[MoemakaDaily] 20th April - MoeMaKa Daily

ကာတွန်းစောငို - ဟစ်တလာနဲ့ တနေ့တည်းမွေးသူကြီးသို့ မွေးနေ့ကာတွန်း
ဧပြီ ၂၀၊ ၂၀၁၃

Dhamma Beri Sayadaw donated Kyats of 25 lakh to U Win Tin Foundation as Burmese New Year Celebration


ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ ကျပ် ၂၅ သိန်း ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)ဆရာတော် လှူဒါန်း
မိုးမခဓာတ်ပုံသတင်း
 ဦးဝင်တင်ဖောင်ဒေးရှင်းသို့ နှစ်ဦးအလှူအဖြစ် ကျပ် ၂၅ သိန်း ကို ၁၉  ရက် ဧပြီလ၊ နေ့လည် ၃ နာရီမှာ ဒီလှိုင်းရုံးခန်းသို့ ဓမ္မဘေရီ(တောင်စွန်း)ဆရာတော် ဦးဝီရိယက ကြွရောက် လှူဒါန်းခဲ့ပါတယ်။ 
 ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရဲ့ ဓမ္မမိတ်ဆွေများ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြစေဖို့အတွက် နှစ်သစ်မင်္ဂလာသတင်းကို မျှဝေလိုက်ပါတယ်။ ဆရာတော်ကလည်း မြန်မာနှစ်သစ်ဦးကူးကာလမှာ မိုးမခ၀ိုင်းတော်သားများ၊ ပရိသတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Kyaw Thu - FFSS Yangon Activity,

နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၀၊ ၂၀၁၃

  

၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် အများပြည်သူအပေါင်းတို့ အတာရေ ပတ်ဖျန်းပျော်မြူး နေကြချိန်တွင်  နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "ပေးဆပ်သူများ" သံချပ်အဖွဲ့သည်လည်း အများပြည်သူ တို့အား "နဖူးမှချွေး ခြေမကျသည်" အထိ ပြည်သူတို့၏ ရင်းတွင်းမှခံစားချက်များအား သံချပ်အဖြစ်နှင့် ရင်ဖွင့်နေကြလေသည်။ ထိုအချိန်တွင် ပြည်မြို့နှင့် အနီးတဝိုက်ကျေးရွာအချို့တွင မည်သူမှမျှော်လင့် မထားသည့် လေဆင်နှာမောင်း (ခေါ်) လေပြင်းတစ်ခုသည် နေ့လည် (၂းဝဝ) နာရီအချိန်ခန့်က တိုက်ခတ် သွားခဲ့လေသည်။ ထိုလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် (ဖိုးခေါင်၊ လက်ခုပ်ပင်၊ ဇီးဖြူကုန်း၊ သစ်ချေ တင်၊ နဝင်းမာလကာကုန်း) အစရှိသည့် ကျေးရွာများတွင် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော် ကြီးကျောင်းများ ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အရေးပေါ်ကူညီမှုပေးရန် လိုအပ်လာသောကြောင့် ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့၏ အကြောင်းကြားချက် အကူညီ တောင်းခံမှုကြောင့် မဆိုင်းမတွန့် ကူညီမှုပေးနိုင်ရန်အတွက်  နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အလုပ် အမှုဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလေဘေး ကယ် ဆယ်ရေးအတွက် "ပေးဆပ်သူများ"  သံချပ်အဖွဲ့အား အများပြည်သူများမှ ဆုတော်ငွေအဖြစ် လှူဒါန်းခဲ့ သော ငွေများထဲမှ သိန်းနှစ်ဆယ်ကျပ်တိတိအား လေဘေးသင့်ပြည်သူများအား လှူဒါန်းခဲ့ကြသည်။


၎င်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖိုးခေါင်ကျေးရွာ၊ ဇီးဖြူကုန်း၊ လက်ခုပ်ပင်၊ ချောင်းနား တန်း၊ သစ်ချေတင်နှင့် နဝင်းမာလကာကုန်း ကျေးရွာများမှ စုစုပေါင်း အိမ်ခြေ (၁၉ဝ) တွင် (၃၄)လုံးမှာ လုံးဝပျက်စီးခဲ့ပြီး ကျန်(၁၅၆) လုံးသည် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ (၁ဝဝဝ) ခန့် လေဘေး ဒုက္ခဒဏ်ခံစားခဲ့ရသည်။ ထိုပျက်စီးခဲ့သော အိမ်ထောင်စုများတွင် လုံးဝပျက်စီးအိမ် (၃၄) လုံးအား တစ်အိမ်လျှင်ငွေ (၂ဝဝဝဝ) ကျပ်နှင့် ဆန် (၄) ပြည်၊ ဆီ (၅၅) ကျပ်သား၊ ခေါက်ဆွဲခြောက် (၂) ထုတ်၊ ဆပ်ပြာ (၁) တစ်ထုပ်စီ လှူဒါန်းခဲ့ပြီး ကျန်နေအိမ် (၁၅၆) လုံးအား ဆန် (၄) ပြည်၊ ဆီ (၅၅) ကျပ်သား၊ မားမားခေါက်ဆွဲ (၂) ထုပ်၊ ဆပ်ပြာ (၁) ထုပ်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ကျောင်သားလူငယ် များ ကျောင်းဖွင့်ချိန် နီးကပ်လာပြီဖြစ်သောကြောင့် စာသင်ကျောင်းများ အချိန်မှီ ပြုပြင်ရန်လိုအပ်လာပြီ ဖြစ်သည့်အတွက် ရှမ်းစုကျေးရွာ မူလတန်းကျောင်းအား (၆) ပေသွပ် (၁၂၆) ချပ်၊ ချောင်းနားတန်း ပြေလည်ရာ ဘုရားဓမ္မာရုံအား သွပ် (၉) ပေ၊ (၃၉) ချပ်၊ (၁၁) ပေ (၁၁) ချပ်၊ ဇီးဖြူကုန်း စာသင်ကျောင်း အား သွပ် (၈) ပေ (၃)  ချပ်အားလှူဒါန်းခဲ့သည်။  ထို့အပြင် (AAA) ဖိနပ်စက်ရုံမှ လာရောက် လှူဒါန်း ထားသော ဖိနပ်များနှင့် အဝတ်အထည်များအားလည်း ထပ်မံ၍ ပေးပို့လှူဒါန်းခဲ့သည်။

 
ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် မိဘပြည်သူများအတွက် အရေးပေါ်ကူညီ ပေးဆပ်ရန် လိုအပ်လာပါက အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ လူမျိုးဘာသာအရွေး ပေးဆပ်ကူညီ နေမည်ဖြစ်သည်။  ယခုပြည်မြို့ လေးဘေးကူညီ ကယ်ဆယ်ရေးတွင်လည်း "ပေးဆပ်သူများ" ၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း "နဖူးမှချွေး ဖြေမကျသည်အထိ" အနားတမ်း သံချပ်ဖျော်ဖြေပွဲ့မှ ရရှိသော ဆုတော်ငွေများထဲမှ မိမိတို့၏ အကျိုးအတွက် အသုံးမပြုပဲ  လေဘေးဒုက္ခခံစား နေရသော မိဘပြည်သူ အပေါင်းတို့အား အကျိုးရှိစွာ အသုံးပြုခဲ့သောကြောင့် "နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး" အဖြစ် နှစ်သစ်တွင် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတော့သည်။

Than Win Hlaing - Articles

မြန်မာ့ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင်
သန်းဝင်းလှိုင်
ဧပြီ ၂၀၊ ၂၀၁၃

မငွေမြိုင် တောက်စားခဲ့စဉ်က
မြန်မာဇာတ်ပွဲတွင် ဇာတ်သမ အမျိုးသမီးပညာသည်ကို ဇာတ်မင်းသမီးဟု ခေါ်ဝေါ်ကြသည်။ ဇာတ်မင်းသမီးလုပ်သူသည် အမျိုးသမီးပိုင်းဆိုင်ရာ ကကြိုးကကွက်များကို နိုင်နင်းစွာ တတ်ကျွမ်းရလေသည်။ ထို့အပြင် မင်းသမီးကောင်းတလက်ဖြစ်လိုလျှင် "ပိုး၊ မွေး၊ ခေါ်။ မျှော်၊ အောင်၊ ဇော်၊ လု၊ ဘ၊ ရူး၊ အ၊ သေ၊ ပစ်" ဟူသော မင်းသမီးတို့တတ်အပ်သော ဇာတ်သဘင်ပညာ ၁၂ ရပ်ကိုလည်း ကျွမ်းကျင်စွာ တတ်ကျွမ်းရသည်ဟု နာမည်ကျော်ကြားရုပ်သေးမင်းသမီးကြီးဆရာပုက ဆိုသည်။

ဤနေရာ၌ ဇာတ်သဘင်ပညာ ၁၂ ရပ်ဆိုသည်မှာ -

(၁)  ပိုး -ဟူရာ၌ မင်းသမီးပင်ဖြစ်လင့်ကစား အချို့ဇာတ်များတွင် "ကိန်းက ဇောက်ထိုးတယ်မှရှင်မိန်းမနောက်ပိုး" လုပ်ရတတ် သည်ဖြစ်သဖြင့် မိန်းမတန်မဲ့ ယောက်ျားကိုစ၍ ပိုးခန်း - ကြုံလာလျှင် သဘာဝကျကျ တကယ့်အဖြစ်အစစ်နှင့် တူအောင် ပိုးတတ်ရသည်။

(၂) မွေး -ဟူရာ၌ အလောင်းတော် ဖွားတော်မူခန်းမှအစ ဇာတ်နှင့်ဆိုင်ရာ မင်းသမီးလုပ်သူ သားဖွားရ၊ မျက်နှာမြင်ရသည့်အခန်းများကိုလည်း လိုအပ်သလို ကတတ်ရသည်။ မင်းသမီးလုပ်သူသည် အပျိုစစ်စစ်ပင် ဖြစ်လင့်ကစား မိန်းမတို့ဓမ္မတာ ကိုးလလွယ်၍ ဆယ်လဖွားသည့် မိခင်တစ်ဦးအတိုင်း သရုပ်ပါပါ မွေးတတ်ဖို့လိုသည်။

(၃) ခေါ် -ဆိုသည်မှာ ဇာတ်ပွဲတို့၏ အစဉ်အလာအတိုင်း လင်ကို ခေါ်နည်း၊ သားကိုခေါ်နည်း၊ ကျေးကျွန်ကိုခေါ်နည်း၊ အရှင်သခင်ကို ခေါ်နည်း စသည်ဖြင့် ထုံးတမ်းစဉ်လာနှင့်အညီ ခေါ်တတ်ပြောတတ်ဖို့ လိုသည်။ သာဓကအားဖြင့် လင်ကိုခေါ်ရာ၌ "သပြေရွက်စည်၊ မြရည်ရောင်ဖိတ်၊ တသောင်းထိပ်မှ၊ ဖြူရိပ်စကြာ၊ ဖြန့်မိုးကာရ၊ ဒီပါတိုင်းလုံးရှင်မောင်မောင်ဘုရား……" စသည့် အခေါ်မျိုးဖြင့် ခေါ်တတ်ရမည်ကို ဆိုလိုပါသည်။


မငွေမြိုင်၏ ကိန္နရာအကမှာ တချိန်က လူကြိုက်များခဲ့သည်။

(၄)  မျှော် -ဆိုသည်မှာ ရည်းစားမျှော်၊ လင်မျှော်၊ သားမျှော် ခန်းများတွင် တကယ်တမ်းမျှော်တတ်ရန်လိုသည်။ ပညာပါသော ရည်းစားမျှော်၊ လင်မျှော်များမှာ ကျေးကိုစေ၍ မျှော်ခြင်း၊ ဘုရားကို တိုင်၍ မျှော်ခြင်း၊ ကျေးသားနှင့်စကားခွန်းတုံ့လှယ်၍ မျှော်ခြင်း တို့ ဖြစ်သည်။ မင်းသမီး၏ လွမ်းသူတမ်းတပုံကို ပွဲကြည့်ပရိသတ်၏ စိတ်၌ တကယ်ပင် ထင်မှတ်လာအောင် မျှော်တတ်ရလေသည်။

(၅) အောင် -ဆိုသည်မှာ စစ်ကိုင်းကျောက်ပံ ကန်ကြီးကုန်းရာဇ၀င်ဖြစ်သော ဆားတောင်သူအောင်ဖြူဇာတ်ကိုခင်းလျှင် နိုင်နင်းစွာ ကပြနိုင်ရမည့်အရည်အသွေးဖြစ်သည်။ အောင်ဖြူဇာတ်မှာ ပရိယာယ်အလွန်များပြီးလျှင် မင်းသမီး၏ အလွမ်းများလှသော ဇာတ်ထုပ်ဖြစ် သည်။ ဤလိုဇာတ်မျိုးကို သာမန်ဇာတ်မင်းသမိးတို့ ဇာတ်မလိုက်နိုင်၊ မကနိုင်ပေ။

(၆) ဇော် -ဟူသည်မှာ ရှိရာဇာတ်ကို မီးစင်ကြည့်ကပြရသဖြင့် မင်းသမီးဇော်ဂျီဖြစ်ရသည့် ဇာတ်လမ်းမျိုးနှင့် ကြုံခဲ့သော် ဇော်ဂျီအဖြစ် နှင့် ကတတ် ပြောတတ်၊ ပြုမူတတ်ဖို့ အသင့်ရှိရလေသည်။

(၇) လု -ဆိုသည်မှာ လင်လုခန်း၊ သားလုခန်း များတွင် နိုင်နင်းဖို့လိုသည်။ သစ္စာထားနှစ်ပါးသွားခန်းတွင် လင်လုခန်းမျိုးသာမက ဇာတ်ကွက်နှင့်အညီ လူယောင်ဆောင်ထားသည့် ဘီလူးမနှင့် လင်လုရခြင်းမျိုးကိုပါ ဆိုလိုသည်။ ယင်းအခါ၌ မိမိသည် လင်သားအပေါ် မည်သို့ ကြင်နာခဲ့သည်။ ယုယခဲ့သည်။ အနာခံ၍ ရည်ရည်လူးခဲ့သည်။ ချစ်တုံ့တင်ခဲ့သည်များကို ပွဲကြည့်ပရိသတ် စိတ်၌ ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ပြောဆိုတတ်ရ၍ သားလုခန်း၌လည်း မိခင်တစ်ယောက်၏ သားအပေါ် သန့်စင်မွန်မြတ်သော မေတ္တာရေစင်ဖြင့် ချစ်ခင်သဒ္ဓါမြတ်နိုးစွာ ကျွေးမွေးသုတ်သင်ခဲ့ပုံများ၊ သားအတွက် ရတက်မအေးသောကစိတ် များခဲ့ပုံများကို တကယ့်သားသည မအေတစ်ယောက်ကဲ့သို့ စီကာပတ်ကုံး ပြောတတ်ဆိုတတ်ရပေသည်။

(၈) ဘ -ဟူသည်မှာ အချို့ဇာတ်များ၌ မင်းသမီးရေကန်တွင် ရေချိုးမှား၍ အစွယ်ပြူးပြူးဘီလူးဖြစ်သွားသည့် အခန်းပါတတ်သည်။ ထိုအခါ ဘီလူးခန်းကို မင်းသမီးလုပ်သူသည် နိုင်နင်းစွာ ကပြနိုင်ရလေသည်။


မငွေမြိုင် မကွယ်လွန်မီ (၁) နှစ်အလို

(၉) ရူး - ဟူသည်မှာ ဇာတ်ကွက်နှင့်အညီ အကြောင်းတစ်ခုခုကြောင့် ရူးသွပ်ရသည့်အခါ၌ တကယ့်အရူးနှင့်တူအောင် ရူးတတ်ဖို့ လိုသည်။ ဤလိုအခန်းမျိုးကို ရုပ်သေးမင်းသမီး ဆရာပု၊ မင်းသမီးမထွေးလေး၊ ထားဝယ်ပြန်ဒေါ်စိန်ခင်တို့သာလျှင် နိုင်နိုင်နင်းနင်း ကနိုင်၍ အရူးခန်းပီပြင်သည်ဟု ကျော်ကြားလေသည်။ မထွေးလေး၏ ပဋာစာရီဇာတ်ကို ကပြရာ၌ အရူးခန်းကို ပရိသတ်က မေ့မရအောင် ဖြစ်ရသည်ဟု ဆိုလေသည်။

(၁၀) အ -ဟူသည်မှာ စုန်းပြုစား၍ ဖြစ်စေ၊ နတ်တိုက်၍ဖြစ်စေ၊ ၀ဋ်ကြမ္မာကြောင့်ဖြစ်စေ မင်းသမီးသည် အကောင်းပကတိက အ,သွားရသည့် ဇာတ်လမ်းမျိုး ကပြရသည့်အခါ ဘာတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ခြေနှင့်လက်နှင့် ပြ၍ မျက်နှာက အမူအရာ အမျိုးမျိုး ထုတ်ဖော်သည်တွင် ပရိသတ်က နားလည်ပြီး ရင်ထုမနာနှင့် မျက်ရည်မဆည်နိုင် ဖြစ်လာအောင် ကပြတတ်ရသည်။

(၁၁) သေ -ဟူရာ၌ မင်းသမီးသေရသည့်အခန်းများလည်း ဇာတ်လမ်းတွင် ပါတတ်သေးရာ၊ မင်းသမီးက မသေတတ်လျှင် ဇာတ်နာသင့်ပါလျက် မနာဘဲ ပွဲကြည့်ပရိသတ်အူကြောင်ကြောင် ဖြစ်ကုန်ပြီးလျှင် တညဥ့်လုံးသယ်လာသမျှ သဲထဲရေကျ ဖြစ်ရတတ် သည်။ ဆရာပု၊ မထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင်တို့သည် အသေကောင်းလှသည်ဟု ဆိုသည်။ မင်းသမီးလုပ်သူအသေတတ် သည့်အခါ ဇာတ်ခုံပေါ်က ဇာတ်သူဇာတ်သားများပင်လျှင် စိတ်ထိခိုက်လာပြီး မျက်ရည်လည်ရွှဲ ဖြစ်ရလေသည်။

(၁၂) ပစ် -ဟူရာ၌ သားပစ် သမီးပစ် စွန့်ပစ်ရသော ဇာတ်မျိုး၌ ပစ်တတ်ရန်လိုခြင်းကို ဆိုလိုသည်။ ပစ်ရာ၌လည်း အသေပစ် အရှင်ပစ် ဟူ၍ ရှိသည်။ သာဓကအားဖြင့် မိဖုရားကို နောက်သိမ်းမည့်ဘုရင်က အလျင်သွေးမကျန်ရအောင် သားသမီးကို စွန့်ပစ်ချေ ဟု မိန့်တော်မူသည့်အခါ၌ သားကို အရှင်လတ်လတ် စွန့်ပစ်ရသည့်အခန်းမျိုး၊ သားသေ၍ စွန့်ပစ်ရသည့်အခန်းမျိုး၌ ဇာတ်လိုက်တတ်ဖို့ လိုလေသည်။

အထက်ပါအချက်များပြည့်စုံသော ဇာတ်မင်းသမီးတစ်ဦးကို ပြပါဆိုလျှင် သဘင်မိခင်ကြီး မြခြေကျင်းမငွေမြိုင်အား ပြရပေလိမ့်မည်။

ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင်ကို ခရစ် ၁၈၉၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ် အိုးဘိုလမ်း အမှတ် (၈) နေအိမ်၌ အဖ ဦးအောင်ဘ၊ အမိ ဒေါ်ငြိမ်းစံ တို့မှ ဖွားမြင်ခဲ့သည့် မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။ ဖခင်မှာ ဆင်ဖြူကျွန်းဇာတိ လူကြမ်းမင်းသားကြီးဖြစ်ပြီး မိခင်မှာ ကြည့်မြင်တိုင်သူ ဖြစ်သည်။ မငွေမြိုင်ဟု ကျော်ကြားခဲ့သော်လည်း အမည်ရင်းမှာ မငွေလှိုင် ဖြစ်သည်။

ငယ်စဉ်ကပင် ဂီတ သဘင်ပညာ ၀ါသနာပါလှသဖြင့် အဆိုအကတို့၌သာ ပျော်မွေ့နေရကား မိဘများက သူ့အသက် ၉ နှစ် အရွယ်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ်နေ ဇာတ်လူကြမ်းမင်းသားကြီး စာရေးဆရာဦးစံထံသို့ သဘင်ပညာရပ်များ ဆည်းပူးသင်ကြားရန် အပ်နှံခဲ့လေသည်။

သုံးနှစ်တာမျှ သဘင်ပညာသင်ကြားတတ်မြောက်ပြီးနောက် ငွေလှိုင်ကလေးသည် ပညာသင်ဘက်များဖြစ်ကြသော ဗန္ဓုလမောင်မြ၊ ပဲခူးမောင်ကျော်၊ နဂါးမမြနှစ် တို့နှင့် ခွဲခွာကာ အသက် ၁၂ နှစ်အရွယ်တွင် ဆရာပညတ်အပ်သော မြခြေကျင်းမငွေမြိုင်အမည်ဖြင့် ဇာတ်ခွဲခဲ့ လေသည်။ 

ထိုစဉ်က ပုဏ္ဏားဖေဆိုင်၊ ခုနစ်ထွေညွန့်ရီ စသော နာမည်ကျော် ဇာတ်အဖွဲ့များနှင့် စင်ပြိုင်ကရသောကြောင့် မငွေမြိုင်သည် များစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

သို့သော် ကံအကြောင်းလှ၍ ဘ၀အကျိုးပေးကောင်းခဲ့သောကြောင့် သဘင်အမြုတေဇာတ်မင်းသမီးကလေး၏ အရည်အချင်း ကြောင့်လည်းကောင်း များမကြာမီအချိန်အတွင်း နိုင်ငံတ၀ှမ်း၌ ကျော်စောလာလေသည်။ မငွေမြိုင်၏ အမည်ကို အစ်ကိုကာလသားများ သာမက လူကြီးသူမများကပါ နှုတ်မှတဖွဖွပြောဆိုလာသောကြောင့် မြခြေကျင်းအမည်ကို တုပ၍ စိန်ခြေကျင်းမြညွန့်၊ ရွှေခြေကျင်း မြသွေး ဟူ၍ ဇာတ်မင်းသမီးအသစ်များပေါ်ထွက်လာခဲ့ကြသေးသည်။

ဤသို့ မြခြေကျင်းမငွေမြိုင်ဟူ၍ စင်ပေါ်၌ ထင်ပေါ်ကျော်ကြားနေစဉ်အတွင်း နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးဖိုးစိန်က သူနှင့်တွဲက ရန် စကားကမ်းလှမ်းလာသည်။ သို့ရာတွင် မငွေမြိုင်သည် ပထမဆုံးသော ဇာတ်စီးခေါင်းဆောင်မင်းသမီးဖြစ်နေသည့်အပြင် အကျော်ဇေယျ ဖြစ်နေချိန်၌ ဦးဖိုးစိန်နှင့် မတွဲလိုချေ။ အနုပညာလောက၌ မိမိ၏ဇာတ်ထဲသို့ ငွေကြေးမြောက်မြားစွာ ထည့်ဝင်၍လည်းကောင်း၊ ပရိယာယ် အသွယ်သွယ်ဖြင့် ဖြားယောင်းသိမ်းသွင်းကာ မိမိ၏ တတ်နေသော အညွန့်ကို မသိမသာ ချိုးနှိမ်ပစ်တတ်သည့် ညစ်ပတ်သော အကျင့်စရိုက်များကို မငွေမြိုင်ကြားသိနေရာ မိမိ၏ အစွမ်းအညွန့်ကို မချိုးလိုသူတို့ ထုံးစံအတိုင်း အလိမ္မာနှင့် ငြင်းပယ်ခဲ့လေသည်။

သို့သော် မြခြေကျင်း မငွေမြိုင်သည် ဇာတ်မင်းသမီး အနှစ် ၃၀ ကျော် ကပြနေစဉ်အတွင်း ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်နှင့် လည်းကောင်း၊ ဒုတိယဖိုးစိန်နှင့်လည်းကောင်း၊ မင်းသားအောင်စည်ဗလနှင့်လည်းကောင်း၊ ရုပ်သေးမင်းသားဘလှိုင်နှင့်လည်းကောင်း၊ ပုဏ္ဏား ဖေဆိုင်၊ မြင်းခြံနယ်မှ ဘထွန်း၊ ကိုစိန်အုပ်တို့နှင့်လည်းကောင်း တွဲကခဲ့ဖူးသည်။ မငွေမြိုင်၏ ဇာတ်သဘင်သက်၌ အကျော်ကြားဆုံးအချိန်မှာ အသက် ၃၀ ခန့်အရွယ်ကောင်းတွင် မင်းသားဘလှိုင်နှင့်တွဲ၍ ရွာစားစိန်ဗေဒါ၏ ဆိုင်းနှင့်ကစဉ်က ဖြစ်လေသည်။ မငွေမြိုင်၏အသံမှာ ပင်ကိုယ်အားဖြင့် အသံကောင်းလှသည်ဟု ပြောနိုင်သည့် ပထမတန်းစား အသံမျိုးမဟုတ်သော်လည်း သီချင်းဆိုသည့်အခါ၌ သံဟောက်သံဟဲကောင်း၍ အသံကြည်လင်ပြတ်သားသည်။ အာခေါင်အာရင်းရှင်းစွာ သီဆိုနိုင်သည့် မင်းသမီးဖြစ်၍ သီချင်းဆိုရာတွင် အထူးသဖြင့် ခြေဆင်းအဆိုကောင်းသောကြောင့် ခြေဆင်းကို ရှည်ရှည်စပ်၍ ပေးကြရသည်။ မငွေမြိုင်သည် အကကို မင်းသားအကရော မင်းသမီးအကပါ ပိုင်ပိုင်နိုင်နိုင် ကတတ်သည်။ ကသည့်အခါ ခြေဆစ်လက်ဆစ် အလွန်ကျိုးသူဖြစ်သည်။ မငွေမြိုင်သီဆိုခဲ့သည့် သီချင်းများမှာ စစ်ကိုင်းဆရာကြည်ရေး "လေးလက်မဓာတ်ပုံ"၊ စစ်ကိုင်းဆရာကြည်ရေး "ဆောင်တော်ကူး"၊ နန်းတော်ရှေ့ဆရာတင်ရေး "မြိုင်"၊ နန်းတော်ရှေ့ဆရာတင်ရေး "ရွှေကျီးညို"၊ ၀ိုင်အမ်ဘီဆရာတင်ရေး "အာကသဇိုး" တို့သည် ထင်ရှားကျော်ကြားခဲ့သည်။

ထို့အပြင် အမျိုးသမီးများသည် အမျိုးသားဇာတ်မင်းသားများနှင့် တန်းတူ ဇာတ်ကို ဦးဆောင်နိုင်သူဖြစ်ကြောင်း သက်သေပြလျက် အမျိုးသမီးဇာတ်သဘင်လောကကို တနည်းတဖုံ မြှင့်တင်ခဲ့သည်ဟု ဆိုရပေမည်။

"မုဆိုးမမို့…. စိတ်ကျလိမ့်မယ် ထင်သလား၊ ရှေ့နှစ်ခါမှ…. ဆပ်ကော်မတီယူပြ မအေကျုပ်က အိမ်ရှေ့က ကျောက်လမ်း… ယခုပြင်စေ… အများမဲဆန္ဒကိုရမယ့် မိန်းမဆပ်ကော်မတီပေ… လမ်းကောင်းရစေ မအေ… စခန်းကောင်းရစေ မအေ… အနောက်နိုင်ငံများက သတင်းစာဖတ်ကြည့်ပါ… မိန်းမ ဟုမ်းမင်ဘား၊ မိန်းမငါးထောင်စားလို့ မကြားဘူးသူတွေ…… ရီတာပေါ့အေ…. မေရီပစ်ဖို့ဒ်ဆိုတာ… သဘင်သည်မပေါ့အေ…." ဟူသော သူဆိုသီချင်းကိုကြည့်လျှင်လည်း မည်မျှတိုးတက်ခေတ်မီ၍ မည်မျှပင် အမျိုးသမီးထုအပေါ်၌ စေတနာကြီးမားသည်ကို သိနိုင်လေသည်။

ထိုမျှပရိသတ်အပေါ် စေတနာမေတ္တာကြီးမှုကြောင့်ပင်လော မသိပေ။ သို့တည်းမဟုတ် မငွေမြိုင်ကပင် အင်မတန်ချောမောလှပ၊

အကကောင်း၍လားမသိ။ မငွေမြိုင်ဇတ်ကသွားလေရာ အရပ်ဒေသတွင် ပွဲကြည့်ပရိသတ်သည့် ကြက်ပျံမကျ စည်ကားနေလေသည်။ ထိုစဉ်က မြေ၀ိုင်းခေတ်မှ ပြောင်းခါစဖြစ်သဖြင့် မငွေမြိုင်တို့ ဇာတ်အဖွဲ့သည် ရောက်လေရာအရပ်၌ 'ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်' ပမာ ဖြစ်နေလေတော့သည်။

သို့ကလို ပရိသတ်တရပ်လုံးက စွဲလန်းတသနေခိုက် မန္တလေးမြို့ရှိ ဆပ်ကျောင်း (ရဲသိပ္ပံ) သို့ လာရောက်သင်တန်းတက်နေသော ပုသိမ်ခရိုင် အရေးပိုင် ဦးဘိုးကျော်၏ သား ကိုကိုကြီးဆိုသူနှင့် လူငယ်တို့ဘာဝ တွေ့ဆုံချစ်ကြိုက်ကြလေသည်။ ကိုကိုကြီးသည် အခြားသူ မဟုတ် ဂဠုန်ဦးစော၏ ပထမအိမ်ထောင် ရာဇ၀တ်ဝန်ဦးမောင်ကလေး၏ အစ်ကိုအရင်းဖြစ်သည်။ ကိုကိုကြီးသည် သင်တန်းပြီးဆုံး၍ ရာဇ၀တ်အုပ်ကလေးဘ၀သို့ ရောက်သောအခါ မငွေမြိုင်နှင့် အကြောင်းပါခဲ့လေသည်။ ထိုစဉ်က မငွေမြိုင်၏ အသက်ကား ၂၇ နှစ်သာ ရှိသေးသည်။ မြခြေကျင်းမငွေမြိုင်သည် ဦးကိုကိုကြီးနှင့် သားသမီး မထွန်းကားခဲ့ပေ။ ကလေးနှစ်ဦးကို ခေါ်ယူမွေးစားသည်။

အိမ်ထောင်သက် တစ်နှစ်ပြည့်သည့်နှစ်၌ မငွေမြိုင်သည် ဆာဂျေအေမောင်ကြီး (နောင် မြန်မာနိုင်ငံခေတ္တဘုရင်ခံ) တည်ထောင်ထားသော အငြိမ့်အဖွဲ့ကြီး၌လည်း လိုက်လံပါဝင်ကပြခဲ့သေးသည်။ (အငြိမ့်အဖွဲ့ကြီးဆိုသည်မှာ အခြားသာမန်အငြိမ့်များနှင့် ခြားနား၍ အငြိမ့်စင်ထက်သို့ စန္ဒယားကိုပါ တင်ကာ အသုံးတော်ခံသည့်အငြိမ့်အဖွဲ့မျိုးကို ဆိုလိုသည်။ ယင်းအငြိမ့်မျိုးကို မငွေမြိုင်က စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။) ထိုအငြိမ့်အဖွဲ့ကြီး၌ ခေါင်းဆောင်မင်းသမီးအဖြစ် မြခြေကျင်းမငွေမြိုင် ကပြ၍ ရတနာခင်ကြည်က လက်ထောက်မင်းသမီးအဖြစ် ပါဝင်ကပြသည်။ တူရိယာ ဂီတဖက်ဆိုင်ရာ ဂီတမှူးမှာ မြန်မာညွန့် ဦးချစ်မောင် ဖြစ်သည်။

သို့ကလို ဇာတ်သဘင်လောကတွင် ကျော်စောထင်ရှားလာသော မြခြေကျင်းမငွေမြိုင်သည် အသက် ၃၃နှစ် အရွယ်၌ ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာ (Sir. Spencer Harcourt Butler) ၏ အမှုထမ်းကောင်းလက်မှတ်နှင့် ရွှေဘယက်ဆုတံဆိပ်ကို ၁၉၂၇ ခုနှသ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ချီးမြှင့်ခံခဲ့ရသည်။

အမှုထမ်းကောင်း (A.T.M) လက်မှတ်တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်-

မန္တလေးမြို့။ ရှမ်းပွဲကြီးရပ်။ သဘင်သည်မငွေမြိုင်သို့။ အသနားတော်မြတ်ခံစေသည့် အမှုထမ်းကောင်းလက်မှတ်။

မငွေမြိုင်သည် ဆယ့်တစ်နှစ်သမီးအရွယ်ကစ၍ မြန်မာသဘင်ပညာဖြင့်။ အသက်မွေးမှုပြုခဲ့ရာ လုံ့လ၀ီရိယရှိခြင်းကြောင့်။ ယခုအခါတွင် ပြည်သူတို့သဘောအလျောက် ချီးမြှင့်ကြသည့် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလေသည်။ မငွေမြိုင်သည်။ မြန်မာပြည်၌။ ခေါင်းဆောင်သဘင်သည်တစ်ဦးဖြစ်သည့်အပြင်။ ဇာတ်မင်းသားအပေါ်တို့တွင်။ ဦးဘိုးစိန်သည် ကျော်ဇောထင်ရှားသကဲ့သို့။ ဖာတ်မင်းသမီး အပေါင်းတို့တွင်လည်း မငွေမြိုင်သည် ကျော်ဇောထင်ရှားလေသည်။

သည်ကဲ့သို့ ပင်ကိုယ်ဥာဏ်နှင့်ပြည့်စုံသည်ကို။ မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းကြီးက အားရနှစ်သက် တော်မူ၍။ မငွေမြိုင်သို့။ ယခုလက်မှတ်နှင့်တကွ။ ရွှေဘယက်တံဆိပ်အသနားတော်မြတ်ခံစေသည်။

ရန်ကုန်မြို့။
ဇန်န၀ါရီလ (၁)၊ ၁၉၂၇ ခု။
ဟာကုတ်၊ ဘတ်တလာ။
ဘုရင်ခံမင်း။ မြန်မာနိုင်ငံတော်။

ဤသို့ထင်ပေါ်၍ စင်တော်က ကောက်ခံရသည့်တိုင် မငွေမြိုင်သည် မိမိဇာတ်ကို ဂုဏ်သတင်းမပျက်ရလေအောင် ဇာတ်ဆင်ရခြင်း၊ ဇာတ်တက်ရခြင်း၊ ထိန်းသိမ်းရခြင်း၊ ဆန်းသစ်တီထွင်ရခြင်း စသော အမှုကိစ္စများကို နေ့စဉ်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ရလေသည်။ ထိုမျှသာမက ကိုယ်တိုင်အငြိမ့်ပွဲကပြရခြင်း၊ မိမိ၏တတ်စွမ်းသမျှသဘင်ပညာကို လာရောက်ဆည်းပူးသော တပည့်များကို မျှဝေသင်ကြား ပြသရခြင်း စသော တာဝန်များနှင့် အိမ်ထောင်တာဝန်ကို ထမ်းရွက်ရသေးသည်။ နောက်ပိုင်းတွင် မငွေမြိုင်သည် အချိန်ပိုင်းမျှ သာ ပါဝင်ကပြ၍ မိမိကိုယ်စား မြန်မာအဆွေအေးတင်ကို လွှဲအပ်၍ ကပြစေသည်။ အားလပ်ချိန်များတွင် သဘင်ပညာသင်သူများကိုသာ စေတနာအပြည့်အ၀ဖြင့် စိတ်လက်ရှည်စွာ ပြသနေတော့သည်။

မငွေမြိုင်၏ တပည့်ပညာသည်များတွင် နိုင်ငံကျော်လင်္ကာကျော်စွာဘွဲ့ရ ရွှေမန်းတင်မောင်၊ ငြိမ်းချမ်းရေးညွန့်တင်၊ ရွှေမန်းဘိုကေ၊ ရွှေမန်းချစ်တင်၊ ရွှေမန်းကျော်တင့်၊ ရွှေမန်းညွန့်လှိုင်၊ ရွှေမန်းလှဖေ၊ ပျော်တော်ဆက်မတင်အောင်၊ ရတနာပုံခင်ကြည်တို့သည် ထင်ရှားခဲ့သူ ဖြစ်သည်။

ထို့နောက် ကြမ္မာဂြိုဟ်ဆိုးသည် မငွေမြိုင်ကို မွှေလေတော့သည်။ ရာသက်ပန်ပေါင်းဘက်လာခဲ့သော ခင်ပွန်းသည် ကိုကိုကြီးသည် မငွေမြိုင်ကို သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ထားရစ်ကာ ကွယ်လွန်သွားခဲ့လေသည်။ ပထမအိမ်ထောင်ဦးကိုကိုကြီးကွယ်လွန် သွားပြီးနောက် မြခြေကျင်း မငွေမြိုင်သည် ရွှေဘိုမြို့သူကြီး ဦးရဲဒင်နှင့် ထပ်မံလက်ဆက်ခဲ့ပြန်သည်။ သို့သော် အကြောင်း မတိုက်ဆိုင်သဖြင့် အိမ်ထောင်သက်မရှည်မှာပင် ကွာရှင်းပြတ်စဲခဲ့လေသည်။ ရွှေဘိုမြို့သူကြီး ဦးရဲဒင်မှာ မြန်မာမင်းများလက်ထက် ပြည်ကြီးဝန်ဦးမော့မှ ဆင်းသက်လာသူဖြစ်သည်။

ဂျပန်ခေတ်ကာလအတွင်း မြခြေကျင်းငွေမြိုင်သည် မန္တလေးဘုရားကြီး တိုက်အနောက်ပေါက် နယားတိုက်၌ ၀င်ရောက်ခိုလှုံနေထိုင် ခဲ့ရပြီး ၀မ်းရေးအတွက် ကိတ်မုန့်နှင့် မြေပဲယိုလုပ်ကာ ရောင်းချခဲ့ရသေးသည်။ စစ်ကြီးပြီးမှ ရှမ်းပွဲရပ်သို့ ပြန်ရောက်လာသည်။

မငွေမြိုင်သည် သားသမီးများကို ၄င်းကဲ့သို့ သဘင်သည်များ ဖြစ်မလာစေချင်ပေ။ ခေတ်ပညာတတ်များဖြစ်စေရန်သာ ကြိုးစားပညာ သင်စေသည်။ သို့သော် ၄င်းဆန္ဒအားလုံးမပြည့်ဝခဲ့ပေ။ အကြောင်းမှာ မငွေမြိုင်သည် သားကလေးမောင်မောင် မမျှော်လင့်ဘဲ ဆုံးပါးခဲ့ပြန်ရာ သံဝေဂရ၍ အသက် ၄၀ ပြည့်နှစ်တွင် ဇာတ်အဖွဲ့ကို ဖျက်သိမ်း၍ ဇာတ်သဘင်လောကမှ အနားယူခဲ့လေသည်။

အနားယူပြီးနောက် မန္တလေးမြို့ ရှမ်းပွဲရပ်ရှိ မိမိကိုယ်ပိုင်အိမ်ကလေး၌ပင် နဂါးဆေးလိပ်ကိုယ်စားလှယ်ယူကာ ဆေးလိပ်ရောင်းချ၍ ဘ၀ကို ဖြစ်သလို ရပ်တည်ခဲ့သည်။ သို့သော် ပညာလိုသူ မည်သူ့ကိုမဆို ကျား မ  မရွေး၊ အဆင့်အတန်းမရွေး လာရောက်ဆည်းပူးသူ မှန်သမျှကို ဆရာစားမချန် သင်ကြားပြသပေးသည်။ တပည့်များ၏ ကန်တော့သမျှနှင့် ဆေးလိပ်ရောင်း၍ မြတ်သမျှကလေးနှင့် ဘ၀ကို ရင်ဆိုင်ဖြတ်သန်းခဲ့သည်။

ထို့နောက် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက အနုပညာရပ်များ ဖွံ့ဖြိုးတိုးတက်စိမ့်သောငှာ မန္တလေးမြို့၌ အနုပညာနှင့် ပန်တျာကျောင်း ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်လျှင်ဖွင့်ချင်း မြခြေကျင်းမငွေမြိုင်သည် အကနည်းပြဆရာအဖြစ် လျှောက်ထား လိုက်သည်။ သို့သော် မငွေမြိုင်အား ဇာတ်သမတစ်ဦးသာဖြစ်သည်။ ဇာတ်ခေါင်းဆောင်ရာတွင်သာ နိုင်နင်းသည်။ အကပညာတွင် မကျွမ်းကျင်ဟု ဆိုကာ သက်ဆိုင်ရာ ကျောင်းဘုတ်အဖွဲ့က ပယ်ချလိုက်လေသည်။

နိုင်ငံတော်တစ်ဝှမ်း သဘင်မိခင်ကြီး ဖြစ်ရုံသာမက အလင်္ကာကျော်စွာဘွဲ့ရအောင်ပင် ရွှေမန်းတင်မောင်ကဲ့သို့ တပည့်ပေါင်းများစွာ မွေးထုတ်ပေးခဲ့သော မြခြေကျင်းမငွေမြိုင်အား အကပညာမကျွမ်းကျင်ဟုဆိုကာ ပယ်ချလိုက်သဖြင့် မငွေမြိုင်သည် ၀မ်းမနည်းခဲ့ပေ။ အနုပညာနှင့် ပန်တျာကျောင်း၌ အနုပညာနှင့် ပတ်သက်၍ နကန်းတလုံးကိုပင် လုံးဝမသိသော အရည်အချင်းမရှိသူများမင်းမူနေသဖြင့် ကျောင်းအနာဂတ်အတွက်နှင့် အနုပညာအတွက်သာ ၀မ်းနည်းမိခဲ့လေသည်။

မည်သို့ဆိုစေ…. မင်းသမီးကလေးမထွေးလေး၊ ရုပ်သေးမင်းသမီးကြီး ဆရာပုတို့၏ နောက်တွင် ပေါ်ထွက်လာသော တတိယသဘင် ခေတ်၌ ထင်ရှားခဲ့သော မြခြေကျင်းမငွေမြိုင်သည် လောကဓံတရားကို ရယ်သွမ်းသွေး၍ ဘ၀ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်ကျော်ကာ ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့၌ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။

စာကိုး
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၀။ စာပေဗိမာန် ပထမအကြိမ် ၁၉၆၆။
၂။ မိတ်ဆွေတစ်ဦး၊ `ရွှေမန်းမြို့က မြခြေကျဉ်း မငွေမြိုင်´ ရှုမ၀မဂ္ဂဇင်း (၁၉၅၆၊ အောက်တိုဘာလ) စာ ၆ မှ ၁၀။

Naing Oo Nyo (Phoe Zero) - Poem

လေးစားပါရစေ
နိုင်ဦးညို (ဖိုးဇီးရိုး)
ဧပြီ ၂၀၊ ၂၀၁၃

 
အမေရိကန် သမတကြီး
စာတွေအများကြီးတတ်လို့
လေးစားပါတယ်၊

အမေရိကန် သမတကြီး
စကားပြောကောင်းလို့
လေးစားပါတယ်၊

အမေရိကန် သမတကြီး
အလုပ်တွေအရမ်းလုပ်လို့
လေးစားပါတယ်၊

အမေရိကန်သမတကြီး
ငြိမ်းရေးရေးဆုတွေရလို့
လေးစားပါတယ်၊

အမေရိကန် သမတကြီး
ကျုပ်တို့ရွာ ရောက်ခဲ့ရင်
ကျုပ်မောင်းတဲ့ လှည်းကလေး
စီးရဲပါစေ …….၊

လေးစားချင်လွန်းလို့ပါ ….. ။။။

Kyaw Thu - FFSS Yangon Activity,

နှစ်သစ်ဦးအလှူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၀၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်နှင့်အမျှ ကူညီဖေးမမှုများအား အစဉ်အမြဲ မုဒိတာပွားကာ အားပေး ကူညီလှူဒါန်းခဲ့ကြသော ရပ်ဝေးရပ်နီးမှ မိဘပြည်သူ အလှူရှင်အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်သစ်ဦး အချိန်အခါကာလတွင် ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ထိုဆုတောင်း မေတ္တာနှင့်အတူပင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပွင့်ခဲ့ပြီးကုန်သော ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်၊ မိဘပြည်သူ အလှူရှင်အပေါင်းတို့၏ လှူဒါန်းမှု သဒ္ဒါတရားအား အမှူးထား၍ မကျွတ်မလွတ်ကြကုန်သော အပါယ်လေးပါး သတ္တဝါတို့အား ရည်စူးကာ နှစ်သစ်ဦးကောင်းမှုအဖြစ် အနယ်နယ် အရပ်ရပ်မှ ကြွရောက် သီတင်းသုံးတော်မူကြကုန်သော (ရန်ကြီးအောင် ဆင်းတုတော်၊ စကျင်အောင်တော်မူ ဆင်း တုတော်၊ ရှေးဟောင်းရှမ်းဘုရား၊ ကျောက်စိမ်းနက် ဆင်းတုတော်၊ အလိုတော်ပြည့်ယွန်းဆင်းတုတော်၊ မဟာမြတ် မုနိရုပ်ပွားတော်၊ ဆင်စီးမြင်းရံ ဆင်းတုတော်၊ မဟာသွံသာရ ဆင်းတုတော်၊ ရပ်တော်မူဗျာဒိတ်ပေး ကျွန်းပြန် ဆင်း တုတော်၊ သင်္ကန်းနက် ဆင်းတုတော်၊ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်၊ ပြဒါးအောင်ဘုရား၊ အင်းဝခေတ် ကြေးဆင်း တုတော်၊ ဗောဒိတစ်ထောင် ရုပ်ပွားတော်၊ သီရီလင်္ကာ ဗုဒ္ဓမြတ်စွယ်တော်) အစရှိသည့် ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းများကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၁၇.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် သံဃာတော် အရှင် သူမြတ်ငါးပါးအား ပင့်ဖိတ်ကာ အရုဏ်ဆွမ်းဆပ်ကပ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဗုဒ္ဓဆင်းတုတော်များအား အနေကဇာတင်ကာ ညနေပိုင်းတွင် ဝဋ်ကြွေးတော်ပြေ သာသနာပြုကျောင်းမှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "သုခ" ခန်းမအတွင်း၌ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြကာ အလှူရှင်ပေါင်းတို့နှင့် အပါယ်လေးပါး သတ္တဝါအပေါင်းတို့ကို နှစ်ဟောင်းတွင်ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် တို့အား အမျှပေးဝေ မုဒိတာပွား စေခဲ့ပါတော့သည်။
 


ထိုနှစ်သစ်တွင် ပြုလုပ်သော ကောင်းမှုကုသိုလ်တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "ပေးဆပ်သူ များ" သင်္ကြန်သံချပ်အဖွဲ့ သည်လည်း သင်္ကြန်ကာလအတွင်း မိဘပြည်သူအပေါင်းတို့အား ဖျော်ဖြေအသုံးတော်ခံ ခဲ့ကာ သင်္ကြန်အတက်နေ့ကိုကျော်လွန်ကာ နှစ်ဆန်းတစ်ရက်နေ့ နံနက် (၃းဝဝ) နာရီအချိန်တွင်မှပင် ဖျော်ဖြေရေး အစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့တော့သည်။ ယင်းသံချပ်အဖွဲ့အား အများပြည်သူအပေါင်းတို့မှ ချီးမြှင့်ငွေ ကျပ်သိန်း တစ်ရာလေးဆယ့်နှစ်သိန်းတစ်ထောင့်နှစ်ရာ ၁၄၂ဝ၁၂ဝဝိ/- ကျပ်အား ရရှိခဲ့ပါသည်။ ထိုငွေများကို "ပေးဆပ်သူများ" သံချပ်အဖွဲ့အနေဖြင့် မိမိတို့ကိုယ်ကျိုးအတွက် အသုံးမပြုပဲ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုအကျိုးပြု လုပ်ငန်း များတွင် အသုံးပြုသွားမည်။ မဟာသင်္ကြန် ကာလမတိုင်မီက ရန်ကုန်-လိုင်ဇာ ငြိမ်ချမ်းရေးလမ်းလျှောက်အဖွဲ့အား လည်း စစ်မှန်သော ငြိမ်းချမ်မှုကိုရရှိစေရန် ရည်သန်၍ သာသနဘောင်သို့ ရောက်ရှိစေရန် ပို့ဆောင်ပေးခဲ့ပြီး ဖြစ် သည်။ ထိုနေ့တွင်ပင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ရန်ကုန်လိုင်ဇာ ငြိမ်ချမ်းရေး လမ်း လျှောက်အဖွဲ့မှ လူငယ်တစ်ဦး ဂုဏ်ပြုရေးဖွဲ့ထားသော ကဗျာလေးအား မိဘပြည်သူများသိရှိ မုဒိတာပွားစေနိုင်ရန် အတွက်  မိဘပြည်သူအပေါင်းတို့အား တလက်စတည်း တင်ပြပေးလိုက်ရပါတော့သည်။


ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ဦး အခါသမယတွင် ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် အစုစုတို့အား (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့နှင့်တကွ အထူးအားဖြင့် အပါယ်လေးဘုံတွင် ရောက်ရှိနေကြသော သတ္တဝါပေါင်းတို့အား အစထားကာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု ပရဟိတလုပ်ငန်းများအား အစဉ်တစိုက် အားပေးကူညီ  လှူဒါန်းခဲ့ကြသော မိဘပြည်သူ ရဟန်းရှင်လူ အလှူရှင် ပေါင်း၊ မြန်မာနိုင်ငံသားအပေါင်း၊ ကမ္ဘာသူ ကမ္ဘာသားပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏ ထိုထိုသော ကုသိုလ်တို့အား မုဒိတာပွားကာ သာဓု … သာဓု … သာဓု .. ခေါ်တော်မူကြပါ ကုန်သော်….။

Last Boston Bomber caught alive



ဘော်စတွန်ဗုံးခွဲသူအဖြစ် စွပ်စွဲခံထားရသည့် ၁၉ နှစ် လူငယ်ကို အရှင်ဖမ်းဆီးရမိပြီ
မိုးမခသတင်းကောက်နုတ်ချက်၊ ဧပြီ ၂၀၊ ၂၀၁၃
ဧပြီ ၁၉ ၊ ညနေ ၇ နာရီခန့်မှာ ထွက်ပြေးလွတ်မြောက်နေသူ ဘော်စတွန်ဗုံးခွဲတရားခံအဖြစ် အစွပ်စွဲခံရသူ Dzhokhar A. Tsarnaev ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံအဖြစ်စွပ်စွဲခံရသူကို ၎င်းပုန်းအောင်းနေတဲ့ မော်တော်ဘုတ်အတွင်းမှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဆိုပါ ၁၉  နှစ်အရွယ် လူငယ် သေနတ် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး အနီးဆုံးဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။
(နောက်ဆုံး တရားခံဖြစ်သူ ညီအငယ်)

ဧပြီလ ၁၈ ရက်နေ့ ညနေခင်းကတည်းက အဆိုပါ တရားခံ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးရာမှာ ညီအကို ၂ ဦးအနက် အကြီးဖြစ်သူ ၂၆ နှစ်အရွယ် Tamerlan Tsarnaev  ကို ၁၉  ရက်နေ့  နံနက်ခင်း အစောပိုင်း ၂ နာရီခန့်မှာ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ပါတယ်။ ညီဖြစ်သူ ၁၉  နှစ်အရွယ် Dzhokhar ထွက်ပြေးလွတ်မြောက်သွားပြီး ထိုအချိန်ကစပြီး ဘွန်စတွန်မြိုံတော်တခုလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ပြီး ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြပါတယ်။ ရုံးများ၊ ကျောင်းများ၊ လုပ်ငန်းများသာမက ဘတ်စ်ကားလိုင်းများ၊ ကားများကိုပါ ရပ်ဆိုင်းထားပြီး ပြည်သူအများကိုလည်း နေအိမ်မှာပဲ နေထိုင်ခိုင်းခဲ့ပါတယ်။
(ညီအကို ၂ ယောက်၊ ဧပြီ ၁၅ ၊ မာရသွန်ပွဲမှာ)

၁၉ ရက်နေ့ နံနက်ခင်းက ပိတ်ဆို့ဖမ်းဆီးကြရာမှာ MIT ကျောင်းက ပုလိပ်ဝန်ထမ်းတဦး သေဆုံးပြီး အခြားပုလိပ်တဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ တဖက်နဲ့ တဖက် ပစ်ခတ်ကြရာမှာ တရားခံတွေဘက်က ဗုံးတွေ၊ သေနတ်တွေနဲ့ ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်လို့ ဆိုပါတယ်။
 ၂၆ နှစ်အရွယ် သေဆုံးသူ တရားခံ Tamerlan ကို ၂၀၁၀ ခန့်က ပြည်ပတိုင်းပြည်တခုက တောင်းဆိုလို့ အမေရိကန်အစိုးရက ခေါ်ယူစစ်ဆေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဆိုပါ ညီအကို ၂ ဦးဟာ နှစ်အနည်းငယ်ခန့်ကမှ အမေရိကန်ပြည်ထောင်စုကို ဂရင်းကတ်ဖြင့် အမြဲတန်းနေထိုင်ခွင့်ဗီဇာနဲ့ ရုရှားပြည်ထောင်စုက ချေချင်းပြည်နယ်ကနေ ပြောင်းရွှေ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အကိုကြီးဖြစ်သူက အမေရိကန်ပြည်အပေါ်မှာ မကျေနပ်မှုတွေ ထုတ်ဖော်ပြောဆိုလေ့ ရှိသူဖြစ်တယ်လို့ စုံစမ်းတွေ့ရှိကြပြီး ညီဖြစ်သူကတော့ အမေရိကန်လူနေမှုနဲ့ အဆင်ပြေစွာ နေထိုင်တယ်လို့ ဆိုပါတယ်။ ၁၉  ရက်နေ့ နေ့ခင်းမှာ သတင်းဌာနတွေက သူတို့ မိဘတွေဆီ ဆက်သွယ်မေးမြန်းရာမှာ သူတို့ကလေးတွေကို အမေရိကန်အစိုးရက မတရားစွပ်စွဲ ဖမ်းဆီးနှိမ်နှင်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံရေး လုပ်ကြံမှုတွေ၊ ဘာသာရေးလုပ်ကြံမှုတွေ လုပ်တာဖြစ်တယ်လို့ မိဘတွေက ပြန်လှန်စွပ်စွဲခဲ့ပါတယ်။ ချေချင်းပြည်နယ်ဟာ အစွန်းရောက် ဘာသာရေးအကြမ်းဖက်သမားတွေ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းပြည်ဖြစ်တာမို့ မိဘတွေက ခါးခါးသီးသီး ငြင်းဆိုကြတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ မေရီလန်းပြည်နယ်မှာ နေထိုင်သူ သူတို့ရဲ့ ဦးလေးတော့ သေဆုံးသူ အကြီးဖြစ်သူက အလကားကောင်လို့ ရှုတ်ချလိုက်ပါတယ်။ သူတို့ညီအကိုနဲ့ သိရှိသူတွေ၊ အမျိုးတွေကတော့ သူတို့ညီအကိုရဲ့ လုပ်ရပ်ကို ရှုတ်ချ ပြစ်တင်ကြပါတယ်။ ဘယ်အတွက်ကြောင့် ဒီလိုမျိုး အကျည်းတန်တဲ့ လုပ်ကြံမှု ကျူးလွန်သလဲဆိုတာ နားမလည်နိုင်ဘူးလို့ ပြောကြပါတယ်။

(လုပ်ကြံသူကို နောက်ဆုံးတွေ့လိုက်တဲ့ ခြေ ၂ ဖက်ပြတ်သွားတဲ့ လူနာ)

သူတို့ ၂ ဦးရဲ့ ဓာတ်ပုံတွေကို FBI က ၁၈  ရက် ညနေကမှ ထုတ်ပြန်ခဲ့ပါတယ်။  နာရီအနည်းငယ်အတွင်းမှာ အဆိုပါ ညီအကို ၂ဦးကို ခြေရာခံမိတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးထဲက တဦးကို ဗုံးမကွဲမီမှာ မျက်နှာချင်းဆိုင် ဆုံတွေ့ခဲ့သူတဦးကတော့ လက်ရှိ ခြေ ၂ ဖက်စလုံး ပြတ်တဲ့ ဒဏ်ရာရရှိခဲ့တဲ့ မာရသွန်ပြေးပွဲက လူနာ တဦး ဖြစ်ပါတယ်။ ညီအကိုထဲကတဦးက သူ့ခြေရင်းမှာ ဗုံးပါတဲ့ အိတ်ကို ထားရှိခဲ့တာ ဖြစ်ပါတယ်။ ထိုလူရဲ့မျက်နှာကို သူက နောက်ဆုံးအချိန်မှာ စေ့စေ့စပ်စပ် ကြည့်ခဲ့မိသူဖြစ်တာမို့ ဗုံးပေါက်ပြီး ခြေ ၂ ဖက်စလုံး ပြတ်တဲ့အထိ ဒဏ်ရာရပြီးနောက် ဆေးရုံမှာ သတိရရခြင်း ထိုသတင်းကို ပုလိပ်တွေကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ထုတ်ဖော်မှုကြောင့် FBI က ဓာတ်ပုံတွေ အများအပြားထဲကနေ ထိုညီအကို ၂ ဦးကို ဆွဲထုတ် ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၀မ်းနည်းစရာတချက်ကတော့ အဆိုပါ ခြေ ၂ ဖက်စလုံး စွန့်ခဲ့ရသူ သတင်းပေးတဲ့ လူနာမှာ ကျန်းမာရေး အာမခံ မရှိတဲ့အတွက် ကုန်ကျတဲ့ ဆေးကုသစရိတ်ကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၁၉ ရက် တနေ့ခင်းလုံး ပိတ်ဆို့တားဆီးထားတဲ့ ခြောက်သွေ့နေတဲ့ ဘော်စတွန်မြို့မှာ အပြင်းအထန်အလုပ်လုပ်ကိုင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အစိုးရတောင်းဆိုချက်နဲ့ ဖွင့်လှစ် ၀န်ဆောင်မှုပေးဆောင်နေတဲ့ စားသောက်ဆိုင်များကတော့ Dunkin Donut ကော်ဖီဆိုင်တွေဖြစ်တယ်။ ဒိုးနပ်ဆိုင်တွေက ကော်ဖီနဲ့ မုန့်တွေ သုံးဆောင်အားပေးပြီး လုံခြုံရေးဝန်ထမ်းတွေက လွတ်မြောက်နေတဲ့တရားခံကို ရှာဖွေကြရတာ ဖြစ်ပါတယ်။

(ဆေးရုံကားပေါ်မှာ တွေ့လိုက်ရတဲ့ တရားခံ)

အာဏာပိုင်တွေက လုံခြုံရေးအင်အား ၉  ထောင်ကျော်နဲ့ ပိတ်ဆို့ထားပြီး ရှာတဲ့နေရာမှာ နောက်ဆုံး မတွေ့နိုင်တော့ဘူး ထင်လို့ ညနေ ၆ နာရီမှာ အပြင်မထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ခဲ့ပါတယ်။ အဲသည်မှာ ရပ်ကွက်က အိမ်ရှင်အမျိုးသမီးတဦးက အိမ်နောက်ဖေးမှာ သိမ်းဆည်းထားတဲ့ မော်တော်ဘုတ်ကို သွားစစ်ဆေးတဲ့ဆီမှာ ဒဏ်ရာရနေတဲ့ တရားခံကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပုလိပ်တွေကို ချက်ခြင်းအကြောင်းကြားလိုက်လို့ လုံခြုံရေးအဖွဲ့တွေက ရောက်ရှိ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

( တရားခံပုန်းနေတဲ့ မော်တော်ဘုတ်)

ဧပြီလ ၁၅ ရက်နေ့က ဘော်စတွန်မြို့ နှစ်စဉ်ကျင်းပနေကျ အမျိုးသားနေ့ မာရသွန်ပြေးပွဲမှာ လက်လုပ် ဗုံး ၂ လုံး ပေါက်ကွဲပြီး လူ ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ၈ နှစ်အရွယ် ကလေး ၁ဦး၊ တရုတ်နိုင်ငံသား ကျောင်းသူ တဦး နဲ့ ၂၈ နှစ်အရွယ် အမေရိကန်အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ လူ ၂၀ ကျော် ပြင်းထန်စွာ ခြေလက် ပြတ်တောက် ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဧပြီလ ၁၇ မှာ သမ္မတအိုဘားမားကိုယ်တိုင် ဗုံးပေါက်ကွဲမှုဝမ်းနည်းခြင်းနှင့် ဆုတောင်းအခမ်းအနားကို တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ တရားခံအဖြစ် သံသယရှိသူ ၂ ဦးကို ဧပြီင်္လ ၁၈ရက်နေ့မှာ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပါတယ်။ ညနေခင်းမှာပဲ ခြေရာခံမိပြီး ဧပြီ ၁၉  ညနေခင်းမှာ တဦးကို အသေ၊ တဦးက ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ 

(လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်ခုတ်တီး ကြိုဆိုနေတဲ့ ဘော်စတွန်လူထု)

သမ္မတအိုဘားမားက ဖမ်းဆီးပြီး နာရီပိုင်းအတွင်း သတင်းကြေညာချက်ကိုယ်တိုင် ထုတ်ပြန်ခဲ့ပြီး ဘော်စတွန်က ပြည်သူတွေနဲ့ ရဲရင့်တဲ့ လုံခြုံရေးဝန်ထမ်းတွေကို ကျေးဇူးတင်တယ်၊ ဂုဏ်ယူတယ်လို့ ပြောကြားသွားပါတယ်။ အသက်မသေဘဲ ကျန်ရစ်သူတွေ၊ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့အတူ အမေရိကန်ပြည်သူတွေ အတူလက်တွဲရပ်တည်ပြီး ပြန်လည်ကုသရေးတွေ ထူထောင်ရေးတွေ လုပ်ကြမယ်လို့ ပြောသွားပါတယ်။ မူလအကြောင်းခံကိုလည်း ထုတ်ဖော်သွားမယ်လို့ ပြောပါတယ်။

Zay Hmine - Poem

ဘလက်ကော်ဖီ မိုးဦး
ဇေမှိုင်း
ဧပြီ ၁၉၊ ၂၀၁၃

 
ခဏခဏတမ်းတတဲ့
အမေ့ကောင်ကင်းမှာ
ကျနော့်ခြေတောက်တွေဆွဲလို့ မရ
ရုန်းလို့ မရ
အိပ်မက်တွေထဲမှာ တစ္ဆေအိပ်မက်တွေမက်တယ်ထင်တယ်
ခဏခဏ ခံစားရပါတယ်..။

ဟို လူကြီးကို
အဝေး က လှမ်းလှမ်းချစ်ရတာအားမရလို့ 
စကားပြောကြည့်တော့လဲ
ကျနော့် အိပ်မက်တွေထဲမှာ
ခြေတောက်တွေမှာလည်း မလှမ်းနိုင်ဘူး
ငုဝါတွေလည်းမပွင့်ဘူး
အဝေးရောက်သူများရေ
ပိတောက်ကို အခုမှချစ်တယ်လို့ ပြောရင်
ချစ်လိုက်ကြစမ်းပါ ဗျာ တို့  ရယ်။

ကုန်သွားခဲ့ပြီလားမသိပါဘူး
အခါး ခါး ခါး တွေကို
ဖြတ်ခဲ့ရတဲ့ ကိစ္စလေ။

ဒီလိုပါပဲ
အဲဒီလူကြီးတွေလဲ
အိပ်မက်ခါးခါးတွေကို 
လွန်ဆန်လို့ မရ
ခဏခဏ မက်နေကြမှာ
မြင်ယောင်သေးတယ်။

ရဲဘော်ဆိုတဲ့ သူများရေ
ကျနော့် အိပ်မက်မှာ
ခင်ဗျားတို့ မပါခဲ့ဘူး
ကြောက်လန့် တကြား
ရင်အုံချင်းထွေးပွေ့ လိုက်တဲ့သူတွေကြားမှာ
ခင်ဗျားတို့ မပါခဲ့ဘူး….။

Than Win Hlaing - Articles

သမိုင်းတကွေ့မှ ဗိုလ်မြင့်ဆွေ (ရဲဘော်သုံးကျိပ်)
သန်းဝင်းလှိုင်
ဧပြီ ၁၉၊ ၂၀၁၃


ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေကို ၁၉၁၁ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် သရက်တပင်ကျေးရွာ၌ အဖ ဦးဖိုးမောင်၊ အမိ ဒေါ်ငွေပင်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ကိုထွန်းခင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီးနောက် သခင်ထွန်းခင်ဖြစ်လာသည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မြင့်ဆွေဖြစ်လာသည်။

ငယ်စဉ်က ရွှေတောင်အမျိုးသားကျောင်း၌ စတင်ပညာသင်ကြားခဲ့ပြီး၊ ယင်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ထို့နောက် မင်းဘူးမြို့ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြား၍ သတ္တမတန်း အောင်မြင်ခဲ့သည်။ ၁၉၂၇ ခုနှစ် သီဟိုဠ် (ယခုသီရိလင်္ကာ) နိုင်ငံ ကိုလံဘိုမြို့ရှိ ဂျက်ဖနာဟိန္ဒူကောလိပ် (Jaffna Hindu College) တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဂျူနီယာကင်းဘရစ် (Junior Cambridge) တန်း အောင်မြင်ခဲ့သည်။

တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရေနံချောင်းမြို့၌ ကျင်းပသည့် တို့ဗမာအစည်းအရုံး၏ ပထမဆုံးအကြိမ် ညီလာခံတွင် ပြည်ခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ထိုညီလာခံမှနေ၍ သခင်ထွန်းခင်အား တို့ဗမာအစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ၁၉၃၆ ခု မြင်းခြံမြို့တွင် ကျင်းပသည့် တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ်မြောက်  ညီလာခံတွင် ဌာနချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ်ခြင်း ခံရသည်။ ၁၉၃၈ ခုနှစ် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ ဦးဆောင်သော တို့ဗမာအစည်းအရုံးတွင် ပါဝင်ခဲ့သည်။

ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် မြန်မာမျိုးချစ်လူငယ် စတုတ္ထအသုတ်နှင့်အတူ ၁၉၄၁ ခုနှစ် ဇူလိုင်တစ်ရက်တွင် ကိုရိယုမာရူးသင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ရှန်ဟိုင်းမှ လေယာဉ်ပျံဖြင့် ဂျပန်နိုင်ငံ ကျူရှူကျွန်း နဂါစကီမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၄၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ပျံဖြင့် သွားရောက်ကာ ၁၉၄၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။ ဂျပန်စစ်ပညာသင်တန်း တက်ရောက်စဉ် ဂျပန်အညမ်မှာ နာကာမူရာဟီတိုရှိ (Nakamura Hitoshi) ဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မြင့်ဆွေဖြစ်လာခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံအတွင်း မချီတက်မီ ပြည်တွင်းသူပုန်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ခဲ့ရာ၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ပြည်သူ့အရေး တော်ပုံပါတီဝင်များနှင့် တွေ့ဆုံပြီး ဂျပန်တပ်များအကြောင်းနှင့် မှာကြားလိုက်သော ကိစ္စများကို သတင်းပို့ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ ဖျာပုံမြို့၊ ဘိုကလေးမြို့နှင့် ကျိုက်လတ်မြို့တို့တွင် စစ်ပညာသင်တန်းပေးခြင်း၊ စစ်လက်နက်ငယ်သင်တန်းပေးခြင်းများကို ဆောင်ရွက်သည်။

ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေတပ်မတော် ဖျက်သိမ်း၍ ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းသောအခါ ဗိုလ်ကြီးရာထူးဖြင့် ရန်ကုန်စစ်ရုံးတွင် တာဝန်ထမ်းဆောင်သည်။ ထို့နောက် ပျဉ်းမနားစစ်ရုံးချုပ် တပ်ရင်း (၄)၊ ပဲခူးစံပြတပ်ရင်း၊ စစ်ဝန်ကြီးရုံးနှင့် လေ့ကျင့်ရေးဌာနချုပ်ရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်းအမှတ် (၄) (ပဲခူး၊ ရွှေကျင်၊ သထုံ) တွင် ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီတွင် ဗမာ့တပ်မတော်မှ နှုတ်ထွက်ခဲ့သည်။

ထို့နောက် ဖဆပလအဖွဲ့ချုပ်တွင် ပါဝင်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲသောအခါ သန့်ရှင်းဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အမတ်ဟောင်းအဖြစ် ပခုက္ကူအရှေ့ပိုင်း မဲဆန္ဒနယ်မြေမှ ၀င်ရောက်အရွေးခံရာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၆၀ မှ ၁၉၆၂ အထိ ပါလီမန်အတွင်းဝန် အဖြစ် ဆောင်ရွက်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေသည် ၁၉၄၃ ခုနှစ်တွင် ရွှေတောင်မြို့နေ ဦးဘိုးဆင်၊ ဒေါ်နှင်းဝေတို့၏ သမီးကြီး ဒေါ်ကြည်ကြည်ဝင်း နှင့် ထိမ်းမြားလက်ထပ်ရာ သားမောင်သိန်းဝင်း၊ ကိုကိုအောင်၊ မောင်ရဲမြင့်ဆွေ၊ ယခု ဘုန်းကြီးဝတ်နေသော ဦးနာရဒ၊ သမီးခင်မြတ်သူဆွေ နှင့် သားထွေး မျိုးမြင့်ဆွေတို့ ထွန်းကားခဲ့သည်။

ဗိုလ်မြင့်ဆွေသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရဲဘော်သုံးကျိပ်၏ အခန်းကဏ္ဍကို ဖော်ပြထားသည့် 'ရဲဘော်သုံးကျိပ် ကိုယ်တွေ့မှတ်တမ်း' စာအုပ်ကို ရေးသားခဲ့သည်။

၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

၁၉၇၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ နှလုံးသွေးကြောပိတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့် သားသမီးများဖြစ်ကြသော ဦးသိန်းဝင်း + ဒေါ်ကြင်ကြင်၊ ဦးကိုကိုအောင်၊ ဦးရဲမြင့်ဆွေ + ဒေါ်မို့မို့၊ ဘုန်းကြီး ဦးနာရဒ၊ ဒေါ်ခင်မြတ်သူဆွေ + ဦးစိုးပိုင်ဝင်း၊ ဦးမျိုးမြင့်ဆွေ တို့ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို လှိုင်သာယာမြို့နယ် ထိန်ပင်သုဿာန်၌ ဂူသွင်းသင်္ဂြိုဟ်ထားသည်။

Suspects from Boston Bombing arrested in Watertown, media speculated


 ဘော်စတွန်ဗုံးခွဲသူအဖြစ် သံသယရှိသူတဦးကို MIT ကျောင်းဝင်း၊ ၀ါတားတောင်းမြို့နယ်မှာ ဖမ်းမိဟုဆို
မိုးမခသတင်းကောက်နုတ်ချက်၊ ဧပြီ ၁၉ ၊ ၂၀၁၃
ဧပြီလ ၁၈၊ ညသန်းကောင်ယံ၊ ဘော်စတွန်မြို့နဲ့ ၆မိုင်ကွာ တက္ကသိုလ်မြို့ဖြစ်တဲ့ ၀ါးတားတောင်းမှာ သေနတ်ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လူတဦးကို အရှင်ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။ အဲသည်အရေးအခင်းမှာ ရဲသားတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမှုဖြစ်ပွားပုံအသေးစိတ်ကို သတင်းဌာနများက အပြည့်အစုံ မတင်ဆက်နိုင်သေးသော်လည်း တီဗီသတင်းဌာနများရဲ့ တို်က်ရိုက်ပေးပို့ချက်အရ ပြည်ထောင်စုအဆင့် လုံခြုံရေးဝန်ထမ်းများ၊ ပြည်နယ်ရဲများ အင်အားပေါင်းများစွာနဲ့ သံသယရှိသူ ၁ ဦး သို့မဟုတ် ၂ ဦးကို ၀ိုင်းရံ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတရားခံ ၂ ဦးခန့်ဟာ MIT နဲ့ ကိန်းဘရစ်ခ်ျ ကျောင်းဝင်းတွေရှိတဲ့ Watertownမြို့နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေတာကို လုံခြုံရေးအဖွဲ့က ပိတ်ဆို့ဖမ်းဆီးရာမှာ ဗုံးများ၊ လက်နက်များ ပေါက်ကွဲသံ၊ ပစ်ခတ်သံများစွာကို မျက်မြင်တို့က ကြားရတယ်လို့ ပြောပါတယ်။


သတင်းဓာတ်ပုံတခုမှာ တရားခံဟု ယူဆရသူကို လမ်းပေါ်မှာ မှောက်ရက်အနေအထားနဲ့ တွေ့ကြရပြီး ရဲတွေကို မောင်းပြန်သေနတ်တွေနဲ့ ချိန်ရွယ်ထားကြတာကို တွေ့ရပါတယ်။ ရပ်ကွက်တွင်း လုယက်မှု၊ ကားခိုးမှုအဖြစ် သတင်းပို့နေကြရာကနေပြီး အခုလို တရားခံအဖြစ် သံသယရှိသူကို ဖမ်းမိချိန်မှာ သတင်းဌာနတွေက လွန်ခဲ့တဲ့ တနလာင်္နေ့က ဘော်စတွန်မြို့တော် မာရသွန်ပွဲ ဗုံးဖောက်ခွဲသူတွေအဖြစ် ကောက်ချက်ဆွဲ ပြောဆိုလာကြတာ ဖြစ်ပါတယ်။ ယခုအချိန်အထိကတော့ FBI နဲ့ ရဲတပ်ဖွဲ့တို့က အတည်ပြုခြင်း လုံးဝမရှိသေးပါဘူး။
(ယမန်နေ့နေ့ခင်းမှာ အက်ဖ်ဘီအိုင်က အထက်ပါ သံသယရှိသူများကို ဓာတ်ပုံများ ပြည်သူထံ ထုတ်ပြန်ခဲ့ပါတယ်)

(သတင်းတင်ပြချိန် - ဧပြီ ၁၉ ၊ ညသန်းကောင်ယံ၊ ပစိဖိတ်အနောက်ဖက်ကမ်း စံတော်ချိန်)


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives