သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


တာချီလိတ် သတ်ဖြတ်မှုကြောင့် စစ်ဗျူဟာမှူးအား တြိဂံတိုင်းခေါ်ယူစစ်ဆေး

Posted: 28 Mar 2013 04:14 AM PDT

ခလရ ၃၃၁ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူး ပစ်ခတ်သတ်ဖြတ်သည့် အမှုနှင့် ပတ်သက်ဆက်နွယ်ကာ တာချီလိတ်စစ်ဗျူဟာမှူး အား ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးက ဆင့်ခေါ် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်တွင်းမိသားစု သတင်းရပ် ကွက် ကဆိုပါသည်။

"တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်အခု ကျိုင်းတုံရောက်နေတယ်။ တြိဂံစစ်တိုင်းရုံးက သူ့ ကို တိုက်ရိုက်ကိုင် တာ။ တပ်မတော်စစ်ဆေးရေးမှူး ဗိုလ်ချုပ်သောင်းအေးလဲ တာချီလိတ်မှာ ရှိနေ တုန်းဘဲ။ စစ်လို့ဆေးလို့ မပြီးသေးဘူး။ မြို့နယ်ရဲမှူး၊ စခန်းမှူးတွေလဲ ထိကုန်တယ်ပြောတယ်၊ ရဲ အရာရှိ တယောက်ကတော့ သင်တန်းနဲ့ ညှိနေလို့ ကံကောင်းသွား တယ်" ဟု တပ်တွင်းမိသားစုနှင့် နီးစပ်သည့် ဒေသခံတဦးကပြောသည်။

ဖေဖော်ဝါရီလကုန်က တာချီလိတ်အခြေစိုက် ခမရ ၃၃၁ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇေယျားဝင်းနှင့် တပ်ခွဲမှူးတို့ မူးယစ် ဆေးကိစ္စ၊ လိုင်စင်မဲ့ကားများနှင့်အခြားသော လာဘ်ပေးလာဘ်ယူမှုများကြောင့် အချေအတင် စကားများရာမှ ကျည်လွှတ် ထွက်ကာ တပ်ရင်းမှူး ထိမှန်သေဆုံးသွားကြောင်း၊  ထို ကိစ္စကြောင့် တာချီလိတ်စစ်ဗျူဟာမှူးအားလည်း တြိဂံစစ်တိုင်းရုံးက ထိန်းသိမ်းစစ်ဆေးနေ ကြောင်းဆို ပါသည်။

"တပ်တွင်းအရာရှိတွေအကုန်အစစ်ခံရတာ။ တပ်ကြပ်ကြီးအဆင့်အထိဘဲ။ အခုလဲ တပ်တွင်း မိသားစု တွေ အနေအထိုင် အဝတ်အစားကအစ ဆင်ခြင်နေရတယ်။ အဖမ်းခံရတဲ့လူတွေကို ဘယ်လို ထပ်ပြီး အရေးယူမလဲတော့မသိသေးဘူး" ဟု  တပ်တွင်းမိသားစု အသိုင်းအဝိုင်းတဦးကလည်းပြောပါသည်။

ဖေဖော်ဝါရီလဆန်းခန့်က တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဝမ့်ဆမ်ဖူးရွာ (စိုင်းနော်ခမ်းအခြေချ လှုပ်ရှားနေထိုင်သည့်ရွာ) အတွင်း ယာဘ အစည်းပေါင်း ၇၀၀ ကို ခမရ ၃၃၁ ပူးပေါင်းပါဝင်သည့် အဖွဲ့က ဖမ်းဆီးခဲ့သည်။

သိမ်းဆည်းရမိသော ယာဘ အစည်း ၇၀၀ (တစည်းလျှင် ယာဘ ၁၀ ထုပ်၊ တစ်ထုပ်= အပြားပေါင်း ၂၀,၀၀၀ ၊ တပြား= အနည်းဆုံး ၄၅ ဘတ်ခန့်၊ တဘတ်= ၂၉ ကျပ်ခန့်) အနက် ဗျူဟာမှူးတဦးတည်း အစည်း ၂၀၀ ကျော် ခွဲယူသွားသည်ဟု တပ်ရေးဗိုလ်ကြီးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

တာချီလိတ် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်သည် တာချီလိတ်မြို့သို့ ရောက်ရှိလာ သည်မှာ တနှစ်ပင်မရှိသေးဟု ဒေသခံများက ဆိုသည်။

တရုတ်တောင်းဆိုချက်ကြောင့် စိုင်းအောင်မြတ်အား မြန်မာအစိုးရရုံးတင်စစ်ဆေးမည်

Posted: 28 Mar 2013 04:14 AM PDT

တရုတ်နိုင်ငံ၌ နိုင်ငံတော်သက်သေအဖြစ်စစ်ဆေးပြီးနောက် ယခုလအတွင်းပြည်တော်ပြန်ပို့ခံရသော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်သား စိုင်းအောင်မြတ်အား တရုတ်အစိုးရတောင်းဆိုမှုအတိုင်း တရားစွဲဆိုရန် မနက်ဖြန်ရုံးတင်စစ်ဆေး မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

"သူ့ကိုကျိုင်းတုံမှာဘဲထားနေတုန်းဘဲ။ မတ်ခ်ျလ ၂၉ ရက် နက်ဖြန်ရုံးတင်စစ်ဆေးမယ်။ သူ့အမနဲ့သူ့မိန်းမသွားနားထောင် ကြမယ်။ အမှန်ကတော့ တရုတ်ဩဇာကြောင့်သာ သူ့ကို အချုပ်ခန်းပို့ထားတယ်၊ ရုံးတင်စစ်ဆေးမယ်လုပ်နေကြတာ။ နေ ပြည်တော်က အရာရှိတွေကဆိုရင် 'လက်နက်ချတဲ့လူကို တရားစွဲလို့မရဘူး' လို့ပြောကြတယ်" ဟု စိုင်းအောင်မြတ်နှင့် အမျိုးတော်စပ်သူတဦးကပြောသည်။

စိုင်းအောင်မြတ်အား အမှန်တကယ် ရုံးတင်စစ်ဆေးမည်ဆိုပါက တရုတ်နိုင်ငံသည် မြန်မာအစိုးရအပေါ် ချုပ်ကိုင်နိုင်မည့် အကြောင်းတခုခုရှိနိုင်ကြောင်း၊ KIO နှင့် အစိုးရတို့ ရွှေလီ၌ ဆွေးနွေးစဉ်ကလည်း ဆွေးနွေးပွဲအပေါ်တရုတ်အစိုးရက ခြယ်လှယ်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက်လှုပ်ရှားနေသည့်ပုဂ္ဂိုလ်တဦးက သုံးသပ်ပြောဆိုသည်။

စိုင်းအောင်မြတ်အား ယခုလ ၁၇ ရက်နေ့ ကျိုင်းတုံသို့ပြန်လည်ပို့ဆောင်ပြီးနောက်ပိုင်း တရုတ်အစိုးရက အမှုတခုခုဖြင့် ရုံးတင်စစ်ဆေး၍ ပြစ်ဒဏ်ပေးရန် မြန်မာအာဏာပိုင်များထံတောင်းဆိုလာကြောင်း၊ ထို့ကြောင့် ထိုနေ့ညနေပိုင်း ၎င်းအား ကျိုင်းတုံအကျဉ်းထောင် အထူးခန်း၌ ပြန်လည်ထိန်းသိမ်းထားကြောင်း၊ လုံခြုံရေးအရ ၎င်း၏ မိသားစုအပါအဝင် ၎င်းအား ရန်ကုန် သို့မဟုတ် နေပြည်တော်သို့ပို့ဆောင်မည်ဟု ကျိုင်းတုံရှိ မြန်မာအာဏာပိုင်များပြောဆိုသော်လည်း ယနေ့တိုင် ကျိုင်းတုံအကျဉ်းစခန်း၌ပင်ရှိနေသေးကြောင်း အမျိုးဖြစ်သူတဦးကပြောသည်။

စိုင်းနော်ခမ်း၏လက်ထောက်ဖြစ်သော စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရမီ ၁၀ ရက်အလို တာချီလိတ်ရှိ မြန်မာအစိုးရထံ နောက်လိုက်၂၅ ဦးဖြင့် လက်နက်ချခဲ့သည်။

" စိုင်းနော်ခမ်းအသတ်ခံရမယ့် ရက်တွေတုန်းက စိုင်းအောင်မြတ်ကို အကျဉ်းထဲမှာ ဆလိုက်မီးကြီးနဲ့နေ့ရောညပါထိုးထား တယ်။ နေ့လားညလား တောင် မသိရဘူး။ မနက်မိုးလင်းပြီလို့ခန့်မှန်းရတဲ့ အချိန်မှာ ဆိုရင် ပေါက်စီ ၃ လုံးလာပေးတယ်။ မနက်စာတလုံး နေ့လည်စာတလုံး ညစာတလုံး စားရတယ်။ ရေဆာရင် တစွန်းဘဲတိုက်တယ်။ ရိုက်တာနှက်တာတော့မရ ပါဘူး- လို့ သူကပြန်လာပြောပြတယ်" ဟု စိုင်းအောင်မြတ်အား ကျိုင်းတုံ၌ သွားတွေ့ခွင့်ရခဲ့သော အမျိုးတော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြန်လည်ပြောပြသည်။

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား လှေသမား ၁၃ ဦး အသတ်ခံရသည့်အမှု၌ ညွှန်ကြားသူအဖြစ်စွပ်စွဲခံရသော စိုင်းနော် ခမ်းအား  အမှုစစ်ဆေးရာ၌ နိုင်ငံတော်သက်သေအဖြစ်ထွက်ဆိုပေးရန် စိုင်းအောင်မြတ်ကို ယမန်နှစ် ဩဂတ်စ်၌  တရုတ် အစိုးရထံသို့  မြန်မာအစိုးရမှလွှဲပြောင်းပေးခဲ့သည်။ လူသတ်မှု၌ စိုင်းနော်ခမ်း ကိုယ်တိုင် အမိန့်ပေးကြောင်း လက်ထောက် ဖြစ်သူ စိုင်းအောင်မြတ်က ဝန်ခံထွက်ဆိုခဲ့သည်ဟု တရုတ်မီဒီယာများက ပြောသော်လည်း ၎င်းဘာမှမသိရကြောင်း၊ ကျိုင်းတုံ၌ပြောသည့်အတိုင်း တရုတ်တရားရုံး၌ ထွက်ဆိုခဲ့သည်ဟု မိသားစုဝင်နှင့် မိတ်ဆွေများက ပြောပါသည်။

သျှမ်း - ကယား ဆွေးနွေးပွဲ ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာ ဟု SNLD ပြော

Posted: 27 Mar 2013 07:17 PM PDT

  လားရှိုးမြို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တိုင်းရင်းသားများအချင်းချင်းကြား၊ တိုင်းရင်း သား နှင့်အစိုးရကြား ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ဝင် SNLD ပါတီပြော ခွင့်ရ စိုင်းလိတ်ကပြောပါသည်။

"အားနည်းချက်က ဖိတ်ကြားထားတဲ့အဖွဲ့အစည်းတိုင်းကို တင်ပြဆွေးနွေးမယ့်အစီရင်ခံစာ ကြိုတင်ပို့ပေးဖို့ သတင်းပို့ထား ပေမယ့် ပြင်ဆင်လာကြတာမရှိတဲ့အတွက် တင်ပြမှုတွေကို ကော်မတီအနေနဲ့ စီစစ်မှုမလုပ် လိုက်ရဘူး။ နောက်ပြီး မျှော်မှန်း ထားသလောက် ပြည့်ပြည့်စုံစုံနဲ့ကျေနပ်လောက်တဲ့တင်ပြမှုမျိုးတွေမရှိခဲ့ဘူး။ အားသာချက်ကတော့ ကျနော်တို့ သျှမ်းပြည်နဲ့ ကယားပြည်နယ်ကြား၊ တိုင်းရင်းသားများအချင်းချင်း၊ တိုင်းရင်း သား နဲ့ အစိုးရ နီးစပ်မှု ယုံကြည်မှုတွေပိုရှိလာတယ်" ဟု စိုင်းလိတ်ကပြောပါသည်။
alt
ယခုလ ၂၀ ရက်မှ ၂၂ ရက်အထိ လားရှိုးမြို့၌ကျင်းပသော သျှမ်းပြည်နယ် - ကယားပြည်နယ်ကြားငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ မကျင်းပမီကတည်းက  ကြိုတင်တင်ပြထားရန် အကြောင်း ကြားထားသော်လည်း ကြိုတင်ပို့ပေးမှုမရှိသဖြင့် စီစစ်မှုမလုပ်လိုက်ရကြောင်းဆိုပါသည်။ သို့သော် သျှမ်းပြည် တိုင်းရင်းသားများအနေဖြင့် မိမိတို့ ပဒေသရာဇ်ခေတ်ကတည်းကတွေ့ကြုံခံစားခဲ့ရမှုများအပေါ် သဘောထားနှင့် ယနေ့ခေတ်၌ မိမိတို့ယုံကြည်ချက်များပြောင်း လဲလာခဲ့သည်ဟု စိုင်းလိတ်ကပြောသည်။

"ပြည်ထောင်စုကနေခွဲထွက်လိုမှုကြောင့်မဟုတ်ဘူး။ စစ်မှန်သောပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ ၊လူမျိုးကြီး ကနေ လူမျိုးငယ်လေးတွေအပေါ်၊ အင်အားကြီးကနေ အင်အားငယ်တဲ့အုပ်စုတွေအပေါ် နိုင်လိုမင်းထက် စိတ် ထားမျိုး၊ အပေါ် စီးစိတ်ထား မျိုးမရှိတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ် နေတာဖြစ် ပါတယ်။ ဒီလိုပြည်ထောင်စု စစ်စစ်ဖြစ်ပေါ် လာဖို့ဆိုတာ တိုင်းပြည်ကြီးအေးချမ်းမှဖြစ်မယ်။ ပြည်တွင်းစစ်မီး မငြိမ်းရင် ငြိမ်းချမ်းရေးဆိုတာအပြောဘဲရှိမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာမဟုတ်ပါဘူး" ဟု စိုင်းလိတ်က ပြောသည်။

၃ ရက်ကြာ ကျင်းပသော အဆိုပါဆွေးနွေးပွဲမှ - 'စစ်မှန်သော ဖက်ဒရယ်ပြည်ထေင်စုစစ်စစ်တည်ဆောက်ဖို့ ၊ ၂၀၀၈ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်ရေးဖို့ ၊ မြန်မာပြည်အလယ်ပိုင်းမှာဖြစ်နေတဲ့ပြသနာဟာ ငြိမ်းချမ်းရေးလမ်း ကိုပျက်ပြားစေတဲ့အတွက်ကြောင့် ၊ Rule of law ကိုထိခိုက်စေတဲ့အတွက်ကြောင့် ဒီကိစ္စ ဖြစ်အောင် တားဆီးဖို့ (လှုံ့ဆော် တဲ့လူတွေကို ရှုတ်ချဖို့) နောက်တခုက စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဖြစ် ပေါ်လာရေးအတွက် ဒီဆွေးနွေးပွဲလုပ်သင့် တယ် ထင်လို့ ကြိုးစားလုပ်ဆောင်ရတယ်' -  ဟုလည်း စိုင်းလိတ် ကပြောပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံတိုးမြင့်လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့်ဆွေးနွေးပွဲ ၂ ရပ် (ရန်ကုန် - သျှမ်းသီး သန့် ၊ လားရှိုး - သျှမ်း + ကယား) ကို ပြန်လည်ဆန်းစစ်ရဦးမည်ဖြစ်ကြောင်း စိုင်းလိတ်ကဆက်လက် ပြောပြပါ သည်။