[moemakadaily@moemaka.biz] 24th Feb - MoeMaKa Daily


စက်မှုလယ်ယာ စက်ရုံဝန်ထမ်းများ ရောင်းစားခံနေပြီလား
စက်မှုလယ်ယာဝန်ထမ်းတဦး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
ကျွန်တော်တို့ ၉ မိုင် စက်မှုလယ်ယာ (အမှတ်၁ လယ်ယာသုံး စက်ကိရိယာပစ္စည်း ထုတ်လုပ်ရေးစက်ရုံ) ကို ဦးစီးဌာနရဲ့ပြောင်းလဲ လာတဲ့ မူဝါဒအရ ပုဂ္ဂလိကကို လွှဲပြောင်းပေးဖို့ ဖြစ်လာပါတယ်။ ပထမသိထားတာက နိုင်ငံတော်က အမြတ်မရှိတဲ့ စက်ရုံတွေကို BOT စနစ်နဲ့ ငှားတာလို့သိထားတော့ ကျွန်တော်တို့စက်ရုံက ရှုံးမှ မရှုံးတာ ၊ ဒီဝန်ကြီးဌာနကနေ စက်မှုဝန်ကြီးဌာနအောက် လွှဲလိုက်ရပြီး၊ ခုထုတ်လုပ်မှု ရပ်နားထားရသလောက်ဖြစ်နေတဲ့ ဒီ့ထက်လည်းကြီး ဒီ့ထက်လည်း ခေတ်မှီစက်ကိရိယာတွေ ရှိနေတဲ့အင်းကုန်းစက်ရုံလိုမျိုးကို ငှားရမယ့်အစား၊ လူ-စက် စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်နေတာမို့ဘာကြောင့်ငှားရတာလဲ … ဖြစ်ကြရပါတယ်။
အဲဒီလို ငှားတယ်ဆိုတဲ့နေရာမှာလည်း လက်ရှိ Company ဟာ ဒီဝန်ကြီးဌာနအောက်က စက်ရုံတွေကို ထိုက်သင့်တဲ့ အရေအတွက်တစ်ခု လုပ်ပိုင်ခွင့်တွေရထားတာရယ် ၊ရထားတဲ့ စက်ရုံတွေကို မလည်ပတ်ပဲ ဒီတိုင်းထားတာရယ် ၊ စာချုပ်မချုပ်ရသေးခင်တည်းက စက်ရုံထဲမှာ ရုံးခန်းလာဖွင့်ပြီး နေနိုင်တာရယ် ၊ဒီ Company မှာ လုပ်ဖို့ ဌာန ရဲ့အငြိမ်းစား အထက်တန်းအရာရှိကြီးတွေကို လက်ရှိဒုဝန်ကြီးကိုယ်တိုင်က ခေါ်ပေးရတာရယ် ၊ တင်ဒါ မခေါ်ခင်တည်းက Company က ငှားဖို့ပြောပြီးသားမို့ လာကြည့်တယ်ဆိုပြီး ကြိုလာကြည့်တာတွေရယ်၊ ထုတ်လုပ်ရေးအတွေ့အကြုံ မရှိသေးသလို အတတ်ပညာရှင် အင်အားစုဖွဲ့မှုလည်း အဆင်သင့်မဖြစ်သေးပဲ ၃လ (သို့) ၆ လအတွင်း ထုတ်လုပ်ရေးလုပ်ငန်းတွေစမယ်ဆိုတာတွေကြောင့် ကျွန်တော်တို့အားလုံးအမြင် တစ်မျိုးတော့ဖြစ်ခဲ့ကြပါတယ် ။
ဒါ့အပြင် Company လက်ကိုလွှဲတော့မယ်ဆိုပြီး ကျွန်တော်တို့ကို ပူးတွဲပါ စာမှာပြထားတဲ့အတိုင်း အဆိုပြုချက် ၄ရပ်ကို မဖြစ်မနေ ရွေးချယ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ ဘယ်သူမှ သေချာမရှင်းပြခဲ့ကြသလို၊ ဘယ်သူတာဝန်ယူမယ်မှန်းကို စက်ရုံလွှဲကာနီး တစ်လလောက်လိုချိန်ထိ မသိခဲ့ကြရပါဘူး။
 ၁ နဲ့ ပတ်သက်တဲ့ လုပ်သက်ဆက်စပ်မှု ကဘယ်သူတာဝန်ခံမှာလဲ ၊
၂ နဲ့၎ က ဆုကြေး ၊ပင်စင်လစာတွေက သက်မပြည့် ၊လုပ်သက်မပြည့်သမားတွေရော ရမှာလား/မရဘူးလား ဘယ်လိုတွက်မှာလဲ ၊ လိုင်းခန်းတွေမှာ ဘယ်တော့ထိနေခွင့်ရမှာလဲ ၊ ဘယ်သူတွေနေခွင့်ရမှာလဲ၊ ဘယ်တော့ထွက်ပေးရမှာလဲဆိုတာတွေတောင် ရေရေရာရာ မရှင်းပြခဲ့ကြပါဘူး။
အနားနီးတော့မှ Company ကခေါ်ရှင်းတော့လည်း ဦးစီးဌာနကိုပဲ လွှဲချပါတယ် ။ဒါကြောင့် ကျွန်တော်တို့ ၀န်ထမ်းတွေတိုင်ပင်ပြီး ၀န်ထမ်းရပိုင်ခွင့် ကို သိရှိနိုင်ဖို့တရားဝင်စည့်မျဉ်းနဲ့အညီ စာရေးပြီး နိုင်ငံတော်အကြီးအကဲများဆီ ၃စောင် ၊လွှတ်တော် ရေးရာကော်မတီ ၃ခုဆီကို တစ်စောင်စီ ပေးပို့အသနားခံခဲ့ကြပါတယ်။
လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတစ်ဦုးရဲ့ ၀န်ထမ်းများအပေါ် စေတနာထား စာနာကူညီမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက လယ်ဆည် ဒုဝန်ကြီး ဦးအုန်းသန်းနဲ့ ဌာနရဲ့ DG ကြီးတို့ လိုက်ပါလာပြီး ကျွန်တော်တို့ကို ရှင်းပြပေးခဲ့ပါတယ်
ဒါဟာ လက်ရှိအစိုးရသစ်တက်ပြီးမှ ကျွန်တော်တို့ဆီ ပထမဆုံးလာဖူးတဲ့ ဌာနရဲ့အမြင့်ဆုံး အရာရှိပါ၊ ပထမ ကျွန်တော်တို့ စက်ရုံမှာ စက်/ သု အရာရှိငယ်ဘ၀ကနေ အဆင့်ဆင့်တက်လာပြီး၊ စက်ရုံမှုး နောက်ဆုံးခု DG ဖြစ်လာတဲ့ DG  ကြီးက သိချင်တာတွေ ပြောပြမှာဖြစ်ကြောင် ၊ ဒုဝန်ကြီး ကလည်း ရှင်းပြမှာဖြစ်ကြောင်း ၊ မရှင်းတာအားလုံးမေးနိုင်ကြောင်း ဒီဘာမှမဟုတ်တာလေးနဲ့ (အဲ့ဒီလိုသုံးတာပါ ၊တကယ်က ကျွန်တော်တို့အတွက် ဒါ အနာဂတ် ဘ၀တစ်ခုလုံးနဲ့ဆိုင်တာပါ)၊ ဟိုစာတင် ဒီစာပို့ ဆိုတာလေးတွေ ၊ နောက်တစ်ခုက ၀န်ကြီးဌာနအောက်က စက်ရုံ ၄၀ လောက်လွှဲပြီးသွားပြီး၊ ဒီဦးစီးဌာနက စက်ရုံ၂ ရုံပါတာမှာ ဒီစက်ရုံမှာသာ ဒီလိုလာဖြစ်တာဖြစ်ကြောင်း၊ အခြားနေရာတွေမှာ ဘာမှမဖြစ်ကြောင်း (ဒါဆိုအခြားစက်ရုံက၀န်ထမ်းတွေရော ဘယ်လိုကြုံခဲ့ကြရလဲ ဆိုတာ ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်မယ်မသိတော့ မသိချင်တော့ပါဘူး) တွေတော့ ပြောသွားပါတယ်။
တကယ်တော့ကျွန်တော်တို့မှာ အားကိုးရာမရှိလို့သာ နိုင်ငံတော်အကြီးအကဲတွေဆီ အသနားခံစာတင်ပြကြရတာပါ ၊ ၀န်ထမ်းဆိုတာ အေးအေးချမ်းချမ်း နေချင်ကြသူတွေချည်းပါ ။ စောစောထဲကသာ ဘယ်သူ့တိုက်တွန်းမှုမှ မပါပဲ ကျွန်တော်တို့ဝန်ထမ်းတွေကိုသာ ဒီလို ဂရုတစိုက် ရှင်းပြခဲ့ရင် တအားကိုကျေးဇူးတင်ကြမှာပါ။ DG ကြီးကတော့ ကျွန်တော်တို့ ဆရာအရင်းမို့ သူ့ဘက်ကို နားလည်ပါတယ်။
နောက်တော့ ဒု-၀န်ကြီးက ရှင်းပြပါတယ် ။
စက်ရုံကိုငှားတာ ရှုံးလို့ -မြတ်လို့ရယ် မဟုတ်ပဲ ဌာနရဲ့မူဝါဒအပြောင်းအလဲကြောင့်  ငှားတာဖြစ်ကြောင်း၊ ဒီစက်ရုံကို တင်ဒါခေါ်စဉ်က Fortune ဆိုတဲ့ Company ရယ် ဒီ Young Invesment Group  လေလံဝင်ပြိုင်ကြောင်း ၊ YIG Company က တစ်နှစ် သိန်း ၆၀၀၀ နဲ့အမြင့်ဆုံး ပေးနိုင်လို့ရသွားတာဖြစ်ကြောင်း၊ Company နဲ့ ဇန်န၀ါရီ ၂၄ ရက်စာချုပ်ချုပ်ခဲ့ပြီး စည်းမျဉ်းအရ တစ်လအတွင်း လွှဲပေးရမှာဖြစ်ကြောင်း ၊ခု အဆိုပြုချက်၎ ရပ်က ရှင်းပြပြီးသွားရင် တောင်းဆိုထားသလို ပြန်ရွေးချယ်ခွင့်ပြုမှာ ဖြစ်ကြောင်း ၊ ဒီလကုန်အပြီးရွေးချယ်ပို့ပေးဖို့အကြောင်း ၊ခုလို ရှင်းစရာတွေကိုအစောတည်းက ရှင်းပြရမှာဖြစ်ပေမယ့် မအားလပ်တာကြောင့် မလုပ်ဖြစ်ခဲ့တာဖြစ်ကြောင်း ၊၀န်ကြီးကလည်း တောင်းပန်ခိုင်းလိုက်ပါကြောင်း ၊ ၀န်ထမ်းတွေ နောင်ရေးကိုလည်း စီစဉ်ပေးမှာဖြစ်ကြောင်း ၊ သိချင်တာတွေလည်း လွတ်လွတ်လပ်လပ်မေးရမှာ ဖြစ်ကြောင်း ၊ခုလိုမေးတာကိုတောင်ကျေးဇူးတင်ကြောင်း ၊
နံပါတ်၁ နဲ့ပတ်သက်တာကို ၀န်ကြီးဌာနက တာဝန်ယူကြောင်း ၊ Company မှာဆက်လုပ်ပေမယ့် ၀န်ထမ်းလုပ်သက်အဖြစ် သတ်မှတ်မှာ ဖြစ်သလို ရာထူးတိုး စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရှိပြီး ဌာနကို ပြန်လာချင်ရင် အချိန်မရွေးလက်ခံမှာဖြစ်ကြောင်း ၊ ၂ နဲ့ ၄ ရွေးသူများအတွက် ဆုကြေး -ပင်စင်လစာ သက်ပြည်/မပြည့် အကုန်ရမှာဖြစ်ကြောင်း၊ လုပ်သက်အလိုက် ခံစားခွင့်ရှိမှာဖြစ်ကြောင်း ၊ ၃ ကိုရွေးထားသူများ လျှောက်တဲ့နေရာ အနီးစပ်ဆုံးရအောင် ကူညီမှာဖြစ်ပြီး ရောက်တဲ့နေရာမှာနေထိုင်ဖို့စီစဉ်ပေးမှာဖြစ်ကြောင်း ၊ လောလောဆယ် လိုင်းခန်းတွေမှာ နေထိုင်နေနိုင်သေးကြောင်း ၊ပြောင်းရင် ကားကအစ စီစဉ်ပေးမှာဖြစ်ကြောင်း ၊ဥပမာ စက်မှု  ၁၊၂ အောက်က စက်ရုံတွေပြောင်းတုန်းက ၀န်ထမ်းတွေကို ဘာမှသေချာ မစီစဉ်ပေးကြောင်း ၊ ခုဒီဝန်ကြီုးဌာနမှာတော့ အားလုံးစီစဉ်ပေးထားကြောင်းတွေလည်း ပြောရော … ကျွန်တော်တို့မှာ ၀မ်းသာလိုက်တာ။
ဒါပေမယ့် တစ်ဖက်က စိုးရိမ်တာက ဒါဟာ နှုတ်ကတိသာဖြစ်လို့ တစ်ချိန် ရှင်းရလင်းရကြုံလာရင် ဘာသက်သေပြရမလဲ ဆိုတာတော့စိုးရိမ်မိကြပါတယ်။ ဒါ့အပြင် Company နဲ့ ဌာန ကြားထဲ လိုအပ်တာတွေအသေးစိပ် မှစာချုပ်ထားရဲ့လားလို့လည်းစိုးရိမ်မိပါတယ်။
ဥပမာ … အဲဒီနေ့က ထမေးကြတော့ လုပ်သက်ဆက်စပ်မှုကို Company က ၃ နှစ်ပဲ သိထားပါတယ် တဲ့။ ခုဒုဝန်ကြီးပြောတော့မှ သေချာသိရတာပါဆိုတော့ လွှဲဖို့ ၃ ရက်လောက် လိုချိန်မှာ ဒါ ဖြစ်သင့်လား/ မဖြစ်သင့်လား မပြောတော့ပါဘူး။ ကျွန်တော်တို့က ၀န်ထမ်းဆိုတော့ နိုင်ငံတော်ရဲ့ ၊ ဦးစီးဌာနရဲ့ စိမံမှုကို နာခံရမှာပါ။ တာဝန်ရှိအကြီးအကဲတွေ ရဲ့အမျှော်အမြင်ရှိမှုနဲ့ စေတနာကသာ ကျွန်တော်တို့ ဘ၀အနာဂတ်ကို ဆုံးဖြတ်ကြမှာပါ။
ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ အသနားခံစာတင်တဲ့ ၀န်ထမ်း ၁၀၀ နီးပါးကို စာရွက်အလွတ်နဲ့ ဘာခေါင်းစဉ်မှ မတပ်ပဲ လက်မှတ်လိုက်ထိုးခိုင်းပါတယ်၊ ဘာလဲဆိုတော့ မနေ့က ဒုဝန်ကြီးရှင်းပြတာတွေကို နားလည်ကြောင်း၊ လက်ခံကြောင်းပါတဲ့။ ၀န်ထမ်းဆိုတော့လည်း အရာရှိတွေခိုင်းတော့ အချို့ ထိုးလိုက်ကြပါတယ်။ အချို့ကတော့ အသေးစိပ်သိချင်တဲ့ အချက်တွေ ကျန်နေသေးတာရယ်။ (ဥပမာ … ၂ ကိုရွေးထားသူတွေက ခံစားခွင့် ၄ လယူနေချိန်မှာ Company ၀င် လုပ်ရင် လစာရော၊ Company လစာပါရနိုင်တာလား ၊ ပင်စင်နဲ့ခံစားခွင့်ကို ဘယ်အချိန် နောက်ဆုံးထား လုပ်ဆောင်ပေးမှာလဲစသည်ဖြင့်)၊ မနေ့က ၀န်ကြီးကိုယ်တိုင်တောင် ဒါမျိုးလုပ်ဖို့ ဘာမှပြောမသွားတာရယ် ၊ ဒီ့ထက် ပိုသေချာချင်ကြတာရယ်ကြောင့် လက်မှတ်မထိုးကြပါဘူး။ အချို့တွေဆို ယောက်ကျားတွေကမထိုးလို့၊ သူတို့မိန်းမတွေကို လိုင်းခန်းတွေကနေခေါ်လက်မှတ်ထိုးခိုင်းပါတယ်။ အချို့ကထိုးပေမယ့် အချို့ကတော့ မထိုးပါဘူး ။ အားလုံး လက်မှတ် ၆၀လောက်တော့ ရသွားတယ်လို့သိရပါတယ်။
နေ့လည်မှာတော့ အကြောင်းအရာ စာရွက်စာစီပေးပြီး အဲဒီမှာတော့ ရှင်းလင်းပြီးကြောင်း အသိပေးခြင်းလိုမျိုး ရေးထားပေမယ့် ခုကျွန်တော်တို့တွေ့ရတဲ့ စာရွက်မှာတော့ ဒါမျိုးရိုက်ထားပါတယ်။ ဒါ့အပြင် Company ကလည်း ဒါတွေ ဘာကြောင့်ဖြစ်တယ် ၊ဘယ်သူတွေလုပ်တယ် ဆိုတာမျိုးတွေ မေးမြန်းနေပါတယ်။ ဒီင်္လိုသာဆို မနေ့ကဒုဝန်ကြီးကို Company ဆိရောက်ရင် အလုပ်သမားကော်မတီလိုမျိုး ဖွဲ့ဖို့ပြောတော့ ဒါလုပ်သင့်ကြောင်း ၊ဥပဒေအရ လုပ်ကြရမှာဖြစ်ကြောင်း ၊ သူကိုယ်တိုင်သကြားစက်တွေမှာ လုပ်ပေးခဲ့ကြောင်းတွေပြောသွားတာကို ခုလို လုပ်ရပ်တွေက ၀န်ထမ်းတွေရဲ့ အနာဂတ် စိတ်အေးရပါ့မလားတော့ စိုးရိမ် စိတ်ဝင်စေပါတယ်။
အဲဒိတော့ ကျွန်တော်တို့အနေနဲ့က အစိုးရအဖွဲ့ဒုဝန်ကြီး တစ်ယောက်လုံးရဲ့ နှုတ်ကတိကို အကြွင်းမဲ့ ယုံကြည်ပြီး ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့သာ နေထိုင်နေမှာပါ။ ဒါပေမယ့် ကျန်တဲ့သူအားလုံးကလည်း ဒုဝန်ကြီး စကားတွေကို လေးစားသောအားဖြင့် ပုံမှန်အတိုင်းသာ ရှိနေစေချင်ပါတယ်။ ခုလက်ရှိအခြေအနေကိုလည်း လက်ရှိ ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းဖြစ်လာတာနဲ့အညီ နိုင်ငံတော်ကတောင် ပွင့်လင်းထင်သာစွာ ပြောဆိုလုပ်ကိုင်နေချိန်မှာ နိုင်ငံတော်က ခုလိုဝန်ထမ်းတွေအပေါ် ဂရုပြု လုပ်ကိုင်ပေးမှုတွေကို အခြားဝန်ထမ်းတွေ ၊နိုင်ငံသားတွေ သိအောင်ဒိနေရာကနေ ပြောပြတာဖြစ်သလို ကတိက၀တ်ပိုင်း ကိုလည်း အားလုံးကိုသိစေချင်တာပါ။
ဒါ့အပြင် ဒုဝန်ကြီး ပြန်သွားချိန် စက်ရုံမှာဖြစ်နေတဲ့ အခြေအနေ၊ ၀န်ထမ်းတွေရင်ဆိုင်ရပုံအခြေအနေတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင်၊ အမှန်တရားအတွက် စောင့်ကြည့်ရေးသားကူညီပေးမယ့်သူတွေကိုပါ ဒိနေရာကနေသိစေချင်တာပါ။

Kan Tun Thit - One Good Monk One Thousand Sons


ရှင်ကောင်းတပါး သားကောင်းတထောင်
ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
            ကွန်ပြူတာ Screen ညာဘက်စွန်းမှ 1:40 AM ဟုအချိန်ကိုတွေလိုက်မှ ညဥ့်နက်ပါပကောဟု အမှတ်ပြုလိုက်မိသည်။ Laptop လေးရှေ့မှ ထလိုက်သည်။ ဝန်းကျင်သည် ငြိမ်ဆိတ်လျက်၊ Winter ရာသီ အစပေမင့် အအေးကမနိမ့်။ ခါးကို အသာဆန့်လိုက်ရာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားသည်။ အိပ်ချိန်ကို ခန္ဓာက တောင်းဆိုနေပြီလေ။ တံခါးကိုဟ၍ အပြင်ကိုထွက်လိုက်သောအခါ အံ့သြသွားရသည်။ အခန်း မျက်နှာချင်းဆိုင်စားပွဲတွင် အလုပ်လုပ်နေသော ကိုယ်တော်လေးကြောင့်တော့မဟုတ်။ သည်မြင်ကွင်းက ရိုးနေလှပြီ။
            မြင်ကွင်းဆန်းက ထိုကိုယ်တော်လေး၏စားပွဲဘေးတွင် တိတ်ဆိတ်စွာရောက်နေကြသော စုံတွဲ ကြောင့်ပင်၊ ပူပူနွေးနွေး နာမည်ကျော်များဟု ဆိုရမည့်လင်မယား၊ မှတ်မှတ်ရရ ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်ညကဇာတ်လမ်း၊"ကရင်မက ဖိုးနီကို တူနဲ့ထုလိုက်လို့၊ ကရင်မကို ရဲဖမ်းသွားပြီဆိုသည့် သတင်း၊ ယခု … ထိုသတင်း၏နောက်ဆက်တွဲ။
            အပိုင်းပိုင်း၊ အမွှာမွှာပြတ်နေသော စာရွက်များကို ရှေ့မှာချရင်း ကိုယ်တော်လေးက ဆက်စပ်၍ အဓိပ္ပါယ်ဖေါ်ရန် အားထုတ်နေဟန်၊ ထိုမောင်နှံကို ပြုံး၍နှုတ်ဆက်ပြီး စေ့ငုမိတော့ ပို၍အံ့သြသွား ရသည်။ ယောက်ျားကို တူနှင့်ထုပြီး 911 ကို ဦးအောင်ခေါ်ခဲ့သော်ငြား ကရင်မ အမှုက မပေါ့၊ ရင်သွေး ငယ်များရှေ့တွင် ပြုခဲ့သည့်အတွက် ပို၍အပြစ်လေးနေသည်။ သည်တိုင်းပြည်မှာ Woman Right က မြင့်သည်မှန်ပေမယ့် တူနှင့်ထုလောက်အောင် မမြင့်ကြောင်းကို သိပုံမရ၊ တော်ပေသေး၊ ဒဏ်ရာက မကြီးလို့၊ သည်အထဲ ငယ်ပေါင်းဖြစ်ကြောင်း ထောက်ကူမည့် လက်ထပ်စာချုပ်စာတမ်းတွေကိုလည်း စိတ်လိုက်မာန်ပါ ဆုတ်ဖြဲပစ်ခဲ့သတဲ့။ ခုတော့ လင်မယားနှစ်ယောက်လုံး ဒေါသတွေပြယ်ပြီး သောက ဖယ်ဖို့ သူတို့အားကိုးရာဆီ ရဲတွေမသိအောင် တိတ်တဆိတ် ရောက်နေကြခြင်း၊ ကိုယ်တော်လေးက တော့မသိ၊ ကိုယ့်မှာ ကြားရုံနှင့် ရယ်မောရသည့်အဖြစ်၊ ရယ်ပြီး မောခဲ့ရသည့် အဖြစ်ပင်။
            သူတို့ကို နှုတ်ဆက်ကာ အိပ်ယာဝင်ခဲ့သည်။ ဗုဒ္ဓါနုဿတိ ပွားပြီးသွား၍ အတန်ကြာသည့်တိုင် အိပ်မပျော်။ အတွေးစဉ်သည် အမျှင်တန်းတော့သည်။ ကိုယ်နှင့် ကိုယ်တော်လေးတို့ ဆက်နွယ်မှုက ပြက်ထင်လာပြန်သည်။ သည်နိုင်ငံကြီးသို့ မရွယ်ဘဲရောက်ခဲ့ပြီး မရည်ဘဲကျောင်းထိုင်ဖြစ်ခဲ့သော ကိုယ့်အတွက် သူသည် အစစ ဖေးမခဲ့သူ၊ ကိုယ့်အတွက်မှမဟုတ်ပါဘူးလေ … မြန်မာပြည်ဖွားမှန်လျှင် လူမျိုးမရွေး၊ ဘာသာမခြား … အားလုံးအတွက် သူဟာ ... 
            တောင်ကြီးမြို့၊ သိမ်တောင်ဆရာတော် အရှင်နေမိန္ဒာလင်္ကာရာဘိဝံသက မိတ်ဆက်ပေးကာ ကိုယ့်ကို အပ်နှံသွားခဲ့သည်။ ပါဠိစာပေပညာရှင်တဦး၏သား၊(၈၈)မျိုးဆက် တက္ကသိုလ်ကျောင်းသား တပ်မှ သာသနာ့ ဘောင်ဝင်လာသူ … စသည့် သူ့ထုပ္ပတ် တစွန်းတစကိုလည်း ပြောပြလိုက်သေးသည်။ သူ့ဖခင်၏ အမည်ကိုကြားသောအခါ မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး၏ ဟောစဉ်စာအုပ်ကြီး တအုပ်တွင် နိဒါန်းရေးသူဟု သိလိုက်သည်။
            ၂ဝ၁ဝခု ဇွန်လက နယူးယောက်၊ ယူတီကာမြို့ထိ လာကြိုမှ သူ့ကိုတွေ့ဖူးခြင်းပင်၊ ကိုယ်နေမည့် ဝစ္စကွန်စင်ပည်နယ်ထိ ဆယ့်နှစ်နာရီခန့်ခရီးကို အေးအေးဆေးဆေး ကားဒိုင်ခံမောင်းပေးနေသော သူ၏ နံဘေးမှာထိုင်ရင်း အကဲခတ်ခဲ့သည်။ ကြားခဲ့ဖူးသောသူ့အကြောင်းနှင့် မြင်နေရသော သူ့သွင်ပြင်တို့သည် မတိမ်းလှ။
            ဘွဲ့အမည် "အရှင်ကုသလ" ၊ "ကုလပုတ္တဟူသောစကားလုံးလေးကို တီးတိုးရွတ်လိုက်မိသည်။ ပိဋကတ်စာပေတွင် တွေ့ရလေ့ရှိသော စကားလေး။"အမျိုးကောင်းသားတဲ့။ သာသနာတော်သို့ သဒ္ဓါ စစ်ဖြင့် ဝင်ရောက်လာသော ယသ "သူဌေးသားလိုလူတွေကို နှင်းသည့်နာမ၊ အင်း … သူလဲ … ။
            သို့နှင့် အတွေးတို့ညောင်းကာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ မည်မျှကြာသည်မသိ၊ ရေဟောင်း စွန့်လိုမှ ဖျတ်ခနဲနိုးလာသည်၊ လူးလွန့်ထစဉ် အခန်းပြင်မှ တချက်ချက်မြည်သံကိုကြားရရာ ကိုယ်တော် လေး ကျိန်းသေးဟန်မတူ၊ တံခါး အသာလှပ်၍ ထွက်လိုက်တော့ ထင်သည့်အတိုင်းပင်၊ စားပွဲထက်မှာ ကွန်ပြူတာတလုံးနှင့် အလုပ်လုပ်ဆဲ၊ မနီးမဝေးတွင် လူတဦးကလည်း ထိုင်လျက်သား၊ လူသာပြောင်း သွားသည်၊ သူကမပြောင်း။
            နံရံထက်မှ နာရီကိုအကြည့်ရောက်တော့ 3:15 AM တဲ့။ ဒုတိယဆိုင်းလုပ်သားဖြစ်မည်။ ကိုယ့်ကို မြင်တော့ " တပည့်တော် Food Stampလျှောက်ဖို့အတွက် အလုပ်အပြန် တန်းဝင်လာတာ ဘုရား " တဲ့။ လက်အုပ်ချီကာ လှမ်းပြောလာ၍ ပြုံးးကာ ခေါင်းညိတ်ပြလိုက်သည်။
            အခန်းတွင်းပြန်ရောက်၍ အိပ်ယာထက်လှဲအိပ်သည်၊ တော်တော်နှင့် အိပ်မပျော်ပြန်၊ စိတ်သည် အတွေးကို ယာဉ်ပြုကာ ခရီးထွက်ချေပြီ။
            တနေ့ ကိုယ်ရောက်ခိုက် ဆရာတော်၊ ဆေးရုံမှာ လူနာအတွက် ပရိတ်ရွတ်ဖို့ ကြွပေးပါဘုရား ဆို၍ သူနှင့်အတူ သည် ဖို့ဝိန်းမြို့က ဆေးရုံကြီးကိုရောက်ခဲ့သည်။ အရေးပေါ်ခန်းတခုတွင် လူနာကား အသက်ပြင်းစွာ ရှူနေရုံမှတပါး မလှုပ်မယှက်၊ ပကတိ ပက်လက်၊ ခြောက်မျိုးထက်မနည်းသော ဆေးပိုက်တွေက ဝဲယာ ချိတ်ဆွဲလျက်၊ Monitorပေါ်မှ လူနာ၏အခြေအနေကို ဆရာမတဦးက စစ်ဆေး နေသည်။ ဇနီးနှင့်၊ မတိမ်းမယိမ်းရင်သွေးငယ် လေးယောက်ကား ညှိုးငယ်သော မျက်နှာတို့ဖြင့်။
            ဆရာမက ပြုံးပြကာ ထွက်ခွာသွားမှ ကိုယ်တော်လေးက သွေး၊ ဆေး၊ ဆီး စသည့် အညွှန်းကိန်း တို့ကို ဖတ်ကြည့်ပြီး လူနာရှင်အား နှစ်သိမ့်နေသည်။ ပြီး … သူနှင့်ကိုယ် ကုတင်တဘက်တချက်မှာ ရပ်လျက် ပရိတ်မေတ္တာတို့ ရွတ်ပွားခဲ့ကြသည်။ တကြိမ်မက၊ ရက်ခြား၊ လေး၊ ငါး၊ ခြောက်ကြိမ်ပင်။
            ဇနီးသည်အလုပ်ပြန်တွင် အိမ်ရှေ့၌ မေ့မြောနေတာ တွေ့ရသတဲ့၊ ခုတော့ ဆေးရုံမှာ နှစ်ပတ် ကျော်ခဲ့ပြီ။ ငါးဆယ် ငါးဆယ် ရာနှုန်းအနေအထားမှ ခုတော့ မျှော်လင့်ချက်မဲ့ပြီတဲ့။ ကမ္မသကာ ဇုံသို့ပို့ရန် လူနာရှင်၏လက်မှတ်ထိုးဖို့သာ လိုတော့သည်တဲ့။ သတင်းမေးလာသူတို့ကလည်း အားပေး သလိုနှင့် ထင်ကြေးတွေသာ တယောက်တမျိုး ပေးသွားကြသည်။ လက်လွှတ်လိုက်သင့်ပြီ၊ ဘာ … ညာ ... နှင့်။ ကိုယ်တော်လေးက ထိုထင်ကြေးများကို ပယ်ဖျက်ပေးနေရသည်။ အခြေအနေထူးကြောင်း၊ မနေ့ကထက်ပင် နှလုံးခုန်တာကောင်းကြောင်း လူနာရှင်မိသားစုကို ရှင်းပြရသည်မှာ ရောက်တိုင်း လိုလိုပင်။
            ကိုယ်ကတော့ လူနာကိုငေးရင်း ဘဝကို ဘာဖြစ်လို့များ လက်လွတ်စပယ် ထားကြပါလိမ့်ဟု တွေးနေမိသည်။ အသောက်အစားက မကင်း၊ ဇနီးသည်ကို ရိုက်နှက်မှုပြစ်ချက်နှင့် အလုပ်ကရှာမရ၊ သည်တော့စိတ်ညစ်၊ စိတ်ညစ်တော့တိုးသောက်၊ သောက်တော့ … ဟူး … ။
            အင်း … အသက်ရှူသေးရင် လူ့တန်ဖိုးမချတဲ့ တိုင်းပြည်မို့တော်ပါသေးရဲ့။ ကိုယ်တို့မြေမှာဆို ဆေးဝါးကမပြည့်စုံ၊ နည်းပညာက မကြွယ်ဝ၊ ကိရိယာတန်ဆာပလာက မလောက်လုံ၊ ကရုဏာက ပါးရှား၊ အုပ်ချုပ်သူက တာဝန်မဲ့နှင့် … ၊ ဘဝကိုတန်ဖိုးမထားလိုသူတဦး၏ တန်ဖိုးထားခံရမှုကိုတွေးရင်း အဲဒီနေ့က ပြန်ခဲ့ကြသည်။  သင်း … ဆက်၍ ကံကောင်းပါစေဟုလည်း မေတ္တာပြုခဲ့သည်။
            အံ့စရာပင်၊ ပရိတ်တော်တို့၏ အာနုဘော်၊ ဆေးဝါးတို့၏ အာနိသင်၊ ကိုယ်တော်လေး၏မေတ္တာတို့ ပေါင်းစုံစွမ်းကြောင့်ထင့်၊ ခုတော့ သေရွာက ပြန်ခဲ့ပြီတဲ့၊ မိသားစုဝန်တို့ကိုပင် ထမ်းနေပေပြီ။
            ဟော … တခုသတိရပြန်ပြီ။ တည … ကိုယ် စင်္ကြံင်္လျှောက်နေစဉ် ကိုယ်တော်လေး အဝန်းညီစွာ သင်္ကန်းရုံနေ၍ ညဉ့်နက်မှ ဘယ်ကြွမလို့လဲဟု စနည်းနာမိသည်။ သူက အပြင်ကြွလျှင် ဘယ်ခါမဆို သင်္ကန်းရုံကြွသည်။ ခြေအိတ်မဝတ၊ ရှူးဖိနပ်မစီး၊ ပကတိခြေညှပ်ဖိနပ်သာ၊ သွေးခဲအောင်အေးသော သည်ရာသီကို သူဂရုမထား၊ အခြားပြည်များမှ အခြေချလာသော ရဟန်းသွင်ပြင်တို့နှင့် မနှော။ မြန်မာရဟန်းတော် သွင်ပြင်နှင့်သာ သွားလာနေထိုင်လေ့ရှိသည်။ ဥတုကြမ်းနှင့် လိုက်လျှောညီထွေ ဝတ်သင့်ကြောင်း၊ "ခုဒ္ဒါနု ခုဒ္ဒက" ငယ်သောသိက္ခာပုဒ်လေးတွေကို ကာလဒေသလိုက်ပြီး လိုအပ်က နှုတ်ပယ်လိုက နှုတ်ပယ်နိုင်ကြောင်း ကိုယ်ကဝိနည်းကို ပြောသည့်ခါ ပြုံး၍နေသည်၊ မပြင်။ သူ့ဘကြီး တောမသိမ်တောင် ဆရာတော်ထံမှရရှိသော ကောင်းမွေကို အသက်ထက်ဆုံး ထိန်းလိုဟန်ပင်၊ ခုလည်း သင်္ကန်းရုံနေ၍ ဘယ်လဲဟုမေးမိရာ
            " ကိစ္စတခု ပေါ်လာလို့ဆရာတော်၊ မကျိန်းသေးရင် လိုက်ကြွပါလားဘုရား "
            ကားပေါ်ကို အသာတက်လိုက်သည်။ မလွှဲသာ၊ မရှောင်သာ၍ ကားကိုမူ သူမောင်းရသည်။ Downtown ထဲမှ ဓာတ်ဆီဆိုင်တဆိုင်ကို ကားဝင်လိုက်တော့ ပုဆိုးခေါင်းမြီးခြုံပြီး  လမ်းသလားနေသူ တယောက်၊ ကားပေါ်ထိုသူတက်လိုက်တော့ အနံ့စူးစူးရသည်။ ပြီး ငိုသံနှောကာ ပြောလိုက်သည်က
      "ဘုန်းဘုန်းသာမကယ်ရင် သွေးခဲသေရမည့်အကြောင်း၊ မိန်းမက သိပ်ရက်စက်ကြောင်း၊ တံခါး ဖွင့်မပေးကြောင်း၊ သူ မြန်မာပြည်ကိုသာ ပြန်ချင်တော့ကြောင်းစသည် အသံဝဲဝဲနှင့် ပြောပြနေသည်။ နားထောင်ရင်း ကိုယ့်မှာ ရယ်ရမလား၊ ငိုရမလား ခွဲခြားမရ၊ ကိုယ်တော်လေးကတော့ အပြုံးမပျက်၊
            သည်သို့ ... ထိုနှယ်၊ သေရေးတဖုံ၊ ရှင်ရေးတတန်၊ လူတွေနှင့် ပြဿနာရောင်စုံတို့သည်၊ သည် ဇေတဝန်ကျောင်းရိပ်သို့ရောက်လာမြဲ၊ ရောက်လာမစဲ၊ ဇေတဝန်ကိုယ်တော်လေးသည်လည်း လူမျိုးမခြား၊ ဘာသာမခွဲ ကူညီမြဲ၊ ဖြေရှင်းပေးမြဲနှင့် မအားမလပ်ရှိလွန်း၍ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဟုပင် ကျီစယ်ခေါ်ကြခဲ့။
            ကျန်းမာရေး၊ ပညာရေး၊ အိမ်ဝယ်၊ ဘဏ်ကိစ္စ၊ တရားရုံးအာမခံ၊ ဝင်ငွေခွန်၊ Green Card, Citizen ကိစ္စ၊ အို … Citizen ဖြေဖို့ဆို Fort Wayne မြို့မှ Indianapolis သို့ သုံးနာရီခန့်ခရီးကို ကိုယ်တိုင်ကား မောင်းပြီး လိုက်ပို့ပေးမြဲ၊ အေးလေ … ကိုယ့်တုန်းကလည်း နယူးယောက်ထိ ကားမောင်းပို့ခဲ့တာပါပဲ။ တခါတလေ … ခင်ပွန်းအလုပ်သွားခိုက်၊"အာဝေဏိကဒုက္ခကြုံကြသည့် ကိုယ်ဝန်သည်တွေကိုလည်း "ကမ္မဇလေအရေးပေါ်လှုပ်၍ ဆေးရုံကို ကားမောင်းပို့ပေးရမြဲ၊ လက်မှတ်ထိုးဖို့လိုလျှင် အရေးပေါ် ဖခင် နေရာမှာ ထိုးပေးရမြဲ၊ ခေတ်သစ်အရှင်အင်္ဂုလိမာလပေါ့ " ဟု ကိုယ်ရယ်မောပြောမိသေး။
            သူ့အကြောင်းတွေးနေလို့ မပြီးသေးဘူး၊ အိပ်ဦးမှ … အိပ်ဦးမှ … စောင်ကိုဆွဲတင်လိုက်စဉ်
            " နံပါတ်မှတ်မိလား "
            " မမှတ်မိဘူးဦးဇင်း၊ ဂရင်းကဒ်က ရပြီးနောက်နေ့မှာ ပျောက်သွားတာ "
            ကိုင်း … မှတ်ကရော၊ ကိုယ်အကြီးအကျယ်အံ့သြသွားသည်။ နေမှုအတွက် အရေးကြီးသော အရာတခုသည် နေ့ရ ညပျောက်ရတယ်လို့ ...
            " အင်း … သုံးလလောက်တော့ ကြာနိုင်တယ်၊ အစက ပြန်စရမှာ "
            " ငွေအများကြီးကုန်မလား ဦးဇင်း "
            အသံတိတ်သွားသည်။ စဉ်းငယ်ကြာမှ
            " အင်း … နည်းနည်းတော့ကုန်မယ်၊ အချိန်ကြာမယ် ၊  တိတ်သွားကြပြန်သည်။ လူးလဲထကာ ကိုယ်အပြင်ထွက်ခဲ့သည်။ အနှီ Green Card ပျောက်ဆုံးသူသည် လက်တဖက်မပါရှာ။ အမိမြေ တောနက်တနေရာတွင် မျက်လုံး၊ ခြေလက် အင်္ဂါတွေ ပျောက်ကွယ်ခဲ့ရရှာသော ကျောင်းသားတပ်မတော် သားတွေမှ တယောက်ပင်၊ အသက်ကိုပင် ပဓါနမထားတဲ့သူတွေပဲလေ … ဟူး ... 
            " ကိစ္စမရှိပါဘူး၊ ဒါမျိုးကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာ၊ နေ့စဉ်ကိစ္စတွေက ကွက်လပ်ဖြည့်၊ လက်မှတ်ထိုးရုံဆိုတော့ သိပ်မခက်ဘူး "
            အာဂ ကိုယ်တော်လေးပါလား။ သူ့ဇေတဝန်ရိပ်တွင် စည်ကားနေခြင်း၏ အကြောင်းစစ်ကို ပြက်ခနဲမြင်လိုက်သည်။ ထိုစည်ကားသူတွေထဲတွင် ခေါင်းမြီးခြုံသူလေးတွေလည်း အရေးကြုံလျှင် လူခြေတိတ်တွင် ရောက်လာတတ်သည်။ ကိုယ်တော်လေးက မငြင်း၊ ကူမြဲ၊ ဖေးမမြဲ။ မြန်မာပြည်ဖွား ဖြစ်လျှင် ပြီးစတမ်း။
            ဒါပေမယ့် အချို့ချို့သောမြန်မာပြည်ဖွားတချို့၏လုပ်ရပ်၊ ကောင်းဖို့၊ ကိုယ်ကျိုးရှိဖို့ဆိုလျှင် သူတို့လူမျိုးဟု ဂုဏ်ယူဝံ့ကြွားကြပြီး၊ ထိုလုပ်ရပ်ကြောင့် နာမည်ပျက်ဖို့၊ ဂုဏ်သိမ်ငယ်ဖို့ကြုံမူ မြန်မာ ပြည်သားဟု ပြောတတ်ကြခြင်းကိုကား ကိုယ်တော်လေး စိတ်မချမ်းမြေ့။ တခါက အများသုံး အဝတ် လျှော်စက် (Loundromat) တခုမှာ ကွမ်းတံတွေး ထွေးသည့်လုပ်ရပ်မျိုး ... ။
            နောက်ပြီး ... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာစဉ်ကအဖြစ်မျိုး၊  " စပါးထောင်း ရာ မောင်မပါ၊ စပါးပြာရာ မောင်မလာ၊ ထမင်းစားရာ မောင်ကပါ " ဆိုသည့် လူတချို့၏ လုပ်ရပ်များ ... စသည် ... စသည် ... ။
            တခါတလေတော့ ဘယ်အတွက်ကြောင့်ရယ် မဆိုနိုင်။ FBI ကလာပြီး သူ့ကိုတွေ့တတ်ပြန်သည်။ မြန်မာကွန်မြူနတီမှာ အမှုအခင်းနည်းပါးရေး ကူညီဖို့ပြောပင် သွားသေးသတဲ့။ ကိုယ်တော်ကမူ ပြုံးဝတ် မပျက်။
            ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ်တော်လေးကတော့ သူ့သီတင်းသုံးဖေါ် အရှင်တိက္ခ၊ အရှင်ဝါသဝ တို့နှင့်အတူ "သမဂ္ဂသုခ" ရှိစွာ ဝတ်မပျက်၊ ဗုဒ္ဓါနုဿတိပွား၊ ပရိတ်မေတ္တာပွားများရင်း သံဃာတော်တို့ အရေးလည်း ဦးမလေး၊ လူတွေအတွက်လည်း ကိုယ်လက်မနှေးသူပင်။ ဒါသည်ပင် ဘုရားရှင် စေတော် မူသည့် " ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ၊ လောကာနုကမ္ပါယ " မဟုတ်လား။
            အုပ်ချုပ်သူပယောဂကြောင့် သူ့ဘက်၊ ကိုယ့်ဘက် အပြစ်မြင်နေကြပေမယ့် တကယ်တော့ တောမှီရဟန်း (အရညဝါသီ) ဖြစ်စေ၊ ရွာနေရဟန်း (ဂါမဝါသီ) ဖြစ်စေ၊ ခုလို တိုင်းကြီးပြည်ကြီးနေ (မဟာရဋ္ဌဝါသီ) ဖြစ်စေ၊ နှုတ်ဖြင့်ပြုသူ၊  ကိုယ်ဖြင့်ပြုသူ၊ စိတ်ဖြင့်ပြုသူ၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးဖြင့် ပြုသူ၊ ပြုပုံခြင်းသာ ကွဲကောင်းကွဲမည်၊ လူအများကို အကျိုးစီးပွားရှိစေမှု၊ လောကကို စောင့်ရှောက်မှုက တော့ အတူတူပါပဲလေ။ ခု ... ဒီကိုယ်တော်လေး ... ဆို ...
            အလို ... ကြည့်စမ်း၊ (၈၈) အရေးတော်ပုံကြီးဟာ အမိမြေအတွက် သားကောင်းများစွာကို မွေးဖွားပေးခဲ့ရုံမက သာသနာတော်အတွက်လည်း ရှင်ကောင်းတပါးကိုပါ သန့်စင်ပေးခဲ့ပါရောလား။
 ကံထွန်းသစ်
02-19-2013
4:58 A.M
(Photo - by Khin Maung Lay, Fort Wayne, Zaytawun Kyaung, U Kuthala and novices)

Saw Ngo - Water and Money cannot go together


ကာတွန်း စောငို - ငွေကို ရေလိုသုံးသူနဲ့ ရေကို ငွေလိုသုံးသူတို့ပြည် ဗမာပြည်
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃

Soe Tun - One Day at Burmese Embassy in Singapore


မြန်မာသံရုံးသို့ တနေ့တာစိုးထွန်း၊ ဖေ့စ်ဘွတ်က ကူးယူပါတယ်။၊ ဖေဖော်ဝါရီ  ၂၄၊ ၂၀၁၃
by Soe Tun on Wednesday, February 20, 2013 at 11:53am ·

လွန်ခဲ့တဲ့ ၅-ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၃ မှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ် အသစ်လဲဖို့နဲ့ အခွန်ဆောင်ဖို့ သွားခဲ့ပါတယ်။ ပတ်စ်ပို့ အသစ်လဲခြင်း၊ အခွန်ဆောင်ဖို့အတွက် မြန်မာသံရုံး ၀က်ဆိုဒ် www.mesingapore.org.sg  မှာ ကြိုတင်ပြီး ရက်ချိန်း ယူရပါတယ်။ အနည်းဆုံး ၁၀-ရက်၊ ၂-ပတ်လောက် ကြိုယူရတတ်ပါတယ်။

ကျွန်တော် လေ့လာရသလောက်တော့ တနေ့ကို အယောက် ၂၀၀ ကျော်ကျော်လောက်အတွက် မနက် ၉-နာရီကနေ စတင် ဆောင်ရွက်ပေးနေပြီး မိမိ ရယူထားတဲ့ တိုကင်နံပါတ်ပေါ် မူတည်ကာ မနက် ၉-နာရီကနေ ၁၂-နာရီအတွင်း ချိန်ကိုက် သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ မသိခဲ့လို့ ညွှန်ကြားချက်အတိုင်း မနက် ၉-နာရီ အရောက်သွားခဲ့တာကြောင့် တိုကင်နံပါတ် ၂၀၀ ကျော်ကို တော်တော်ကြာအောင် စောင့်လိုက်ရတယ်။ အချိန်ကို တွက်ချက်ပြီး သွားရင် ဓါတ်ပုံရိုက်ဖို့အတွက် တန်းစီစရာ မလိုသလို အခွန်ဆောင်ဖို့ တွက်ချက်တာကိုလည်း အချိန်ပေး စောင့်စရာ မလိုပါဘူး။ မိမိ နံပါတ်ကျော်သွားရင်လည်း ပြန်ခေါ်ပေးပါတယ်။

ပုံမှန်အားဖြင့် ရောက်ရောက်ချင်း ဓါတ်ပုံရိုက်ဖို့ ယူဆောင်လာတဲ့ စာရွက်စာတန်းတွေ ပြင်ဆင်ပြီး တန်းစီရပါတယ်။ မိမိ ဓါတ်ပုံရိုက်ဖို့ အလှည့်ရောက်ရင် စာရေးတစ်ယောက်ယောက်က ယူလာတဲ့ စာရွက်စာတမ်းတွေ စုံမစုံ စစ်ဆေးပါတယ်။ အဲ့ဒီနောက် Service Fee ဒေါ်လာ ၂၀ ပေးဆောင်ပြီးရင် ဓါတ်ပုံ ရိုက်ရပါတယ်။

ဘာအတွက်ကြောင့် Service Fee တောင်းသလဲဆိုတာ နားမလည်ပါဘူး။ ပိုက်ဆံက မများပေမယ့် အဲ့လို အဓိပ္ပါယ် မရှိတဲ့ ကောက်ခံခြင်းမျိုးကတော့ မရှိသင့်တော့တာ အမှန်ပါပဲ။ ဓါတ်ပုံဖိုးဆိုရင်လည်း ထိုက်သင့်ငွေကို တရားဝင် ကြေညာပြီး ပေးဆောင်ခိုင်းသင့်ပါတယ်။

ဓါတ်ပုံရိုက်ပြီးတဲ့နောက် အခွန် ဘယ်လောက်ဆောင်ရမယ်ဆိုတာ သိရှိဖို့ ကြိုတင်ယူထားတဲ့ တိုကင်နံပါတ်အတိုင်း စောင့်ရပါတယ်။ တိုကင်နံပါတ်ပေါ် မူတည်ပြီး အနီးအနားမှာ သွားရောက် စားသောက်တာ၊ လျှောက်ကြည့်တာ လုပ်နိုင်ပါတယ်။

မိမိအလှည့်ရောက်ရင် ၀န်ထမ်းတစ်ယောက်ယောက်က အခွန် ဘယ်လောက် ဆောင်ရမယ်ဆိုတာ တွက်ချက် ပြောပြပြီး နေ့လယ် ၃-နာရီမှာ အခွန်လာဆောင်ဖို့ ပြောပါတယ်။ အဲ့ဒီနေ့က ဓါတ်ပုံရိုက်ခြင်း၊ အခွန်ငွေ တွက်ချက်ပေးခြင်းကို နေ့လယ် ၁-နာရီ မထိုးခင်မှာ ပြီးစီးသွားတဲ့အတွက် ပုံမှန်အားဖြင့် နေ့စဉ် နေ့လည် ၁-နာရီအတွင်း ဆောင်ရွက်ပေးပတယ်လို့ ယူဆနိုင်ပါတယ်။

နေ့လည် ၃-နာရီမှာ စတင် စောင့်နေရပြီး အခွန်ဆောင်လို့ ပြီးသွားရင် ညနေ ၅-နာရီမှာ ပိုက်ဆံ ၁၅၀ နဲ့ နိုင်ငံကူးလက်မှတ် လာထုတ်ဖို့ တခါ ပြန်လာ စောင့်ရပါတယ်။

*** ဓါတ်ပုံရိုက်ဖို့ တန်းစီတဲ့အခါ အရင်ရောက်ရင် အရင် ဓါတ်ပုံရိုက်ရပေမယ့် အခွန်ဆောင်ဖို့ ကျသင့်ငွေကို သိရှိဖို့အတွက်တော့ မိမိယူထားတဲ့ တိုကင်နံပါတ်အတိုင်း စောင့်ရကာ နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်မှာတော့ တိုကင်နံပါတ်အတိုင်း မခေါ်ပဲ နိုင်ငံကူးလက်မှတ် အရင်ပြီးတဲ့အတိုင်း ခေါ်တယ်လို့ ယူဆရပါတယ်။

ဒါကတော့ တနေ့တာ သံရုံးမှာ အချိန်ပေး လုပ်ဆောင်ရမယ့် အစီအစဉ်ပါပဲ။


သံရုံးမှ မိမိအလှည့်အား စောင့်ဆိုင်းနေစဉ် သက်တောင့်သက်သာဖြစ်စေရန်နှင့် မပျင်းရိရစေရန်

၁။ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊
၂။ စာအုပ်များ၊ ဂျာနယ်များ အစရှိတဲ့ ဖတ်စရာများ စီစဉ်ပေးခြင်း
၃။ သောက်ရေသန့် ထားပေးခြင်း
၎။ တိုကင်နံပါတ်ကို တီဗီဖန်သားပြင်မှာ ဖော်ပြသလို သံရုံးအတွင်းမှလည်း မိုက်ကရိုဖုန်းနဲ့ နာမည် ခေါ်ပေးခြင်း …

များကြောင့် အစစ အရာရာ အဆင်ပြေ ချောမွေ့လှသလို စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။

စတီးလ် သောက်ရေခွက် တစ်ခွက်သာ ထားရှိပေးထားခြင်းကတော့ ကျန်းမာရေးနဲ့ မကိုက်ညီလှပါဘူး။ ဆေးစရာ ရေဘုံဘိုင် အနီးနားမှာ ရှိရင် သို့ တခါသုံး စက္ကူခွက်တွေ ထားပေးရင်တော့ အဆင်ပြေမှာပါ။

ဖန်သားပြင်မှာ သတင်းအချက်အလက်တွေ စာတန်းထိုးတဲ့အခါမှာ စာလုံးပေါင်း တချို့မှားနေခြင်းနဲ့ စကားစု အဖြတ်အတောက် မမှန်ကန်ခြင်း စတဲ့အသေးအဖွဲလေးကို ပြင်လိုက်ရင်တော့ မြန်မာသံရုံးအနေနဲ့ ပိုမို ပြည့်စုံသွားမယ်လို့ ထင်မြင်မိပါတယ်။

(သံရုံးနဲ့ နီးစပ်သူများလည်း အကြံပေးကြစေချင်ပါတယ်။ ကျွန်တော်လည်း အီးမေးလ်ကနေ အကြံပြုတဲ့အနေနဲ့ စာပို့ဖို့ ရည်ရွယ်ထားပါတယ်။)


ယခုလို သံရုံးက အစစ အဆင်ပြေအောင် စီစဉ်ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ စင်္ကာပူနိုင်ငံရောက် မြန်မာများ အနေနဲ့လည်း နိုင်ငံကြီးသားများ ပီသစွာ တဖက်တလမ်းမှ ကူညီစေချင်ပါတယ်။

အဲ့ဒီနေ့မှာ အခွန်ဆောင်သူ၊ နိုင်ငံကူးလက်မှတ် အသစ်လဲသူ အချို့ရဲ့ မသင့်တော်သော လုပ်ရပ်တချို့ကို တွေ့ရှိရပါတယ်။ ဥပမာ …

၁။ ဖတ်ပြီးသား စာစောင်များ၊ ဂျာနယ်များကို နေရာတကျ ပြန်မထားခြင်း
၂။ ထိုင်ခုံများကို စီရရီ ချပေးသော်လည်း လိုသလို ဆွဲယူထိုင်ပြီး သေသေသပ်သပ် ပြန်မထားခြင်း
၃။ တစ်သျှူးများ အပါအ၀င် အမှိုက်သရိုက်များကို အမှိုက်ပုံးထဲ မထည့်ပဲ ထိုင်ခုံအောက်ကို အလွယ်တကူ ပစ်ချထားခြင်း
၎။ ဂျာနယ်များကို ထိုင်ခုံတွင် ခင်းထိုင်ပြီး ထားခဲ့ခြင်း

(ထိုင်ခုံအားလုံးဟာ အမိုးအကာအောက်မှာ သန့်ရှင်းခြောက်သွေ့စွာ ရှိနေတာမို့ မည်သည့်အကြောင်းကြောင့် ထိုင်ခုံမှာ ခင်းထိုင်သည်ကို နားမလည်ပါ။)

အစရှိတဲ့ ကိစ္စတွေဟာ သာမန်အားဖြင့် ကြည့်ရင် ဘာမှ မဟုတ်ပေမယ့် နိုင်ငံတနိုင်ငံအနေနဲ့ ဘယ်လောက် စည်းကမ်းရှိတယ်။ နိုင်ငံသားတွေ ဘယ်လောက် ယဉ်ကျေးမှု မြင့်မားသလဲဆိုတာကို တိုင်းတာတဲ့နေရာမှာတော့ အင်မတန် တာသွားပါတယ်။

ကျွန်တော်က အဲ့ဒီနေ့မှာ နောက်ဆုံးနီးပါးမှ နိုင်ငံကူးလက်မှတ် ရတာမို့ အကုန် မြင်တွေ့နေရပါတယ်။ လူတွေအားလုံးကုန်တော့ လုံခြုံရေး ၀န်ထမ်း အဖိုးကြီးက အစအဆုံး သေသေသပ်သပ် ဖြစ်အောင် သိမ်းဆည်း၊ လှဲကျင်း ဆောင်ရွက်တာ မြင်ရတော့ စိတ်မကောင်းပါဘူး။ ကျွန်တော်လည်း စိတ်မသက်မသာ ဖြစ်ရတာမို့ အနီးအနားမှာ ရှိတဲ့ ထိုင်ခုံတွေကိုတော့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် ပြန်ထားပေးလိုက်ပါတယ်။

နိဂုံးချုပ် ပြောရရင် ယခုလို အစစ အရာရာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြတဲ့အချိန်မှာ၊ နိုင်ငံသားတိုင်းလည်း မိမိတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ လိုလားတောင့်တနေကြတဲ့အချိန်မှာ မိမိတို့ကိုယ်တိုင်ကလည်း အသေးအဖွဲကအစ မိမိတို့ ဆောင်ရွက်နိုင်တဲ့ အရာတိုင်းကို တာဝန်သိသိနဲ့ လုပ်ဆောင်ကြပါ၊ မိမိကိုယ်တိုင်ရဲ့ အပြုအမှု အပြောအဆို စတာတွေကို ယဉ်ကျေးမှု မြင့်မားတဲ့သူဖြစ်အောင် ပြုပြင်ကြပါ၊ ဖြစ်နိုင်ရင် မိမိအသိုင်းအ၀ိုင်းက မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများကိုလည်း အားပေးတိုက်တွန်းကြပါလို့ လေးစားစွာ တိုက်တွန်းလိုက်ရပါတယ်။

20 Feb 2013 (2:00AM)


24th Feb - MoeMaKa Radio

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ - မိုးမခရေဒီယို
သံဝေဂ တေး ၂ ပုဒ်၊ ဦးပန်တျာ သီဆိုတင်ပြမှု
သတင်းတိုထွာ၊ သီချင်းပဒေသာ
ကို်တွေ့ ဂျမေကာနိုင်ငံ၊ ဒေါက်တာကျော်သူရလင်း
အံ့မခန်း ရန်ကုန် အိမ်မြေဈေးကွက်များ - ကွန်ပျူတာဦးအောင်ဇော်
တပတ်အတွင်း အလှူဒါနသတင်း
နော်ဝေနိုင်ငံမှာ ၈၈ ကျောင်းသားကိုပြုံးချိုပြောတဲ့ ခရိုနီးများရဲ့ အလှူဒါန - မိုးမခ
ညီနောင်ထုရဲ့ ပြည်ထောင်စုကဗျာ - ကျော်ဟုန်း၊ မိုးမခ
၂၀၀၄ ဂီတနန္ဒ၀န်မှ ဆယ်ကျော်သက်သမီးပျို စန္ဒယားလက်သံ
အထူးကဏ္ဍ - အောင်ခြင်း ၈ ပါး တေးသရုပ်ဖော် အပိုင်း ၃ - (အေ၀မ်းစိုးမြင့်၊ တင်တင်မြ)
စီစဉ်သူများ - ဦးပန်တျာ၊ ဒေါက်တာဇင်မာထွန်း၊ နှင်းမြတ်ခိုင်
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)

Mar Mar Aye - 460

"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၆၀)
ပြဇါတ်သီချင်း
 မာမာအေး
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …   ဟိုတုန်းက ပြဇါတ်သီးသန့် တင်ဆက်ကပြခဲ့တဲ့ ပန်းဆိုးတန်းလမ်းက ၀င်းဝင်းရုံ ဆိုတာ ပျောက်ကွယ်သွားပြီ ဖြစ်ပေမယ့်လဲ ရုံအတွင်းက အုံနဲ့ကျင်းနဲ့ အထင်းသား ကျန်ခဲ့တဲ့ သီချင်းများရဲ့ ဟန်ကြောင့် အောင့်တမေ့မေ့ နှောင်းတမြေ့မြေ့နဲ့ ကိုယ်တိုင် မကြုံရတာ နာလေခြင်း လို့ ရင်ထဲမှာဖြစ်တယ်။ ဒီနေ့အထိ ပြဇါတ်က သီချင်းလေးတွေ ရှင်သန် ကျန်နေသေးတာကို ခံစားကြည့်ရင်း ရင်တွင်း ဝေဒနာ စွဲကပ်တာပေါ့ရှင်။

တကယ်တော့ ၀င်းဝင်းရုံက ပြဇါတ်ကို "သူ့သွေးကိုယ့်သား" ဆိုတဲ့ တစ်ထုပ်ကိုဘဲ အထူးတန်းက ကြည့်ခဲ့ဖူးပါတယ်။ အဖေရင်း မဟုတ်သော်လဲ အရင်းထက် သဲတဲ့ မေတ္တာရှင် ဖခင်မေတ္တာမျိုး ရှိတဲ့ သဘော ဇါတ်ကျောရိုးနဲ့ ပြဇါတ် ဖြစ်ပါတယ်။

ကိုယ်ကလဲ ခေတ်သစ်ရာဇ၀င်ပြဇါတ်အဖွဲ့နဲ့ ဇါတ်အဖွဲ့တွေက ပြဇါတ်တွေကြားမှာ ဖြတ်သန်းလာဖူးသူ ဆိုတော့ ကိုယ်ရင်းနှီးတဲ့ပြဇါတ်မျိုးနဲ့ ၀င်းဝင်းရုံက ပြဇါတ် ဘာကွာသလဲ ဆိုတာဘဲ သတိထားကြည့်ခဲ့တာပေါ့ရှင်။ ဇါတ်လမ်းဇါတ်ကွက်ချင်းကတော့ အတူတူပါဘဲ။ သရုပ်ဆောင်ရာမှာကျတော့ ရန်ကုန်မှာတင် ကပြတဲ့ မင်းသမီး မင်းသားတွေက အများအားဖြင့် ရုပ်ရှင် မင်းသမီး မင်းသားတွေ ဖြစ်တော့ ဇါတ်ထဲက မင်းသမီး မင်းသားတွေလေါက် အမူအယာ ပိုနေတယ်လို့ ပြောရမယ့် 'အိုဗာအက်တင်' မတွေ့ရဘူး - ရုပ်ရှင်ကလို ပြင်ပကလူတွေလို ပြောကြဆိုကြ မျက်နှာထားကြတယ်။ သရုပ်ဆောင် အသီးသီးဟာ သီချင်း ကိုယ်တိုင်ဆိုတတ်ကြတယ်။

ရိုးရိုး နယ်လှည့်ကပြရတဲ့ ဇါတ်အဖွဲ့တွေက တနေရာထဲမှာချည်း အတည်တကျ နေရတယ်လဲ မရှိကြ၊ အိပ်ချိန်မှန်မှန် ဆိုတာလဲ မရှိကြ၊ ကချိန်တန်မှ ထကကြတာများပါတယ်။ ဇါတ်ရုံက ကျယ်နိုင်သလောက်ကျယ်အောင် ဆောက်ကြတာတွေ ဖြစ်တော့ နောက်ဆုံးနေရာကပါ မြင်ရအောင် မိတ်ကပ်လိမ်းတာ အစ ခတ်ကြမ်းကြမ်းတင်ရ၊ အမူအယာ ဆိုလဲ ပိုလုပ်ပြမှ မြင်ရ ဆိုတာမျိုးပါ။
အသံဆိုလဲ မိုက်ခွက်နား ကပ်သွားမှ ပီသအောင်ကြားရတာမို့ ကွာမှာဘဲပေါ့ရှင်။

အခမ်းအနားပြင်ဆင်မှု ဆိုလဲ ဒီလိုဘဲ၊ ၀င်းဝင်းရုံက အမြဲရုံမို့လား၊ တောကါးတောင်ကါးရေကါးချပ်တွေကို - ဇါတ်ခုံပေါ်တွင် အသေတင်ထားလို့ ရတယ်။ ဧည့်ခန်းအိမ်ခန်းတွေ ဆိုရင် ဆုံလည် လှည့်ပြီး ပြောင်းနိုင်အောင် ဆင်ထားနိုင်တယ်။ သစ်သားဘောင် နဲ့ ပြေးလမ်းကနေ တွန်းရွှေ့တဲ့ ပန်းချီကါးတွေလဲ သုံးနိုင်တယ်။

အမြို့မြို့ အနယ်နယ် လှည့်သွား ကပြရတဲ့ ဇါတ်အဖွဲ့တွေဟာလဲ နောက်ခံ ပန်းချီပိတ်ကါးလိပ်တွေ ယူသွားရစမြဲမို့လား။ တမြို့ရောက်တာနဲ့ ပွဲကမယ့် ဇါတ်ရုံမှာ သူ့နေရာနဲ့သူ ပြင်ဆင် ချိတ်ဆွဲ ကြိုးချည်နှောင် တုတ်ခိုင်အောင် လုပ်ရ၊ နောက်တနေရာကို ပွဲကူးစရာရှိလာတော့လဲ ပြန်ဖြုတ်ရ သိမ်းရ ခေါက်ရနဲ့ ဘယ်ပန်းချီက တောက်ပနိုင်ပါတော့မလဲ။ ငြိတာ စွန်းတာ ပေါက်ပြဲတာနဲ့ပေါ့ရှင်။ 

တေးဂီတ ဇါတ်ပို့ တီးဝိုင်းကလဲ နယ်ကို ဒုက္ခခံပြီး လိုက်နိုင်အောင် ၀ါသနာကြီးတဲ့သူ၊ ဂီတနယ်မှာ နာမည်ရချင်လို့ လက်သွေးပညာဆေးချင်တဲ့သူတွေရဲ့နေရာ လို့ ပြောရမယ့်သဘော တွေ့ခဲ့တာပါဘဲ။

ဝင်းဝင်းရုံနဲ့တော့ မယှဉ်နိုင်ဘူးပေါ့ရှင်။ ဆရာ ရွှေပြည်အေးတီးဝိုင်းလဲ ရှိတတ်တယ် တဲ့။ ပင်တိုင်ဝိုင်းကတော့ ဂီတလုင်အမည်မွှေးတဲ့ မောင်ကိုကိုရဲ့ အဖွဲ့ပါဘဲ။ တီးရမလား၊ ဆိုရမလား၊ ရေးရမလား၊ မှုတ်ရမလား၊ တီးဆိုရေးမှုတ် တေးဂီတအလုပ်တွေကို ကုန်စင်အောင် လုပ်နိုင်စွမ်းတဲ့သူဖြစ်တာမို့ ဂီတလူကြီးသူမတွေက 'ဂီတလုင်' ဆိုတဲ့ ဘွဲ့သ ချီးကြူးခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ နိုင်ငံတကါ လေမှုတ်တူရိယာ ထရမ်းပက်၊ ကလဲရီနက်၊ ဆိုက်ဆိုဖုန်း စတဲ့ တူရိယာတွေကိုလဲ လေ့လာတတ်ကျွမ်းတယ် လို့ ဆိုပါတယ်။ တခုပါဘဲ မြန်မာ့လေမှုတ်တူရိယာ 'နှဲ' ပညာကိုတော့ သူ လက်လျှော့်ခဲ့ရတယ် လို့ ပြောခဲ့ဖူးပါတယ်ရှင်။

မာအေးကတော့ ဒါလောက် ဂီတခေါင်းခေါင်းတဲ့ မောင်ကိုကို 'နှဲ' မှုတ်ခြင်း ပညာကျမှ လက်မြှောက်ရတယ် ဆိုတာ အရပ်ကလေးကိုတဲ့ အားမနာ အားမနာ လို့ အပြောမခံချင်တာကြောင့်များလား ထင်မှားမိပါတယ်။ 
နှဲပညာကလဲ ခက်ခဲတယ် ဆိုတာ - မာအေးက နှဲဆရာသမီးမို့ သိသင့်တာတွေ ပြောဦးမှာပေါ့။ ခုတော့ ဂီတလုင်ကြီးတို့ ပြဇါတ်ခေတ်က သီချင်း အကြောင်းလေးတွေ ဇေါင်းပေးထားသေးလို့ပါ။ 
ဗိုလ်ကလေးတင့်အောင် နဲ့ မောင်ကိုကို - နောင်ညီနှစ်ယောက် ပေါင်းရင်၊ ထောင်သောင်းချီ သီချင်းတွေ ရှိနိုင်ပါတယ်။ အမေ ကြည်ကြည်ဋ္ဌေး ဆိုထားတဲ့ သီချင်းလေးတွေကို မြန်မာ့အသံမှာ အလုပ်လုပ်နေတုန်းက ကိုယ်လိုချင်တဲ့ သီချင်းနဲ့  သီဆိုတဲ့သူနာမည်တွေ အက္ခရာစဉ်နဲ့ စာအုပ် လုပ်ဖြစ်တာကြောင့် သိလါတာက  ရုပ်ရှင်ထဲ မရောက်ခင်မှာ ဆိုထားတာ တွေ့တဲ့ အသံချိုချို စာတိုတို၊ အဆိုမထေါက် လိုရင်းရောက်တဲ့ အရေးအသားမို့ ပြန်ဆိုမယ် စဉ်းစား - အမေကြည့်ဆီ ဓါတ်ပုံတေါင်းရအောင် သွားခဲ့တယ်၊ ပြောခဲ့တယ်၊ ရုပ်မြင်သံကြားမှာ ကျန်ရစ်အောင် ရိုက်ထားဖို့  ကိုသစ္စာကို ပြောမိတော့ - အကိုလေးရော၊ ကိုကိုရော၊ အမေကြည်ရောပါမက ပြဇါတ်ခေတ်က အနုပညာရှင်တွေပါ အတူရိုက်ပေးဖြစ်တာ 'လက်ဆင့်သွယ်ပေး တေးမေတ္တာ' အစီအစဉ် ဖြစ်သွားပါတယ်။ မာအေးလဲ "ကြည်ကြည်ဋ္ဌေး၏မာမာအေး" ခေါင်းစဉ်နဲ့ သီချင်း (၁၄)ပုဒ် သီဆို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်၊
ပဲရော့ရုပ်ရှင်ခြံမှာ ကိုအက်ဒီလွင်က အသံသွင်းပေးခဲ့ပါတယ်။ တပုဒ်လောက် နားဆင်ကြည့်စမ်းပါ၊ မာအေးလိုဘဲ ချစ်ဆွေတို့လဲ နှစ်သက်လိမ့်မယ် ထင်ပါတယ်။

(လွမ်းမေယုတောင် - မှ)
တကျွန်းစီနေ တမြေစီခြား - လွမ်းအားပိုလို့ မဖြေနိုင်ပါ၊ ဒေ၀ါမိုး စွေကါဖြိုး၊ အညှိုးနဲ့လှေ၊ာင် xx မိလ္လာရည်ဆိုင်းပြန်ပြီလေး ပြာရည်အုံ့မှိုင်း ဝေလို့မှောင်၊ အာကါဘောင် xx ဂဠုတ်တောင်ချိတ်ပါလို့ ပန်းတိမ်လိပ်ရောင် xx ပတ်လည်တပ်ချီ နတ်စည်ဟိန်းကါဆောင်၊ မယ့်ရင်ထဲ ကွဲလုအောင်၊ မိုးနတ်မောင် ဖန်လာလေအား၊ သနားမှုမဆောင် ချစ်သူကို လစ်လျူပြုကါရှောင်၊ မြင်လှည့်ပါစမ်း လွမ်းမေယုတောင်၊ ရွှေမိုး ငွေမိုး စွေဖြိုးတဲ့ လ၀ါခေါင်၊ သဘာဝကမ္ဗလာစိမ်း ယိမ်း .. ယိမ်းနွဲ့မြောက်တောင်၊ လန်းဆန်းစိုပြေ နဂိုနေအလှကိုဆောင်၊ သူတကါ ပြုံးပေမယ့် ခင်ဖုန်းတွင် မရွှင်နိုင်ပေါင်၊ မောင့်ကို မျှော်မှန်း လွမ်း ....   လွမ်းယောင်ယောင် xxx

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်   


    ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

words on U Pain bridge



မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (
ဦးပိန်တံတားမှာ တွေ့ရမယ့် တိုင်စာများ)
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃ 
ကမ္ဘာကျော် ဦးပိန်တံတားမှာ ရှေးဟောင်းသုတေသန ဌာနက တိုင်နံပါတ်များ ရေးထိုးထားသလို တံတားရောက်လာသူ တချို့ကလည်း တံတားတိုင်တွေမှာ အမှတ်တရစာတွေ ရေးထိုးနေကြပါတယ်။


တိုင်စာ အမှတ်  ၁၅၈ - မောင့်ကိုချစ်တယ်


တိုင်စာ အမှတ်  xxx - MYO Thu ကို ချစ်တယ်


တိုင်စာ အမှတ်  ၂၆၃ - မင်းဇော်ကို မုန်းတယ် 


တိုင်စာ အမှတ်  ၂၄၄ - ထင်ကျော်ဦးကို ချစ်နေတုန်းပဲ 

တံတားနားမှာ တည်ရှိတဲ့ ရတနာပုံတက္ကသိုလ် တက်နေသူတွေ ရေးထိုးထားတဲ့စာ အများအပြား ပါဝင်မယ်လို့ ယူဆရပါတယ်။








 

Chinese Army's training in Sino Burma border

မြန်မာနယ်စပ်အနီးတွင် ပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုများ
မိုးမခအထောက်တော် အမှတ် ဝဝ၈
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


(ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇန်န၀ါရီ ၁၅ ရက်နေ့က ပြုလုပ်သော စစ်ဘက်ဆိုင်ရာ သင်တန်း အများအပြားရှိပြီး ပုံတွင် တွေ့ရသည်မှာ ပစ်ခတ်မှုသင်တန်းဖြစ်သည်။)


မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်များ လေ့ကျင့်နေကြောင်း တရုတ်အစိုးရသတင်းဌာန၏ သောကြာနေ့ထုတ် သတင်းကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေးထားသည်။


ယူနန်ပြည်နယ် တောင်တန်းဒေသတွင် လေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုသည။်

ယင်းသို့ သင်တန်းပေးလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်တပ်များ "စစ်ပွဲတခုတွင် တိုက်ခိုက်နိုင်ကြောင်း၊ စစ်ပွဲတွင် အောင်မြင်ရမည် ဖြစ်ကြောင်း" ပြသရန် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ရေးထားသည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုသော စစ်ရေး သင်တန်းများတွင် တရုတ်တပ်မတော်သားတို့က ဆိုးဝါးသည့် ရာသီဥတုတွင် စစ်ချီခြင်း၊ ဆက်သွယ်ရေးပြတ်တောက်သည့် နေရာတွင် လှုပ်ရှားခြင်း စသည်တို့ ပါဝင်သည်ဟု ဆိုသည်။

မြန်မာနယ်စပ်အနီး ယင်းသို့ လေ့ကျင့်နေချိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း နိုင်ငံစုံတပ်များ စစ်ရေးလေ့ကျင့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။

 ရွှေမြွေဟောက် (Cobra Gold) ဟု အမည်ပေးထားသော အဆိုပါ  စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊  အင်ဒိုနီးရှား စသည့် နိုင်ငံတို့မှ စစ်သားအင်အား တသောင်းကျော် ပါဝင်လေ့ကျင့်လျက် ရှိသည်။

ထူးခြားချက်မှာ မြန်မာဗိုလ်ချုပ် ၂ ဦး လေ့လာသူအဖြစ် တက်ရောက်နေခြင်းဖြစ်သည်။

မြန်မာဗိုလ်ချုပ် ၂ ဦး လေ့လာမှုတွင် ကန့်သတ်ချက်များ ရှိသည်ဟု ဘန်ကောက်မြို့ အမေရိကန် သံရုံး ပြောခွင့် အရာရှိ Kristin Kneedler  က ဗီအိုအေ သတင်းဌာနကို ပြောသည်။

"ဒီနှစ် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာတော့ စစ်ရေးလေ့ကျင့်သူတွေ ပြင်ဆင်မှု အစီအစဉ်၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံက လေ့လာမှာ ဖြစ်ပါတယ်" ဟု သူက  ဗီအိုအေ သတင်းဌာန (အင်္ဂလိပ်ပိုင်း) ကို ပြောသည်။




cobra gold


 ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှု
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


ထိုင်းနိုင်ငံတွင် ပြုလုပ်နေသည့်  ရွှေမြွေဟောက် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တွေ့မြင်ရသော "တောတွင်း အသက်ရှင် နေထိုင်နည်း" သရုပ်ပြကွက် မြင်ကွင်းများ ဖြစ်သည်။

တောတွင်း ရှင်သန်နည်း သင်တန်းတွင် ပုရစ်ကင်  စားသုံးနေသည့် အမေရိကန်စစ်သားတစ်ယောက်

မြွေဟောက်တစ်ကောင်ကို အန္တရာယ်ကင်းစွာ ဖမ်းဆီး ကိုင်တွယ်နည်း သရုပ်ပြကွက်
စပါးကြီးမြွေနှင့် သရုပ်ပြကွက်

ကြက်မွှေးနုတ်နည်း သရုပ်ပြကွက်

ကင်းမြီးကောက်ကို မည်သို့ စားသုံးနိုင်ကြောင်း ရှင်းပြနေပုံ

မြွေဟောက် ကိုင်တွယ်နည်း ပြသနေသော ထိုင်း တပ်ကြပ် Pairoj Prasarnsai

မီးမွှေးနည်း သရုပ်ပြကွက်
မြွေဆိုးကိုက်ခံရပြီး ထိုမြွေအား မည်သို့ ဖယ်ရှားရမည်ကို သရုပ်ပြနေပုံ။ အမေရိကန်စစ်သည်တို့က ထိုသရုပ်ပြမှုတွင် ၎င်းတို့၏ သဘောဆန္ဒဖြင့် ပါဝင် ခဲ့ကြကြောင်း၊ စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းများထိုနေရာတွင် အသင့်ရှိနေကြောင်း သိရသည်။

FRIDAY, FEBRUARY 22, 2013

Pann Thee & Group to support peace with art


လူရွှင်တော်ပန်းသီးနှင့် မိတ်ဆွေများ ငြိမ်းချမ်းခြင်းကို အနုပညာနှင့် အားဖြည့်
မိုးမခအထောက်တော် ၀၀၃၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃
 ငြိမ်းချမ်းခြင်းကို အနုပညာဖြင့် ခွန်အားတရပ်ဖြစ်စေလိုသော ဆန္ဒဖြင့် သီးလေးသီးမှ ကိုပန်းသီးဦးဆောင်၍ ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျောက်သူများအား အနုပညာဖျော်ဖြေပွဲတရပ်ပြုလုပ်မည်သိရသည်။
အဆိုပါအနုပညာဖျော်ဖြေပွဲကို ကသာမြို့အနီးတွင်ဖေဖော်ဝါရီ (၂၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး  ဟာသလူရွင်တော်ပန်းသီး၏ ၁နာရီကြာ တကိုယ်တော်ဟာဒယအစီအစဉ်၊
ငြိမ်းချမ်းရေး အငြိမ့်သဘင်ခန်း၊ နှင့် တေးသီချင်းဖျော်ဖြေမှုများ ပါဝင်မည်ဟု ဆိုသည်။
လူရွင်တော်ပန်းသီးနှင့်အတူ ဂီတမှုးကိုမင်းသူ၊ တက်သစ်စ အဆိုတော်မင်းသမီး
ဆောင်းဝတီတို့မှ အနုပညာအခကြေးငွေမယူဘဲ စေတနာဖြင့် ကူညီပါဝင်တင်ဆက်သည်။
လူရွင်တော်ကိုပန်းသီးက …
"ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းဘို့အတွက် မိုင်ပေါင်းများစွာ ခရီးဆက်ကြတဲ့ငြိမ်းချမ်းရေးသူရဲကောင်းတွေကို ကျနော်တို့ရဲ့အနုပညာနဲ့ ဂုဏ်ပြု ခွန်အားပေးတာပါ။ ဒီကိုလာ ကပြဖို့အတွက် အနုပညာကြေး လုံးဝမယူတဲ့အပြင်၊ လမ်းခရီး ကုန်ကျစာရိတ်အားလုံးကိုလဲ ကိယ့်ုစာရိတ်နဲ့ ကိုယ်လာကြတာပါ။ "ငြိမ်းချမ်းခြင်းသို့ ဒို့အနုပညာ" ဆိုတဲ့ခေါင်းစဉ်နဲ့ အနုပညာအဖွဲ ၄ ဖွဲပြီး မြန်မာပြည်ထာဝရငြိမ်းချမ်းရေးကို  ကိုယ်တတ်ထားတဲ့အနုပညာနဲပူးပေါင်းပါဝင်ဖို့အစီစဉ်တွေရှိတယ် …"
လို့ ကိုပန်းသီးမှ မိုးမခကိုပြောပြပါတယ်။

Dr Myint Oo (GP) - Articles


လင်းယုန်ငှက်နှင့် ဒေါင်းကကြိုး
ဒေါက်တာမြင့်ဦး (ဂျီပီ)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


ဥဒေါင်းငှက်ကို အမှတ်သင်္ကေတပြုထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ဘွဲ့ နှင်းသဘင်ခန်းမကြီးထဲမှာ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘား မားတစ်ယောက် မိန့်ခွန်းပြောကြားသွားခဲ့တာကို လူတိုင်းအမှတ်ရ နေကြလိမ့်မယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမှတ်သင်္ကေ တဟာ လင်းယုန်ငှက်ဖြစ်တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်ထဲ အိုဘားမားရောက်ရှိလာတာကို လင်းယုန်ဧကရာဇ်မင်းကြီး သစ်ပုတ်ပင် ပေါ်မှာ နားခိုသွားခဲ့တယ်လို့ တင်စားပြောဆိုလို့ရနိုင်ပါတယ်။ ရွှေတိဂုံစေတီပေါ်မှာ ဠင်းတနားသွားတာကို မကောင်းတဲ့အတိတ်နိမိတ်အဖြစ် မှတ်ယူကြပေမယ့်၊ ကံကော်တောထဲမှာ လင်းယုန်ငှက်နားသွားတာ ကိုတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တစ်ခေတ်ဆန်းသစ်တော့မယ့် နိမိတ်လက္ခဏာအဖြစ်မှတ်ယူလို့ ရနိုင်ပါတယ်။ လင်းယုန်ငှက်မင်းဟာ သစ်ပုတ်ပင်ပေါ်မှာ ခိုနားသွားခဲ့ရုံသာမက "မြန်မာနိုင်ငံ မင်္ဂလာပါ" လို့ ဥဒေါင်းသံနဲ့ တွန်ကျူးပြသသွားခဲ့တဲ့အတွက်၊ နောက်ပါလင်းယုန်ငှက်အပေါင်းဟာလည်း ဥဒေါင်းနိုင်ငံထဲကိုရောက်ရှိလာကြပြီး ဒေါင်း ငှက်တွေနဲ့ ကခုန်မြုးတူးဖို့ ကကြိုးညှိနေကြတာကို တွေ့မြင်နေကြရပြီဖြစ်ပါတယ်။

● တက္ကသိုလ်မိတ်ဖွဲ့ လင်းယုန်ငှက်
အိုဘားမား ဒေါင်းသံတွန်ကျူးပြသပြီးတဲ့နောက်ပိုင်း အမေရိကန်နိုင်ငံမှာရှိတဲ့ အိုင်အိုင်အီးလို့ခေါ်တဲ့ နိုင်ငံ့ဦးဆောင်ပညာရေးအဖွဲ့ကြီး (Institute of International Education) ကနေ၊ အမေရိကန်တဝှမ်းလုံးက တက္ကသိုလ်တွေကို မြန်မာနိုင်ငံထဲမှာ မိတ်ဖက်တက္ကသိုလ်တွေ ထူထောင်ကြဖို့ ဖိတ်ခေါ်စည်းရုံးလိုက်ပါတော့တယ်။ အမေရိကန်က လင်းယုန်ငှက်တွေကို မြန်မာဥဒေါင်းအက ကခိုင်းတာဘဲဖြစ်ပါတယ်။ ဒီလို နဲ့ ၂ဝ၁၃ ခုနှစ်မှာ မြန်မာ-အမေရိကန် တက္ကသိုလ်ပညာရေး မိတ်ဖက်အစီအစဉ် (အိုင်အေပီပီ = International Academic Partnership Program) ကို စတင်လိုက်နိုင်ပါပြီ။ ဒီအစီအစဉ်အရ အမေရိကန်နိုင်ငံရဲ့ အထင်ကရတက္ကသိုလ်ကြီး ၁ဝ ခုက ပါမောက္ခတွေနဲ့ အုပ်ချုပ်သူတွေပါဝင်တဲ့ လင်းယုန်ငှက်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစလို့ ဥဒေါင်းပါမောက္ခတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အားမာန်တင်းတဲ့ ဥဒေါင်းပျိုနဲ့ ခွပ်ဒေါင်းငယ်တွေနဲ့လည်း ကကြိုး ကကွက်ညှိဖို့ စီစဉ်နေကြပါတယ်။ လင်းယုန်ငှက်အုပ်စုဟာ ကံကော်တောကိုသာမက တာဂွတော၊ ဒဂုံတော၊ ဘုန်းမော်မြေ၊ ဆေးမန်း၊ ရတနာပုံနဲ့ မန်းတက္ကသိုလ်စတဲ့ ပရဝုဏ် အသီးသီးကို လှည့်လည်ပျံသန်းရင်း၊ မြန်မာပညာရှိ ဥဒေါင်းငှက်တွေနဲ့ ကကြိုးကကွက် ဇာတ်တိုက်ကြဖို့ ပြင်ဆင်နေကြပါတယ်။

● ဒေါင်းတက္ကသိုလ်တွေရဲ့ အဆင့်အတန်း
ရန်ကုန်တက္ကသိုလ်ရဲ့အဆင့်အတန်းဟာ တချိန်တုန်းက အာရှထိပ်တန်းဝင်တက္ကသိုလ်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဘယ် ထိပ်တန်းဝင်စာရင်းမှာမှ ရှာဖွေကြည့်ရှုလို့မရဖြစ်နေပါတယ်။ ကမ္ဘာ့တက္ကသိုလ်အဆင့်အတန်း (University World Ranking) ကို သတ် မှတ်ပေးကြတဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ထိပ်ဆုံးအဆင့် ၁ဝဝ နဲ့ အဆင့် ၅ဝဝ လောက်အထိသာ သတ်မှတ်ပေးလေ့ရှိတာမို့၊ မြန်မာနိုင်ငံ မှာ အဆင့်မြင့်ပညာလို့ခေါ်ဆိုနေကြတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးတွေဟာ ဘယ်စာရင်းမှာမှ မပါဝင်နိုင်ပဲဖြစ်နေရရှာပါတယ်။ တကယ် လို့များ အဆင့်တစ်ထောင်ကျော်အထိ ဒါမှမဟုတ်အဆင့် ငါးထောင်လောက်အထိသတ်မှတ်ပေးတဲ့ အဖွဲ့အစည်းများ ရှိများရှိနေခဲ့ရင် နေရာတစ်နေရာမှာတော့ အဆင့်တစ်ခုခု ချိတ်များချိတ်နိုင်လေမလားရယ်လို့ ဆက်လက်ရှာဖွေကြည့်လိုက်မိတဲ့အခါမှာ။ ဟော ... တွေ့ရ ပါပြီ။ ကမ္ဘာ့တက္ကသိုလ်အသီးသီးရဲ့ ကိုယ်ပိုင်အင်တာနက်ဝက်ဆိုက်မှာတင်ထားတဲ့ သတင်းအချက်အလက်တွေကိုအခြေခံပြီး အဆင့်အ တန်းသတ်မှတ်ပေးတဲ့အဖွဲ့တစ်ဖွဲ့ဘဲဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကို ဝက်ဘိုမက်ထရစ်လို့ ခေါ်ဆိုပါတယ်။ ဝက်ဘိုမက်ထရစ်ရဲ့ တက္ကသိုလ်အဆင့် အတန်းသတ်မှတ်ချက်ကို အင်တာနက်စာမျက်နှာ http://www.webometrics.info/en/Asia/Burma%20/%20Myanmar မှာ ကြည့် ရှုလို့ရနိုင်ပါတယ်။ ဝက်ဘိုမက်ထရစ်မှာ မြန်မာနိုင်ငံကတက္ကသိုလ်တွေကို ဘယ်အဆင့်အတန်းမှာ သတ်မှတ်ပေးထားသလဲဆိုတာ သိရှိရ အောင် (ကလစ်) လုပ်ပြီး ဖတ်ရှုကြည့်လိုက်ကြရအောင်လား။

ပထမဆုံး နံပါတ်တစ်ဗိုလ်စွဲသွားတဲ့တက္ကသိုလ်ကတော့ ရန်ကုန်ကွန်ပြူတာတက္ကသိုလ်ပဲဖြစ်ပါတယ်။ သြဘာလက်ခုပ်တီးပေးလိုက်ကြပါ ခင်ဗျာ။ ရရှိသွားတဲ့ ကမ္ဘာ့အဆင့်ကိုပြောပြရရင်ဖြင့် အမှတ်စဉ် = ၁၁၉၁၇ ဖြစ်ပါသတဲ့ဗျား။ ဒုတိယအဆင့်ရရှိတဲ့တက္ကသိုလ်ကို ကြေ ညာပေးပါဦးမယ်။ ရန်ကုန်ဆေးတက္ကသိုလ် (၁) ဖြစ်ပါတယ်။ သူ့ရဲ့ ကမ္ဘာ့အဆင့်ကတော့ ၁၇၂၁၃ ဖြစ်ပါတယ်တဲ့။ လက်ခုတ်တီးပေးလိုက်ကြ ပါဦး။ နောက်ထပ်ချိတ်တဲ့ အဆင့်တွေကို ထပ်ပြောပြရမှာ၊ အားတောင်နာလာပါရဲ့။ ဒါပေမယ့် ပြောပြ လိုက်ပါဦးမယ်။ မကွေးဆေးတက္ကသိုလ်က အဆင့် ၁၉၆၈၆ ကိုချိတ်ပါသတဲ့။ လက်ခုတ်တီးချင်ကြပါသေးရဲ့လား။ လက်ဝါးနာရုံဘဲရှိပါလိမ့်မယ်။ လာပြန်ပါပြီ။ မန္တလေးဆေးတက္ကသိုလ်။ သူ့ရဲ့အဆင့်အတန်းကတော့ ကမ္ဘာ့အဆင့် ၂ဝ၄ဝ၈ မှာ ဗိုလ်စွဲပါသတဲ့။ ကဲ ... ဆက်ပြီးလက်ခုပ်သြဘာ ထောပဏာပြုချင်သေး သပဆိုရင်ဖြင့် နောက်ဆုံးနံပါတ်ချိတ်စွဲတဲ့ တက္ကသိုလ်တစ်ခုကျန်နေပါသေးတယ်။ အဲ့ဒါကတော့ ဆေးတက္ကသိုလ် (၂) ပါတဲ့၊ ရှုစား လိုက်ကြပါဦး။ အဆင့်က ၂ဝ၈၁၆ ပါတဲ့။ ကောင်းကြပါသေးရဲ့လားခင်ဗျာ။ ဒါတွေဟာ မြန်မာနိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေရဲ့ ကမ္ဘာ့ အဆင့်အတန်းကို ရှာဖွေကြည့်ရှုလို့ရသလောက်တင်ပြပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ တက္ကသိုလ် ၁၅ဝ ကျော်ကိုတော့ ဘယ်စာရင်းထဲမှာမှ ရှာဖွေလို့မတွေ့ရှိရနိုင်သေးပါဘူး။ နောက်များမှာ တွေ့ရှိလာခဲ့ရင် ဆက်လက်ဖေါ်ပြပေးပါ့ဦးမယ်လို့။ လက်ဝါးနာဖို့သာပြင်ထားပေရော့။

● တောင်ပံကျိုးတဲ့ ဥဒေါင်းငှက်
အခုဖေါ်ပြလိုက်တဲ့ တက္ကသိုလ်အဆင့်အတန်းတွေဟာ အင်တာနက်သတင်းအချက်အလက်တွေက ရယူထားတာမို့ မြန်မာနိုင်ငံတက္ကသိုလ် တွေရဲ့ တကယ့်အရေအသွေးကို မထင်ဟပ်နိုင်ပါဘူးလို့ စောဒကတက်လာမယ့်သူတွေကို၊ ဒီထက်မြင့်တဲ့ အဆင့်အတန်းများရှိနေခဲ့ရင် ဖေါ်ပြပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဥဒါင်းတွေမှာ ကကြိုးကကွက်ပျောက်ကွယ်နေရတာဟာ ဥဒေါင်းငှက်ကြီးတွေရော၊ ခွပ်ဒေါင်း ငှက်ငယ်လေးတွေကိုပါ ကချင်တိုင်းကလို့မရအောင် တောင်ပံရိုက်ချိုးခံထားခဲ့ကြရတဲ့အတွက်ဖြစ်တယ်ဆိုတာကိုတော့ လူတိုင်းသိရှိ နေကြပါတယ်။ ဥဒေါင်းငှက်တွေ ပြန်လည်တွန်ကျူးပြီး တောင်ပံတွေခတ်လာနိုင်စေဖို့ တက္ကသိုလ်တာဝန်ရှိသူတွေကိုယ်တိုင်က ကြိုး စားကြရမှာဘဲဖြစ်ပါတယ်။

● ဥဒေါင်း-လင်းယုန် ကကြိုးစုံ
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်မယ့်အဆိုပြုချက်ကို ဥဒေါင်းတွန်သံမကြားလိုတဲ့ ဒုဝန်ကြီးတစ်ပါးက ပြည်သူ့လွှတ်တော်ထဲမှာ ကန့်ကွက်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် ဒီအဆိုကို လွှတ်တော်အမတ်တွေက ဝိုင်းဝန်းထောက်ခံဆုံးဖြတ်ပေးလိုက်ကြတဲ့အတွက် အခုအချိန်မှာ ကန့်ကွက်ခဲ့တဲ့ ဝန်ကြီးကိုယ်တိုင်ဦးစီးပြီး လင်းယုန်ငှက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုတွေ့မြင်နေရပါတယ်။ တောင်ပျံကျိုးနေတဲ့ ဒေါင်းငှက်တွေကို ဖေးမကူညီပေးဖို့ မိတ်ဆွေလင်းယုန်ငှက်တွေလည်း မြန်မာနိုင်ငံကိုရောက်ရှိလို့နေပါပြီ။ အခွင့်သာတုံးသာခိုက်မှာ ဥဒေါင်းစိတ်ဓါတ်တွေကို ပြန်လည်မွေးမြူပြီး ကကြိုးကကွက်အသစ်တွေ ဖန်တီးကပြတတ်ဖို့ လိုအပ်နေပါတယ်။ ဥဒေါင်းနဲ့လင်းယုန် စုံတွဲကပြနိုင်အောင်လည်းကြိုးစားဖို့လိုပါတယ်။ လင်းယုန်တွေက မြန်မြန်ကပြီး ဥဒေါင်းတွေက နှေးးကွေးနေလို့မရနိုင်ပါဘူး။ စည်းချက်မှန်ကန်အောင်နဲ့ ဟန် ချက်ညီ ညီကပြဖို့ လိုအပ်ပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် စုံတွဲကပြနိုင်ပါမှ ကမ္ဘာ့တက္ကသိုလ်ဇာတ်ခုံပေါ်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒေါင်း ငှက်တွေဟာတွေဝေနေပြီး ကကြိုးညှိဖို့ အထက်ကအမိန့်နဲ့ ညွှန်ကြားချက်တွေကို စောင့်ဆိုင်းနေဦးမယ်ဆိုရင် လင်းယုန်ငှက်တွေဟာ တ ခြားငှက်တွေဆီကို ပျံပြေးကုန်ကြဖို့ဘဲရှိပါတော့တယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တက္ကသိုလ်ချင်းမိတ်ဖက်အစီအစဉ်မှာ တာဝန်ရှိတဲ့ ဥဒေါင်းငှက်ကြီးတွေကိုယ်တိုင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူရဲတဲ့သတ္တိအပြည့်နဲ့ ကကြိုး ကကွက်တွေကို ညှိပြီးကပြအသုံးတော်ခံဖို့လိုအပ်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။ 





Still Early to tell - Tu Maung Nyo


 "သို့သော် အချိန်က စောနေသေးတယ်" လို့ ဆိုတော့
တူမောင်ညို၊ ဖေဖော်ဝါရီ ၂၂။ ၂၀၁၃
"အိုးက မပူ စလောင်းကပူရန်ကောရယ်"လို့ ပြောကြမယ်ဆိုလျှင်လည်းပြောကြပေတော့ဗျာ။
ပြောစရာရှိလာတာကိုဖြင့် ပြောကိုပြောရပေလိမ့်ဦးမယ်။ ရင်ဖွင့်တယ်လို့ သဘောထားကြပါ။
တစ်ဦးချင်းသဘောအနေနဲ့ ပြောရလျှင် ဒီချုပ်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တာပါ။ တစ်လျှောက်လုံးဆိုတာ "ရွှေဂုံတိုင်ကြေညာချက်" အထိပေါ့။ "အရှိကို အရှိအတိုင်းမြင်တယ်"လို့ စပြောတဲ့အချိန်ကစပြီး ကျနော့်ရင်ထဲမှာ ဒီချုပ်နဲ့ပတ်သက်ပြီး ဆူးတောင်မာကြီးတစ် ချောင်းပေါက်လာခဲ့တာပါ။ အရှိကို အရှိအတိုင်းမြင်လိုက်တာဟာ "ရွှေဂုံတိုင်ကြေညာချက်" ကို ပစ်ပယ်ကျောခိုင်းလိုက်တာဖြစ်ပါတယ်။
"ရွှေဂုံတိုင်ကြေညာချက်"ရဲ့အနှစ်သာရ ၊ ဝိဉာဉ်က  "၉၀ ရွေးကောက်ပွဲရလာဒ်" ကိုင်စွဲပြီး"၂၀၀၈ အခြေခံဥပဒေ" ကို အသိအမှတ်မပြုတာနဲ့ "နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး"တောင်းဆိုတာပါ။
ဒီနေရာမှာ "ဝန်းရံမှု" ဆိုတာနဲ့ပတ်သက်ပြီးပြောပါရစေ။
"ဝန်းရံမှု" ဆိုတာကို ကျနော်နားလည်တဲ့သဘောက "ဒီချုပ်လုပ်သမျှ အားလုံးမှန်၊ အားလုံးကောင်းပါသည်ခင်ဗျား" ဆိုပြီး မျက်စေ့မှိတ်ထောက်ခံတဲ့ ဝန်းရံမှုမျိုး လုံးဝမဟုတ်ပါဘူး။
မိတ်ကောင်းဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်းပီသပြီး၊ ဝေဖန်ဆန်းစစ်မှုနဲ့ ယှဉ်တဲ့ မျက်စေ့ဖွင့်ဝန်းရံမှုမျိုးဖြစ်ပါတယ်။ ဝေဖန် ဆန်းစစ်တယ်ဆိုရာမှာလည်း နင်ပဲငဆ ရိုင်းစိုင်းစွာပုတ်ခတ်မှု မျိုးမပါဘဲ၊ အချက်နဲ့ အလက်နဲ့၊ အကျိုးနဲ့အကြောင်းနဲ့ နှိုင်းယှဉ်ပြီး ဝေဖန် ထောက်ပြမှုမျိုးကို အလေးထားခဲ့တာပါ။
 လူဆိုတော့လည်း လူပီသစွာ အစွဲလေးတော့ရှိပေလိမ့်မပေါ့ဗျာ။ ပမာပြောရလျှင်ဖြင့်"၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲ" ကာလ မှာ ဦးဉာဏ်ဝင်း  ဒေါ်စုခြံထဲကနေ "ဘူးသီးကြီး" ယူလာခဲ့တာကို အကောင်းမြင်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ဆန္ဒစွဲမျိုးပေါ့။
နောက်တော့ အားလုံးသော ဝန်းရံသူတွေရဲ့ခံစားမှုဟာ ဘယ်လိုဖြစ်ခဲ့ပြီး ဘယ်လိုအဆုံးသတ်ခဲ့ရတယ်ဆိုတာကို ထင်လွယ် မြင်လွယ်ရှိအောင် ပုံပမာနှိုင်းပြီးတင်ပြရလျှင်တော့ ဘန်ကောက်လုံချည် ငှားလိုက်မိတဲ့ လူရဲ့အဖြစ်မျိုးနဲ့ဆင်ဆင်တူနေပါတယ်။
ဘန်ကောက်လုံချည် ငှားလိုက်မိပြီဆိုကတည်းက နောက်ကနေ သင်ဖြူးဖျာကလေးလိပ်ပြီး ဖဝါးခြေထပ်လိုက်ရတော့တာပေါ့။ ဘန်ကောက်လုံချည်ဝတ်သွားတဲ့လူထိုင်မယ့်နေရာမှာ သင်ဖြူးဖျာကလေး လိုက်ခင်းပေးနေခဲ့ရတာပါ။ အဲဒီလို ဖဝါးခြေထပ်လိုက်နေရင်း ဘန်ကောက်လုံချည်ဝတ်တဲ့သူက တစ်ကွေ့မှာ မြောင်းထဲဆင်းသွားလေတော့ ကျနော်တို့မှာ ဖျာလိပ်ကလေးပိုက်ပြီး ငေးကြည့်နေခဲ့ရတဲ့ ဘဝမျိုးနဲ့ ကျန်ရစ်ခဲ့ရပါတယ်။
ဆောင်းပါးရှင်တစ်ဦးကတော့ ဒီချုပ်ပါတီဟာ "တစ်သက် မှာ နှစ်ဘဝ" လို့ ရေးတာဖတ်ရပါတယ်။ ( ၂ ခါ မှတ်ပုံတင်ရတာကို ရည်ညွန်းပြီးပြောတာပါ) ကျနော်တို့ ဝန်းရံသူများအဖြစ်ကတော့ တစ်ခါက တစ်ဘဝပေါ့ခင်ဗျာ။ တချို့သော ဝန်းရံသူများဆိုလျှင် အသက် ကိုစတေးခဲ့ကြရပြီး၊ တချို့ကတော့ မိသားစုနဲ့ဘဝတွေကို ပေးဆပ်ခဲ့ကြရတာပါ။ အခုတော့ အဲဒီလိုဝန်းရံခဲ့သူတွေကို "ဘဝသစ်ဒီချုပ်" က စစ်စိမ်းရောင် ရင့်ရင့်ကြီး စိမ်းကားနေပါတယ်။
ဒီလောက်ဆိုရင် တစ်ချိန်တစ်ခါက ဒီချုပ်ကို ဝန်းရံခဲ့သူတွေရဲ့ခံစားချက်ဘယ်လိုရှိသလဲဆိုတာ ထင်လွယ်မြင်လွယ်ရှိလောက်ပါ ပြီ။
ဒါဆိုလျှင် ဆောင်းပါးအစမှာဖေါ်ပြခဲ့တဲ့ "စလောင်းပူ"ရတဲ့ အကြောင်းမူလကို ရှင်းလင်းတင်ပြပါရစေ။

"သို့သော် အချိန်က စော နေသေးတယ်" 
ဒီစကားက "၂၀၀၈ အခြေခံဥပဒေ" ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းအပေါ်  ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ အဖြေစကားဖြစ်ပါတယ်။
"ဘယ်အချက်တွေ ဦးစားပေးပြင်သင့်တယ်လို့ သုံးသပ်ထားပါသလဲ"လို့ထပ်မေးတဲ့အခါမှာတော့ "အခုပြောရင် စောနေပါသေး တယ်၊ ပြောလို့မကောင်းသေးပါဘူး၊ ပြင်စရာတွေအများကြီးရှိပါတယ်" လို့ နှပ်ကြောင်းပေးပြီး ပြောသွားပါတယ်။
 "၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး" နဲ့ "၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ရည်မှန်းထားသူ" အတွက်တော့ ဒီအဖြေ ဒီစကားတွေ က တော်တော် ဂွကျသွားစေပါတယ်။
"၂၀၀၈အခြေခံဥပဒေ"ပြင်ဆင်ရေးသမားအားလုံးကို "စောသေးတယ်၊ပြင်ချိန်မတန်သေးဘူး၊စောင့်ကြဦး" လို့ အတိအလင်း သတိပေးလိုက်တဲ့သဘော၊ ဟန့်တားလိုက်တဲ့သဘော၊ တားမြစ်လိုက်တဲ့သဘောဖြစ်ပါတယ်။
ဗျူးသူများကလည်း "ဘာကြောင့် အချိန်စောနေတယ်လို့ပြောနိုင်ပါသလဲ" လို့ ထပ်ဆင့် မေးခွန်းမထုတ်ခဲ့ကြဘူး။
ဖေါ်ပြခဲ့တဲ့ဂျာနယ်တွေကလည်း "၂၀၀၈ခုနှစ်အခြေခံဥပဒေဟာ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာ ရှိပါတယ်၊ ပြင်ဆင်စရာ တွေလည်း အများကြီးရှိနေပါတယ်"ဆိုတဲ့အချက်ကိုသာ အလေးထားခဲ့ကြတယ်။"အချိန်ကစောနေသေးတယ်"  ဆိုတဲ့စကားကို "စပေါ့လိုက်" ထိုးပြဖို့ ပျက်ကွက်ခဲ့ကြတယ်။ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာရှိတယ်၊ ပြင်ဆင်စရာတွေ အများကြီးရှိတယ် ဆိုတာ လူတိုင်းသိမြင်နေ တဲ့ အချက်ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ နိုင်ငံရေးပါတီတွေဘက်က "အချိန်ကစောနေသေးတယ်"ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး  ပြောသံ ဆိုသံ မကြားရတာပါ။ အထူးသဖြင့်ပေါ့ဗျာ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ငန်းစဉ်ကြီးတစ်ရပ်အနေနဲ့အတိအလင်း ဖော်ထုတ်ကြေ ညာပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီချုပ်ပါတီက ဒီပြောဆိုချက်အပေါ် ဝေဖန်ဆန်းစစ်တာ၊ ပြန်လှန်မေးမြန်းတာ၊ သဘောထား အမြင်ထုတ်ဖေါ်ပြောဆိုတာမျိုးတွေလုပ်သင့်တာပေါ့။ ဒီချုပ်အမတ်မင်းတွေအနေနဲ့လည်း ကျင်းပဆဲလွှတ်တော်ထဲမှာ မေးမြန်းသင့်တာပေါ့ ဗျာ။
အခြားသောပါတီတွေ လွှတ်တော်အမတ်တွေလည်း မေးသင့်လှတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထံကလည်း ဘာသံမျှ မကြားရသေးပါဘူး။
"၂၀၀၈ အခြေခံဥပဒေ"ကို ဘယ်လိုနည်းလမ်းနဲ့ပြင်ဆင်ကြမှာလဲ။
"၂၀၀၈ အခြေခံဥပဒေ" ထဲမှ ပုဒ်မအချို့ကိုသာ ကွက်ပြီးပြင်ဆင်မှာလား။ [ဥပမာ - ပုဒ်မ ၅၉ (စ) ကို ကွက်ပြီး ပြင်ဆင်တာ မျိုး]
ရှေ့နေကြီး ဦးကိုနီ ရေးသားဟောပြောနေသလို "အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး"  လား။
ရှေ့နေကြီး ဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေက"အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး" ဖြစ်ပါတယ်။  ရှေ့နေကြီးဦးကိုနီ ရေးသားဟောပြောနေတာတွေကို  (SNLD)ဥက္ကဋ္ဌ ခွန်ထွန်းဦး၊  ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)တို့အနေနဲ့ သဘောကျလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။
ဘာကြောင့်လဲဆိုတော့ "၂၀၀၈အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးအရေးကိစ္စနှင့်ပဋိပက္ခများကို ဖြေရှင်း၍ လုံးဝမရနိုင် ကြောင်းယုံကြည်သည်" ဟု ရှင်းရှင်းလင်းလင်းထုတ်ပြန်ကြေညာထား၍ဖြစ်ပါတယ်။
ဒါပေမယ့် "ဒီလှိုင်းစာစောင်" မှာရှေ့နေကြီးဦးကိုနီ ရေးသားနေတာ၊  ဟောပြောနေတာတွေဟာ "ဆောင်းပါးရှင်ရဲ့အာဘော်" သက်သက်လား၊  "ဒီလှိုင်းစာစောင်အာဘော်" လား။ "ဒီချုပ်ပါတီအာဘော်"လားဆိုတာ တိတိကျကျပြောဖို့ခက်ပါတယ်။
အခုချိန်အထိ ဒီချုပ်ပါတီက "၂၀၀၈ အခြေခံဥပဒေ" ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တစ်ရပ်ရေး သားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးတဲ့ အချက်ဖြစ်ပါတယ်။
လွှတ်တော်တွင်း"ပညာရှိနည်း" လား။
လွှတ်တော်ပြင်ပ"လမ်းမပေါ်က လူထုနည်း" လား။
 "၂၀၀၈ အခြေခံဥပဒေ" ထဲက အချက်အလက်တစ်ချို့ကိုသာ ရွေးနှုတ်ပြင်ဆင်မှာလား။
 "၂၀၀၈ အခြေခံဥပဒေ"  ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ခု ရေးတဲ့နည်းလား။
ဒီချုပ်ပါတီက ဘယ်နည်းနဲ့ပြင်ဆင်မှာလဲ။
ဒီလိုအချက်တွေကိုပြောပြောနေရလို့ "အိုးက မပူပဲ စလောင်းက ပူနေရတယ်"လို့ ပြောနေရတာပါ။
ကျနော့်သဘောကတော့ ရှေ့နေကြီးဦးကိုနီရဲ့ရေးသားဟောပြောချက်ကို သဘောကျပါတယ်။ ထောက်ခံပါတယ်။ ဘာကြောင့် လဲဆိုတော့ "၂၀၀၈အခြေခံဥပဒေ" ကို လုံးဝဖျက်သိမ်းပစ်ချင်လို့ပါပဲ။

ညွန်း
- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃
- (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ကြညာချက်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA) 



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives