[moemakadaily@moemaka.biz] 8th March 2013 - MoeMaKa Daily

88 Generation Ko Htay Kywe to meet with SF Bay Area Burmese Community

 ၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီ တွေ့ဆုံမည်၊ မတ် ၂၉
မိုးမခရွာဆော်ကြီး ဖိတ်စာ၊ မတ် ၈၊ ၂၀၁၃

ဖိတ်စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မှ
ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာမိသားစုများ၊ အဖွဲ့အစည်းများ ကိုယ်စား
San Francisco Burmese Community Organizers and Friends
PO Box 320207, San Francisco, CA 94130-0207

နေ့စွဲ - မတ် ၅၊ ၂၀၁၃
သို့

---- ---- ---- ---- --- --- ---
မြန်မာပြည်အရေး စိတ်ဝင်စားသူများနှင့် နိုးကြားလှုပ်ရှားနေသူ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ခင်ဗျား …

အကြောင်းအရာ။  ။ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သော ကိုဌေးကြွယ် နှင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာမိသားစုများနှင့် မိတ်ဆုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း။

အောက်ပါအစီအစဉ်အတိုင်း အမေရိကန်ပြည်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် မိမိတို့ မြန်မာမိသားစုများ ရင်းနှီး ချစ်ခင်စွာ မိတ်ဆုံဆွေးနွေးပွဲအခမ်းအနား စီစဉ်ကျင်းပလိုပါသဖြင့် ကျနော်၊ ကျမတို့က လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ဒေသခံမြန်မာမိသားစုများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မိတ်ဆက်ခြင်း၊ လက်ရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှုများ သဘောထားအမြင်များ ထုတ်ဖော် ဆွေးနွေးခြင်းနှင့် တက်ရောက်လာသူဒေသခံတို့၏ သိရှိလိုသည်တို့ကို ဖြေကြားခြင်းတို့ဖြင့် အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Location - Centerville Community Center, 3355 Country Dr., Fremont, CA
Date & Time – 29th March, Friday, 2013 from 5:00 PM to 9:00 PM
Program – 5:00 – 5:30 Guest Registration, 5:30 – 6:30 Light Dinner, 6:30 – 7:00 Seating, 7:00 – 9:00 Meeting with Ko Htay Kywe, Q & A, 9:00 End

အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပါရန်၊ အခမ်းအနား ပိုမိုပြည့်စုံအောင်မြင်ရေးအတွက် စေတနာ့ဝန်ထမ်း လုပ်အားပေးရန်၊ တတ်စွမ်းသမျှ အားပေးကူညီရန် အတွက်လည်း ဖိတ်ခေါ်အပ်ပါသည်။ ၀င်ကြေးသတ်မှတ်ခြင်း လုံးဝမရှိပါ။ ညနေစာဖြင့်လည်း တည်ခင်း ဧည့်ခံမည် ဖြစ်ပါသည်။ မြန်မာမိသားစုများ၏ ၀ိုင်းဝန်း မတည်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး၊ လက်ခံရရှိသော ပံ့ပိုးမှုများဖြင့် ကိုဌေးကြွယ်အား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့် …
San Francisco Burmese Community Organizers & Friends ကိုယ်စား
ဆက်သွယ်ရန် - ကိုထွန်းမြတ်ဦး (ကိုပန်းသီး) (415-571-6401)၊
West bay - ကိုမိုးကျော် (650-834-0184) ၊ ကိုတိုးလွင် (415-424-5811)၊ ကိုကျော်သူရ (415-420-1504) ၊ East bay - ကိုဂျေစင် (510-402-7779)၊ ကိုရှောင် (650-269-1165)၊  ကိုညီညီသန်း (510-940-3585)၊  Media - ကိုမောင်ရစ် (415-595-1485)


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကိုယ်ရေးအကျဉ်း

ကိုဌေးကြွယ်ဟာ ၈၈ အရေးတော်ပုံကာလမှာ ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပါတယ်။ ၁၉၈၈၊ မတ်လ ၁၆နေ့ မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ် အင်ယားကန်စောင်းမှာ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့တဲ့ တံတားနီအရေးအခင်းမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး မတ်လ ၂၂ မှာတော့ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဂျုလိုင်လမှာ ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် ၈လေးလုံးအရေးတော်ပုံကြီး (၈လ ၈ရက် ၈၈) မှာ ရှေ့တန်းက လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ဘီဘီစီအင်တာဗျုးများက မြန်မာတပြည်လုံးရဲ့ ဒီမိုကရေစီရေး စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၈ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးအဖြစ် ဆက်လက် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို စစ်တပ်က အာဏာလွှဲမပေးဘဲ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့ရာမှာ အခြား ကျောင်းသားများ၊ ပါတီဝင်များ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်သူ အများအပြား ဖမ်းဆီး နှိမ်နင်း သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ ၁၉၉၁ ဇူလိုင်မှာ စစ်အစိုးရက ကိုဌေးကြွယ်ကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလမှာ စစ်ခုံရုံးနဲ့ ထောင် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဌေးကြွယ်ဟာ အခြားလွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့ လက်တွဲပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖြစ် ဆက်လက်ရပ်တည်ပြီး ဒီမိုကရေစီရေးနှင့် အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၆ စက်တင်ဘာမှာ ၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို စတဲ့ ကျောင်းသားအများအပြားနဲ့အတူ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၀၇ ဇန်န၀ါရီမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြမှုများမှာ ဦးဆောင်ခဲ့ပြန်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားအများအပြားကို ရွှေဝါရောင်တော်လှန်ရေးအကြိုကာလကတည်းက စစ်အစိုးရက ဖမ်းဆီးနှိမ်နင်းခဲ့သော်လည်း ကိုဌေးကြွယ်ကတော့ လွတ်မြောက်နေခဲ့ပြီး၊ နောက်ဆုံးမှ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ စစ်အစိုးရက ၎င်းကို အပြင်းအထန် လိုက်လံရှာဖွေ ဖမ်းဆီးခြင်းပြုနေစဉ်မှာလည်း ၀ရမ်းပြေးသဖွယ်ဖြစ်နေတဲ့ ကိုဌေးကြွယ်က ပြည်ပရေဒီယိုသတင်းဌာနများကနေတဆင့် စစ်အစိုးရရဲ့ မတရားမှုများကို အဆက်မပြတ် ဖော်ထုတ်ပြောကြားခဲ့တာကြောင့် မြန်မာပြည်သူနဲ့ နိုင်ငံတကာက မြန်မာစစ်အစိုးရရဲ့ သရုပ်မှန်ကို သိရှိနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကင်ဆာရောဂါသည်မိခင်ကို နောက်ဆုံးလာတွေ့ဖို့ ကြိုးစားတဲ့အချိန် ၂၀၀၇ အောက်တိုဘာမှာ စစ်အစိုးရက သူ့နေအိမ်မှာ ပိတ်ဆို့ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ နောက်တလမှာ ကွယ်လွန်ခဲ့ပြီး ကိုဌေးကြွယ်ကို စစ်အစိုးရ မိခင်အသုဘကို တက်ရောက်ခွင့် မပြုဘဲ ဖမ်းဆီကန့်သတ်ထားခဲ့ပါတယ်။
တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ကိုဌေးကြွယ်ကို ၂၀၀၈ နိုဝင်ဘာကျမှ ထောင်ဒဏ် ၆၅ နှစ် စစ်အစိုးရက ချမှတ်ခဲ့ပါတယ်။ ၎င်းကို မြန်မာပြည် အနောက်ဖျားက ဗူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ ကျမှ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ စစ်အစိုးရနောက်ခံ ကြံ့ဖွံ့အစိုးရကနေ လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့အတူ ကိုဌေးကြွယ်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အကျဉ်းထောင်များက လွတ်မြောက်ပြီး ယခုအချိန်အထိ တောက်လျောက်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မျိုးဆက်သစ် ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ လက်တွဲပြီး မြန်မာပြည်ဒီမိုကရေစီရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ယခုအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလှုပ်ရှားမှုများကို တယောက်တလက် စုပေါင်း ဖော်ဆောင်နေတာကို တွေ့ရပါတယ်။
(အကိုးအကား – အင်တာနက်သတင်းများ၊ ၀ီကီပီဒီယား၊ မိုးမခမီဒီယာ)
(သတင်းဓာတ်ပုံပိုင်ရှင်အား ကူးယူဖော်ပြခွင့်ကို ကျေးဇူးတင်စွာဖြင့် ခွင့်တောင်းအပ်ပါသည်)

THURSDAY, MARCH 7, 2013

Thai Dhamma Talk at Funeral Service



ထိုင်းနိုင်ငံ ၀ပ်ဆိုင်းမွန်ကျောင်းထိုင်ဆရာတော် အရှင်အာသဘ အန္တိမဈာပနတွင် တရားအလှူကျင်းပမည်
ဇော်သူရ မဲဆောက်၊ မတ် ၈၊ ၂၀၁၃
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာသဘ မဟာထေရ်မြတ်၏ အန္တိမဈာပနာတွင် သီတဂူကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးမှ ကျန်ရစ်သောတပည့် ဒါယကာ၊ ဒါယိကာမများတို့အား နိဗ္ဗါန်ရောက်ကြောင်းတရားများ ပေးလှူမည်ဖြစ်ပါ၍ ရပ်ဝေး၊ ရပ်နီးမှ တရားချစ်ခင်သူတော်များအနေဖြင့် ကြွရောက်တရားတော်နာယူနိုင်ကြစေရန်၊ နိဗ္ဗါန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ၎င်းအပြင် နိုင်ငံရပ်ခြားမှ တရားချစ်ခင်သူတော်စဉ်များ အနေဖြင့် www.nibbansaw.com တွင် တရားတော်ကို အတူတကွ နာယူနိုင်ကြစေရန် ဆောင်ရွက်ထားပါသည်။


Metta Nanda Thagyan 2013 - Invitation


ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ                                                                                                                           သင်္ကြန်ပွဲတော်နှင့် နိဗ္ဗာန်ဈေးပွဲတော် ဖိတ်ကြားလွှာ                                                                                                                      
မြန်မာအမေရိကန်ဗုဒ္ဓဘာသာအသင်း ( MABA ) နှင့် အလှူရှင်များ စုပေါင်း၍ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်နှင့် နိဗ္ဗာန်ဈေးပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နွေဦးဒိုးပတ်အဖွဲ့မှ လူငယ်မောင်မယ်များ၏ မြူးမြူးကြွကြွ တေးသံသာများ၊ လှပျိုဖြူ အမျိုးသမီးများ၏ ပဒေသာကပွဲတို့ဖြင့် ဧည့်ခံဖျော်ဖြေပါမည်။ နိဗ္ဗာန်ဈေးပွဲတော်အတွက် ကုသိုလ်ပြု ပါဝင်ရောင်းချလိုသူများ၊ သီးသန့်အလှူရှင်များနှင့် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား ကြွရောက်အားပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။ 

Thingyan Pwe ( Burmese New Year Festival) and Fundraiser
နေ့ရက်။ ။ ၂၀၁၃ ခုနှစ် ဧပြီလ (၇) ရက်၊ 

 မြန်မာ့ရိုးရာတူရိယာ လင်းကွင်း ဘောလုံးကွင်းမှာ တရားမ၀င်
ပန်းသီး၊ မတ် ၈၊ ၂၀၁၃
ကျနော့်သူငယ်ချင်းများနဲ့ မြန်မာနှင့်အိန္ဒိယာဘောလုံးပွဲ အားပေးမည်ဟုအားခဲပီး
သုဝဏ္ဏဘောလုံးကွင်းဆီသို့  ဆိုင်းတွေဗုံတွေနဲ့ တပျော်တပါးကြီးသွားကြပါတယ်။
ကွင်းထဲလဲဝင်တော ရဲအရာရှိကြီးတဦး မျက်နှာထားခပ်မာမာနဲ့  "ဘောလုံးပွဲမှာ လင်းကွင်း
ယူလို့ မရကြောင်း..လင်းကွင်းတီးခွင့်မရှိကြောင်း …" ပြောခဲ့ပါတယ်။
ကျနော်ကလဲ "ဘာကြောင့် တီးလို့  မရတာလဲ" လို့ မေးတော့၊
"သူမသိဘူး၊ အထက်လူကြီးဆီခေါ်သွားလိုက်… " ဆိုပြီး
ရဲသားတဦးမှ ကျနော်ကို လူကြီးဆီခေါ်သွားတာပေါ့။
ဟိုရောက်တော့..ရဲလူကြီးကလည်း … "သူလဲမသိပါတဲ့။ ဘောလုံးအဖွဲ့ ချုပ်က လင်းကွင်းပေးမသယ်နဲ့ ၊ ဗုံပဲ သယ်ခွင့်ပြုပါ  လို့ ပြောထားလို့ " ပါတဲ့။
ရှုပ်ကုန်ပြီ။ ကျနော်စဉ်းစားတယ်။ လင်းကွင်းဟာမြန်မာတူရိယာမှာ
သူမပါရင်မဖြစ်ပါဘူး။
လင်းကွင်းက မီးလောင်ဗုံးလောက် ကြောက်စရာကောင်းလို့ လား..
ကြောက်စရာကောင်းရင်လဲ..မြန်မာတူရိယာများ တီးရာတွင် လင်းကွင်းမပါရ။ မတီးရလို့ 
အမိန့် ထုတ်လိုက်ပေါ့.။
တခုလောက်တော့ တောင်းဆိုချင်ပါတယ်။ "ဘောလုံးပွဲတွေမှာ
လင်းကွင်းကို ပွဲကြည့်ခွင့်မပိတ်ပါနဲ့ " လို့ ။
"လင်းကွင်းမှာ … ဘာအပြစ်ရှိလို့ လဲ။  မဟုတ်တာ မကြောက်ပါနဲ့။ လင်းကွင်းဟာ ကချင်က ဗုံးသံမဟုတ်ပါဘူးဗျာ …"
 
(လင်းကွင်းသွင်းမိ အပြစ်ရှိသူ (လဂွင်း)ပန်းသီး)

Phone Shan - Talking Tortoise



စကားပြောသော လိပ်ကလေး
 ဘုန်းသျှံ၊ (လန်ဒန်ဝိဟာရ)၊ မတ် ၈၊ ၂၀၁၃
လိပ်ကလေးက စကားပြောတယ်လို့ဆိုလျှင် စာဖတ်သူတို့ ယုံကြည်မှု ရှိနိုင်ကြပါမလား? ယုံချင်ယုံ- မယုံချင် အင်္ဂလန်က ပုံပြင်တစ်ခုလို့သာ မှတ်ကြပါ။ တကယ်တော့ လူတွေကသာ နားမလည်ကြတာပါ၊ အဟိတ် တိရ စ္ဆာန်တွေဟာ သူတို့၏ ဘာသာဘာဝ စကားကို ပြောတတ်ကြပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် ပြောဆိုကြတာကို သူတို့က အချင်းချင်း နားလည်ကြပါတယ်။ သာယာမြည်ကျွေး တေးကလေးတွေလည်း သီဆိုတတ်ကြလို့ ကလူကြည်ဆယ် ပျော်မြူးကြလို့ ဟိုပြန် ဒီပြေး လုပ်နေတတ်တာကို တွေ့ဘူးနေကြမှာပါ။ ဟိုရှေးရှေးကဆို လူတွေဟာ ငှက်ကလေးတို့ ပြောစကားကို နားလည်ကြသလို လူတို့၏ စကားကိုလည်း ငှက်တို့က နားလည်ကြပါတယ်။ သူတို့၏စကား ကြားပြီးတော့ အကောင်းအဆိုး အကျိုးအပြစ်တွေကို လူတို့က သိခဲ့ကြပါတယ်။ အဝေးကြီးက သတင်းစကားတွေကို သတို့က သယ်ဆောင်လာတတ်ကြလို့ ကောင်းကျိုးရလာဒ်များ လူတွေရရှိခဲ့ကြတဲ့ သာဓကများစွာ ရှိခဲ့ဘူးပါတယ်။  နဂါးနိုင်မင်းလို့ အများသိကြတဲ့ တကောင်းမင်း ရာဇာဟာ ငှက်ကလေးတို့၏ စကားကြောင့် မင်းသမီးရဲ့ အမေးပြဿနာကို ဖြေနိုင်ပြီး ရှင်ဘုရင် ဖြစ်ခဲ့တာပဲလေ။

အင်္ဂလန်မှာ နှစ်များစွာ နေနေရတဲ့ စာရေးသူတို့မှာလည်း  မနက်(၅)နာရီ  လူးလွန့်လို့ အိပ်ရာထတဲ့ အချိန်တိုင်း ငှက်ကျားကလေးတို့ရဲ့  တေးသီမှုကလေးတွေကို အမြဲတမ်း ကြားနေရတတ်ပါတယ်။ သူတို့စကား သူတို့အသံကို နားလည်မှု မရှိပေမဲ့ လူ့စိတ်ကို ကြည်လင်စေခဲ့တာတော့ အမှန်ပါပဲ။ တစ်ကောင်နဲ့တစ်ကောင် ပြောဆိုနေကြတဲ့ အသံကို နားထောင်ပြီး အော်..ငှက်ကလေးတွေတောင် အိပ်ရာထ သီချင်းဆိုနေကြပြီပဲ၊  အချိန်မှန်မှန် နိုးကြားနေတတ်တဲ့ သူတို့ရဲ့ ကျင့်ဝတ်ကလေးတွေကို အတုယူ အတူပြု အတုခိုးလို့ နေလာခဲ့တာ ဒီနေ့ထိပဲ ဆိုပါတော့။ ဟုတ်ပါတယ် သူတို့ဟာ လူသားတွေဆီက အတုယူစရာတွေ မရှိရင်သာနေမယ် သူတို့ဆီက အတုယူစရာတွေက များစွာရှိနေပါတယ်။

 ခြင်္သေ့, ဗျိုင်း, မြည်း, ခွေး, ကျီး, ကြက်ဖ,စတဲ့ သတ္တဝါတွေဟာ လူသားတို့အတွက် တန်ဖိုးဖြတ်မရတဲ့ အတုယူစရာတွေ အများကြီး ရှိတယ်လို့ နီတိဆရာကြီးများ အဆိုရှိခဲ့တာပဲ၊ ခြင်္သေ့ဟာ သားကောင်များကို ဖမ်းတဲ့နေရာ လုံးလကို အတူတူထားပါတယ်။ သားကောင်ငယ်လို့ အင်အားကို မလျော့ဘူး၊ သားကောင်ကြီးလို့ အင်အားကို မတိုးဘူး၊ ညီညီမျှမျှနဲ့ ငယ်လည်း ဒီလုံးလ၊ ကြီးလည်း ဒီလုံးလနဲ့ ဖမ်းပါတယ်။ အဲဒါလိုပါပဲ လူတွေဟာ အမှုကိစ္စတစ်ခု ဆောင်ရွက်ရာမှာ ဝီရိယကို မလျော့ပဲ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ တစ်သမတ်တည်းထားပြီး ကြိုးစားကြဖို့ ခြင်္သေ့ထံက ပညာယူရမှာပါပဲ။ ထို့အတူ ဗျိုင်းဆိုတာမျိုးဟာ ငါကိုဖမ်းတဲ့နေရာ တည်တည်ငြိမ်ငြိမ်နဲ့ စူးစူးစိုက်စိုက်နဲ့ စိတ်ကို တစ်ခြားမပျံ့လွင့်စေပဲ စောင့်ပြီး ဖမ်းတတ်ပါတယ်။ အဲဒီတည်ငြိမ်မှု စူးစိုက်မှု သမာဓိဟာ လူတွေအတုခိုးစရာ အချက်တစ်ချက်ပါပဲ။ မြည်းကလည်း ဘယ်လောက်အလုပ်လုပ် ပင်ပန်းပုံမပြဘူး၊ နောက်ပြီးတော့ အပူအအေးကိုလည်း မမှုဘူး၊ ရောင့်ရဲလွယ်တဲ့ စိတ်ရှိတယ်၊ ဒါကိုလည်း လူတွေ အတုယူပြီး စီးပွားရှာသင့်တာပါပဲ။ ခွေးဆိုတာ အရှင်သခင်အပေါ်မှာ လိုလားတောင့်တမှု အလွန်သိတဲ့ သတ္တဝါပါတဲ့၊ ကျွေးသမျှနဲ့ ရောင့်ရဲတယ်၊ အိပ်လွယ်တယ်၊ နိုးလွယ်တယ်၊ အရှင်သခင်ကို ခယ-ဆည်းကပ်တတ်တယ်၊ ရဲရင့်တယ်တဲ့။ ဒါကြောင့် မိဘ ဆရာသမား- အကြီးအကဲ အုပ်ချုပ်သူ၊ အလုပ်ရှင်တွေနဲ့ ဆက်စပ်ပြီး လူတွေဟာ ဒါတွေကိုလည်း အတုယူရမှာ ဖြစ်ပါတယ်။ 

ကျီးကန်းဆီက လေးမျိုးကို အတုယူရမယ်လို့ ဆိုပါတယ်။ အချင်းချင်း ပေါင်းသင်းဆက်ဆံပုံ၊ မေထုံမှီဝဲပုံ၊ ရန်သူကို သတိရှိပုံ၊ အပျင်းမဖက်ပုံတွေပါပဲ။ အရေးကြုံလာခဲ့ရင် အချိန်အခါ ကျလာရင် စုပေါင်းတတ်တဲ့ သူတို့စရိုက်ကို သိကြမှာပါ။ အမျိုးနဲ့ ပတ်သက်လာရင် ဝိုင်းဝန်း စုပေါင်းအော်မည် စောင့်ရှောက်တတ်ကြလို့ အမျိုးကို ချစ်တတ်တဲ့စိတ်၊ ဒီအချက်ကို မြန်မာလူမျိုးတွေ တကယ်ကို အတုယူစရာပါ။ ကျီးများဟာ အခြားတိရိ စ္ဆာန်တွေနဲ့ မတူပါဘူး၊ မမြင်ကွယ်ရာမှာသာ ပေါင်းသင်း ဆက်ဆံတတ်ကြတယ်။ ကျီးများဟာ အစားအစာ ရှာရာမှာဖြစ်ဖြစ်၊ နားနေရာမှာဖြစ်ဖြစ်၊ ရန်သူကို အမြဲသတိ ရှိနေတတ်ပါတယ်။ ဘယ်တော့မှလည်း မပျင်းကြပါဘူး။ အစားအစာ ရှာဖွေမှု၊ အမျိုးနဲ့ ပတ်သက်ရင်လည်း သူတို့သာလုပ်ပါစေ၊ ငါမသွားတော့ဘူးလို့ မရှိပါဘူး၊ မိုးရွာရွာ နေပူပူ အေးအေး ချမ်းချမ်း မငြီးမငြူပဲ အမိျုးအတွက် ပါဝင်ဆောင်ရွက် တတ်တာကို သိကြတွေ့ကြလို့ ရွှေမြန်မာတို့ အတုယူကြရမှာပါ။ ကြက်ဖကြီးကလည်း ရဲရဲဝန့်ဝန့် တိုက်ခိုက်တတ်တယ်၊ မနက်စောစော ထလေ့ရှိတယ်၊ တစ်ကိုယ်ကောင်း မဆံပဲ ဆွေမျိုးတွေနဲ့သာ အစာရှာ အတူစားလေ့ရှိတယ်၊ ကြက်မ ဒုက္ခရောက်လာရင် ကူညီတတ်တယ်၊ ဒီလေးမျိုးဟာ ကြက်ဖထံက အတုယုစရာတွေပဲပေါ့။

တစ်ခါတလေ လောကကြီးက လူတို့၏ ဆရာဖြစ်ပါသတဲ့။ လောကကြီးဟာ ဆရာလိုသဘောထားပြီး ယူတတ်ရင်ရတယ်၊ မယူတတ်ရင် မရပါဘူး။ တစ်နေ့မှာ ရှင်ဘုရင်ကြီးတစ်ပါး နန်းဆောင်ပေါ်က ကြည့်နေတယ်။ အဲဒီအချိန် သိမ်းငှက်ကြီးတစ်ကောင်က အမဲသားတုန်းကို ချီလာတယ်၊ အခြားသိမ်းငှက်တွေက ဝိုင်းလိုက်တယ်၊ ထိုးကြ ဆိတ်ကြတယ်၊ ကြာတော့ မခံနိုင်ဘူး၊ အမဲသားတုံးကို လွှတ်ချလိုက်ရတယ်၊ သိမ်းငှက်ကြီး ချမ်းသာသွားပါတယ်။ နောက်တစ်ကောင်က ကောက်ချီတယ်၊ ချီတဲ့အကောင်နောက်ကို ဝိုင်းလိုက်ကြတယ်၊ ထိုးကြ ဆိတ်ကြပြန်တယ်။ အဲဒီအကောင် ဒုက္ခရောက်တော့ သူလဲ မခံနိုင်ဘူး၊ အမဲသားတုံးကို လွှတ်လိုက်ရပြန်တယ်။ နောက်တစ်ကောင်က ကောက်ပြန်ရော၊ အဲဒီအကောင်ကို ဝိုင်းလိုက်ကြပြန်ရော။ အဲဒါတွေ မြင်ရတော့ မင်းကြီးဟာ တစ်ခါတည်း သံဝေဂတရား ဖြစ်သွားပါတယ်။ လောကကြီးမှာ ဒီလိုပစ္စည်းရှိရင် ရန်သူများပါလား၊ မရှိရင် ရန်သူကင်းပါလားလို့ ဒီလို အသိပညာ ရသွားပါတယ်။ လက္ခဏာရေးသုံးပါး တင်ပြီးတော့ ဆင်ခြင်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ လောကထဲက အသိပညာ ရသွားပုံပါပဲ။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ၁၉၈၅=ခုနှစ်မှာ  Old Church Lane Kingsbury ရပ်ကွက် ဧရိယာ ရှေ့မျက်နှာ ၇၅-ပေ၊ အရှည် ၃၀၀-ပေ မြေနှင့်အတူ တည်ရှိတဲ့ နှစ်ပေါင်း (၇၀)ကျော်နေသော နှစ်ထပ်အိမ်ကြီးနဲ့ ထူးဆန်းအံ့ဖွယ်ရာ အကြောင်းများကို ပြောပြလိုပါတယ်။  ထိုအိမ်ကြီးကို မြန်မာလူမျိုးတို့က ဗုဒ္ဓဘာသာ အသင်းတစ်ခု ဖွဲ့စည်းပြီး စတာလင်ပေါင် တစ်သိန်းတစ်သောင်းနဲ့ ဝယ်ယူ၍ မြန်မာဘုန်းတော်ကြီးများ ချမ်းသာစွာ သီတင်းသုံး  သာသနာ ပြုနိုင်ရန်အတွက် သံဃိကကျောင်းအဖြစ် ရှေးဦးပထမ ဥရောပတိုက် အင်္ဂလန်မြေ လန်ဒန်မြို့ပေါ်မှာ  ခမ်းနားစွာ ရေစက်သွန်းချ လှူဒါန်းနိုင်ခဲ့ကြပြီး အများလှူဒါန်း ထောက်ပံ့ကြတဲ့ အလှူငွေများနဲ့ သာသနာပြု လုပ်ငန်းများကိုလည်း လုပ်ဆောင်နေခဲ့ကြပါတယ်။ ထိုကျောင်းတော်ကြီးကို မဟာစည်နာယက ဆရာတော်များ အဆက်ဆက် တာဝန်ယူလို့ သာသနာ ပြုလာခဲ့ကြပါတယ်။ ဒီလိုနဲ့ အမျိုးဘာသာ သာသနာအတွက် လုပ်ငန်းရပ်များ တစ်စုတစ်စည်း တစ်စိုက်မတ်မတ် ဆောင်ရွက်လာခဲ့ကြရာ- ၂၀၀၂-နှစ် ရောက်လာတဲ့အခါမှာတော့ အလှူငွေက အင်အားနည်းတဲ့ အခြေအနေ ဖြစ်လာခဲ့ပါပြီ၊ လက်ရှိ ရန်ပုံငွေနဲ့ဆိုလျှင်  တစ်နှစ်လောက်ပဲ လည်ပတ်နိုင်မည့် သဘောမို့ ကျောင်းတော်ကြီး တည်တန့်ရေးအတွက် စိတ်မအေးစရာ ရန်ပုံငွေ အခက်အခဲ ဖြစ်နေတဲ့ အချိန်ပါ။

တစ်နေ့မှာ ခြံစည်းရိုးပတ်လည် ပန်းပင်များစိုက်ရန် မြေကိုတူးဆွတဲ့အခါ ခြံ၏စနေထောင့် တစ်ထွာသာသာ တူးမိခဲ့တော့ ထူးခြားတဲ့ အရာတစ်ခု တွေ့ရပါတယ်။ လက်ရာမြောက်လှတဲ့ ကြေးနီကြေးဝါ ရောစပ်ပြီး ပြုလုပ်ထားတဲ့ လိပ်ရုပ်ကလေးပါ။ ဝမ်းဗိုက်မှာ နားမလည်နိုင်တဲ့ အင်းကွက် အင်းဆံ အင်းဂဏန်းတွေ စာကြောင်းတွေ ရေးထည့်ထားပါတယ်။ ဦးခေါင်းပေါ်မှာလည်း ဘုရားတစ်ဆူ တွေ့ရပါတယ်။ ကြောပေါ်မှာလည်း အင်းဂဏန်းတွေနဲ့ ဘုရားတစ်ဆူ  ပါရှိပါတယ်။ လိပ်ကလေး၏ မေးစေ့အောက်မှာလည်း ထူဆန်းတဲ့ အက္ခရာ အမှတ်အသားတွေ တွေ့ရပါတယ်။ တာဝန်ရှိသူ အားလုံးကတော့ ထူးဆန်းလှတဲ့အတွက် ဝေခွဲလို့မရ ဖြစ်နေခဲ့ကြပါတယ်။ လိပ်ရုပ်ကလေး ပေါ်လာပြီး မကြာသောကာလမှာပဲ စတာလင်ပေါင် နှစ်သိန်းခုနှစ်သောင်း အလှူငွေကို ထူးထူးခြားခြား တစ်စုတည်း တစ်ပေါင်းတည်း လှူဒါန်းတဲ့ အလှူရှင်တစ်ဦး ပေါ်ပေါက်လာခဲ့လို့ မြန်မာကျောင်းတော်ကြီးအတွက် မင်္ဂလာသတင်း ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အမွေခံ သားသမီးမရှိတဲ့ မြန်မာအမျိုးသမီးကြီး တစ်ဦးက သူသေဆုံးသွားလျှင် ကျန်ပစ္စည်းများကို သုံးပုံပုံပြီး တစ်စုကို လန်ဒန်ဝိဟာရကျောင်းသို့ လှူဒါန်းဖို့ လုပ်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ကစပြီး အင်္ဂလန်နိုင်ငံမှာ  လန်ဒန်ဝိဟာရ  ကျောင်းတော်ကြီးဟာလည်း  မီလျံနာ သူဋ္ဌေးကျောင်းလို့ နာမည်ထွက်လာခဲ့ပါတယ်။ မကြာမီ ကာလတစ်ခုမှာ တာဝန်ရှိကြတဲ့ သူတွေက ထူးဆန်းတဲ့ လိပ်ရုပ်ကလေး၏ ဇစ်မြစ်သဘောအမှန်ုကို သိရအောင်လို့ လန်ဒန်မြို့- ဗြိတိသျှ-မြူစီယံမှ ရှေးဟောင်း သုတေသနဌာနသို့ အဖြေမှန်ကို ရှာဖွေပေးဖို့ ပေးအပ်ခဲ့ကြပါတယ်။ နှစ်တွေသာ ကြာသွားပါတယ် အဖြေတော့ ထွက်မလာခဲ့ပါဘူး။  ဗြိတိသျှ မြူစီယံ ရှေးဟောင်း သုတေသနဌာန၏ စတိုခန်းထဲမှာတော့  တိတ်ဆိတ်စွာ စကားမပြောနိုင်ပဲ လိပ်ကလေး အိပ်နေခဲ့တာ ၂၀၀၅-ခုနှစ် အထိပဲ ရှိခဲ့ပြီလို့ ဆိုပါတော့။
 
မုဒုံဆရာတော် အင်္ဂလန်နိုင်ငံ လန်ဒန်ဝိဟာရ မဟာစည်ကျောင်းသို့ သာသနာပြုရန် ၂၀၀၅-ခု မေလ (၁၁)ရက် ရောက်လာခဲ့တဲ့ အချိန်မှာတော့၊ ကျောင်းအမကြီး ဒေါ်ခင်မျိုးသန့်နဲ့ လိပ်ကလေးအကြောင်းကို စကားစပ်လို့ ပြောမိခဲ့ကြရာမှာ ဆရာတော်က စိတ်ဝင်စားခဲ့တာကြောင့် ပြန်ယူလို့ ရမလားဆိုတာ ဗြိတိသျှ-မြူစီယံကို သွားမေးကြပါတယ်၊ အလွယ်တကူပဲ  ထုပ်ပေး လိုက်ပါတယ်။ အဲဒီအချိန်မှာလည်း လိပ်ကလေး၏ ဇစ်မြစ်အဖြေမှန်ကို မသိခဲ့ရပါဘူး။ တာဝန်ရှိသူတို့ကလည်း မသိကြောင်းကို ဝန်ခံ ပြောဆိုကြပါတယ်။ လိပ်ရုပ်ကလေး ဆရာတော်၏ လက်ထဲသို့ ရောက်လာခဲ့တဲ့အခါ စိတ်ကူးတစ်ခု အကောင်အထည်ဖေါ်ဖို့ ပေါ်လာခဲ့ပါတယ်။ ဟိုယခင်က သဘာဝကျောက်လိပ် အရုပ်ကလေးတစ်ခု- ကျောင်းဘေး စမ်းချောင်းထဲမှာ ဆရာတော် ရခဲ့ဘူးပါတယ်။ အဲဒီ လိပ်ရုပ်ကလေးက အသက်ရှင်နေသလိုပါပဲ၊ ဖန်ဇလုံထဲမှာ ရေထည့်ပြီး သူ့ကိုထားခဲ့တာ နံနက်လင်းလာရင် နေရာရွေ့တာကို သိရတယ်။ ကျောင်းကန်တိုးတက် အောင်မြင်တာ အလှူရှင်များ ပေါ်ပေါက်တာ လိပ်ကလေးကြောင့်ပဲလားလို့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေပါတယ်။ ဟုတ်တာ မဟုတ်တာ၊ မှန်တာ မမှန်တာ အသာဖယ်ထားမယ်၊ တကယ်လက်တွေ့ကတော့ ကျောင်းတော်ကြီး တိုးတက်ခဲ့တာ အမှန်ပါပဲလို့ ဆရာတော်က ပြောပါတယ်။

ယခုလည်း ထူးဆန်းတဲ့ ကြေးလိပ်ရုပ်ကလေးကို စမ်းသပ်တဲ့ အနေနဲ့ သေချာစွာပွတ်တိုက် သန့်စင်ပြီးတော့ ကြွေခွက်ထဲရေထည့်ပြီး လိပ်ရုပ်ကလေးကို ထားလိုက်ပါတယ်။  လမကြာမီ အချိန်ကာလ တစ်ခုမှာ HSBC ဘဏ်ကနေ အကြောင်းကြားစာ ရောက်လာပါတယ်။ လန်ဒန်ဝိဟာရ မဟာစည်ကျောင်းအတွက် အလှူရှင် တစ်ဦးမှ  စတာလင်ပေါင် တစ်သိန်း ရှစ်ထောင် အလှူငွေ ပေးလှူလိုက်ကြောင်း သိလိုက်ရပါတယ်။ အဲဒီအချိန်က လန်ဒန်ဝိဟာရ မဟာစည်ကျောင်းမှာ ကျောင်းတော်ကြီးကို တိုးချဲ့ ပြုပြင်ရန် စီမံနေကြတဲ့ အချိန်ပါ။ လိပ်ကလေးကို ကိုင်ကြည့်ပြီး ဂန္ဘီရ ဆန်လှပါလား ဖိုးရွှေလိပ်ရယ်လို့ အတွေးတွေက မပြတ်အောင် ပေါ်လို့ လာခဲ့ပါတယ်။

ယခုအချိန်မှာတော့ လန်ဒန်ဝိဟာရ မဟာစည်ကျောင်းတော်ကြီးက တိုးတက်စည်ကားလို့ နေပါတယ်။ ပစ္စည်းလေးပါး အလှူရှင်များလည်း မပြတ်အောင် ရှိနေပါတယ်။ ကျောင်းတော်ကြီးလည်း ပြုပြင်လို့ ပြီးသွားပါပြီ၊ ချက်ပြုတ်စီမံရတာ နေရာကျယ်လို့ စိတ်ချမ်းသာကြတယ်၊ ဧည့်ခံကျွေးမွေးရတာလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်၊ ဘုရားခန်းထဲ ဝင်လိုက်လျှင်တော့ မြန်မာနိုငံ ပြန်ရောက်သွားတယ်လို့ စိတ်မှာခံစားကြရပါတယ်၊ စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြပါတယ်။  ဒီလို- အစစ-အရာရာ ပြည့်စုံလာတာတွေဟာ အင်္ဂလန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင်တို့၏ စေတနာ သဒ္ဓါတရားကြောင့်ပေလား၊ သို့မှမဟုတ် ဂန္ဘီရဆန်လှတဲ့ ကြေးရုပ်လိပ်ကလေး၏ အစွမ်းသတ္တိ ကြောင့်ပေလား၊ ဝေခွဲမရ ဖြစ်နေဆဲပါ။  တစ်နေ့ကို ပေါင်တစ်ဆယ် သို့မဟုတ် ပေါင်နှစ်ဆယ် သု့၏ဝမ်းဗိုက်အောက်မှာ ပုံမှန်တော့ ရောက်နေတတ်ပါတယ်၊  ရောက်ပုံကိုတော့ မရှင်းပြတော့ပါဘူး။ ရွှေဥတစ်လုံး- တစ်လုံး ပုံမှန်ဥပေးတတ်တဲ့ ငန်းမကြီးဟာ ပုံပြင်ထဲမှာ မဟုတ်ပဲ တကယ်ပဲ ရှိခဲ့ဘူးပါသလားလို့  ငြင်းရခက်စေမဲ့ အတွေးပြဿနာတစ်ခုက စာရေးသူ၏ စိတ်အစဉ်မှာ ယခုတိုင် ဖြစ်ပေါ်နေလျှက်ပါ။   

သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ…..

ဘုန်းသျှံ (လန်ဒန်ဝိဟာရ)
၀၇. ၀၃. ၂၀၁၃။

ယခုလိပ်ရုပ်ကလေးကို တတ်သိနားလည်သော ပညာရှင်များ ရှိပါက
ven.mudom@gmail.com သို့ ဆက်သွယ်၍ အဖြေမှန် ရှာဖွေပေးကြပါရန် တောင်းခံပါသည်။ 

Passing of Myawaddy Ye Kaung (1924-2013)


မြ၀တီရဲခေါင် (၁၉ ၂၄ - ၂၀၁၃) ကွယ်လွန်
နာရေးမှတ်တမ်း၊ မတ် ၈၊ ၂၀၁၃
အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013 ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Aubrun Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ပြောင်းလဲကွယ်လွန်ခဲ့ပါသည်။ 
အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊  မြ၀တီမဂ္ဂဇင်း အယ်ဒီတာဟောင်း၊ ပြည်ချစ်တပ်မတော် ဗဟိုကော်မတီဝင်နှင့် အသံလွှင့်ဌာနမှူး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုတွင် စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် လူငယ်ရေးရာ ဒုဥက္ကဌ၊ ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်သော ပိဋကတ်သုံးပုံ ပါဠိမှ မြန်မာလို ဘာသာပြန်ရာ၌ အဖွဲ့ဝင်တဦးဖြစ်သူ၊ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်လာခဲ့ရုံသာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင်လည်း နောက်ဆုံးအချိန်ထိ အရှုံးမပေး၊ ဒူးမထောက်ဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ 
အဘ မြ၀တီရဲခေါင်၏ ရုပ်ကလပ်အား Auburn ရှိ Funeral Service တွင် ထားရှိသည်။ အဘဦးရဲခေါင်၏ အသိမိတ်ဆွေ သူငယ်ချင်းများအားလုံး နောက်ဆုံးအနေဖြင့် တွေ့ဆုံဂါဝရ ပြုရန်အတွက် 08/03/13 ရက်နေ့ ညနေ ၆ နာရီမှ ၇ အထိ စီစဉ်ထားပါသည်။ ၇ နာရီ နောက်ပိုင်းတွင် အဘဦးရဲခေါင်၏သား ကိုနေလင်း၏ နေအိမ် ဖြစ်သည့် 217, Park Road, Auburn တွင် ဈာပန အခမ်းအနားနှင့် ပတ်သက်သည့် အစီအစဉ်များအား ကျန်ရစ်သူ မိသားစုနှင့်အတူ အဘဦးရဲခေါင်၏ မိတ်ဆွေများက တွေ့ဆုံဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။ 
07/03/13 ရက် မနက်ဖြန် ကြာသပတေးနေ့တွင် အသက်ပျောက်ဆွမ်းနှင့် 12/03/13 ရက် အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကျွေး တရာတော်နာခြင်းအစီစဉ်ကို ကိုနေလင်းအိမ်တွင် ပြုလုပ်သွားမည်။
   ဈာပန အခမ်းအနားအား 9/03/13 တွင် Lidcobme ရှိ Rockwood သုသာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း အဘဦးရဲခေါင်၏ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
ဦးနေလင်း - 614 24240983
ဦးသူရ - 614 21418449
ဦးအုန်းမြင့်- 612 96753280
ဦးမောင်မောင်သန်း - 614 4337816
ဦးဖိုးဇော် - 614 33725289
ဦးစိုးလွင် - 61412388263
ဦးသာနိုင် - 614 11871932
ဦးခင်မောင်ကျော် (ကိုဂဏန်း) - 614 21045091

ဈာပနအခမ်းအနားအတွက် လှူဒါန်းလိုပါက
SU THET KYU    Westpad Bank Account                                              
Account Name:  SU THET KYU
BSB Code: 732-070
Account No.: 704357
Bank: Westpad Bank
Australia
home phone 02 97020132, Mobile phone 0424240983
Contact Email: thanhswe@yahoo.com

ကိုးကား။            ။          http://nge-naing.blogspot.com.au/

Lai Lone - Cartoon

တောင်းမိတာ
ကာတွန်း - လိုင်လုဏ်
မတ်လ ၈၊ ၂၀၁၃


Than Win Hlaing - Articles


သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (ဆရာမှတ်ကြီး)
သန်းဝင်းလှိုင်
မတ်လ ၈၊ ၂၀၁၃


ဒေါက်တာဂျွန်အက်ဗင်နီဇာမတ်သည် မင်းတုန်းမင်းတရား၊ သီပေါမင်းတို့နှင့် ရင်းနှီးသော ခရစ်ယာန်ရေဖျန်းဂိုဏ်းမှ သာသနာပြုပုဂ္ဂိုလ်ဖြစ်လေသည်။ သို့ရာတွင် ဒေါက်တာမတ်သည် ပညာရေးဘက်၌ အထူးအာရုံစိုက်ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် မြန်မာ့ပညာရေးသမိုင်းနှင့် ပို၍ ဆက်စပ်ထင်ရှားနေပေသည်။

စင်စစ်အားဖြင့်လည်း ဒေါက်တာမတ်သည် အစအဦးတွင် မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းကို ဆောင်ရွက်ရန် ရေဖျန်းဂိုဏ်းမှ စေလွှတ်ချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုစဉ်က မင်းညီမင်းသားများနှင့် ပြည်သူအပေါင်းတို့ က ကြည်ညိုလေးစားခြင်းကို ခံခဲ့ရသော ကျောင်းဆရာကြီးဖြစ်သောကြောင့် ဒေါက်တာမတ်ကို မြန်မာတို့က "ဆရာမှတ်ကြီး" ဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။

ဆရာမှတ်သည် ခရစ် ၁၈၃၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်ခဲ့သည်။ ၄င်းသည် ယဟူဒီ (ဂျူး) မျိုးရိုး အဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ကျန်းမာရေးမကြာခဏ ချို့ယွင်းလေ့ရှိသော်လည်း (၈၃) နှစ် အရွယ်အထိ အသက်ရှည်သည်။ ငယ်စဉ်က လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထိုကျောင်း၌ပင် စေတနာ့ဝန်ထမ်းကျောင်းဆရာအဖြစ် ဆောင်ရွက်ပြီးနောက် ၀ုလ်မာဟမ္မတန်မြို့၊ ဘာမင်လမ်မြို့နှင့် အိဗရှယ်မြို့ များတွင် ကျောင်းဆရာအဖြစ် ဆက်လက်အမှုထမ်းခဲ့သည်။ ယင်းနောက် တီ၊ အိုဂွတ်ချိုင်းဆိုသူ ဘုန်ကြီးတစ်ပါး၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့အရှေ့မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းသို့ သွားရောက်အမှုထမ်းရသည်။ ထိုကျောင်းမှ ကျောင်းသားတို့သည် လူပေလူတေကလေးများဖြစ်ကြသော်လည်း ဆရာမှတ်ကြီး၏ ကြိုးပမ်းမှုကြောင့် ဆရာကို ရိုသေလေးစား ရမှန်းသိကာ ယဉ်ကျေးလိမ္မာကျိုးနွံလာခဲ့လေသည်။

၁၈၉၅ ခုနှစ်တွင် ဆရာမှတ်သည် မော်လမြိုင်မြို့၌ အက်စ်ပီဂျီ (S.P.G)ခေါ် ရေဖျန်းခရစ်ယာန်ဂိုဏ်းက ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သုံးနှစ်မျှအမှုထမ်းပြီးနောက် ကာလကတ္တားမြို့မှ ဂိုဏ်းအုပ်ကော့တွန်က ဆရာမှတ်ကို သိက္ခာတင်ဘုန်းတော်ကြီးဖြစ်မြောက်ရေးအတွက် ထိုမြို့ရှိ ဘိရှော့ ကောလိပ်ကျောင်း ဓမ္မပညာကို ဆည်းပူးနိုင်အောင် စီစဉ်ပေးခဲ့လေသည်။ ဆရာမှတ်သည် ကာလကတ္တားမြို့ရှိ ကသီဒရယ်ဘုရား ရှိခိုးကျောင်း၌ ၁၈၆၃ ခုနှစ်တွင် ဘုန်းကြီးအဖြစ်လည်းကောင်း၊ သိက္ခာတင်ချီးမြှင့်ခြင်းကို ခံရလေသည်။


ဆရာမှတ်သည် မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကလေးသူငယ် ပညာသင်ကြားရေးလုပ်ငန်း၌ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တွင် ယခုလမ်းမတော်မြို့ နယ်ရှိအစိုးရအထက်တန်းကျောင်း အမှတ်(၁) ဟု ထင်ရှား တည်ရှိသော စိန်ဂျွန်းအထက်တန်းကျောင်းသည် ဆရာမှတ်ကြီးတည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ ယခင်ကယင်းကျောင်းကို စိန်ဂျွန်းကောလိပ်ဟု အမည်မှည့်ခေါ်ထားသော်လည်း ဆရာမှတ်ကျောင်းဟူ၍သာ လူသိများခဲ့လေသည်။

၁၈၇၉ ခုနှစ် ဂိုဏ်းချုပ်တိတ်က ဆရာမှတ်ကို အယူဝါဒပညာရပ်ဆိုင်ရာပါရဂူဘွဲ့ (Doctor of Divinity) ချီးမြှင့်ခဲ့သည်။

ဆရာမှတ်သည် ပညာရေးဘက်၌ ဆောင်ရွက်ချက်ကြောင့်သော်လည်းကောင်း၊ သာသနာရေးဘက်၌ဆောင်ရွက်ချက် ကြောင့် သော်လည်းကောင်း ထင်ရှားသည်ထက် အပေါင်းအသင်းဝင်ဆန့်သည့်အချက်ကြောင့် ပို၍ ထင်ရှားသည်ဟု ဆိုနိုင်ပါသည်။ မန္တလေးမြို့၌ နေထိုင်စဉ်အခါကလည်းကောင်း၊ ရန်ကုန်မြို့၌ နေထိုင်စဉ်အခါကလည်းကောင်း၊ မိမိနေအိမ်သို့ လူမျိုးမရွေး၊ လူတန်းစားမရွေး ၀င်ထွက်ခွင့်ပြုထားလေသည်။ စိန်ဂျွန်းကျောင်းဝင်းအတွင်းရှိ နေအိမ်သို့ မဟာဝန်ရှင်တော် မင်းကြီးမှအစ စစ်ဘက်နယ်ဘက်အရာရှိများ၊ ကုန်သည်သူဋ္ဌေးများ၊ ရန်ကုန်မြို့ပေါ်ရှိ လူကုံထံများအမြဲဝင်ထွက်လျက် ရှိလေသည်။ ဆရာမှတ်၏ ခင်မင်တတ်သောစိတ်၊ ရက်ရောသော စေတနာ၊ ရွှင်ပြသောမျက်နှာထားတို့ကြောင့် လူမျိုးရေး၊ အယူဝါဒရေး၊ အဆင့်အတန်းကွာခြားရေးနှင့်ဆိုင်သော အတားအဆီးဟူသမျှတို့ ဖြိုဖျက်ခဲ့မှုကြောင့် ရောက်လေရာအရပ်တွင် အဆွေခင်ပွန်း ပေါများလေသည်။

ဆရာမှတ်သည် ဗြိတိသျှတို့ သိမ်းပိုက်ထားသော မြန်မာနယ်မြေကို အုပ်ချုပ်ရသည့် ပထမဆုံး မဟာဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာမှအစ နောင် အဆက်ဆက် အုပ်ချုပ်ရသူ မင်းပိုင်းစိုးပိုင်းတို့နှင့်လည်း ရင်းနှီးလေသည်။ အထူးသဖြင့် ဆာချားလ်ဗားနဒ်နှင့် ပို၍ ရင်းနှီးပုံရသည်။

တခါက စိန်ဂျွန်းကောလိပ်၌ ဖျားနာနေသော ဆရာမှတ်အား ဆာချားလ်ဗားနဒ်သည် ကိုယ်တိုင်လာရောက်ပြီးလျှင် အစိုးရအိမ်တော်ခေါ်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

ဆရာမှတ်သည် ၁၈၆၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် မန္တလေးရတနာပုံရွှေမြို့တော်သို့ ရောက်ရှိခဲ့သည်။ ၁၈၆၉ မှ ၁၈၇၄ ခုနှစ်အထိ မန္တလေးရတနာပုံမြို့တော်၌ နေထိုင်စဉ်အတွင်း မင်းတုန်းမင်းတရားထံသို့ မကြာခဏ ၀င်ရောက်ခံစားခွင့်ရသည့်အပြင် ဘုရင့်ထံမှ အကူအညီအထောက်အပံ့ကိုလည်း ရရှိခဲ့လေသည်။ မင်းတုန်းမင်းတရားကြီးက ဆရာမှတ်အား စာသင်ကျောင်း၊ ဆရာများနေရန်နေအိမ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဆောက်အဦတို့အတွက် ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ မန္တလေးမြို့ သို့ မိမိထက် ဦးစွာရောက်နှင့်နေကြသော ရောမကက်သလစ်ဂိုဏ်း (R.C) မှ ဘုန်းတော်ကြီးသည်လည်းကောင်း၊ အာမီနီးယန်း ဂိုဏ်းအုပ်သည်လည်းကောင်း၊ ဘုရင်၏ အကူအညီအထောက်အပံ့ကို ခံယူရရှိလျက်ရှိလေသည်။ မင်းတုန်းမင်းကြီးသည် နေပြည်တော်တွင် ရေဖျန်းဂိုဏ်းအတွက် ဘုရားရှိခိုးကျောင်းတည်ဆောက်ရန်သော်လည်းကောင်း၊ ဆရာမှတ်အားခွင့်ပြုတော်မူ လေသည်။ ထို့အပြင် သီပေါမင်း မင်းသားအပါအ၀င် မင်းသားကိုးပါးနှင့်တကွ အခြားနန်းတွင်းသားတို့ကို ဆရာမှတ်ကြီး ကျောင်းသို့ ပို့၍ စာသင်ကြားစေသည်။

ဆရာမှတ်ကို သာသနာပြုဆရာတစ်ယောက်အဖြစ် မှတ်မိကြသည်ထက် ကျောင်းဆရာကြီးတစ်ယောက်အဖြစ် ပို၍ မှတ်မိကြသည်ဟု ဆိုနိုင်လေသည်။ ဆရာမှတ်သည် မော်လမြိုင်မြို့သို့ ကျောင်းဆရာအလုပ်ဖြင့်ပင် ရောက်ရှိလာခဲ့သည်။ ဆရာကြီး၏ အောင်မြင်မှုမှာ ပညာသင်ကြားရေးနည်းစနစ်၊ စည်းရုံးမှုနည်းစနစ် ကောင်းလှခြင်းကြောင့် ဟု ဆိုရမည်ထက် တပည့်အပေါင်းတို့ကို သားရင်းမြေးရင်းပမာ ချစ်ခင်၍ မိမိ၏ အချိန်၊ ငွေ၊ ကျန်းမာရေးတို့ကို တပည့်များ၏ အကျိုးအတွက် စွန့်နိုင်ခြင်းကြောင့်ဟု ဆိုရပေမည်။ မိမိ၏ တပည့်တစုံတယောက်ဖျားနာနေလျှင် မအိပ်မနေပြုစုစောင့်ရှောက်လေ့ရှိသည်။ ဆရာမှတ်သည် မြန်မာနိုင်ငံ၌ အက်စ်ပီဂျီသာသနာပြုကျောင်းများကို နိုင်ငံအနှံ့အပြားတည်ထောင်ဖွင့်လှစ်ခဲ့လေသည်။ ရန်ကုန်မြို့ရှိ စိန်ဂျွန်းကျောင်းမှာ အထင်ရှားဆုံးဖြစ်သည်။ စိန်ဂျွန်းကျောင်းကို ၁၈၆၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် "သည်ကော့တိတ်" ခေါ် အိမ်တစ်ဆောင်၌ စတင်ဖွင့်လှစ်ခဲ့လေသည်။ အိမ်ငှားခ တစ်လလျှင် ငွေကျပ် ၁၀၀ ပေးရသည်။ နေ့ကျောင်းသားများအပြင် ကျောင်းအိပ်ကျောင်းစားများကိုလည်း လက်ခံသင်ကြားပေးသည်။ ထိုအချိန်မှစ၍ ဆရာမှတ်ကျောင်း သည် ကြီးပွားတိုးတက်လာခဲ့သည်။ တပည့်ကျောင်းသားတို့ကလည်း ဆရာကြီး၏ ကျေးဇူးကို တုံ့ပြန်သည့်အနေဖြင့် ဆရာမှတ် ကျောင်းဆရာကြီးအလုပ်မှ အငြိမ်းစားယူသည့် ၁၈၉၈ ခုနှစ်တွင် "မတ်အထိမ်းအမှတ်ရန်ပုံငွေ" ကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထိုရန်ပုံငွေမှာ ဆရာမှတ်ကျောင်းထွက်ကျောင်းသားဟောင်းတို့က မိမိတို့ ဆရာကြီးအား ထောက်ပံ့ရန်ပင် ဖြစ်လေသည်။ ဆရာကြီး အနိစ္စရောက်ပြီးနောက်၌ပင် ထိုရန်ပုံငွေကို ရပ်ဆိုင်း၍ မထားဘဲ စိန်ဂျွန်းကျောင်းဝင်း၌ ဆရာမှတ်အထိမ်းအမှတ် ဘုရားရှိခိုးကျောင်းတစ်ဆောင် ဆောက်လုပ်ရန်နှင့် ဆင်းရဲနွမ်းပါးသော မြန်မာတိုင်းရင်းသားကျောင်းသားတို့အား ငွေကြေး ထောက်ပံ့ရန် ဆက်လက်ထားရှိခဲ့ကြလေသည်။ ဆရာကြီးသည် စိန်ဂျွန်းကောလိပ်အရံတပ်ဖွဲ့ကိုလည်း ဦးစီးတည်ထောင်ခဲ့သူ ဖြစ်သည်။

ဆရာမှတ်သည် မြန်မာပြည်၌ နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သည့်အတွေ့အကြုံများကို မှတ်တမ်းတင်ထားသည့် "ဗမာပြည်ဝယ်နှစ်လေးဆယ်" Forty Years in Burma ဟူသော စာအုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို ဦးလှဒင်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

အဆိုပါစာအုပ်၌ သီပေါမင်းသားသည် ငယ်စဉ်က အခြားမင်းညီမင်းသား သားတော်များနှင့်အတူ ဆရာမှတ်ကြီး၏ သံတဲကျောင်း၌ အင်္ဂလိပ်စာသင်ကြားခဲ့ပုံကို အောက်ပါအတိုင်း ရေးသားထားလေသည်။

"မန္တလေးက စာသင်ကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သော မင်းသားများအနက် မင်းသားတစ်ပါးအကြောင်း ကိုသာ ရွေး၍ ကျွန်ုပ်ယခုပြောပြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်လောက်တွင် ၎င်းမှာ မြန်မာ့ပြည့်ရှင် ဘုရင်အဖြစ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ပေ၏။ ၎င်းအမည်ကား သီပေါမင်းသားဖြစ်သည်။ သီပေါမင်းသားတို့ ကျောင်းမအပ်မီက ကျွန်ုပ်ကျောင်း၌ ကျောင်းသား ၂၅ ယောက်ရှိနှင့်နေပြီဖြစ်သည်။ သီပေါမင်းသား၏ ကျောင်းဝင်စာရင်းအမှတ်စဉ်မှာ ၂၇ ဖြစ်သည်။ ကျွန်ုပ်တို့၏ ကျောင်းတွင် သူပညာသင်စဉ်အခါက သူသည် ငြိမ်ဆိတ်အေးဆေး၏။ မည်သူ့ကိုမျှ နှောင့်ယှက်ခြင်း၊ စခြင်း၊ ပြောင်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းမပြု။ သိလွယ်တတ်လွယ်ပြီး သူနှင့်အရွယ်တူ အခြားကလေးများထက်ပို၍ တော်သည်လည်း မဟုတ်၊ ညံ့သည်လည်းမဟုတ် ပုံမှန်ပင်ဖြစ်သည်။

သူသည် လူကြီးသူမများကို ရိုသေကိုင်းရှိုင်းတတ်သော နိဝါတတရားရှိသည်။ သပ်သပ်ရပ်ရပ်နေထိုင်တတ်၏။ ဆရာသမားများကိုလည်း ဒုက္ခပေးလေ့မရှိပါ။ ဆရာများက သူ့ကိုအခွင့်အရေးပိုပေးစေလိုဟန် မျှော်လင့်သော အရိပ်လက္ခဏာမျိုးကိုလည်း တစ်ကြိမ်တစ်ခါမျှပင် ဖော်ပြခြင်းမပြုပေ။ ထိုနည်းတူ ထီးနန်းဆက်ခံရလိမ့်မည်ဟူ၍လည်း မမျှော်လင့်ခဲ့ပေ။ တကယ်ပင် သူရှင်ဘုရင်ဖြစ်တော့မည်ဆိုသောအခါ၌ပင် သူ၏ စိတ်နေသဘောထားကို ထိုသို့မျှော်လင့် ချက်များက အပြောင်းအလဲလုပ်မှ လုပ်နိုင်ပါ့မလားဟု သံသယဖြစ်စရာရှိလေတော့သည်။

အဘယ့်ကြောင့်ဆိုသော် သူသည်ကိုယ်နှုတ်နှလုံးစောင့်ထိန်း၍ အားကိုးတတ်သောပကတိသဘောရှိခြင်း၊ အကောင်းဆုံး ဖြစ်စေ အဆိုးဆုံးကိုဖြစ်စေ အလွယ်တကူ သြဇာညောင်းတတ်ခြင်းများ ရှိသောကြောင့်ဖြစ်သည်။ အကြောင်း မသင့်ချင် တော့ သူသည် ကျွန်ုပ်တို့နှင့် တာရှည်လေးမြင့်စွာ ပညာဆည်းပူးခွင့်မရခဲ့သည့်အတွက် သူ့အကျင့် စရိတ္တနှင့် စိတ်နေ သဘောထား တို့ကို ကောင်းမွန်တိုးတက်အောင် ပြုပြင်မပေးလိုက်ကြရပေ" ဟူ၍ ဖော်ပြထားလေသည်။

ဒေါက်တာမတ်၏ အင်္ဂလိပ်စာသင်ကျောင်း၌ သီပေါမင်းသားသည် အချိန်မည်မျှကြာအောင်နေခဲ့သည် ဟူ၍ကား အတိအကျမသိရပေ။ သို့သော် ကာလကတ္တား (ယခုကိုးလ်ကတ္တား) မြို့မှ ဂိုဏ်းအုပ်ကြီး "မီလ်မန်" နောက်ဆုံးရောက်ခဲ့ သည့် ၁၈၇၃ ခုနှစ်နောက်ပိုင်း မင်းသားများသည် နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း၊ ကျောင်းမတက်တော့ဟူ၍ ဒေါက်တာမတ်က သူ၏ မှတ်တမ်း၌ ဖော်ပြထားသည်။ ယင်းအဆိုအရ ၁၈၇၃ ခုနှစ်အထိ သီပေါမင်းသားသည် ကျောင်းတက်နေသေးသည်ဟုဆိုလျှင် သီပေါမင်းသား၏ အင်္ဂလိပ်ကျောင်း၌ နေသည့်အချိန်မှာ ၃ နှစ်ကျော် ၄ နှစ်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရပေမည်။

ဒေါက်တာမတ်သည် ၁၉၀၀ ပြည့်နှစ်တွင် သာသနာပြုလုပ်ငန်းအရပ်ရပ်မှ အနားယူပြီးနောက် ၁၅ နှစ်ကြာသော အခါ အင်္ဂလန်ပြည်၌ ကွယ်လွန်ခဲ့လေသည်။

Based on:
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀) စာ ၄၂၂၊ ၄၂၅။
၂။ ဦးလှဒင် (မြန်မာပြန်) ဗမာပြည်ဝယ်နှစ်လေးဆယ်၊ The Couple စာအုပ်တိုက်၊ ဒုတိယအကြိမ် ၂၀၀၆။
၃။ သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယအတွဲ)၊ ပညာရွှေတောင်စာအုပ်တိုက်၊ ၂၀၁၀။

Letter to Moemaka


ဟင်္သာတမြို့က တရားရေးဝန်ထမ်းတွေ အကျင့်ပျက်နေပါတယ်
ပေးပို့ - ဟင်္သာတမီဒီယာ
မတ်လ ၇၊ ၂၀၁၃

မကြာမီကာလအတွင်းက ဟင်္သာတမြို့မှ ရဲသတင်းပေး အယောင်ဆောင် ခင်မောင်မြင့်ဆိုသူ၏ လိုင်စင်မဲ့ကား အဖမ်းခံရသည့်နောက် တရားရေး၊ ဥပဒေ၊ အကျဉ်းထောင် စသည်တို့နှင့် ရူတ်ယှတ်ခတ်နေသော ဖြစ်စဉ်များဖြစ်ပေါ်နေခဲ့ပါသည်။ ခင်မောင်မြင့်ဆိုသူသည် ဘာမှ မဟုတ်ဆိုသော စကားကို ဦးစွာပြောသင့်သည်။

တစ်ချိန်က နှစ်လုံး၊ သုံးလုံးဒိုင်ဖြစ်ခဲ့ပြီး ရဲများနှင့် အပေးအယူရှိခဲ့သူဖြစ်သည်။ သူ၏ မိသားစုမောင်နှမများမှာလည်း လောင်စာဆီမှောင် ခိုရောင်းဝယ်သူများဖြစ်ရာ ရဲများနှင့်အဆက်အစပ်ရှိခဲ့သည်၊ ရှိနေဆဲလဲဖြစ်သည်။ ထိုမှ ရဲသတင်းပေးဟု အမည်တပ်သော်လည်း ရဲထက် ဆိုးသော အပြုအမူများဖြင့် ပြည်သူများကို နှိပ်စက်နေသူဖြစ်သည်။ မြို့နယ်တွင်းလယ်ယာသုံးအဖြစ် နွားဆွဲလျှင်ပင် ခိုင်မာသော အထောက် အထား မရှိဟုဆိုကာ သူကိုယ်တိုင် ဖမ်းဆီးခွင့်ရှိသကဲ့သို့ ဖမ်းဆီးသူဖြစ်သည်။ အိမ်တွင်းစီးပွားရေးအဖြစ် ရိုးသားစွာဝင်ငွေရှာကာ ဗီဒီယိုအခွေငှားဆိုင်ဖွင့်ထားသူများထံ လစဉ်ကြေးအဖြစ် ကျပ် (နှစ်သောင်း) တောင်းသည်။ မပေးသောသူကို အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီး သည်။

နှစ်လုံးသုံးလုံးဒိုင်များထံမှ လစဉ်ကြေးများစွာရယူကာ ယခင်က ကျော်စောသတင်းရှိသူများကို သူနှင့် အဆင်မပြေပါက သူကိုယ်တိုင်ရေး ယူလာသော လယ်ဂျာအတုများ၊ ဖြတ်ပိုင်းအတုများဖြင့် အကွက်ဆင်ဖမ်းဆီးသူလည်းဖြစ်သည်။ ရဲက ကာယကံရှင်ကို ဖမ်းပြီးပြီဆိုမှ တစ် ဖက်လှည့်ဖြင့် သူသက်သေလိုက်ပေးမည်ဆိုကာ အဖမ်းခံရသူထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်သူဖြစ်သည်။


ခင်မောင်မြင့်နှင့်တွေ့လျှင် ရွှေကိုယူသည်။ ငွေကိုယူသည်။ ထို့နောက် လူကိုပါယူသည်ဆိုသော အဖြစ်မျိုး ကြုံတွေ့ခဲ့ရသူများ များပြား လှပြီဖြစ်သည်။ သို့သော် အခြေအနေအမှန်မှာ ခင်မောင်မြင့်၏နောက်ကွယ်တွင် ရဲများရှိမနေဘဲ၊ သူကသာလျှင် ရဲတပ်ဖွဲ့၏ အတွင်းစည်း များကို ထိုးဖောက်ဝင်ရောက်ကာ အားနည်းချက်များကို ဆုပ်ကိုင် အနိုင်အထက်ပြုနေခြင်းဖြစ်သည်။ ခင်မောင်မြင့် နှိပ်စက်သဖြင့် ပြဿနာ ရှင်းရသော ရဲအရာရှိများ၊ အခြားအဆင့်များလည်း များစွာရှိသည်။

တရားရုံးကို မထေမဲ့မြင်ပြုခြင်း၊ ဥပဒေ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း လိုအပ်သလို ဟောက်စား၊ ခြောက်စား၊ ဖော်လံဖားလုပ်ခြင်းတို့မှာ ခင်မောင်မြင့်၏သမိုင်းနှင့်အတူ ဖယ်ရှားမရသော အဖြစ်အပျက်များဖြစ်သည်။

ယခု သူကိုယ်တိုင် တရားခံဖြစ်သောအခါ တရားရေးအဖွဲ့များကို ငွေဖြင့်ဖိကာချဉ်းကပ်သည်။ အဆင်မပြေ၊ ထို့ကြောင့် ရှေ့နေနှင့်ပေါင်းကာ တရားခံလဲလှယ်ရန်ကြိုးစားပြန်သည်။ သူ့အိမ်တွင်ရှိနေသော မိုးကျော်လွင်ကို ရှေ့နေဦးသန်းဦးနှင့် အကွက်ချစီစဉ်ကာ တရားခံလဲလှယ်ရန် ကြိုးစားနေပါသည်။

ယခု နောက်ဆုံးပေါ်ဆောင်ရွက်နေသည်မှာ ထောင်ဆရာဝန်ကြီးဖြစ်သော ဒေါက်တာမောင်မောင်နှင့် ရောဂါပေါင်းစုံပြကာ အာမခံရရှိရေး အသည်းအသန်ဆောင်ရွက်နေသည်ကို တွေ့ရပြန်သည်။ ဒေါက်တာမောင်မောင်ဆိုသည်မှာ ဟင်္သာတမြို့တွင် ဓားမောင်မောင်ဟုနာမည်ကျော်သူဖြစ်ပြီး ပိုက်ဆံရရန်အတွက်ဆိုလျှင် ဘာမဆိုလုပ်ကိုင်သူဖြစ်ကြောင်း တစ်မြို့လုံးသိသူဖြစ်သည်။ မြို့လယ်တွင်ဆေးရုံကို တရားမ၀င်ဖွင့်လှစ်ထားပြီး တရားမ၀င်သော ခွဲစိတ်မှုများ ပြုလုပ်လေ့ရှိသူ။ သူ့ဆေးရုံတွင် လူများစွာကို ဒုက္ခများစွာရောက်စေခဲ့သူဖြစ်သည်။

ထို့အတူ ရှေ့နေဦးသန်းဦး ဆိုသည်မှာလည်း တရားခံကို တရားလိုဖြစ်အောင်၊ တရားလိုကို တရားခံဖြစ်အောင် အပေါ်လမ်းအောက်လမ်း နည်းမျိုးစုံဖြင့် ဆောင်ရွက်တတ်သူဟု နာမည်ကြီးသူဖြစ်သည်။ ယခုကဲ့သို့ ကျင့်ဝတ်သိက္ခာမဲ့သော လုပ်ရပ်ကို အထက်အဖွဲ့အစည်းအ ဆင့်ဆင့်သို့ ခိုင်လုံသောအထောက်အထားများဖြင့် တိုင်ကြားသူက တိုင်ကြားနေကြပြီဖြစ်သည်။

တွဲဖက်တရားသူကြီး ဒေါ်ခင်စိုးညွန့်နှင့် ခင်မောင်မြင့်သည် ယခင်က အမြီးစားဖက် ခေါင်းစားဖက်ဖြစ်သည်။ ခင်မောင်မြင့်ဖမ်းဆီးကာ သက်သေလိုက်ခဲ့သော အမှုပေါင်းများစွာတွင် ဒေါ်ခင်စိုးညွန့်၏ တရားခွင်သို့ မရောက်ရောက်အောင်ကြိုးစားကာ အပေးအယူတည့်ခဲ့ကြ သည်မှာ များလှပြီဖြစ်သည်။ ယခုလည်း ခင်မောင်မြင့်၏ အမှုကို ဒေါ်ခင်စိုးညွန့်၏ တရားခွင်သို့ မရောက်ရောက်အောင် ကြိုးစားနေကြပါသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဒေါ်ခင်စိုးညွန့်ထံသွားကာ ငွေ သုံးသိန်းပေးခဲ့ပါသည်။ ယခုနောက်ဆုံးသိရသည်မှာ တွဲဖက်တရားသူကြီး ဒေါ်ခင်စိုးညွန့်၏ အခန်းမှ မြို့နယ်တရားသူကြီး ဦးစိန်ဝင်း၏အခန်းသို့ ပြောင်းလဲကာ စစ်ဆေးနေကြောင်း သိရသည်။

ခင်မောင်မြင့်ကဲ့သို့သော ရဲသတင်းပေးအမည်ခံ တရားဝင်ဒုစရိုက်သမားများ မြန်မာနိုင်ငံတွင် မည်မျှရှိနေမည်ကို မတွေးရဲအောင်ပင်ဖြစ်ရပါ သည်။

ဥပဒေကို လေးစားလိုက်နာသော၊ ငွေမျက်နှာကိုမကြည့်သော၊ သိက္ခာသမာဓိကို ရှေ့တန်းတင်သော တရားရေးဝန်ထမ်းများ၊ ဥပဒေ၀န် ထမ်းများ၊ ပြည်သူ့ရဲများက အမှုမှန်ပေါ်ပေါက်စေရေးနှင့် ထိုက်သင့်သော အပြစ်ဒဏ်ချမှတ်နိုင်စေရေးအတွက် ကျိုးစားဆောင်ရွက်နေချိန်တွင် အကျင့်ပျက်ဆရာဝန်၊ အကျင့်ပျက် တရားရေးဝန်ထမ်း၊ အကျင့်ပျက်ရှေ့နေတို့က ဖျက်လိုဖျက်ဆီးဆောင်ရွက်မည်ကို ဟင်္သာတမြို့သူမြို့ သားများက စိုးရိမ်လျှက်ရှိနေကြောင်း သတင်းရရှိပါသည်။

Kyaw Thu - FFSS Yangon Activity,

မအိုဆေး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၇၊ ၂၀၁၃




"တောင်းပန်ပါတယ် သူငယ်ချင်းတို့" "ငါ … မင်းတို့ကို အနူးအညွတ်တောင်းပန်တယ်… တောင်းပန် တယ်ဆိုတဲ့စကားကို ငါဘာကြောင့် ပြောတာလဲဆိုတာ မင်းတို့ကိုရှင်းပြမယ်။ ငါဆိုတာလည်း မင်းတို့အသက်အရွယ်တွေကို ကျော်ဖြတ်လာပြီးတော့ အခုအချိန်မှာ လူကြီးလို့ ပြောလို့ရတဲ့ အသက် (၅၃) နှစ် ထဲကို ရောက်နေပြီ။ ငါ လူငယ်ဘဝကို ဖြတ်သန်းခဲ့တယ်။ ငါတို့ လူငယ်တွေဆိုတာ ငါတို့ကို အမိန့်ပေးတာ အာဏာရှင်ဆန်တာကို ငါတို့လုံးဝ လက်မခံဘူး။ မင်းတို့လည်း ဒီလိုအမိန့်ပေးတာ မလုပ်နဲ့၊ မသွားနဲ့၊ မသောက်နဲ့ မစားနဲ့ စတဲ့… စတဲ့… (နဲ့) တွေနဲ့ပြောတယ်ဆိုရင် မင်းတို့မခံနိုင်ဘူး။ ငါလည်း မခံနိုင်ခဲ့ဘူး။ ဒါကြောင့် မင်းတို့ကိုငါ နွေးထွေးစွားဖြင့် မင်းတို့ကို တောင်းပန်တယ်ဆိုတဲ့စကား ချစ်ခင်ရင်းနှီးစွာ ငါသုံးစွဲ ခြင်းဖြစ်တယ်။



 
 သူငယ်ချင်းတို့ ဆိုတာကလည်း မင်းတို့ထဲမှာ ငါ့ထက် အသက်ကြီးတဲ့သူတွေ၊ ငါနဲ့ ရွယ်တူတွေ၊ ငါ့ထက် အသက်ငယ်တဲ့သူတွေ အများကြီး ၊ဒါဟာလည်း ငါ ချစ်ခင်ရင်းနှီးစွာဖြင့် မင်းတို့ကို သူငယ်ချင်းတို့ ဆိုတဲ့ စကားလုံးကို သုံးလိုက်တာဖြစ်တယ်။ ငါ ဘာကိုတောင်းပန်တာလည်း ငါ ဘာကို မေတ္တာရပ်ခံတာ လည်းဆိုတာကို မင်းတို့ကိုရှင်းပြမယ်။ အေး … မင်းတို့ မိဘတွေလည်းမကြိုက်တဲ့၊ မင်းတို့ ဆွေမျိုးသားချင်း တွေ၊ ညီအစ်ကို မောင်နှမတွေအားလုံးလည်း မကြိုက်တဲ့၊ မင်းတို့ရဲ့ ညီငယ်၊ ညီမငယ်၊ တူ၊ တူမငယ်တွေ လည်းမကြိုက်တဲ့ ကုန်ကုန်ပြောရင် ဘုရားမကြိုက်တဲ့ "သုရာမေရယ" ဆိုတဲ့ အရက်သေစာ သောက်သုံး ခြင်းကို ငါပြောတာ။ မင်းတို့ကတော့ ငါ့ကိုပြောမယ် "ဟေ့… ဘဲကြီး ခင်ဗျားကြီးတုန်းကလည်း ခင်ဗျား လုပ်ခဲ့တာဘဲ၊ သောက်ခဲ့တာဘဲ၊ မျိုခဲ့စို့ခဲ့တာဘဲ။ ကျုပ်တို့ကို အခုမှလာပြီး ဆရာမလုပ်နဲ့ … လာနှမ်းမဖြူးနဲ့ လို့ မင်းတို့ပြောမယ်" မင်းတို့ပြောတာ ငါလက်ခံတယ်။ ငါလည်းအကုန်လုပ်ခဲ့ဘူးတယ်။ အကုန်မှ အကုန် လုပ်ခဲ့ဘူးတယ်။ ငါမလုပ်ဘူးတာ တစ်ခုဘဲရှိတယ် (-) မလှည့်ဘူးဆိုတာဘဲ။ ရှင်းလား?။ မင်းတို့သောက် နေတဲ့ ဒီအရက် ငါအကုန်သောက်ဘူးတယ်။ ချက်အရက်၊ ဆေးအရက်၊ ဘီအီး ကအစ ရမ်၊ ဘရမ်ဒီ၊ ဝီစကီ အစုံ ငါအားလုံးသောက်ဘူးတယ်။ ဒီ ဝီစကီဆိုတာထက်ကောင်းတဲ့ အရသာ ပေါ်ပေါက်လာရင် ငါရှာဖွေပြီး သောက်ဦးမှာ သေချာတယ်။ ဒါ ငါလုပ်ဘူးတာကို ငါပြောပြတာ။ ဒီလုပ်ဘူးတာတွေကို ငါ ဘာဖြစ်လို့ ဖြတ်ခဲ့လဲ?။ ဒါမင်းတို့ကို ငါရှင်းပြမယ်။ ဒီအရာတွေဟာ မကောင်းဘူးဆိုတာ ငါသိတယ်။

ဘာကြောင့်လဲ? ကျန်းမာရေး ထိခိုက်လာတယ်၊ လုပ်ငန်းတွေ ထိခိုက်လာတယ်၊ အပေါင်းအသင်းတွေ ရှောင်ဖယ် လာတယ်၊ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမတွေ နှာခေါင်းရှုံ့လာတယ်၊ မိသားစုတွေ ပတ်ဝန်းကျင်မှာ မျက်နှာငယ်လာတယ်။ ဒါတွေကစတာ။ ကျန်းမာရေး ထိခိုက်လာတော့ ကိုယ့်လုပ်ငန်းပါ ထိခိုက်လာတယ်။ ကိုယ်ဆွေမျိုးသားချင်းတွေ အားလုံးစိတ်ဆင်းရဲရတယ်။ ဒါမကောင်းမှုဘဲ။ အဲ့ဒီအချိန်မှာ တစ်ပြိုင်နက်ထဲ ဆရာတော်ကြီးတွေ၊ သံဃာတော်တွေရဲ့ ဆုံးမသြဝါဒတွေ၊ တရားအခွေတွေ၊ စာအုပ်စာပေတွေ ငါဖတ်ရှု လာတယ်။ ဒီအချိန်မှာ  ငါ့ခေါင်းထဲမှာလက်ခနဲ အလင်းတန်းတစ်ခု ပေါ်ပေါက်လာမိတယ်။ ဒီအလင်းတန်း ဟာ ကောင်းမှုဆိုတဲ့အရာ…။ ပြီးတော့ ငါ့ရဲ့ဆရာ… ဆရာကြီးမင်းသိင်္ခ စကားလုံးအတိုင်း "ဖြတ်ခနဲပေါ် … ဆတ်ခနဲလုပ်" ဆိုတာကို ငါအသုံးချခဲ့တယ်။ ကောင်းမှုကိစ္စတွေ ကိုယ့်ခေါင်းထဲမှာ ဖြတ်ခနဲ ပေါ်လာတဲ့ အချိန်မှာ ကိုယ်ကဆတ်ခနဲ လက်တွေ့လုပ်ဖို့ အရေးကြီးတယ်… ဒါဘဲ။ အဲတော့ ကုသိုလ်ကောင်းမှုတွေဘဲ ဖြစ်ဖြစ်၊ အများကောင်းကျိုးဘဲဖြစ်ဖြစ် ကောင်းမှုမှန်သမျှ ကိုယ့်ခေါင်းထဲမှာ ဖြတ်ခနဲပေါ်လာရင် ကိုယ်တွေ က ဆတ်ခနဲ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်ဆိုတာ ငါသိသွားတယ်… ဒါ ငါ့ရဲ့အဖြေဘဲ။


အဲတော့… ဒီအချိန်မှာ မင်းတို့ကောင်းမှုဆိုတာတွေ မင်းတို့ဆီမှာ ပေါ်ချင်မှ ပေါ်ဦးမယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ ပေါ်လာမှာဘဲ။ အဲဒီလို ပေါ်လာတဲ့အချိန်ဟာ မင်းတို့ သက်တမ်းစေ့သွားတဲ့အချိန်၊ ကမ္ဘာမြေပြင်ကနေ ထွက်ခွာသွားတဲ့အချိန်မဖြစ်ဖို့ အရေးကြီးတယ်။ ငါ ဟိုတ လောက မလေးရှားကိုသွားတယ်။ မလေးရှား လူမှုရေးအသင်းတွေ ဖိတ်ကြားလို့ငါသွားတယ်။ ဟိုရောက်တော့ ငါမေးတယ်။ ခင်ဗျားတို့ အသင်းအဖွဲ့တွေ ဒီနာရေးကိစ္စလုပ်တာ ဘယ်လိုလူတွေကိုအများဆုံး အကူအညီပေးရတာလဲလို့ မေးတယ် (ဥပမာ) သက်တမ်းစေ့လို့ အကူအညီပေးရတဲ့ သူတွေများလား?၊ ကျန်းမာရေးချို့ယွင်းလို့ ဆုံးပါးသွားတဲ့ သူတွေများလား? စသဖြင့်ပေါ့။ သူတို့ကဖြေတယ်။ ငါအရမ်း… တုန်လှုပ်သွားတယ်။ ဘာလည်းဆိုတော့… "ကျွန်တော်တို့ အသုဘပေါင်း မြောက်များစွာချခဲ့ပါတယ်၊ ကျွန်တော်တို့ချပေးတဲ့ အသုဘတွေက လူငယ်၊ လူရွယ်တွေဘဲ ဖြစ်ပါတယ်တဲ့…" ဘာဖြစ်လို့လဲ ? ဘာဖြစ်လို့လူငယ်၊ လူရွယ်တွေများတာလည်း? သူတို့က ပြောတယ် ဒီမှာက… မလေးရှားနိုင်ငံကို လာအလုပ်လုပ်တယ်၊ အလုပ်ပင်ပန်းလို့ဘဲဖြစ်ဖြစ်၊ ပင်ပန်းမှုဒဏ် ကို ဖြေဖျောက်ဖို့ အရက်သေစာ၊ မူးယစ်ဆေးတွေသုံးစွဲတယ်။ အဲဒါနဲ့ဘဲ ဆုံးတာတွေများတယ်တဲ့…။

သွားပြီ။ ဒီလိုဆုံးပါးသွားတဲ့သူတွေရဲ့ မိသားစုတွေအတွက်ရင်နာစရာ၊ ရင်ကျိုးစရာအပြင် ငါတို့မြန်မာနိုင်ငံ အတွက် အနာဂတ်ခေါင်းဆောင် ကြယ်ပွင့်လေးတွေ ကြွေလွင့်သွားတာကို ငါယူကြုံးမရဖြစ်မိတယ်။ မင်းတို့ လည်း စဉ်းစားကြည့်။ ငါတို့မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုတ်ကိုင်ကြမယ့် မင်းတို့လို လူငယ်၊ လူရွယ်တွေ တစ်စစီ… တစ်စစီ မကြွေသင့်ဘဲနဲ့ကြွေကုန်တာ ငါတို့နိုင်ငံအတွက် ဘယ်လောက်ဆုံးရှုံးမှုတွေ ဖြစ်ကုန်ပြီ လည်း?  ဒါ ငါစဉ်းစားတယ် ဘာကြောင့်မို့ ဒီလိုကြွေလွင့်ကုန်တာလည်း။ အမှန်တော့ ကိုယ့်နေအိမ် ကိုယ့်ခြံ ဝန်းဟာ သာယာလှပ၊ စိမ်းလန်းစိုပြေနေတယ်ဆိုရင် ဘယ်သူမှ ကိုယ့်နေအိမ်ကနေပြီးတော့ ခြေစုံပစ် ထွက်ခွါသွားမှာမဟုတ်ဘူး။ နေအိမ်မှာနေရတာ ဆင်းရဲတယ်၊ ကျပ်တည်းတယ်၊ ဒုက္ခများတယ်၊ ဆူပူမှုတွေ ဖြစ်တယ်၊ မငြိမ်းချမ်းဘူးဆိုရင် ဘယ်သူမဆို နေအိမ်ကထွက်ခွါသွားမှာကတော့ ဓမ္မတာဘဲ။ ဒါ ငါနားလည် တယ်။ အဲတော့ ဒီလိုထွက်ခွါသွားတဲ့အချိန်မှာ တစ်ခြားအိမ်ကို ရောက်သွားပြီဘဲထား တစ်ခြားအိမ်မှာ ကိုယ်ကလည်း ထွက်ပေါက်ရှာတာ တစ်လွဲထွက်ပေါက်မဖြစ်ဖို့ အရေးကြီးပြန်တယ်။ မှန်ကန်တဲ့ ထွက် ပေါက်ဖြစ်ရမယ်။ ကိုယ်က ကိုယ့်တိုင်းပြည်ကနေ ထွက်ခွါသွားတယ် ပြည်ပရောက်တယ် ပြည်ပမှာ ကိုယ် ဘယ်လိုရှာဖွေမယ် စုဆောင်းမယ် ကိုယ့်မိသားစုကို ကိုယ်ဘယ်လိုပြန်ပြီး အကျိုးပြုမယ်၊ ဘယ်လို ထောက်ပံ့မယ် ဒါတွေကို စဉ်းစားရတော့မယ်။ အခု မင်းတို့ဖြစ်နေတာက ပြည်ပရောက်တယ်၊ အလုပ်လုပ် တယ်၊ ပင်ပန်းတယ်၊ ပင်ပန်းလို့ဘဲသောက်သောက်၊ စိတ်ညစ်လို့ဘဲသောက်သောက်၊ အိမ်ကိုလွမ်းလို့ဘဲ သောက်သောက်၊ အသည်းကွဲလို့ဘဲသောက်သောက်၊ အခုသောက်သမျှအားလုံးဟာ မင်းတို့ရဲ့ ဘဝတွေ ကြွေလွင့်ကုန်နေရတယ်။ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုဆေးကို မသောက်ကြပါနဲ့။ 

 

မအိုဆေးဆိုတာ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်မကြီးဘဲနဲ့ သေဆုံးသွားတဲ့အတွက် မအိုဆေးကို မသောက်ကြပါနဲ့လို့ ငါကပြောတာ။ အိုတဲ့အထိကို မခံဘူး၊ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြပြီ။ ဒါ…နှမြောစရာကြီးပါ။ ဒီလို ဆုံးပါးသွားတာကလည်း မင်းတို့ ညှင်ညှင်သာသာ သေဆုံးသွားတာမဟုတ်ဘူး။ မင်းတို့ဆုံးပါးသွားပြီး တော့ မင်းတို့ရောက်သွားတဲ့ အခြားဘုံဘဝကနေပြီးတော့ မင်းတို့ခန္ဓာကိုယ်တွေကို ကြည့်ကြည့်စမ်း၊ ပုံဆိုး ပန်းဆိုး၊ ပုံပျက်ပန်းပျက်နဲ့ ကျန်ခဲ့တာကို မင်းတို့မြင်တွေ့လား…? မင်းတို့ ပြန်တွေးကြည့် စားသောက်ဆိုင် ထဲမှာ အော့အန်ပြီးသေတယ်၊ အိမ်သာထဲမှာ အော့အန်ပြီးသေတယ်၊ အိမ်သာအိုးထဲကို လက်တွေနှိုက် ထားတယ်၊ အားကိုးတကြီးနဲ့ လက်တွေဆုတ်ကိုင်ထားကြတယ်၊ သွေးတွေအန်တယ်၊ ပုံပျက်၊ ပမ်းပျက် မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက ကလီဇာတွေ တစ်စစီ ပြတ်တောက်နေတာတွေကို မင်းတို့ ပြန်ခံစားကြည့်ပါ။ ပြန်မြင်ယောင်ကြည့်ပါ။ ဒါမျိုးတွေက မဖြစ်သင့်တော့ပါဘူး။

လောကကြီးနဲ့ မင်းတို့မိသားစုတွေ သာယာ စိုပြေ၊ စိမ်းလန်းဖို့ ငြိမ်းချမ်းဖို့ မင်းတို့လူငယ်တွေ လက်ထဲမှာရှိတယ်။ ဒီလိုဖြစ်ကုန်တာကလည်း ဒါဟာ ဝိသမလောဘသားတွေရဲ့ လက်ချက်ပဲ။ မင်းတို့သောက်နေတဲ့အရက်တွေ အရက်နှစ်မျိုးရောတယ်။ ဒီ အရက်တွေအားလုံးက ကယ်လ်မီကယ်တွေ ဓါတ်မြေသြဇာတွေပါတယ်၊ အယ်လ်ကိုဟော ပါဝင်တဲ့ ရာခိုင်နှုန်းတွေက မမှန်ကန်တော့ မင်းတို့ဝမ်းထဲမှာ လှိုက်စားကုန်တယ်။ သွေးပြန်ကြောတွေ ပေါက်ထွက် ကုန်တယ်။ မင်းတို့ဆုံးသွားပြီ။ ဆုံးသွားတဲ့အခါ မင်းတို့ခန္ဓာကိုယ်ကို သက်သက်သာသာ၊ လွယ်လွယ် ကူကူနဲ့ သင်္ဂြိုလ်ပေးရတယ်လို့တော့မထင်နဲ့ နေထိုင်ခွင့်ကျော်လွန် (Over Stay) တွေဖြစ်တဲ့အတွက် သံရုံး က မင်းတို့အတွက် စာထွက်တာနောက်ကျတယ်။ နှောင့်နှေးတယ်။ ပြည်ပရဲကလည်း လာဘ်ပေးလာဘ်ယူ တွေလုပ်တယ်။ စီးပွားရေးသမားတွေကလည်း လာဘ်ထိုးတယ်။ အမှန်မှာ မင်းတို့ခန္ဓာကိုယ် ဆုံးပါးသွား တယ်ဆိုရင် မင်းတို့ခန္ဓာကိုယ်ကို ခွဲစိပ်ပြီးတော့ ဆေးစစ်ချက်ယူတယ်ဆိုရင် ပေါ်ပေါက်လာတဲ့ ဆေး စစ်ချက်အရ စားသောက်ဆိုင်(ဒါမှမဟုတ်) ဒီအရက်ထုတ်လုပ်တဲ့ အရက်ကုမ္ပဏီကို အရေးယူလို့ရတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ စားသောက်ဆိုင်တွေကနေ ရဲကိုလာဘ်ထိုးထားတယ်။ အဲ့ဒီတော့ မင်းတို့ရဲ့ သေဆုံးသွား တဲ့ ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူနဲ့ သင်္ဂြိုလ်ပစ်လို့ မရတော့ဘူး၊ သင်္ဂြိုလ်မခံရတော့ဘူး၊ ပုံပျက်ပန်းပျက်နဲ့ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ ဒီပြင် လမ်းဘေးသေဆုံးသွားတဲ့ အလောင်းတွေနဲ့အတူ ရောနှောပြီး သင်္ဂြိုလ်ခံ ရတော့မယ်။ 

 

အဲတော့ မင်းတို့ဒါတွေကို မြင်တွေ့ကြပါ။ မင်းတို့ရှာထား၊ ဖွေထား၊ စုထား၊ ဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ပျော်ရွှင်စွာနဲ့ မင်းတို့အမိမြန်မာနိုင်ငံကို အချိန်တန်လို့ ပြန်လာကြမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ၊ မင်းတို့မိသားစုတွေ မင်းတို့ကို စောင့်မျှော်နေကြပါတယ်။ ဒါမင်းတို့ကို ငါ ဆရာလုပ်တာ မဟုတ်ဘူး။ ငါ့ အတွေ့အကြုံတွေကို မင်းတို့အားလုံးကိုပြောပြတာ ပြောပြတယ်ဆိုတာ ပြည်တွင်းကကော ပြည်ပကကော ငါ့သူငယ်ချင်းတွေအားလုံးကို ပြောပြတာ။ အခုဆိုမကြာတော့ဘူး လာတော့မယ် သင်္ကြန်… သင်္ကြန်မှာ လုပ်ကြဦးမယ်၊ သောက်ကြဦးမယ်၊ သေကြဦးမယ်။ အဲတော့ မင်းတို့ကပြောမယ်၊ ငါတို့ဘာသာ ငါတို့သောက်တာ၊ ငါတို့ဘာသာ ငါတို့သေတာ မင်းနဲ့ဘာဆိုင်လဲ၊ ခင်ဗျားကြီးနဲ့ ဘာဆိုင်လည်းလို့။ အေး… ဆိုင်တယ်။ ငါတို့ကတော့ သေသွားတဲ့ သူတွေရဲ့ ခန္ဓာကိုယ်မှန်သမျှကို ငါတို့သင်္ဂြိုလ်ပေးနေရတာ၊ အခမဲ့ သင်္ဂြိုလ်ပေးနေရတာ၊ မင်းတို့ … ငါတို့ကို စိန်ခေါ်မယ်ဆိုရင် မင်းတို့ဘဲ ဘယ်လောက်သေနိုင်မလဲ။ ငါတို့ဘဲ အသုဘ ဘယ်လောက်ချပေးနိုင်မှာလဲဆိုတာ မင်းတို့ဘဲစောင့်ကြည့်။ 

ဒါမှမဟုတ်ရင် မင်းတို့မနေနိုင်လို့ သောက်တဲ့အခါ ပထမဦးဆုံးမင်းတို့ကို မင်းတို့ "သရဏဂုံ" အရင်တင်ပြီးတော့ မင်းတို့သေသွားရင် နောက် ဆက်တွဲ မဖြစ်မနေဆက်ဆံရမဲ့ စားသောက်ဆိုင်၊ ရဲ၊ ရင်ခွဲရုံ၊ ဆရာဝန်၊ မင်းတို့ရဲ့ သောက်ဖော် သောက် ဖက်တွေနဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အခမဲ့ သင်္ဂြိုလ်ပေးမယ့် နာရေးကူညီမှုအသင်းတွေကို အရင်ဆုံး မေတ္တာပို့ထား။ ဒါမှ မင်းတို့သေဆုံးသွားရင် မင်းတို့ရဲ့ခန္ဓာကိုယ် လွယ်လွယ်ကူကူ လျှောလျှောရှူရှူ မီး သင်္ဂြိုလ်စက်ထဲကိုရောက်သွားမှာ။ အဲ့တော့ မင်းတို့ကို ငါ စကားအကောင်းဘဲပြောချင်တယ် မင်းတို့ ဒီသေရည်အရက်ကို မသောက်ကြပါနဲ့၊ သေရည်သေရက်နဲ့ ထွက်ပေါက်မရှာကြပါနဲ့၊ သေရည်သေရက်နဲ့ မင်းတို့ ဂုဏ်သိက္ခာကို မထိခိုက်စေပါနဲ့၊ သေရည်သေရက်နဲ့ မင်းတို့မိဘ ဆွေမျိုးသားချင်းတွေ မျက်နှာ မပျက်ပါစေနဲ့၊ သေရည်သေရက်နဲ့ အမိမြန်မာနိုင်ငံကြီး မပျောက်ဆုံးသွားပါစေနဲ့ ဒါတွေဟာ မင်းတို့ကို မင်းတို့အတွက် personal ပြောတာ။ သတိပေးတာ။ တောင်းပန်တာ။ ဒီထက် တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ကြီးကျယ်တဲ့ စကားလုံးကြီးတွေကို ပြောရမယ်ဆိုရင် "လူမျိုးတစ်မျိုး နိမ့်ကျပျက်စီးစေရန် အရက်နှင့် ဘိန်း သည် အသံတိတ်ဗျူဟာမြောက် လက်နက်ဖြစ်သည်" လို့ "သုစရိတယုဝ" (အရက်မသောက်သူများ အသင်း)က ထုတ်ထားတဲ့ စာမှာပါလာတယ်။ အဲဒီအကျိုးပြုစာမှာပါတဲ့ အချက်တစ်ချို့ကို မင်းတို့ကို ငါပြောပြမယ်။ မြန်မာတို့၏ အမျိုးဂုဏ်နိမ့်ကျပျက်စီးစေရန် အရက်နှင့်ဘိန်းကို ဒလဟော သုံးစွဲကြစေရန် ဗြိတိသျှကိုလိုနီခေတ်မှာ မြန်မာပြည်အား ကျွန်ပြုအဓမ္မ အုပ်ချုပ်စဉ်ကာလတုန်းက တိုင်းပြည်တွင်း အရက် သမား ဘိန်းစားများ ပေါများလာပါက အုပ်ချုပ်ရာတွင် လွယ်ကူ၍ ဂုတ်သွေးစုပ်နိုင်ရန် အထူးရည်ရွယ်ချက် စီမံချက်ဖြင့် အသံတိတ်လက်နက်ကို အသုံးပြုခဲ့ကြသည်။ အသိဉာဏ်မဲ့၊ ပညာမဲ့သော မြန်မာလူမျိုး အများစုသည် အရက်သမား ဘိန်းစားဘဝကိုကျရောက်ပြီး နိမ့်ကျသော လူမျိုးတစ်မျိုးဘဝသို့ ရောက်ရှိခဲ့ ကြသည်။ အဲဒီအချိန်မှာ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်မာကျောပြီး စာအလွန်ဖတ်ကြတဲ့၊ စာဂျပိုးများ ဖြစ်တဲ့ မြန်မာမျိုးချစ်လူငယ်တစ်စုက YMBA လို့ခေါ်တဲ့ "ဗုဒ္ဓကလျာဏယုဝအသင်း" ကို အေဒီ ၁၉ဝ၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး နေမဝင်အင်ပါယာ ဗြိတိသျှ ကိုလိုနီနယ်ချဲ့အစိုးရ အား အရက်ရောင်းချ ချက်လုပ်ဖြန့်ဖြူးခွင့်ဥပဒေကို တားမြစ်ပေးဖို့ ရဲရဲဝင့်ဝင့် ပြတ်သားစွာ တောင်းဆိုခဲ့ သည်။ ဒီလို အသံတိတ်လက်နက်ဖြစ်တဲ့ အရက်သေစာ မူးယစ်ဆေးဝါးတို့နဲ့ တိုင်းပြည်ပျက်သွားတဲ့ သာဓကတွေလည်း ကမ္ဘာ့နိုင်ငံတွေမှာရှိခဲ့တယ်။ 




ဒါကြောင့် ငါတို့မြန်မာနိုင်ငံမှာ သေရည်အရက် မူးယစ် ဆန့်ကျင်တားမြစ်တဲ့ကိစ္စမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတင်မကဘူး နိုင်ငံတွင်းနေထိုင်ကြတဲ့ အခြားဘာသာ ဝင်တွေပါ ပါဝင်ကြဖို့၊ မြန်မာပြည်ဘွား တစ်မျိုးသားလုံးရဲ့ တာဝန်ကြီးတစ်ရပ်လည်းဖြစ်တယ်။ နိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာနအပါအဝင် အစိုးရဌာနပေါင်းစုံ၊ နိုင်ငံရေးပါတီအင်အားစုပေါင်းစုံ၊ ပရဟိတ အင်အားစုပေါင်းစုံတို့ကပါ ပြည်သူလူထုအင်အားစုနှင့် ပူးပေါင်းပြီး ဒီအရက် မူးယစ်တိုက်ဖျက်ရေးကို ထိရောက်စွာ ပြုလုပ်သင့်တဲ့ အချိန်လည်းရောက်ပြီဖြစ်တယ်။ ……. ဒါပါဘဲ။ 

အခုတော့ကွာ မင်းတို့တွေက ရဲဆေးတင်ဖို့ဘဲဖြစ်ဖြစ်၊ နာမည်ကြီး အရက်ပုလင်းကိုကိုင်ပြီး အောက်ခြေလွတ်တဲ့သူကလွတ်၊ အရက်သေ စာသောက်ပြီး လူမသိ သူမသိ အရိုင်းအစိုင်း သတ္တဝါတစ်ကောင်လို ဖြစ်လိုဖြစ်၊ အဲဒီနောက် လူသတ်မှု၊ မုဒိန်းမှု၊ ရိုက်မှု၊ ဆဲမှု အမှားပေါင်း မြောက်များစွာတွေ နောက်ဆက်တွဲ ကျူးလွန်ကုန်ကြပြီ။ ဒီလို ဘုရား မကြိုက်တဲ့အလုပ်၊ နတ်ဒေဝါတို့ ရွံရှာတဲ့လုပ်ရပ်၊ လူအများမနစ်မြို့တဲ့ အကုသိုလ်လုပ်ရပ်တွေကို အခု တော့ မင်းတို့အရွယ်တင်မကဘူး။ လူကြီးတွေပါ လုပ်ကုန်ကြတော့ ငါ အရမ်းဆိုးရိမ်မိတယ်။ ဒီတော့ လူကြီးတွေကတော့ လူကြီးတွေပဲ ခေါက်ရိုးကျိုးနေပြီ။ ဒီလူကြီးတွေကို ခေါက်ထားလိုက်တော့။ မင်းတို့ လူငယ်တွေက ဖြူစင်တယ်။ သန့်ရှင်းတယ်။ နုငယ်တဲ့နှလုံးသားတွေရှိတယ်။ မင်းတို့မှာ အင်အားရှိတယ်။ ပါဝါရှိတယ်။ သတ္တိရှိတယ်။ မခံချင်စိတ်ရှိတယ်။ အဲဒီအင်အားစုတွေကို မင်းတို့မိသားစု၊ ငါတို့တိုင်းပြည် အတွက် အသုံးချလိုက်ရင် ဘယ်လောက်တန်ဖိုးရှိမလဲ။ 

အေး… မင်းတို့ကို ငါ ရိုးရိုးရှင်းရှင်းဘဲ ငါပြောမယ်။ သူတစ်ပါးအသက်သက်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးအိမ်ရာအား ပြစ်မှားကျုးလွန် ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်း၊ မူးယစ်စေသောအရက်သေစာ သောက်သုံးခြင်းဆိုတာတွေဟာ ငါတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရား တင်မကဘူး ဘယ်ဘာသာ ဘယ်လူမျိုးမှ ကြိုက်နှစ်သက်တဲ့  လုပ်ရပ်တွေမဟုတ်ဘူး။ လူဆိုတာ လူ့ကျင့်ဝတ်ရှိရမယ်၊ ဒါမှလူပီသမယ်။ လူပီသမှ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည်တင်မကဘူး ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းမှုကိုရမယ်။ ငါတို့ ဗုဒ္ဓမြတ်စွာဘုရားက အခုလို သီလကျိုးပေါက်မယ့် ကိစ္စရပ်တွေကိုမလုပ်ဖို့ သတိပေးထားသလို၊ လုပ်ရန်လည်း အားပေးမှု မပြု လုပ်ဖို့ ဆုံးမသြဝါဒ ဟောကြားထားခြင်းဖြစ်တယ်။ အခုငါတို့ဟာ ဘုရားကြိုက်တဲ့ အလုပ်ဖြစ်တဲ့ ပရဟိတ အလုပ်ကို လုပ်ကိုင်နေကြလို့ ငါတို့မှာ သူငယ်ချင်းတို့ကို အခုလို ဒီမူးယစ်သေစာ သောက်သုံးခြင်းကို မပြုဖို့ တောင်းပန်ရတာဖြစ်တယ်။ ကဲ … ဒါပါဘဲကွာ။ အဲဒီတော့ မင်းတို့ကို ငါတောင်းပန်တယ်။ ငါဒီလို မင်းတို့ကို ကြီးကြီးကျယ်ကျယ်တွေပြောတာ စေတနာနဲ့ပါ။ 

ငါတို့ဟာ သေလူတွေအားလုံးအတွက် ငါတို့ ကူညီပေးနေ ရတာပါ။ ဒါအပြင် ရှင်လူတွေအတွက်ပါ ငါတို့မှာတာဝန်ရှိနေပြီ။ နာရေးကူညီမှုလုပ်တယ်။ သုခကုသိုလ် ဖြစ်ဆေးခန်းဆိုပြီး ကျန်းမာရေးစောင့်ရှောက်တယ်။ သုခအလင်းဆိုပြီးတော့ ပညာရေးတွေပေးတယ်။ အလုပ်အကိုင်တွေရကုန်တယ်။ ပညာတတ်တွေဖြစ်ကုန်တယ်။ ကျန်းမာရေးတွေကောင်းကုန်တယ်။ ဒီကြား ထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ငါတို့ကူညီစောင့်ရှောက်တယ်။ သက်ရှိထင်ရှား ဒုက္ခရောက်နေတဲ့ သူတွေ ကိုစောင့်ရှောက်တယ်။ အဲတော့ ငါတို့မှာတာဝန်ရှိလို့ ဒီစကားကို ပြောတာဖြစ်တယ်။ မင်းတို့ငါ့ကို နားလည် ပေးမယ်လို့ ငါယုံကြည်တယ်။ မင်းတို့ငါ့ကို ချစ်တယ်ဆိုရင် ငါပြောတဲ့စကားကို နားထောင်ကြပါ။ မင်းတို့ တတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုသေးခင် ဘဝကူးပြောင်းစေတဲ့ ဒီ "မအိုဆေး" ကို မသောက်ကြပါနဲ့လို့ ငါ တောင်းပန်ပါတယ် ချစ်သူငယ်ချင်းတို့ . . . . ။

Maung Yit - Editor's Notes 20


အယ်ဒီတာ့လက်ရေး ၂၀
ပြောင်းပြန် ရေးခြင်း
မောင်ရစ်၊ မတ် ၆၊ ၂၀၁၃
            ကဗျာဆရာမင်းထက်မောင်ရဲ့ ကဗျာပြောင်းပြန် ဆိုတဲ့ ကဗျာစာအုပ်လေး ရှိတယ်။ ပြောင်းပြန်ဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးတာပါ။ အရင်စစ်အစိုးရလက်ထက်မှာ စာအုပ်မထွက်ခဲ့ပေမယ့် အခုတော့ စာအုပ်လေးထွက်လာပြီ။ ပြောင်းပြန်တွေးပြီး ပြောင်းပြန်လုပ်တဲ့ သူတယောက်အကြောင်းရေးထားတာ။ နောင်ကျမှ စာကူးပြန်ရိုက်ပြီး တင်ဆက်ပေးပါဦးမယ်။
            ဆရာမောင်စွမ်းရည်နဲ့ ဖုံးဆက်ဖြစ်တယ်။ ၈၈မျိုးဆက် ကိုဌေးကြွယ် အမေရိကား အလည်လာမယ်။ ဆရာတို့ နယူးယောက်လည်း လာမယ်။ ကျနော်တို့ ဆန်ဖရန်ဖက်လည်း လှည့်ဝင်မယ်။ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံကြဖို့၊ ကြိုဆိုကြဖို့ အစီအစဉ်တွေအကြောင်း မေးမြန်းမိပါတယ်။
ဒါနဲ့ ဆရာက ပြောတယ်။ ပြည်ပရောက်တွေက လက်ရှိ (စစ်)အစိုးရထံကနေ ကြိုတင်ကန့်သတ်ထားခြင်းမရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြည်တော်ပြန်ခွင့် တောင်းဆိုကြဦး မတဲ့၊ ပြင်နေကြတယ် ကြားမိသလား လို့ မေးပါတယ်။ ကျနော်က မကြားမိဘူးလို့ ဖြေလိုက်တယ်။ ငါ့သဘောကတော့ကွာ … ဒီစစ်အစိုးရဆီကနေ ငါတို့တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါလို့ တစာစာ တောင်းရမှာမဟုတ်ဘူးကွ။ ငါတို့ဆီကနေပြီး စစ်အာဏာရှင်တွေက သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါလို့ လာတောင်းရမှာ။ ငဖယ်က ပြောင်းပြန် ဖြစ်နေပြီ … လို့ ပြောတယ်။
ဒါဆိုရင် ကျနော်တို့က ကဗျာပြောင်းပြန် ဖြစ်နေပြီပေါ့။ သွားတွေးမိတာ ပြောပါတယ်။
လက်ရှိ စစ်အစိုးရက အားလုံးခွင့်လွှတ်ပါတယ် ပြန်လာကြပါ လို့ ပြောတာကို တောင်းဆိုနေတာမျိုးထက်၊ ကာယကံရှင် ပြည်ပရောက်တွေ၊ နယ်စပ်ရောက်တွေ၊ အကျဉ်းထောင်ထဲ ရောက်နေသူတွေက မင်းတို့ စစ်အစိုးရကို ငါတို့က ခွင့်လွှတ်လိုက်ပြီ။ ငါတို့ ပြန်လာပြီဆိုပြီးတော့ ပြန်ကြရမှာ မဟုတ်ဘူးလား လို့ အတွေးတွေ ဆပွားနေမိတယ်။ ခွင့်လွတ်နိုင်ကြရင် ပြန်ပေါ့ကွာ။ ဟိုက ခွင့်လွှတ်လို့ ပြန်ကြရတယ်ဆိုရင် အတော် အောင့်သက်သက်မနိုင်ဘူးလား။
အဲသည်အတွေးပြောင်းပြန်တွေနဲ့ ဆရာကိုအောင်ဝေးကို ဖုံးဆက်ဖြစ်တယ်။ သူက ငြိမ်းချမ်းရေးခရီးရှည် ကဗျာနံပါတ် ၆ ရေးပြီး ပို့လိုက်တဲ့ အကြောင်းပြောတယ်။ ဆရာမောင်စွမ်းရည်နဲ့ အလားတူ စကားပြောဖြစ်ခဲ့တာကို ပြောတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီအကြောင်းပဲ ဖြစ်နေတယ်။ ခင်ဗျား ကာတွန်းရေးပေါ့ဗျာလို့ သူကပြောတယ်။ ကျနော်ကတော့ အယ်ဒီတာ့လက်ရေးထဲပဲ ထည့်ရေးလိုက်တော့မယ်လို့ ပြောလိုက်တယ်။
လက်ရှိမှာ အတည့်အတိုင်းဖြစ်နေတာကို ပြောင်းပြန် တွေးကြည့်၊ မေးခွန်းထုတ်ကြည့်ရတော့မလို ဖြစ်လာတယ်။ ဒီလိုနဲ့ အတွေးနယ်ချဲ့မိတော့ ဆရာစွမ်း ကန့်ကွက်နေတဲ့ အာဇာနည်ဗိမာန်နေရာကို ကိုရီးယားဗိမာန်ဆောက်မယ့်ကိစ္စဆီ ရောက်သွားပြန်တယ်။ ဒီမြေနေရာက ဘယ်သူပိုင်တာလဲ။ ပြည်ထောင်စုပိုင်လား၊ ရန်ကုန်တိုင်းက ပိုင်တာလား။ ပြည်ထောင်စုပိုင်တာဆိုရင် အစိုးရက ဆုံးဖြတ်တာလား၊ လွှတ်တော်က ဆုံးဖြတ်တာလား။ တိုင်းကပိုင်တာဆိုရင်တော့ တိုင်းဝန်ကြီးချုပ်နဲ့ ဒေသခံလွှတ်တော်နဲ့ ဒေသခံပြည်သူတွေရဲ့ သဘောပေါ့။
ဟိုတလောက ဟံသာဝတီ ကားရောင်းဝယ်စခန်းလည်း အဲသလိုပဲပေါ့။ နိုင်ငံတော်ပိုင်ဆိုပေမယ့် ဒီမြေက ဗဟိုကပိုင်တာလား၊ တိုင်းဒေသကြီးအဆင့် ပိုင်တာလား။ စည်ပင်သာယာက ပိုင်တာဆိုရင် တိုင်းအဆင့်မှာ ဒေသခံတွေနဲ့ ရှင်းကြပေတော့။ အင်း … နောက်ပြီးတော့ လက်ပံတောင်းအရေးလိုမျိုး … တွင်းထွက်တွေကို ဘယ်သူပိုင်တာလဲ။ ပြည်ထောင်စု ဗဟိုကပဲ အပိုင်ယူထားတာလား။ သက်ဆိုင်ရာဒေသက ပြည်နယ်က ပိုင်တာမဟုတ်ဘူးလား။ ပြည်နယ်အဆင့် ဒေသခံတွေနဲ့ ဆိုင်တယ် ပိုင်တယ်ဆိုရင် ဗဟိုကနေ အကုန် ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရဘူးပေါ့။ အခု နောက်ပေါက်စစ်အစိုးရလက်ထက်မှာ ဖြစ်နေတာက သူတို့တွေ အာဏာရှင်ဘ၀တုန်းက အကုန် မောင်ပိုင်စီးပြီး အနုကြမ်းစီးထားခဲ့တာတွေက အခု အရပ်ဝတ်အစိုးရတွေ လွှတ်တော်တွေနဲ့ ရုပ်ပြောင်းပြီးကာမှ အရှုပ်တွေ ပေါ်ကုန်တာ။
အတည့်မတွေးပဲ ပြောင်းပြန်တွေးလိုက်တော့ ဗဟိုကနေ အပေါ်စီးကချည်း ဖိမလုပ်ဘဲ အောက်ကနေ အထက်ကို ပြန်ဆန်ကြည့်လိုက်မိတာတွေက စဉ်းစားစရာပဲလို့ တွေးမိတယ်။ ကချင်ပြည်နယ်မှာလည်းပဲ ဒေသခံပြည်သူတွေရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေကို ဘာကြောင့် လက်နက်ကိုင်ပြီး ကန့်သတ်ဖုံးကွယ်ထားချင်နေရတာတုန်း။ ရခိုင်မှာ ပကတိအခြေအနေတွေကို ထုတ်ဖော်တာ၊ ဆန္ဒကောက်ယူတာတွေ မထုတ်ပြန်ဘဲနဲ့ နယ်စပ်ဖြတ်ကျော်တွေကို ရခိုင်မှာပဲ အတင်းနေရချမယ်။ တခြားပြည်နယ်တွေ တိုင်းတွေကို နယ်ကျော်မလာကြနဲ့လို့ ပိတ်ပင်နေတာက ဘာသဘောကြီးလဲ။
ဒါက နိုင်ငံသားအရေးဆိုရင် ပြည်ထောင်စုအဆင့် နိုင်ငံသားဥပဒေနဲ့ ရှင်းလို့ မရဘူးလား။ ဒေသခံတွေအရေးဆိုရင်လည်း ပြည်နယ်တိုင်းအဆင့် ဒေသခံ မဲဆန္ဒရှင်တွေ သဘောပဲပေါ့။ နိုင်ငံသားဟုတ်သူနဲ့ မဟုတ်သူ ခွဲခြားပြီး တရားဥပဒေစိုးမိုးရေး တရားမျှတရေး လုပ်ရမယ့်ဟာကို ရခိုင်၊ မြန်မာ၊ ဘင်ဂါလီ၊ ဗုဒ္ဓဘာသာ၊ မွတ်ဆလင် ဆိုပြီး လျောက် ခွဲခြမ်းစိတ်ဖြာနေတာက အလုပ်မဖြစ်အောင် တမင်များ လုပ်နေသလား မှတ်တယ်။
ကျနော်တို့တတွေမှာက တရားဥပဒေက အမှန်တရားဖက်မှာ မရှိတာ ကြာပြီဆိုတော့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးနဲ့ နေလာရတာ အကျင့်ပါနေပြီ။ အစိုးရတို့ လွှတ်တော်တို့ စစ်တပ်တို့က ကိုယ့်ဖက်မှာ မရှိဘူးဆိုတာ အကြိမ်ကများနေပြီ။ အခုကိုယ့်ဖက်မှာ ပါနေပြီလို့ စိတ်ဒုံးဒုံး ချချင်ပြန်တော့လည်း ခံထားရတဲ့သူက ဗိုလ်ကျသူဆီကနေ လွတ်ငြိမ်းချမ်းသာ သွားတောင်းနေရတယ်။ မင်းတောင်းပန်ရင် ငါကျေအေးမယ်လို့ ပြောတဲ့အဆင့်မဟုတ်ဘူး။ ပြောင်းပြန်ပေါ့။
ပြောလက်စနဲ့ ဆက်ပြောရရင် နေ့ခင်းမှာ ဆန်ဖရန်က မိတ်ဆွေ ကိုညီနဲ့ ကိုကျော်နဲ့ စကားပြောဖြစ်တယ်။ အင်န်အယ်ဒီပါတီညီလာခံအကြောင်း။ မြန်မာပြည်က တပါတီအာဏာရှင်တွေ၊ ရုရှားဆိုဗီယက်တို့၊ တရုတ်တို့ရဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ပါတီတွေပဲ စိတ်စွဲနေလို့လားမသိဘူး။ ပါတီဝင်တွေကို လျောက်လွှာတွေနဲ့တောင် ခေါ်ရတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီဝင် ဘယ်ရွေ့ ဘယ်မျှ ပြနိုင်မှ ပါတီထောင်ခွင့်ရမယ်၊ ပြီးတော့ စိစစ်ဦးမယ် ဆိုပြန်တယ်။ ပါတီဝင်တွေနဲ့ ပါတီတွေကို ထူထောင် လည်ပတ်နေတယ်ဆိုတော့ သူတို့ဟာက တပ်မတော်ကြီးက စစ်သားတွေ စုနေသလိုမျိုးနဲ့ တူနေသလိုပဲလို့ တွေးမိတယ်။
အမေရိကားမှာတော့ ပါတီဝင်ပြီး ပါတီကိစ္စ၀င်လုပ်ပေးတာက ကိုယ့်သဘောနဲ့ ကိုယ်ပဲ။ သာမန်ပြည်သူတွေကတော့ မဲဆန္ဒရှင်အဖြစ် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားလိုက်ရုံနဲ့ အေးပြီပဲ။ မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်တဲ့ဆီမှာမှ ကိုယ်က NLD အားပေးသူ၊ USDP အားပေးသူဆိုပြီး အကွက်လေးတွေ ရွေး ခြစ်ပေးထားလိုက်ရင် ဒေသခံ ရွေးကောက်ပွဲတွေမှာ မဲပေးဖို့တို့၊ ကိုယ့်ပါတီအလိုက် ရွေးကောက်ပွဲတွေမှာ မဲပေးဖို့ ကော်မရှင်တွေက အကြောင်းကြားတယ်။ ကိုယ့်အားပေးတဲ့ ပါတီတွေကလည်း ကိုယ့်ကို နည်းမျိုးစုံနဲ့ အကြောင်းကြားပြီးတော့ မဲဆွယ်တာတွေ၊ စည်းရုံးတာတွေ လုပ်တယ်။ တကယ် ပါတီနိုင်ငံရေးလုပ်တဲ့သူတွေကတော့ ပါတီရုံးခန်းမှာ သူတို့ဆီက တကယ်အလုပ်လုပ်သူတွေနဲ့ လုပ်ကိုင်နေတော့တာပါပဲ။ ကိုယ့်ရန်ပုံငွေ ကိုယ်ရှာ၊ ကိုယ့်ကိုယ်စားလှယ်ကို ရွေး၊ မဲဆွယ်၊ အဆင့်ဆင့် ရွေးကောက်ခံနိုင်အောင် ချီတက်ပေတော့ပဲ။
ပါတီနိုင်ငံရေးလုပ်လို့တို့၊ ပါတီဝင်ထားလို့တို့ ၀န်ထမ်းမလုပ်ရဘူးတို့ ဆိုတာတွေက မဆလခေတ်၊ တပါတီအာဏာရှင်ခေတ်က အတွေးအခေါ်တွေပါ။ နိုင်ငံသားတိုင်းဟာ မဲဆန္ဒရှင်တွေချည်းပဲ။ သူတို့ကိုယ်တိုင်လည်း ပါတီ တခုမဟုတ် တခု အားပေးသူတွေချည်းပဲ။ ပါတီတွေက ရွေးကောက်ပွဲအဆင့်ဆင့်ကိုလည်း သူတို့ စိတ်ပါရင် ပါသလို ၀င်ပြီး မဲပေးကြတာချည်းပဲ။ နောက်ပိုင်းကိစ္စတော့ သူတို့စိတ်မ၀င်စားဘူး။ မြို့နယ်အဆင့်ဆင့် ရွေးသွားတဲ့ကိုယ်စားလှယ်တွေ ဆက်လုပ်ကြပေတော့။ အလုပ်မဖြစ်ရင် နောက်သက်တမ်း သူတို့တွေ မဲမရဘူးပေါ့။
ပြောင်းပြန်တွေးရင်တော့ အရွေးကောက်ခံကိုယ်စားလှယ်ဆိုတာ ရာသက်ပန်ကိုယ်စားလှယ်တွေ မဟုတ်ဘူး။ မြန်မာပြည်မှာကတော့ တခါလောက် အရွေးခံလိုက်ရပြီးရင် တသက်လုံးပြန်မဆင်းတော့ဘူး အစွဲအမှတ်ကြီးနဲ့ ရွေးကောက်ပွဲဆိုတာနဲ့ အကြီးအကျယ် လုကြ ယက်ကြ ဖြစ်ကုန်ကြတာနဲ့ တူရဲ့။
အတည့်အတိုင်းကြည့်လိုက်ရင် လူတွေက ကိုယ့်အစွဲနဲ့ကိုယ်ကြီးကြတယ်။ အဲသည်အစွဲအတွက် အခြားမတူနဲ့ သူတွေကို တိုက်ခိုက်တယ်။ ဆန့်ကျင်ဝေဖန် ရှုတ်ချတယ်။ ဒေါ်စုကို ကြိုက်တဲ့သူကလည်း ဒေါ်စုအကြောင်း မကောင်းပြောတဲ့ အုပ်စုတွေနဲ့ ရန်ဖြစ်ကုန်ကြတော့တာပဲ။ ပြောင်းပြန်တွေးကြည့်ရင်တော့ ဒေါ်စု ကြိုက်တဲ့သူကလည်း သူ့အခွင့်အရေးပဲ၊ ဒေါ်စု မကြိုက်တဲ့သူကလည်း သူ့လွတ်လပ်ခွင့်ပဲ။ နောက်ဆုံး ဆန္ဒမဲ အနည်းအများ ဆုံးဖြတ်တဲ့နေ့မှာပဲ အဖြေပေါ်မှာပေါ့။ အဲဒါမှမဟုတ်ဘဲ အကြိမ်အများဆုံး ရန်ပွဲတွေ အငြင်းအခုန်ပွဲတွေနဲ့ပဲ အဆုံးအဖြတ်ခံနေကြတာကတော့ အလုပ်မဟုတ်သေးဘူး။ အဲသလို အငြင်းအခုန်တွေ မပြီးနိုင် မစီးနိုင် ကွဲပြားခြားနားနေကြတာနဲ့ပဲ လွန်ခဲ့တဲ့ ၁၉၈၈ အနှစ် ၂၀ ကျော်တုန်းက တပ်မတော်က မင်းတို့တွေ မင်းမဲ့စရိုက်ဖြစ်လွန်းလို့ တိုင်းပြည်အာဏာကို ငါတို့ပဲ သိမ်းလိုက်ပြီ ဆိုပြီး မဲနဲ့ အရှုံးအနိုင် ဆုံးဖြတ်ခွင့် မရဘဲ လက်နက်သာတဲ့သူရဲ့ အနိုင်ကျင့်ခွင့်ကို ကျနော်တို့ ပေးအပ်ခဲ့ရတယ် မဟုတ်လား။
အခုဒီတခေါက်မှာလည်း လက်နက်ကိုင်ပြီး အာဏာကို ချုပ်ကိုင်ထားချင်သူတွေကို ကျနော်တို့က အတည့်တွေးပြီး အကုန်လုံး လက်ဝေခံလုပ်၊ လက်ဖြန့်တောင်းနေတာချည်းနဲ့ ပြီးနေလို့ မဖြစ်ဘူး ထင်တာပဲ။ ကျနော်တို့က ပြောင်းပြန်တွေးပြီးတော့ ရင်ဆိုင်ရမယ်လို့ တွေးမိတယ်။ သူတို့ကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စစ်တန်းလျားပြန်ပို့မှ ဖြစ်လိမ့်မယ် ထင်တာပဲ။

WEDNESDAY, MARCH 6, 2013

Aung Way - Long March Poem 6


BURMA : FREE FROM FEAR OF STATE TERRORISM

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် နေ သူ များ သို့ ( ၆ )
အောင် ဝေး ၊ မတ် ၇၊ ၂၀၁၃

ရဲဘော်တို့ -

"ဟူဂို" ကြီးတော့ ကြွသွားပြီ။

ဗင်နီဇွဲလားက
အာဏာရှင် ထွက်တယ်
အလှမယ် ထွက်တယ်။

ဗမာပြည်က
အာဏာရှင် ထွက်တယ်
ခရိုနီ ထွက်တယ်။

ဟူဂိုကြီးခမျာတော့ ကြွသွားရှာပြီ။

ရဲဘော်တို့  ဆက်လျှောက်။

အနာဂတ်ဟာ
မြင့်မြတ်တောက်ပဖို့ 
သုံးပေ သုံးလက်မပဲ လိုတော့တယ်။

နိုင်ငံတော်အကြမ်းဖက်ဝါဒ
ကျဆုံးရမယ်။

အမှောင်အောက်မှာ
နောက်ကျတဲ့ ခြေထောက်
သစ္စာဖောက်။

ရဲဘော်တို့  ဆက်လျှောက်။

နွေဦးပေါက်ရင်
ပန်းတိုင် ရောက်ရမယ်။

နိုင်ငံတော်အကြမ်းဖက်ဝါဒ
ကျဆုံးပါစေ။

သံဖနောင့်အောက်က
လွတ်မြောက်တဲ့ည
မိုးသောက်ထ
ရောင်နီမလာခင်...။

ဟူဂိုကြီးကတော့
မရဏပင်လယ်ပြင်မှာ
ရွက်နှင်သွားပါပြီ။

မုန်တိုင်းကို အကသင်
လေးညှို့ ကို ငင်ပြီးပြီ
မြားဦးမှာ မရပ်ချင်ပါနဲ့ အရှင်။

ခရိုနီတစ်ဇာတ်မှာ
နှစ်ကျပ်ခွဲရွာ
လ မသာ။

လက်ပံတောင်းတောင်
လရောင် မခ။

မအူပင် မလက်တို
အို… ဘာကိုထောက်
ကြောက်ရမှာလဲ။

ရဲဘော်တို့  ဆက်လျှောက်။

လိုင်ဇာ ရောက်ရင်
နွေဦး ပေါက်မယ်။

"လူငယ်တွေကတော့
ကောက်ရိတ်ပွဲတော်ကိုသွားဖို့ 
နွေဦးကို စောင့်စားနေကြပြီ"
                        (ဒဂုန်တာရာ)

ရဲဘော်တို့  ဆက်လျှောက်။

မကြောက် ည
မကြောက် နေ့ 
အရှေ့ ဦးဦး
မြောက်စူးစူးမှာ
ဘီလူးသွားကို လဖြဲတည်း။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
မတ် ၆-၂၀၁၃။   

Ku Mo Jo - 2008 ...


ကာတွန်းကူမိုးကြိုး - ၂၀၀၈ ကန်ချက် တသက်စာ
မတ် ၇၊ ၂၀၁၃


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives