောင်းဆုံး၊ လူငယ် ဘဝမှာမှ ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံး၊ ကျောင်းသားဘဝမှာလည်း တက္ကသိုလ်ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံးလို့  တက္ကသိုလ်ဘုန်းနိုင်ကသူ့ ရဲ့ ဝတ္ထုတပုဒ်ထဲမှာရေးခဲ့ဖူးပါတယ်။ ဘဝမှာလူဖြစ်လာခဲ့ပြီး ကြည်နူးပျော်ပိုက်စရာ လူဖြစ်ကျိုးနပ်ရပုံကို သိသာအောင်ရေးပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာပိုဒ်ကိုမျဉ်းသားပြီး ကျွန်တော်မှတ်သားထားခဲ့လို့ မမေ့နိုင်ပါ။
၁၉၆၄ ခုနှစ်မှာ ကျွန်တော် (၁၀) တန်း အောင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရောက်ခဲ့ပါတယ်။ လူ့ ဘဝမှာ လူဖြစ်ကျိုးနပ်တဲ့ ဘဝကို ရောက်ခဲ့ပါတယ်။ တက္ကသိုလ် ရောက်တော့ အတိုင်းမသိ ပျော်ခဲ့ပါတယ်။ သူငယ်ချင်း အပေါင်းအသင်း အသစ်တွေ တိုးပွားခဲ့ပါတယ်။ ကျွန်တော့်လို စိတ်သစ်လူသစ်နဲ့ တွေ့ဆုံ ခဲ့ရတဲ့ အပေါင်းအသင်းတွေကို တွေ့ရတော့ ကျွန်တော်ပျော်မိပါတယ်။ သူငယ်ချင်း အသစ်တွေထဲမှာ ကျွန်တော့် တသက်နဲ့ တကိုယ် တခါမှမတွေ့ဖူးတဲ့ ပြည်မြို့ က လူထူးလူဆန်း ခင်ဝမ်း ဆိုသူ တယောက်လည်း ပါခဲ့ပါတယ်။ သူဟာ လူတစ်ဖတ်သားကို ပါးစပ်နဲ့ တမျိုး၊ ခြေနဲ့ လက်နဲ့ တမျိုး၊ အမျိုးမျိုး မျက်စိနောက်စရာ ကောင်းအောင် နောက်တတ်ပြောင်တတ်သူ တယောက် ဖြစ်ပါတယ်။ မျောက်တကောင်လို အငြိမ်နေတတ်သူ မဟုတ်ပါ။ အမြဲလို ပျော်ရွှင်နေတတ်သူ ဖြစ်ပါတယ်။
သူဟာတက္ကသိုလ် မရောက်ခင်က စာတွေ တော်တော်ဖတ်ခဲ့တယ်လို့ နောက်မှသိရပါတယ်။ ဇဝန ရဲ့ "ကောလိပ်ကျောင်းသား"၊ "ကောလိပ်ဂျပိုး" စတဲ့ ဝတ္ထုတွေကို ဖတ်ခဲ့ရလို့ တက္ကသိုလ်ရောက်ရင် လွတ်လပ် ပျော်ရွှင်စွာ နေတတ်၊ ထိုင်တတ် ရမယ်လို့ သိထားသူဖြစ်ပါတယ်။ သူ့ မှာ အကြောက်အလန့် လည်းမရှိပါ။  သူတက္ကသိုလ်ရောက်လာတာဟာ စူဠလိပ် ရေထဲကို လွှတ်လိုက်သလိုပါပဲ။
သူဟာ ရွှေဘိုဆောင်မှာနေပါတယ်။ သူနဲ့ သိကျွမ်းပြီး သူ့ အခန်းကိုရောက်တော့ ဂီတာတလက် အခန်းမှာချိတ်ထားတာ တွေ့ရပါတယ်။ ဂစ်တာတီးတာ သူဝါသနာ တော်တော်ပါ ပါတယ်။ ကျွန်တော်က သီချင်းဆိုတာ ဝါသနာပါသူ ဖြစ်တော့ သူနဲ့ ကျွန်တော်ဟာ ပုလင်းတူဗူးဆို့ ဖြစ်သွားပါတော့တယ်။ ကျွန်တော်တို့ တက္ကသိုလ် ရောက်စမှာ မောင်မောင်ကြီးရဲ့ "ရွှေညာဆီသွားမယ်" သီချင်းဟာ ကျော်ကြားပါတယ်။ ကျွန်တော်က"ရွှေညာဆီသွားမယ်"ကိုဆို သူကဂီတာတီး သူငယ်ချင်းတွေက လိုက်ဆိုကြနဲ့ သူအခန်းထဲမှာ ပျော်ပါးခဲ့ကြတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစုဟာ (၇) ယောက်/ (၈) ယောက် လောက်ရှိပါတယ်။ ဘယ်သွားသွား တစုတဝေးကြီးပါပဲ။ ဦးချစ်ဆိုင် ထိုင်ရင်လည်း အတူတူ၊ ရုပ်ရှင်ကြည့်ရင်လည်း အတူ၊ သိပ္ပံစာသင်ခန်းတွေရဲ့ "S-1" ရှေ့က "S-Zero" လို့ ကျွန်တော်တို့ ခေါ်တဲ့ မြောင်းနှုတ်ခမ်းပေါ်မှာ ထိုင်ကြရင်လည်း ကျွန်တော်တို့ တစု အတူတူပါပဲ။
ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ စာပေမြတ်နိုးကြသူတွေများပါတယ်။ စာတွေဖတ်ကြပါတယ်။ တနေ့မှာ စာရေးဆရာကြီးတွေ ဖြစ်ရမယ်လို့ အချင်းချင်း တိုင်ပင်မထားဘဲ ရည်ရွယ်ချက်တွေ တူခဲ့ကြလို့ ကျွန်တော်တို့ ခင်မင်မှုတွေဟာ ခိုင်မြဲခဲ့ပါတယ်။ ဝတ္ထုတွေ ကဗျာတွေကို မဖတ်ဘဲ ဖတ်ရကောင်းမှန်းမသိသူတွေကို ကျွန်တော်တို့ သူငယ်ချင်းတစုက အထင်သေးပြီး လှောင်ပြောင်ကဲ့ရဲ့ ကြပါတယ်။ ဒီအထဲမှာ ခင်ဝမ်းက အဆိုးဆုံးပါပဲ။ အလှောင်ခံရသူ မျက်နှာနီရဲပြီး အရှက်ရတဲ့အထိ သူကလှောင်ပြောင်ပြောဆိုပါတယ်။ နလပိန်းတုံး တယောက်ဖြစ်သွားအောင် သူကပြောပစ်လိုက်ပါတယ်။ ဒါ့ကြောင့် သူ့ကို တခြားသူတွေက မျက်နှာကြော မတည့်ကြပါ။
ဂစ်တာတီးတာ၊ စာဖတ်တာ ဝါသနာပါတဲ့အပြင် ကျွန်တော်တို့ သူငယ်ချင်းတစုထဲမှာ သူဟာ ပုံဆွဲတာကိုလည်း တော်တော်ဝါသနာပါခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပုံတူကို ဆွဲရတာ သူတော်တော်လက်တွေ့ ပါတယ်။ အမြဲလိုလိုပဲ ဆွဲပါတယ်။ မကြည့်ဘဲနဲ့ လည်း ဆွဲတတ်ပါတယ်။ တခါက ပုဂံစာအုပ်တိုက် ကိုချော က တိုက်စိုးရဲ့ "မင်းတုန်းမင်း " စာအုပ် အဖုံးပုံသူ့ ကို အပ်ပါတယ်။ သူက လွယ်လွယ်ကူကူပဲ ကျွန်တော့်ပုံကို ဆွဲပြီး မင်းမြောက်တန်ဆာ တပ်ပေးလိုက်ပါတယ်။ ပုံပြီးသွားတော့ ကိုချောက ဒီပုံဘယ်ကရတာလဲ လို့ မေးပါတယ်။ သူက မင်းတုန်းမင်း နဲ့ တူတဲ့ သူငယ်ချင်းတယောက် သူ့ မှာ ရှိလို့ အဲဒီ သူငယ်ချင်းပုံကို ဆွဲလိုက်တာလို့ ပြောပါတယ်။ ရည်စားနဲ့ တွေ့ တဲ့ အချိန်မှာတောင် အချိန်ရရင်ရသလို ကျွန်တော့် ပုံကို ဆွဲပါတယ်။ သူ့ရည်းစား ခင်လေးမြင့် ကို သူ့ သူငယ်ချင်း လို့ ပြတော့ ဖဲချပ်ထဲက ကုလားကြီး လို့ ပြောပါတယ်။

(ပုံ ၂ - ခင်ဝမ်း ရေးဆွဲခဲ့သည့် ပုဂံစာအုပ်တိုက် ပ-ကြိမ်ထုတ်၊ တိုက်စိုး ၏ "မင်းတုန်းမင်း" စာအုပ် မျက်နှာဖုံး။ ဓာတ်ပုံ မျှဝေသူ - Doney MP)
နိုင်ငံခြားကထုတ်တဲ့ မဂ္ဂဇင်းတွေ၊ စာစောင်တွေကိုလည်း သူဖတ်ပါတယ်။ "Soviet Literature" တို့ ၊ "Chinese Literature" တို့ ကိုအမြဲပဲ ဖတ်ပါတယ်။ အဲဒီ မဂ္ဂဇင်းတွေထဲမှာ ပါတဲ့ "Wood Cut" သစ်ထွင်းပန်းချီ တွေကို သူစိတ်ဝင်စားပါတယ်။ လိုက်လံပြီး ကြိုးစားပမ်းစား ဆွဲပါတယ်။ စာရွက်ပေါ်မှာ ဆွဲရတာမဟုတ်ဘဲ သစ်သားပျဉ်ချပ်ပေါ်မှာ ဆွဲပြီး ပုံကိုဓားနဲ့ ထွင်း ယူရပါတယ်။ နောက်မှ ပုံနှိပ်မင်သုတ်ပြီး စာရွက်ပေါ်မှာ နှိပ်ယူကူးရပါတယ်။ ပုံတပုံရဖို့ အတွက် ခက်ခက်ခဲခဲနဲ့ လုပ်ယူရပါတယ်။ ဘလောက်တုံး လုပ်သလို သဘောမျိုး ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အလုပ်ကို အပင်ပန်းခံပြီး ရအောင် သူလုပ်ပါတယ်။ ကျွန်တော့်ပုံကို သစ်ထွင်းပန်းချီနဲ့ အမှတ်တရ သူလုပ်ပေးခဲ့ဖူးပါတယ်။

(ပုံ ၃ - ခင်ဝမ်း ရေးဆွဲခဲ့သည့် ဆောင်းပါးရှင် မောင်ညီညွတ် ၏ ပုံတူ သစ်ထွင်း ပန်းချီ။ ဓာတ်ပုံ မျှဝေသူ - Doney MP)
သူငယ်ချင်းတယောက် ဒဿနိကဗေဒ မဂ္ဂဇင်း အတွက် သရုပ်ဖော်ပုံတွေ သူ့ ကို အပ်တော့ ကိုအောင်ရင် လက်ဖက်ရည် ဆိုင်မှာပဲ ဘာမှ ခက်ခဲမှု မရှိပါဘဲ စားပွဲခုံပေါ်က ဆေးလိပ်ပြာတွေ၊ ဖိတ်ကျနေတဲ့ လက်ဖက်ရည်တွေနဲ့  ပုံကိုရအောင် ချက်ချင်းပဲ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖြစ်တဲ့ နည်းနဲ့ပဲ သူ လုပ်ပေး နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဇဝန ဉာဏ်ကို အံ့မခန်းတွေ့ ခဲ့ရပါတယ်။ ကျွန်တော်တို့ မေဂျာက နံရံကပ်စာစောင် လုပ်တော့ သူက ပန်းချီတာဝန်ခံ ဖြစ်ပါတယ်။ ကာတွန်းတွေကိုလည်း သူဆွဲခဲ့ပါသေးတယ်။ သူ့ ကာတွန်း လက်ရာတွေက ထူးခြားကောင်းမွန်ပါတယ်။ ဟာသ ဉာဏ်ထူးကဲပြီး လှောင်တတ် ပြောင်တတ်သူ ဖြစ်လို့ သူ့ရဲ့ ကာတွန်း ပုံတွေ ကောင်းပါတယ်။ ကျွန်တော်တို့ က သူ့ ကို ကာတွန်းဆရာ လုပ်ဖို့ တိုက်တွန်း ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူကမလုပ်ပါ ဘယ်လိုကြောင့်မှန်းမသိပါ။
သူငယ်ချင်းတွေထဲမှာ ကျွန်တော့်ကို သူတော်တော်ခင်ပါတယ်။ တခါတော့ သူ့ အခန်းထဲမှာ ကျွန်တော့်ကို အိမ်မပြန်ဘဲ အိပ်ဖို့ ပြောပါတယ်။ ကျွန်တော်က မအိပ်ရဲဘဲ ငြင်းတော့ သူက ဘားမှ ကြောက်စရာမလိုပါဘူးကွ လို့ သူ့ရဲ့ ထုံးစံအတိုင်းပဲ ပြောပါတယ်။ အဲဒီညက အင်းလျားဆောင်ရှေ့မှာ ကျွန်တော်တို့ သီချင်းသွားဆို ကြပါတယ်။ တက္ကသိုလ် အဆောင်ကနေ ကျောင်းသား တယောက်ရဲ့ အတွေ့ အကြုံကို ထူးထူးခြားခြားပဲ သူ့ကြာင့် ကျွန်တော် ရရှိခဲ့ပါတယ်။ တက္ကသိုလ်ဘုန်းနိုင် ရေးခဲ့သလို လူဖြစ်ကျိုးနပ်တဲ့ ဘဝကို ကြုံခဲ့ရပါတယ်။
မနက်ဖက် ကျောင်းမတက်ခင်မှာလည်း သူ့အခန်းကို ကျွန်တော်ဝင်နှိုးမှ သူအိပ်ယာထပါတယ်။ တခါတလေ အဆောင်ထမင်းကို သူမစားဘဲ ကျွန်တော့်ကို သွားစားခိုင်း ပါသေးတယ်။ ကျွန်တော့်မှာ အဆောင်နေ ကျောင်းသား တယောက်ရဲ့ အတွေ့ အကြုံတွေ သူနဲ့ ပေါင်းလို့ တော်တော်ပဲ ရခဲ့ပါတယ်။
"စိတ္တဇပန်းချီ" စာအုပ် ရေးနေချိန်မှာတော့ ခင်ဝမ်းဟာ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ် ပါပဲ။ ဘာကိုမှ စိတ်မဝင်စားတော့ပါ။ သူရေးပြီးသမျှတွေကိုလည်း သူငယ်ချင်းတွေကို စိတ်ဝင်စားအောင် မမောမပန်း ပြောပြပါတယ်။
"စိတ္တဇပန်းချီ" ကို ရေးနေတုန်းမှာပဲ ကျွန်တော့် ကဗျာစာအုပ်ကို သူထုတ်ပေးမယ်ဆိုပြီး ကျွန်တော့်ကဗျာတွေ စုခိုင်းပါတယ်။ သူ့ရဲ့ "စိတ္တဇပန်းချီ" စာအုပ်အဖွင့် မှာလည်း ကဗျာတပုဒ် ထည့်မယ်ဆိုပြီး ကျွန်တော့်ကို ရေးခိုင်းပါတယ်။ သူ့ စာအုပ် အဖွင့်မှာ ကဗျာထည့်ဖို့ သူ့ရဲ့ စိတ်ကူးဟာ တော်တော်ကောင်းပြီး ဆန်းသစ်ပါတယ်။
ခင်ဝမ်းဟာ ကဗျာတွေကိုလည်း တော်တော် ဖတ်ပါတယ်။ စွဲမက်ပြီး တန်ဖိုးထားတတ်သူ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာပြန် "အိုမာခယမ် ရဲ့ ရုဘိယတ် (Rubaiyat of Omar Khayyam)" ထဲပါတဲ့ ကဗျာတချို့ကို အလွတ်တောင် ရပါတယ်။
၁၉၇၁ ခုနှစ် နှစ်ဦးမှာ ကျွန်တော့်ရဲ့ "ဝိရောဓိအရုဏ်" နဲ့ သူ့ ရဲ့ "စိတ္တဇပန်းချီ" တို့ ပြိုင်တူလိုပဲ ထွက်ခဲ့ပါတယ်။ ကျွန်တော့် ဘဝမှာ ပထမဆုံး ထုတ်ဝေသူ ဖြစ်ခဲ့တဲ့ ခင်ဝမ်းကို ကျွန်တော် တသက်လုံး မမေ့နိုင်ပါ။ နှစ်ယောက်စလုံး စိတ်တူ ကိုယ်တူ၊ တက်တက်ကြွကြွနဲ့ နေခဲ့တဲ့ တက္ကသိုလ် ကျောင်းသားဘဝ ကိုလည်း မမေ့နိုင်ပါ။ သူ့ရဲ့ "စိတ္တဇပန်းချီ" စာအုပ် အောင်မြင်ခဲ့ပါတယ်။
နိုင်ငံခြားက ထုတ်တဲ့ ကမ္ဘာ့ပန်းချီ စာအုပ်တွေကို အကုန်လုံးလိုလို ဝါးစားပစ်သလို ခင်ဝမ်းဖတ်ခဲ့ပါတယ်။ ပန်းချီပညာကို ဆရာမရှိဘဲ "Self-Taught" နဲ့ တဖက်ကမ်းခတ် တတ်မြောက်ခဲ့တာ ကျွန်တော့်မျက်မြင်ပဲ ဖြစ်ပါတယ်။
[ ပြန်လည်မျှဝေသူ "ငြိမ်းချမ်းအေး" ၏ မှတ်ချက် - ခင်ဝမ်းသည် "စိတ္တဇပန်းချီ" စာအုပ် ရေးအပြီး သူစတင် ပန်းချီဆွဲချိန်မှာ သူ ဝါးစားသလို ဖတ်ခဲ့သည့် ကမ္ဘာ့ပန်းချီ စာအုပ်တွေက သူ့ဖန်တီးမှုအပေါ် လွှမ်းမိုးမလာစေဖို့ရာအတွက် သူပိုင် ကမ္ဘာ့ပန်းချီ စာအုပ် အကုန် ရောင်းထုတ်ပစ်ခဲ့သည် ဟူ၍ မှတ်သားဖူးပါသည်။ ]
၁၉၇၂ ခု မှာ"မျက်နှာစိမ်း"အမည်နဲ့ တကိုယ်တော် ပန်းချီ ပြပွဲ လုပ်ခဲ့ပါတယ်။ ၁၉၇၃ ခု မှာ "မြားဘုရင်" တကိုယ်တော် ပန်းချီ ပြပွဲလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ "Not for Sale" လို့ စာကပ်ထားတဲ့ သူ့ဇနီး ခင်လေးမြင့် ရဲ့ ပုံတူဟာ ခင်ဝမ်းရဲ့ အကောင်းဆုံး "Fine Art" တခုပါပဲ။ သူဂျပန်ကို သွားလိုက်ပါသေးတယ်။ သိပ်မကြာဘဲ ပြန်ရောက်လာပါတယ်။
အဲဒီနောက်မှာတော့ သူသီချင်းဆိုပါတယ်။ စာတွေတော်တော် ဖတ်ထားလို့ ကိုယ်တိုင်ပဲ သီချင်းတွေရေးနိုင်ခဲ့ပါတယ်။ တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ လူငယ်တွေကြိုက်ကြပါတယ်။ အောင်မြင်ခဲ့တဲ့ သူ့သီချင်းတွေ အများကြီးကျန်ခဲ့ပါတယ်။ သူ့ရဲ့ "ဆယ်လ်မွန် ငါးတို့ အပြန်" ကို မြန်မာပြည်က "Rock" အဆိုတော်ကြီး ဇော်ဝင်းထွဋ် ကိုယ်တိုင် နှုတ်က ဖွင့်ဟပြီး ချီးကျူးခဲ့တာ ရန်ကုန်FM ထဲမှာ ကြားခဲ့ပါတယ်။
ကမ္ဘာ့စာပေကိုလည်း ခင်ဝမ်းနှံ့ စပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဘယ်သူမှ မသိကြသေးခင် ကမ္ဘာ့စာပေလောကမှာ "Existentialism" ဝါဒနဲ့ ကျော်ကြားနေတဲ့ ပြင်သစ်စာရေးဆရာ ကမူးရဲ့ "Exile and Kingdom" ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထဲပါခဲ့တဲ့ "The Guest" ကို ၁၉၇၁ ခုနှစ်က မိုးဝေ မဂ္ဂဇင်းမှာ ခင်ဝမ်း ဘာသာပြန်ဆိုခဲ့ပါတယ်။ သူ့ရဲ့မင်ခြစ်လက်ရာနဲ့ သရုပ်ဖော် ပုံကိုလည်း ရေးဆွဲခဲ့ပါတယ်။ ကမူးရဲ့ ဝတ္ထုကို မြန်မာစာပေလောကမှာ ဦးဆုံးဘာသာ ပြန်ဖြစ်ပါတယ်။
ပန်းချီပညာဘက်မှာ မျိုး စုံတတ်ကျွမ်းခဲ့သူဖြစ်ပါတယ်။ သစ်ထွင်းပန်းချီကို သူဆွဲပြနိုင်ခဲ့တာကိုလည်း ဖော်ပြလိုက်ပါတယ်။ ပန်းချီစွယ်စုံတော်ခဲ့တဲ့ သူငယ်ချင်းခင်ဝမ်း သူ့ရဲ့ သီချင်းတွေ ဘယ်လောက်ပဲ လူကြိုက်များများ ကျွန်တော်ကတော့သူ့ကို အဆိုတော် တယောက်လို့ မသတ်မှတ်ချင်ပါ။ သူ့ကို ထူးကဲရှားပါးတဲ့ မြန်မာပန်းချီကျော် တယောက်အဖြစ်နဲ့ပဲ သတ်မှတ်ထားချင်ပါတယ်။
လူဖြစ်ကျိုးနပ်ခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ် တက္ကသိုလ်ကျောင်းသားဘဝမှာ ညီအစ်ကိုအရင်းလို အတူတူလက်တွဲပြီး ခင်မင်၊ ပျော်ပါးခဲ့ရတဲ့ သူငယ်ချင်း ခင်ဝမ်းကို ကွယ်လွန်ခဲ့တာဘယ်လောက်ပဲကြာကြာ ကျွန်တော် တသက် မမေ့နိုင်ပါ။ တဖြည်းဖြည်း နှစ် (၁၀၀) ပြည့်ဖို့ နီးလာတဲ့ "အမိတက္ကသိုလ်" ကြီးကို သတိရသလို "ခင်ဝမ်း" ကိုလည်းမမေ့နိုင်ပါ။
မောင်ညီညွတ်
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ လ၊  ၃ ရက်နေ့ တွင် (၁၃) နှစ် ပြည့်မည့် ခင်ဝမ်းကွယ်လွန်ခြင်း နှစ်ပတ်လည် အတွက် ယခု ဆောင်းပါးအား မိုးမခ စာဖတ်သူများ ဖတ်ရှုနိုင်ရန် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
ဤ ဆောင်းပါးကို "Doney MP" က Facebook – Khin One Fan Club တွင် မူရင်း မျှဝေသည်။ ဤ ဆောင်းပါး နှင့် ခင်ဝမ်း ရေးဆွဲခဲ့သည့် တိုက်စိုး "မင်းတုန်းမင်း" စာအုပ်အဖုံးပန်းချီ၊ မောင်ညီညွတ် ပုံတူ သစ်ထွင်း ပန်းချီ နှင့် ခင်ဝမ်း၊ မောင်ညီညွတ်၊ ပြေငြိမ်း သူငယ်ချင်း သုံးယောက် ဓာတ်ပုံ များကို  မျှဝေပေးခဲ့သည့် "Doney MP" ကို အထူး ကျေးဇူးတင်ပါသည်။
ကဗျာဆရာ/တေးရေးဆရာ သိဒ္ဓတ္ထလှိုင် (သုခမိန်လှိုင်) နှင့် ဦးမျိုးမြတ်သူ တို့ "မန္တလေး FM" ၏ "ကျွန်တော်တို့ နေ့များအကြောင်း" ဆွေးနွေးခန်းတွင် "ခင်ဝမ်း" အကြောင်း ပြောပြချက်များကိုလည်း အောက်ပါ အင်တာနက်စာမျက်နှာများ တွင် နားဆင်နိုင်ပါသည။
https://soundcloud.com/moetharr/vkb9txuniqik (ခင်ဝမ်း - ပ)
https://soundcloud.com/moetharr/lulqa3jmnrgq (ခင်ဝမ်း - ဒု)
ခင်ဝမ်း ၏ ပန်းချီ၊ စာပေ၊ ဂီတ ပရိတ်သတ်များ၊ ခေတ်ပြိုင် အနုပညာရှင် များ နှင့် ရင်ဘတ်ချင်းတူ မိတ်ဆွေများ အားလုံးကို ခင်ဝမ်း နှင့် ပတ်သက်သမျှ အမှတ်တရ များ လာရောက်၊ ဆွေးနွေး၊ ဝေမျှ၊ လွမ်းဆွတ် ရန် ခင်ဝမ်းချစ်သူများ ဖေ့စ်ဘုတ်စာမျက်နှာ "Khin One Fan Club" မှ ဖိတ်ခေါ်ပါသည်။
ငြိမ်းချမ်းအေး
၁၄ ၊ ဇန္နဝါရီလ ၊ ၂၀၁၃

2 regime's minister quit from Thein Sein Cabinet

ပြည်ထောင်စု ၀န်ကြီးနှစ်ဦး နှုတ်ထွက်ခွင့်ပြု 

ဇန်န၀ါရီ ၁၆၊ ၂၀၁၃၊ YPI (facebook)


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဋ္ဌာန ၀န်ကြီး နှင့် သာသနာရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးအား နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

နှုတ်ထွက်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယခုလဆန်းပိုင်းတွင် ရောင်းချမည်ဟု ကြေညာထားသည့် မိုဘိုင်းဆင်းကတ်များ ဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်၍

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း မဆောင်ရွက်နိုင်သည့်အချက်နှင့် ဆက်စပ်နေသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနမှ ဆင်းကတ်များကို ကျပ် ၁ သိန်းဝန်းကျင်ဖြင့် ရောင်းချမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေစဉ်တွင် သမ္မတဦးသိန်းစိန်က ယင်းဈေးနှုန်းထက် သိသာစွာလျော့ပြီး ရောင်းချရန် ညွှန်ကြားခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများအား နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းမှာ အစိုးရသစ်တက်လာပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ယခင်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းနှင့် ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်တို့ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရာတွင် လိုက်ပါနိုင်ခြင်း မရှိသူများအား ချန်ထားခဲ့ရမည်ဟု သမ္မတဦးသိန်းစိန်က ယမန်နှစ်က ပြောကြားသည့် မိန့်ခွန်းတွင် ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။ ။

News and Media

ရွှေတွံတေးဆရာတော် ငြိမ်းချမ်းပါစေ ကမ္ဘာမြေ နိုင်/ချုပ် စာအုပ်ရောင်းပွဲသို့ကြွရောက်
ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၁၆၊ ၂၀၁၃


နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်(နိုင်/ချုပ်) ကပြုလုပ်သော စာအုပ်ရောင်းပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်တွင် (15.1.2013 မှ 18.1.2013) နေ့ထိ ကျင်းပရာရွှေတွံတေးဆရာတော်နှင့် နိုင်ငံခြားသား ရဟန်းတော်များဧည့်သည်တော်များလဲကြွရောက်ခဲ့ကြသည်။ နိုင်/ချုပ် စာအုပ်ရောင်းပွဲမှရရှိသော အမြတ်ငွေကို ကချင်ဒုက္ခသည်များနှင့် မိဘမဲ့ခလေးများ ပညာရေးအတွက်ထောက်ပံ့မည်ဖြစ်ရာ
 ရွှေတွံတေးဆရာတော်နှင့် ဧည့်သည်များက အလျူငွေများပေးအပ်ခဲ့သည်။







နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်  ဦးဝင်းတင်ဖောင်ဒေးရှင်းနှင့် နိုင်/ချုပ်တို့သည် ဒုက္ခ သည်များနှင့် ခက်ခဲရင်ဆိုင်နေရသူများအကျဉ်းစံများကို ကူညီစောင့်ရှောက်ပေးနေကြသည်။

ရွှေတွံတေးဆရာတော်က "ဒီအဖွဲ့တွေ ရည်ရွှယ်ချက်ကောင်းလို့ အားပေးတာပါ။ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေအားလုံးကိုလဲ ချက်ချင်းလွှတ်ပေးစေချင်တယ်။ ကချင်ဒေသမှာလဲ စစ်ပွဲတွေ ချက်ချင်းရပ်စေချင်တယ်။ အင်အားကြီး ပါဝါကြီးတဲ့သူက သဘောထားကြီးပေး လိုက်ရင် ငြိမ်းချမ်းသွားမှာပဲ။ ဆရာတော်ကိုယ်တိုင်က ငြိမ်းချမ်းပါစေလို့ ပြောနေကြမို့ အခုကျင်းပတဲ့ ငြိမ်းချမ်းပါစေ ကမ္ဘာမြေ စာအုပ်ရောင်း ပွဲကို ကြွဖြစ်တာပါ" စသည်ဖြစ်မိန့်ကြားပါသည်။

Virus

ဗိုင်းရပ်စ်
မြတ်သောခေတ်
ဒီဇင်ဘာ ၁၆၊ ၂၀၁၃

မြတ်သောခေတ် ရေးသားသည့် ဤ၀တ္ထုတိုမှာ ပြီးခဲ့သည့်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ပါရှိခဲ့သော ၀တ္ထုတို ဖြစ်သည်။ဤ၀တ္ထုတိုနှင့် ပတ်သက်ပြီး  အလင်းတန်းဂျာနယ်တွင် ဝေဖန်သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို တွေ့ရသည်။  
ဝေဖန်သုံးသပ်ချက် 
စာမျက်နှာ ၁ စာမျက်နှာ ၂ 


-------------------------------------------------------------
ရှေ့တည့်တည့်ရှိ မော်နီတာကို ငေးစိုက်၍ ကြည့် နေသော ရောဘတ် စိတ်တို့ ဂနာ မငြိမ် ဖြစ်နေ၏။

ချောမော လှပ၍ စွဲမက်ဖွယ် ခန္ဓာကိုယ် အချိုးအဆစ် နှင့် သူ မတူအောင် လှချင်တိုင်း လှနေသော မိန်းမပျိုလေးတစ်ဦးကလည်း မော်နီတာ ဖန်သားပြင်က တစ်ဆင့် ရောဘတ်ကို ခပ်တွေတွေ ပြန်ကြည့်နေသယောင် ထင်ရသည်။ ထိုမိန်းမပျိုကား တခြား မဟုတ်။

TUESDAY, JANUARY 15, 2013

Letter to NLD (Hinthada) Conference


(ဟင်္သာတ(ဧရာဝတီတိုင်း) ဇန်န၀ါရီ ၁၂၊ ၂၀၁၂ )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအဆင့်ဆင့် အောင်မြင်စွာကျင်းပနိုင်ရေးသို့ 
ဘက်မလိုက်နိုင်ငံရေးအဖွဲ့ (ဧရာဝတီတိုင်း)  ၁၅/၁/၂၀၁၃ (စာ - ၂) ဆ/ရ
ဇန်န၀ါရီ ၁၆၊ ၂၀၁၃
ဟင်္သာတမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အထူးတင်ပြစာ
ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည်ကားမှန်ပါ၏။ သို့သော် ပြည်သူများ လွတ်လပ်ရေး၏ အသီးအပွင့်များကို အပြည့်အဝ ခံစားရပါသလား။ အဖြေကား ရှင်းပါ၏။ မရပါ။ တိုင်းတစ်ပါး၏ ကျွန်ပြုမှုအောက်မှ လွတ်မြောက်ပြီး (၁၀) နှစ် ကြာသောအခါ စစ်အာဏာရှင်အောက် (၂) နှစ် ခန့် ရောက်ခဲ့ ပြီးနောက် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ အာဏာသိမ်းစစ်အစိုးအောက်တွင် ပြည်သူများ ဒုက္ခအပေါင်းကို ခါးစီးခံခဲ့ရပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ (မဆလ) အာဏာရှင် အစိုးရအောက်တွင် ပြည်သူများ လွတ်လပ်ခွင့်အားလုံး ဆုံးရှုံးခဲ့ရလေသည်။ တိုင်းပြည်လည်း အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ (ဖိနှိပ်မှုအားလုံးတွင် တန်ပြန် သက်ရောက်မှုရှိသည်)
၁၉၈၈ ခုနှစ်တွင် ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အံမခမ်းနှိုင်အောင် ပေါ်ပေါက်လာကာ တစ်ပါတီအာဏာရှင်စနစ်သည်လည်း ချုပ်ငြိမ်းခဲ့ရေပေတာ့သည်။ သို့ သော် စစ်အာဏာရှင်တို့၏
ချယ်လှယ်စိုးမိုးမှုအောက်သို့  ရောက်ခဲ့ရပြန်လေသည်။ ပါတီစုံစနစ်ဟုဆိုကာ လမ်းခင်းပေး၏။ ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးပြန်၏။သို့သော် အနိုင်ရပါတီကို အာဏာမလွှဲဘဲ သူတို့ ပါဝါသာ မြဲလေသည်။
ဤသို့ဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီကြီး ဖြစ်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည်   စစ်အာဏာရင်တို့၏  ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးအောက်တွင် လူးကာလွန့်ကာဖြင့် မပြိုမလဲရုံတမယ် ကြံ့ ကြံ့ ခံကာ ရပ်တည်ခဲ့ရသည်မှာ ရာစုနှစ် လေးပုံတစ်ပုံနီးပါး ကြာမြင့်ခဲရပေသည်။ အသက်များစွာနှင့် ဘဝများစွာ ပေးဆပ်ခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာမရခဲ့သော်လည်း ပြည်သူ့တို၏ မေတ္တာနှင့် ဂရုဏာကိုတော့ အပြည့်အ၀ ရခဲ့ပေသည်။ အနှစ်၂၄ နှစ်ကျော် ကြာသည်အထိ အဖွဲ့ချုပ် မြို့ နယ်ရုံးများကို မပြိုမလဲအောင် စောင့်ရှောင့်ခဲ့ကြသည့် မြို့ နယ်စည်းရုံးရေးအဖွဲ့ ဦးဆောင် ဦးရွက်ပြုသူများကို အထူးလေးစားပါကြောင်း၊ ဤစာ၌ ထည့်သွင်းဖေါ်ပြ အပ်ပါသည်။
၂၀၁၂ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှန်းပြည့်နီးပါး အနိုင်ရရှိခဲ့သည့်အဖွဲ့ ချုပ်သည် ၂၀၁၅ တွင် အာဏာရပါတီဖြစ်ရန်မှာ အထူးအရေးကြီးသော အခန်း ကဏ္ဍတခု ဖြစ်ပေသည်။ မည်သည့်နိုင်ငံတွင်မဆို အာဏာရပါတီသည် ပြည်သူကိုဦးဆောင် ဦးရွက်ပြုရန် တာဝန်ရှိပေသည်။ မိမိတို့၏ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရန်မှာ အာဏာရပါတီအပေါ်တွင် များစွာ မူတည်နေသာကြောင့် ပါတီခေါင်းဆောင်များ အရည်အချင်းပြည့်ဝရန်၊ (သို့မဟုတ်) အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်ပေးရန်မှာ ရွေးချယ်ပေးလိုက်သူများ၏အရေးအကြီးဆုံးတာဝန်ဟု ဆိုပါက မမှားနိုင်ပါ။ ပါတီညီလာခံ အဆင့်ဆင့်အတွက် ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ညံ့ဖျင်းသောသူများကို မရွေးချယ်မိစေဖို့ လိုပါသည်။
အချို့ ဒေသများတွင် မိမိ(သို့ မဟုတ်) မိမိအလိုရှိသော
သူများ ရွေးချယ်ခံရရေးအတွက် အခြားညီလာခံကိုယ်စားများကို နှိမ့်ချ ပြောဆိုနေခြင်းသည် လုံးဝမဖြစ်သင့်သည့် ကိစ္စဖြစ်ပေသည်။
ထိုသို့  ပြောဆိုနေသူများသည်
(၁) မိမိ၏ ညံ့ဖျင်းမှု
(၂) နိုင်ငံရေးသ၀န်တိုမှု
(၃) ဒီမိုကရေစီ၏ အနှစ်သာရကို သဘောမပေါက်မှု
(၄) ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးစည်းမျဉ်း စည်းကမ်းများကို မလေ့လာမှု
(၅) လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေမှု
(၆) အာဏာရှင်ဆန်နေမှုကို မသိမြင်မှု
(၇) အဖွဲ့ ချုပ်ဥက္ကဋ္ဌ၏ သဘောထားနှင့် ဆန့်ကျင်နေမှု
(၈) တရားမျှတစွာ ယှဉ်ပြိုင်ခြင်းကို မလေးစားမှု
(၉) ပါတီအတွင်း စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေမှု
(၁၀) အသရေပျက်စေမှု
စသည့် မိမိတို့၏ ချို့ယွင်းချက်ပေါင်းများစွာကို ဖေါ်ပြရာရောက်နေပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ တစ်ခါမှ  ဗဟိုညီလာခံ ကျင်းပနှိုင်ခြင်း မရှိခဲ့ချေ။ ဖေဖ်ါဝါရီလအတွင်း ကျင်းပရန်ရှိကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုလျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် အချိန်က အကိုင်းအခက်စုံလင်ပြီး ပြည်သူတို့အတွက် အေးမြသာယာသော အရိပ်အာဝါသကို ပေးနိုင်နေသည့်အချိန်ရောက်ခါမှ အကိုင်းကြီး၊ အကိုင်းငယ်၊ အခက်ကြီး၊ အခက်ငယ် အားလုံးကို ခုတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။  ယခုအချိန်တွင် ထွက်ခါစ အကိုင်းနု၊ အခက်နုတို့ ဖြင့် ဝေဖြာကာစ အချိန်ဖြစ်ပေသည်။ ထိုအချိန်တွင် မိမိအကိုင်းအခက်ကို မိမိကိုယ်တိုင် မချိုးမိစေဘို့  အထူးအရေးကြီးပေသည်။
ဆိုလိုသည်မှာ မူဝါဒက ပြဿနာမဖြစ်ပါဘဲ၊ လူအချင်းချင်း မိမိတို့အဖွဲ့ဝင် ညီအစ်ကိုအချင်းချင်း ပြဿနာဖြစ်နေပါက တစ်ဖက်ပြိုင်ဖက်များအတွက် အားဖြည့်ပေးရာ ကျပါလိမ့်မည်။ ဤအချက်ကို အထူးသတိမူကြရန်လိုအပ်ပါသည်။ ပြည်သူအတွက် တည်ဆောက်ထားသောပါတီတစ်ခုသည် ပြည်သူ့အကျိုးအတွက်ကိုသာ ဦးထိပ်ထား၍ စည်းရုံးလှုပ်ရှားရမည် ဖြစ်ပါသည်။ မိမိကိုယ်ကျိုးအတွက် ရှေ့တန်းတင် မစည်းရုံးသင့်ပါ။ ပါတီသည် ပြည်သူ့အတွက် ဖြစ်ရမည်။  ပြည်သူအားလုံး၏အကျိုးကိုသာ ရှေ့တန်းတင် ရပါမည်။ အမျိုးသားဒီမီုကရေစီအဖွဲ့ ချုပ်ပါတီဝင်
တိုင်း ကိုယ်ကျိုးမျှော်နိုင်ငံရေးသမား မဟုတ်ကြဘဲ ကိုယ်ကျိုးစွန့် နိုင်ငံရေးးသမားများသာ ဖြစ်သင့်ပါသည်။ ဖြစ်လည်း ဖြစ်စေလိုပါသည်။
ကျွန်ုပ်တို့ ဘက်မလိုက်နိုင်ငံရေးအဖွဲ့  (ဧရာဝတီတိုင်း)သည်  ၉/၁/၂၀၁၃ ရက်စွဲဖြင့် ဟင်္သာတမြိုနယ် အမျိုသားဒီမီုကရေစီအဖွဲ့ချုပ်မြို့ နယ်ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်၎င်း၊ လူကောင်းလူတော်များ ရွေးချယ် တင်မြှောက်နှိုင်ရေးအတွက်၎င်း၊ အကြံပြုချက်သဘောထားဆောင်သည့် စာတစ်စောင်ကို ပြုစုရေးသားတင်ပြပြီး ဖြစ်ပါသည်။ ယခုစာမှာ ဒုတိယအကြိမ် ရေးသားပြုစုတင်ပြထားသည့် စာဖြစ်ပါသည်။ ပထမစာတွင် ပါရှိသည့် (ရွေးချယ်ခံထိုက်သူများ၏ ကိုယ်ရေးရာဇ၀င်များကို တောင်းခံတင်ပြပါမည်)။ အကြာင်းအရာအတွက် ၄င်းတို၏ ခွင့်ပြုချက်လိုအပ်ပါသဖြင့် ကြန့်ကြာနေမှုကို နားလည်ခွင့်လွှတ်ပါရန် အနုးအညွတ် တောင်းပန်အပ်ပါသည်။ နောင်တွင်လည်း အခါအားလျှော်စွာ ဆက်လက် တင်ပြသွားမည်
ဖြစ်ပါကြောင်း အမျိုသား ဒီမိုကေရစီအဖွဲချုပ်ပါတီဝင်များနှင့် ပြည်သူအပါင်းအား လေးစားစွာဖြင့် …

ဘက်မလိုက်နိုင်ငံရေးအဖွဲ့  (ဧရာဝတီတိုင်း) ၁၅/၁/၂၀၁၃(စာ - ၂) ဆရ

Prayer for Peace in Kachin - Invitation



ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆုတောင်းပွဲ ဆန်ဖရန်ဘေး၊ ဥက္ကလံမြို့၊ ဘုရားကျောင်းမှာ ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
လာမယ့် ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့၊ ညနေ ၆ နာရီ၊ ကချင်ဘပ္ဗစ် ဘုရားကျောင်း (20th of January (Sunday), at 6:00 pm @ San Francisco Kachin Baptist Church, 3534 Lakeshore Avenue, Oakland, California, 94610. )   မှာကျင်းပမယ်လို့ စိတ်ဝင်စားသူများကို ဖတ်ကြားထားပါတယ်။

Letter from Retiree - U Myint Hlaing, Agriculture and Irrigation Minister, Corruptions


လည်ယာ ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင် အလွဲသုံးစားမှုများ
လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
            ၂ဝ၁၅ မတိုင်မီ ပြည်သူပိုင်စက်ရုံများကို ငှားရမ်းရောင်းစားခြင်းနှင့် ဌာနမှ စက်-ယန္တရား-ဆီ-လုပ်သားအင်အားများကို ကိုယ်ကျိုးရှာ အလွဲသုံးစားအစွမ်းကုန်လုပ်နေသော လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ- အလုပ်ရုံများ မြေနေရာများကို အရှုံးပေါ်နေသည့်ဟု အကြောင်းပြကာ လာဘ် ပေးသော တရုတ်နောက်ကျောပြု ကုမ္ပဏီများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အဆောတလျင် နှစ်ရှည်ငှားရမ်း ရောင်းချ၍ အလွဲသုံးစား ပြုနေပါသည်။
ဦးမြင့်လှိုင်သည် ၎င်းနှင့်ပတ်သက်သည့် တရုတ်ကျောထောက်နောက်ခံ ပြုထားသည့်Young Investment Group Industry Co.,Ltd (YIG)  အား ၎င်း၏ ဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ အများအပြားအား နှစ်ရှည်ငှားရမ်း ထား ပါသည်။
-           စက်ရုံများအား ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းစာထဲမှ တင်ဒါခေါ်ကာ အချိန်(၇)ရက်သာ ပေး၍ ငှားရမ်းပါသည်။ ငှားရမ်းမည့်ကုမ္ပဏီမှလည်း တင်ဒါကြော်ငြာ မပါမှီကပင် မြေတိုင်းခြင်း၊ အခြားနိုင်ငံခြားကုမ္ပဏီများအား တစ်ဆင့်ပြန်လည်ပြသခြင်းများ ပြုလုပ်နေခြင်းသည် နဂိုကပင် စည်းဝါးရိုက်ထားမှန်း သိသာနေပါသည်။
-           ဝန်ကြီးဦးမြင့်လှိုင်သည် မိဘအမွေပေးထားသော ခိုင်းနွားများကို အကျိုးရှိစွာ အသုံးမချဘဲ မသုံးတတ်ဘဲ သားသတ်သမားလက်သို့ ရောင်းချစားသောက်နေသူနှင့်တူသော ပြည်ဖျက်ကိုယ်ကျိုး ရှာသူဖြစ်နေပါသည်။

ဥပမာ(၁) ပျဉ်းမပင်ပန်ကာကြိုးစက်ရုံ (မြန်မာ့စက်မှုလုပ်ငန်းသုံးရာဘာ ပစ္စည်းစက်ရုံ)ကိုအရှုံးပေါ်သည်ဟု အကြောင်းပြကာ( YIG)  သို့ တစ်လလျှင် ၂၅သိန်းနှင့် ငှားရမ်းထားပါသည်။ ၂ဝ၁၁ ဧပြီလမှ စတင် ငှားရမ်းထားပြီး စက်ရုံမှာ ယခုထိ ပြန်လည်လည်ပတ်ခြင်းမရှိဘဲ စက်ရုံအား ပိတ်ထား ခြင်းမှာ မြန်မာတို့၏ ကုန်ထုတ်လုပ်ငန်းအား ပိတ်ထားပြီး တရုတ်ပစ္စည်းများ သွင်းနိုင်ရန် ရည်ရွယ်ချက်နှင့် လုပ်နေသလား ထင်မှတ်ရပါသည်။  
၎င်းစက်ရုံသည် ယခင်က လယ်ယာသုံးတာယာများ ၊ ပန်ကာကြိုးများကို စွမ်းအားပြည့် ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး ရပ်နားထားသည်မှာ (၁)နှစ်ခွဲ ကျော်နေပြီ ဖြစ်ပါသည်။ လုပ်ကိုင်မစားတတ်သော ဝန်ကြီးသည် အဆင်ခြင်မဲ့စွာ မိမိကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားလိုက်ပါသည်။
စက်ရုံရပ်ထားခြင်းသည် ငှားရမ်းစဉ်က စာချုပ်ပါစည်းကမ်းနှင့် မကိုက်ညီပါ။ တိုင်းပြည်၏ GDP ကျဆင်းစေပါသည်။ သို့သော်လဲ မိမိပိုက်ဆံရပြီးဖြစ်၍ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ YIG မှ လက်ညှိုးထိုးသမျှ အကုန်ငှား ရမ်း၍ ကိုယ်ကျိုးရှာနေ ပါသည်။

ဥပမာ(၂) (၉)မိုင် အမှတ်(၁) လယ်ယာသုံးစက်ကိရိယာစက်ရုံ သည်လည်း (၁ဝ-၃-၁၉၅၆)နှစ်တွင် သခင်ကျော်ထွန်းမှ အုတ်မြစ်ချပြီး မြန်မာ့စက်မှုလယ်ယာကဏ္ဍကို အစဉ်အလာဖြင့် အကျိုးပြုခဲ့သော စက်ရုံဖြစ်ပါသည်။ အမျှော်အမြင်ကြီးသောနိုင်ငံခေါင်းဆောင်များဝန်ကြီးများ အစဉ်အဆက်ပြုစုပျိုးထောင်ခဲ့ သောစက်ရုံဖြစ်ပါသည်။
ယခုလဲ နှစ်စဉ် လယ်ယာသုံးလက်တွန်းထွန်စက်များ ၂ဝဝဝ ကျော် လုပ်ပြီး အမြတ်ရအကျိုး ဖြစ်ထွန်းနေသော စက်ရုံဖြစ်ပါသည်။ အဆင်ခြင်မဲ့သော ဦးမြင့်လှိုင်သည်  YIG ကုမ္ပဏီမှ လိုချင်နေသဖြင့် စက်ရုံအရှုံးပေါ်နေပါသည်ဟု စာရင်းလိမ်ပြကာ ခိုင်းနွားအား သားသတ်သမားသို့ လက်လွှဲပေးနိုင်ရန် အသည်းအသန် ကြိုးစား နေပါသည်။
Young Investment Group Industry Co.,Ltd (YIG)  အား သည် (၉) မိုင် လယ်ယာသုံးစက်ကိရိယာ စက်ရုံ(၁)ကို လိုချင်သည်မှာ လယ်ယာသုံးစက် ထုတ်လုပ်ရန်မဟုတ်ဘဲ နေရာကောင်းသဖြင့် ဟိုတယ်ဆောက်ရန် (သို့) လက်လွှဲရောင်းချရန်ဖြစ်ပါသည်။
YIG သည် လယ်ယာသုံး စက်ကိရိယာထုပ်လုပ်မှုအတွေ့အကြုံမရှိပါ။ မြန်မာများ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုရပ်တန့်သွားစေရန်နှင့် နေရာကို ဦး၍ ရောင်းစားရန်သာ ဖြစ်ပါသည်။ စာချုပ်ပါ စည်းကမ်းလိုက်နာမှု ရှိမရှိကို စောင့်ကြည့်ပါ။

ဥပမာ(၃) မကွေး(ပွင့်ဖြူ)ဝါစက်ရုံကိုလည်း  YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
ဥပမာ(၄) သင်္ဃန်းကျွန်းဆီသန့်စက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။

လုပ်ငန်းမတူသော အတတ်ပညာခြင်းမတူသောဈေးကွက်ခြင်းမတူသော စက်ရုံများကို ကုမ္ပဏီ တစ်ခုတည်းမှ ငှားရမ်း နေခြင်းသည် မရိုးသားပါ။ နောက်ကွယ်တွင် ရည်ရွယ်ချက်ကြီးကြီးတစ်ခု ရှိနေပါသည်။ ၎င်းရည်ရွယ်ချက်ကို မမြင်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက် မိမိမပြုတ်ခင် အားလုံးလုပ်သွားမည်ဟု ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မျက်နှာ ပြည်သူမျက်နှာ ဝန်ထမ်းများမျက်နှာကို မကြည့်ဘဲ ထင်ရာစိုင်းနေသော ဦးမြင့်လှိုင်သည် ဝန်ကြီးနေရာနှင့်မတန်ဘဲ နွားပွဲစားသာ လုပ်သင့်ပါသည်။
စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်း မိမိလက်အောက်ရှိ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ အတင်းအဓမ္မ အရှုံးပေါ် နေသည်ဟု စာရင်းလိမ်ပြခိုင်းကာ မိမိနှင့်ဆက်နွယ်နေသော ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။ ငှားရမ်းပြီးသော စက်ရုံများကိုလည်း စာချုပ်ပါစည်းကမ့်း လိုက်နာခြင်း ရှိမရှိ မစစ်ဆေးဘဲ ၎င်းင်းကုမ္ပဏီအား မည်သို့အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ တစ်ရုံပြီးနောက်တစ်ရုံဆက်တိုက် ငှားရမ်းရောင်းချလျှက် ရှိပါသည်။


ဦးမြင့်လှိုင်၏ အကျင့်ပျက်ချစားမှုများ
ဦးမြင့်လှိုင်သည် မိမိပိုင်(သို့)မိမိနှင့် ဆက်နွယ်နေသော ကုမ္ပဏီများသည် သူတစ်ပါး လယ်ယာမြေများကို အဓမ္မသိမ်းယူထားပါသည်။ မြင့်ဇေယျာကုမ္ပဏီသည် ဦးမြင့်လှိုင်ပိုင် ကုမ္ပဏီဖြစ်ပြီး ဂျာနယ်များက ရေးကြသဖြင့် ဆန်းမွန်းစတား (Sun Moon Star) နာမည်ပြောင်းကာ လိမ်ပြန်ပါသည်။
၎င်းပိုင်လယ်ယာထွန်ယက်စိုက်ပျိုးရေးအား ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်း အင်အားများကို သုံးစွဲကာ ကိုယ်ကျိုးရှာပါသည်။
နိုင်ငံတော်သမ္မတ၏လယ်ယာကိုလည်း ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်းများကို အလွဲသုံးစားပြုကာ ၎င်းရာထူး တည်မြဲရေးအတွက် ဖေါ်လံဖားပြန်ပါသည်။
၎င်းနေထိုင်မည့် အိမ်ကိုလည်း ၎င်းအောက်မှ ညွှန်ကြားရေးမှူးချုပ်များအား တစ်ယောက်တစ်မျိုးစီ လုပ်ခိုင်းပါသည်။
စပါးဈေးကျ၍ တောင်သူများ ဒုက္ခရောက်နေချိန်တွင် စပါးအထွက်တိုး အကြောင်းပြကာ တတ်သိပညာရှင်များအား ဘေးချိတ်ပြီး နိုင်ငံပိုင်သတင်း၊ ရုပ်မြင်သံကြားများတွင် ၎င်းနာမည် ပါရေးအတွက် မတတ်မသိဘဲ ထင်ရာစိုင်းကာ တောင်သူများ၊ လုပ်ငန်းရှင်များကို အတင်းအဓမ္မ စပါးစိုက်ခိုင်းကာ နာမည်ကောင်းရရန် ကြိုးစားနေပါသည်။
သဘောကောင်း၊ စေတနာကောင်း တိုင်းပြည်အကျိုးလိုလား၍ အားနာတတ်သော နိုင်ငံတော်သမ္မတကြီးအား လိမ်လည် လှည့်ဖြား နေပါသည်။
ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တတ်သိပညာရှင် ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ ယခင်ခေတ်ဟောင်းကလို တစ်သွေးတစ်သံတစ်မိန့်ဖြင့် ကပ်ပါးကုမ္ပဏီများအလိုကျ မိမိကိုယ်ကျိုးစီးပွားအတွက် အဆင်ခြင်မဲ့စွာ ဆောင်ရွက်နေပါသည်။ ဌာနတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေပါသည်။
နိုင်ငံခြားကုမ္ပဏီများမှ ဝန်ကြီးဌာနအား လက်ဆောင်ပေးသော စက်ယန္တရားများကိုလည်း မိမိပိုင်ကုမ္ပဏီ မိမိ၏လယ်ယာထဲတွင် ဌာနစက်သုံးဆီများနှင့် လုပ်ငန်းဆောင်ရွက်လျှက် ရှိနေပါသည်။
ဦးမြင့်လှိုင်သည်မိမိနှင့်မိမိဆက်စပ်သူများပိုင်လယ်ယာများကိုဌာနမှစက်ယန္တရားများ၊ဒီဇယ်ဆီ၊လူအင်အားဖြင့် မြေပြုပြင်ပြင်ခြင်း၊ ထွန်ယက်ခြင်း အလွဲသုံးစားမှုမှာ (၂)နှစ်စာ ခန့်မှန်းတွက်ကြည့်ရာ ကျပ် သန်း ရှစ်ရာ ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ယင်းသတင်းအား (စစစ)မှ စုံစမ်းဖေါ်ထုတ်ရာစုံစမ်းသူ တာဝန်ခံအရာရှိအရေးယူခံရပါသည်။
ခေတ်ပြောင်းစနစ် ပြောင်းသော်လည်း မပြောင်းလဲသော ဦးမြင့်လှိုင်၊ မိဘအမွေပေးထားသော ခိုင်းနွားအား လုပ်ကိုင်မစားတတ်ဘဲ ရေတို မိမိအကျိုးအတွက် သားသတ်သမားလက်သို့ အပ်သော အဆင်ခြင်နည်းသော လူတစ်ယောက်နှင့်တူသော ဦးမြင့်လှိုင်သည် ပြည်ထောင်စုဝန်ကြီးဟူသော ရာထူးနှင့် ထိုက်တန်ပါ၏လောဟု သမ္မတနှင့် အစိုးရတစ်ဖွဲ့လုံး စဉ်းစားဆွေးနွေးရမည့် အချိန်ဖြစ်ပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်မည့်ကိန်းမဆိုက်ခင် ဆောင်ရွက်ကြစေလိုပါသည်။

လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး

Dhamma Beri Ashin Wiriya - Fatherhood


 " ဖခင်များ မဟုတ်ကြလေရော့သလား ... ''
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
            အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ အဓိပတေယျသုတ်မှာ မြတ်စွာဘုရားရှင်က၊ လောကသာသနာ၊ နှစ်ဖြာ ကောင်းကျိုး၊ များတိုးစေဖို့အတွက် အလေးအနက်ထားရမယ့်တရား သုံးပါးရှိတယ်။
            (၁) မိမိကိုယ်ကိုယ် အလေးအနက်ထားခြင်း (အတ္တာဓိပတေယျ)။
(၂) မြင်အပ်,မမြင်အပ်တဲ့ မိမိပတ်ဝန်းကျင်လောကအပေါ် အလေးအနက်ထားခြင်း (လောကာဓိပတေယျ)။
(၃) ကောင်းတာပြုရင် ကောင်းကျိုးနဲ့တုံ့ပြန်၊ မကောင်းတာပြုရင် မကောင်းကျိုးနဲ့ တုံ့ပြန်တတ်တဲ့   လောကပါလ ဓမ္မအပေါ် အလေးအနက်ထားခြင်း(ဓမ္မာဓိပတေယျ) ဆိုတဲ့ တရားသုံးမျိုးတို့ပါ။
            "အတ္တာ ဟိ အတ္တနော နာထော" ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ဩဝါဒအတိုင်း လူတိုင်းအတွက် အရေး အကြီးဆုံး ပထမလူဟာ မိမိတို့ ကိုယ်တိုင်ပဲဖြစ်လို့ "လူတိုင်းဟာ ပထမဦးဆုံး မိမိကိုယ်ကိုယ် အလေးအနက် ထားရမယ်"လို့ မြတ်ဗုဒ္ဓက ဟောညွှန်ထားတာပါ။ ဒီနေရာမှာ "မိမိကိုယ်ကိုယ်"ဆိုတာ မိမိတစ်ဦးတစ်ယောက် ကိုသာ ဆိုလိုတာမဟုတ်ပါဘူး၊ မိမိအပါအဝင် မိမိကိုအခြေခံပြီး တိုးတက်ပေါက်ဖွားလာမဲ့ မိမိရဲ့သားစဉ်မြေးဆက် အားလုံးကိုပဲ "မိမိကိုယ်တိုင်"အဖြစ် အလေးအနက် ထားကြရမှာပါ။
            လူတိုင်းဟာ မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့ ကောင်းမှုဆိုးမှုများအတိုင်း "ရရှိခြင်း ဆုံးရှုံးခြင်း"။ "လေးစား သိမှတ်ခြံရံပေါများခြင်းနဲ့ အထီးကျန်ခြင်း"။ "လေးစားမြတ်နိုးတန်ဖိုးထားချီးမွမ်းခံရခြင်းနဲ့ ကဲ့ရဲ့ပြစ်တင် ရှုတ်ချခံရခြင်း"။  "ကိုယ်ရောစိတ်ပါ ချမ်းသာသုခရခြင်းနဲ့ ဆင်းရဲဒုက္ခရခြင်း" ဆိုတဲ့ လောကဓံရှစ်မျိုး (လေးစုံ)ကို မငြင်းမဆန် လက်ခံရမြဲ ဖြစ်ပါတယ်။
            ဒီလောကဓံရှစ်မျိုးထဲမှာလဲ အဆိုးလောကဓံမျိုးနဲ့ကြုံရတဲ့အခါမှာ မိမိတစ်ဦးတစ်ယောက်ထဲက ခံစားလို့ ရနိုင်ပေမဲ့ အကောင်းလောကဓံတရားလေးမျိုးမှာတော့ လောကုတ္တရာချမ်းသာသုခဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာက လွဲလို့ လောကီကောင်းကျိုးဖြစ်တဲ့ လောကဓံကောင်းမှန်သမျှဟာ လောကကြီးကအသိအမှတ်ပြုခြင်းနဲ့ ဆက်စပ် ပြီးတော့မှသာ ခံစားချမ်းသာနိုင်တာပါ။ အသိအမှတ်ပြုပေးတဲ့ ပတ်ဝန်းကျင်လောကမရှိဘူးဆိုရင် သတ္တလောက ဆိတ်သုဉ်းနေတဲ့ သုညကမ္ဘာဆိုတာမျိုးမှာ လေးကျွန်းလုံးကို အာဏာစိုးပိုင်တဲ့ စကြာဝတေးမင်းကြီးဖြစ်နေဦးတော့ ခြံရံခစား လေးစားသိမှတ်သူမှမရှိဘဲ ဘယ်လိုလုပ် ချမ်းသာသုခတို့ ဂုဏ်သတင်းကျော်စောခြင်းတို့ဆိုတာ ဖြစ်နိုင်မလဲ။ ဒါကြောင့် လောကီလူသားတိုင်းဟာ ဒုတိယဦးစားပေးအဖြစ်နဲ့ ပတ်ဝန်းကျင် လောကအပေါ် အလေးအနက် ထားရမယ်လို့ ဆိုတာပါ။
            ဒီလိုတွေ့ကြုံခံစားရတဲ့ ကောင်းကျိုးနဲ့ဆိုးပြစ်များဟာလဲ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် ဘယ်သူ့ကိုမှ ဘက်မလိုက် တဲ့ ကမ္မနိယာမတရားကသာ အဆုံးအဖြတ်ပေးတာဖြစ်လို့၊ မိမိတို့ရဲ့အထွတ်အထိပ်အဖြစ်နဲ့ အမှန်တရားဆိုတဲ့ "ဓမ္မ"ကို အလေးအနက်ထားရမယ်လို့ ဟောညွှန်တော်မူတာပါ။
            အေလးအနက္ထားရမဲ့ ဒီအဓိပေတယ်တရား သံုးပါးထဲက "အတၲာဓိပေတယ်"ဆိုတဲ့ မိမိနဲ့ မိမိရဲ့ သားစဉ်မြေးဆက်များ အပေါ် အလေးအနက်ထားခြင်းနဲ့ပတ်သက်လို့ ပစ္စက္ခမျက်မှောက်မှာ အတုယူအားကျ လိုက်နာစရာ သာဓကတစ်ခုအနေနဲ့ ကဗျာဆရာကြီးဦးတင်မိုးရဲ့ "ငါကား ဖခင်ဖြစ်ချေပြီ"ဆိုတဲ့ ကဗျာဟာ တကယ်ကို ကောင်းမွန်ပြောင်မြောက်လှပါတယ်။
            (ဒီကဗျာကို ပဲခူး အ.ထ.က(၃)ကထုတ်တဲ့ အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ်မဂ္ဂဇင်းမှာ ရေးခဲ့တာ ဖြစ်ပေမဲ့ "အတွေးအမြင်" မဂ္ဂဇင်းမှာ ဆရာမောင်ဝံသက ဆောင်းပါးအဖြစ် ပြန်ရေးပြလိုက်မှ ပိုပြီးကျယ်ကျယ် ပြန့်ပြန့် သိခွင့်ရကြတာပါ)
ဆရာတင်မိုးရဲ့ကဗျာက-
"တို့အဖေကား
                            ရွှေငွေဥစ္စာ၊ အာဏာမင်းစက်
                            ရာထူးမက်"ဟု
                            သားရှက်မခံတော့ပါပြီ။
                           "တို့အဖေကား
                            နေရာတစ်ခု၊ ရလိုမှုတွက်
                            အလုအယက်၊ ခြေကိုဖက်"ဟု
                            သားရှက်မခံတော့ပါပြီ။
                            ငါ၏စိတ်ထား၊ ငါ့စကားသည်
                            သားတို့တန်ဆောင် သားတို့ခေါင်းဆောင် ဖြစ်ချေပြီ ... တဲ့။
ဒီကဗျာနဲ့ပတ်သက်လို့ ဆရာမောင်ဝံသအိမ်မှာ ဆရာတင်မိုးနဲ့ဆုံမိပြီး စကားစမြည်ပြောဖြစ်တဲ့အခါ ဆရာတင်မိုးက-
            "ဆရာမင်းသုဝဏ်ရဲ့ ဩဝါဒစကားတစ်ခုရှိတယ်ဗျ၊ လူဆိုတာ သေခါနီးပြန်စဉ်းစားမိတဲ့အချိန်မှာ ကိုယ်တိုင်သာဓု ခေါ်သွားနိုင်တဲ့ အလုပ်မျိုးကို လုပ်နိုင်ခဲ့ဖို့ ကြိုးစားရမယ်တဲ့။ ကျွန်တော်ကတော့ ကိုယ်လုပ်ခဲ့ တာတွေအတွက် ကိုယ့်သားသမီးတွေ ရှက်စရာမဖြစ်အောင် ကြိုးစားနေရတုန်းပါဗျာ"လို့ လေးတွဲ့စကား ဆိုပါသတဲ့။ (မောင်ဝံသ၊ ဒုတိယအတွေး၊ ၁၀၂။)
            အတွေးအမြင်မဂ္ဂဇင်းမှာ ဒီကဗျာအကြောင်းကိုဖတ်ရတဲ့ နယ်ကကျောင်းဆရာတစ်ဦးရဲ့ အတွေ့အကြုံ  အဖြည့်ပိုဒ်ကလေးတစ်ခုကိုလဲ ဆရာမောင်ဝံသရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးပါတယ်။
            နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ အာဇာနည်နေ့နဲ့ပတ်သက်ပြီး အခမ်းအနားတစ်ခုအတွက် ကြိုတင်ပြင်ဆင်ကြတဲ့အခါ အဲဒီကျောင်းဆရာက သူ့တပည့်များထဲက စာစီစာကုံးအရေးအသား အလွန်တော်တဲ့ တပည့်တစ်ယောက်ကို အာဇာနည်နေ့ ဟောပြောပွဲ၊ ပြိုင်ပွဲများမှာ မပျက်မကွက်တက်ရောက်ဖို့ လက်ရွေးစင်အဖြစ်  နဲ့ ရွေးချယ်သတ်မှတ်လိုက်ပါသတဲ့။
            လူရှင်းတဲ့အချိန်ရောက်တော့ အဲဒီလက်ရွေးစင်ကျောင်းသားက ဆရာ့အခန်းရောက်လာပြီး မရွှင်မပျ မျက်နှာနဲ့ သူမတက်ရောက်နိုင်တဲ့အကြောင်း အသနားခံ ခွင့်တောင်းလာတယ်။ ဘာ့ကြောင့်လဲလို့ မေးတော့၊ သူ့အဖိုးက အာဇာနည်ကြီးတွေကို လုပ်ကြံတဲ့အထဲမှာ ပါဝင်နေတဲ့အတွက် သူ လိပ်ပြာမသန့် ဖြစ်ရကြောင်း၊ မျက်ရည်ဝဲပြီး ပြောခဲ့ပါသတဲ့။
            ဒါ့ကြောင့် သူ့အနေနဲ့ ဆရာဦးတင်မိုးရဲ့ ကဗျာထဲမှာ -
                                                "တို့အဖေကား
                                     တိုင်းပြည်မျက်နှာ၊ မညှာမထောက်
                                     သစ္စာဖောက်ဖျက်၊ သူပြုရက်"ဟု
                                     သားရှက်မခံတော့ပါပြီ။
ဆိုတဲ့အပိုဒ် တစ်ပိုဒ်လောက် ထပ်ပြီးဖြည့်စွက်လိုက်ချင်ပါတယ်လို့ စာရေးလာပါသတဲ့။
            ဒီနေ့ အရပ်သတင်းတွေမှာရော၊ ဂျာနယ်သတင်းတွေ၊ အင်တာနက်သတင်းတွေမှာရော ရွှေငွေဥစ္စာ အာဏာ မင်းစက်အတွက် အမျိုးဘာသာသာသနာကိုပင် မထောက်မညှာဘဲ၊ တို့ဘိုးဘွားပိုင် အမွေစစ်သယံဇာတတွေကို တိုင်းတစ်ပါးလက် ဝ,ကွက်ပြီး ထိုးအပ်နေကြတာတွေ။ နိုင်ငံပိုင် မြေပေါ်မြေအောက် သယံဇာတတွေကိုရော၊ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူလယ်သမားတို့ရဲ့ မြေယာတွေကိုရော၊ ကြိုက်သလို ခြယ်လှယ်သိမ်းယူနိုင်ဖို့အတွက် အထက်လူကိုခြေဖက်၊ အောက်လူကိုခြေကန်လုပ်နေကြတဲ့ ခရိုနီ ဆိုသူတွေ။ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာထဲကလို "တိုင်းပြည်ကိုလု၊ လူထုကိုနှိမ်၊ စည်းစိမ်ကိုခံ၊ ရေနံကိုသိမ်း၊ ကျောက်စိမ်းကိုလစ်၊  ကျွန်းသစ်ကိုယူ၊ ဆန်ဖြူကို စား၊ စပါးကိုခိုး၊ နွားသိုးကိုဆွဲ၊ လယ်တဲကိုဖျက်၊ မြေကွက်ကိုစီး၊ သမီးကိုတောင်း၊ ကားကောင်းကိုဖမ်း၊ ထင်တိုင်း ရမ်းနေကြသူတွေ။" သူ့ဘာသာတရားကို ချဲ့ခွင့်ပေးပြီး၊ ကိုယ့်ဘာသာတရားကို နှဲ့နေကြသူတွေအကြောင်း မမြင်ချင် မကြားချင်အဆုံး၊ မြင်နေ၊ ကြားနေ၊ ကြုံတွေ့နေရတဲ့ အခါ၊ မြတ်ဗုဒ္ဓဟောကြားထားတဲ့ အဓိပတေယျ တရားတော်နဲ့ ဆရာတင်မိုးရဲ့ကဗျာကို သတိရနေမိသလို၊ သတင်းစာဆရာကြီး မောင်မဲ(သခင်တင်ဟိန်း)ပြောပြဖူးတဲ့ "ကိုလိုနီလက်သစ်"ဆိုတဲ့ အကြောင်းကိုလဲ သတိရနေမိပါတယ်။
            ၁၉၉၄-ခုနှစ်လောက်ကပါ၊ ဖားအံ့မြို့၊ တောင်ကလေးကျောင်းတိုက်မှာရှိနေတဲ့ အဖိုးဆရာမဲထံမှာ မိမိက စာရေးသားမှုလက်တွေ့လေ့ကျင့်သင်ကြားရင်း သုံးလလောက်အတူ သွားနေခဲ့ပါတယ်။ အဲဒီတုန်းက သတင်းတွေ၊ သတင်းစာတွေထဲမှာ "ပြည်ပအားကိုး ပုဆိန်ရိုး"တို့၊ "နယ်ချဲ့လက်ပါးစေ"တို့ "ကိုလိုနီလက်သစ်" တို့ ဆိုတဲ့ စကားတွေက နေ့စဉ် ကြားနေ၊ တွေ့နေရတယ်။
            ဒီစကားတွေထဲက  "ကိုလိုနီလက်သစ်"ဆိုတာကို မိမိသိပ်သဘောမပေါက်တဲ့အတွက် ကိုလိုနီမှာ လက်သစ်နဲ့ လက်ဟောင်း ဘယ်လိုထူးသလဲလို့ မေးကြည့်တဲ့အခါ၊
အဖိုး(ဆရာမဲ)က-
            "ကိုလိုနီဆိုတာ (၁) တိုင်းပြည်နယ်မြေကိုသိမ်းပိုက်လိုခြင်း၊ (၂) သယံဇာတကို အပိုင်စီးလိုခြင်း၊ (၃) လူမျိုးကို ကျွန်ပြု လိုခြင်းဆိုတဲ့ ရည်ရွယ်ချက်သုံးခုအတွက် လက်နက်နဲ့ တိုက်ခိုက်သိမ်းပိုက်ပြီး ဇွတ်အတင်းဝင်ရောက်အုပ်ချုပ် တာပေါ့။ ဒီသုံးမျိုးလုံးကိုပဲဖြစ်ဖြစ်၊ တစ်မျိုး နှစ်မျိုးကိုပဲဖြစ်ဖြစ် ထိုးအပ်လိုက်ရပြီဆိုရင်၊ အဲဒါ သူ့ ကိုလိုနီ ဖြစ်သွား တာပဲ၊ ဒါက ကိုလိုနီလက်ဟောင်းပေါ့။"
            ဒီလိုဝင်ရောက်သိမ်းပိုက်ပြီးအုပ်ချုပ်တဲ့အခါ အအုပ်ချုပ်ခံနိုင်ငံအတွက် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေးစတဲ့ အထွေထွေတာဝန်တွေကိုလဲ ကိုလိုနီပြုတဲ့သူက တာဝန်ယူရတယ်။ မြန်မာပြည်ကို အင်္ဂလိပ်က ကိုလိုနီပြုပြီး အုပ်ချုပ်တုန်းကလိုပေါ့။ ပြီးတော့ ဒီလိုလုပ်တဲ့အတွက် အချုပ်အခြာပိုင်နိုင်ငံတစ်ခုကို ကျူးကျော်ဝင်ရောက်မှုလဲဖြစ်တယ်။ အအုပ်ချုပ်ခံရတဲ့ နိုင်ငံသူနိုင်ငံသားက မကျေနပ်လို့တော်လှန်ပုန်ကန်တာ မျိုးဖြစ်ရင် အုပ်ချုပ်သူတွေဘက်က သေကြေ ပျက်စီးရတာမျိုးလဲ ရှိလာတယ်။
            ဒါတွေကိုကြည့်ပြီး ခုခေတ်မှာတော့ သူတစ်ပါးတိုင်းပြည်ထဲကို ဝင်ရောက်သိမ်းပိုက်အုပ်ချုပ်တာမျိုး မလုပ်ကြတော့ဘူး။ လက်နက်အင်အား၊ ဓနအင်အားတွေနဲ့ တိုင်းတစ်ပါးအပေါ် ခြိမ်းခြောက်လွှမ်းမိုးပြီး သယံဇာတကို လက်ဝါးကြီးအုပ်ရယူတာတို့၊ လူမျိုးကို ကျွန်ပြုတာတို့ပဲ လုပ်ကြတော့တယ်။ တန်ရာတန်ကြေး မပေး, မကျွေးဘဲ ကိုယ်လိုသလို ချယ်လှယ်နိုင်အောင် လုပ်ထားတာပေါ့။ ဒါဟာ ကိုလိုနီလက်သစ်ပေါ့။ သူကျတော့ သူ့ကိုလိုနီ ပြုတဲ့နိုင်ငံအပေါ် ဘာမှ တာဝန်မယူရတော့ဘူး။ သယံဇာတနဲ့ လူမျိုးကိုပဲ ထင်သလို ချယ်လှယ်တော့တာပေါ့။ အဲဒီလိုအဖြစ်မျိုးရောက်သွားတဲ့ နိုင်ငံကို "ကိုလိုနီလက်သစ်နိုင်ငံ"လို့ ခေါ်ကြပြီး၊ ကိုယ့်နိုင်ငံကိုယ် အဲဒီအဖြစ်မျိုး ရောက်အောင် လုပ်နေကြတဲ့ သူတွေကိုလဲ "ကိုလိုနီလက်သစ်၊ နယ်ချဲ့လက်ပါးစေတွေ"လို့ ခေါ်ကြတာပေါ့။ အဲဒီလိုကြည့်လိုက်ရင် ဒီနေ့ - နယ်ချဲ့ လက်ပါးစေ၊ ပြည်သူ့ပုဆိန်ရိုး၊ ကိုလိုနီလက်သစ်ဆိုတာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့" ဆိုတဲ့အကြောင်း ရှင်းပြခဲ့ဖူးပါတယ်။
            ဒီနေ့ တွေ့မြင်ကြားသိနေရတဲ့ ကမ္ဘာမကြေနိုင်လောက်အောင်၊ မြန်မာကြေရတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များနဲ့ပတ်သက်လို့ အခုပြောခဲ့တဲ့ စာရေးဆရာကြီးနှစ်ဦးတို့ရဲ့ ကဗျာနဲ့စကားအတိုင်းဆိုရင် ဘယ်လိုများ ကောက်ချက်ချရမလဲ၊ ဆရာတင်မိုး ပြောသလို ဖခင်များ မဟုတ်ကြလေရော့သလား၊ ဒါမှမဟုတ် ဆရာကြီးမောင်မဲ ပြောသလို ... ။            ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives