[Moemakadaily] Fwd: 6th May - MoeMaKa Daily
 ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ နှင့် နယူးယောက်မြန်မာမိသားစုများတွေ့ဆုံပွဲ                   
Date:   25  May 2013 (Saturday)
Time:  2:00 pm to 4:00 pm,
Place:   ANDRE & BELLA MEYER HALL OF PHYSICS
               ROOM # 101, New York UNIVERSITY 
               (4 WASHINGTON PLACE, NEW YORK, NY 10003)
- By Subway -
A, C or E train to "W 4 Street, Washington Square" Station (It is on 6th Ave, with entrances at W. 3rd St and at Waverly Place.
Walk East across Washington Sq Park to Washington Place near Broadway.)
 N or R train to "8 Street - NYU" Station (walk 2 blocks north of Washington Place on Broadway)
 6 Train to "Astor Place" station (walk 2 blocks north of Washington Place).
 Contact Persons -
Ma Mya Mya Soe  (917) 797-2134
Ma Shwe War (347) 229-4309
Ko Aung Khant (516) 808-1515
Ko Nay Tin Myint (347) 944-7341
Ko Phoe Khwar (917) 349-2169
မေလ ၅ ရက် - မိုးမခရေဒီယို ဆစ်ဒနီ
old-radio
မေလ ၅ ရက် - မိုးမခရေဒီယို ဆစ်ဒနီ
မိုးမခဥုံဖွနဲ့ လုလင်ငယ်သွေား - နိုင်ဦးညို၊ လွှမ်းမိုး၊ မောင်ရစ်
 သတင်းတိုထွာ၊ သီချင်းပဒေသာ
စစ်တပ်ကိုထောက်ခံသော ၀က်ဆိုက်အန္တရယ်များ - JACDB
ဆစ်ဒနီ မြန်မာအဖွဲ့အစည်းများနဲ့ ကျော်သူ၊ ရွှေဇီးကွက် လျပ်တပြက်မေးဖြေ
တပတ်အတွင်း တုန်လှုပ်ကြေကွဲဖွယ်ရာ သတင်း ၃ ပုဒ်
ကြေးနီတောင်အတွက် ပြည်လုံးကျွတ် ကုသိုလ်ပွားကြပါစို့ - မောင်လူရေး၊ မိုးမခ
ဆိုင်းဘုရင် စိန်ဗေဒါ နှစ် ၁၀၀ ပြည့် နောက်ဆုံးနေ့များနဲ့ သူ့လက်သံ - သန်းဝင်းလှိုင်၊ မိုးမခ
အထူးကဏ္ဍ - ကျော်သူကိုယ်ရေးရာဇ၀င် - ဦးစိန်ဝင်း၊ နဲ့ ကျော်သူအဖွင့်အမှာစကား
စီစဉ်သူများ - ဦးပန်တျာ၊ ဒေါက်တာဇင်မာထွန်း၊ နှင်းမြတ်ခိုင်၊ ဒေါက်တာလေးသဇင်
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)
ကာတွန်း ကူမိုးကြိုး - တပ်မတော်အတွက် အိမ်သာ ...
ကာတွန်း ကူမိုးကြိုး - တပ်မတော်အတွက် အိမ်သာ ...
မေ ၅၊ ၂၀၁၃
Shwe Pyi Soe - Articles
လူသေသော်လည်း နာမည်မသေ
ရွှေပြည်စိုး
မေ ၅၊ ၂၀၁၃
သရုပ်ဖော်ပန်းချီ - ပေါ်ဦးသက်
လူသေသော်လည်း နာမည်မသေသော ဆရာတော်များတွင် မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ လည်းပါဝင်ပါသည်။
ဆရာတော်သည် သက်တော် ၈၀၊ ၂၀၀၈ခု ဧပြီလ ၂၉ရက်နေ့ တွင် ပျံလွန်တော်မူသည်မှာ ၅နှစ်ပြည့်ပြီးဖြစ်သော်လည်း ဆရာတော်၏ ဘွဲ့ နာမကို ဆရာတော်နှင့် သက်တူဝါတူ၊ သက်ငယ်ဝါငယ် ဆရာတော်များ၊ တပည့် စာသင်သားများနှင့် ဆရာတော်၏ တပည့်ဒါယကာ ဒါယကာမများ၊ သာသနာပြုဖော်ပြုဖက်များက ယနေ့ တိုင် လွမ်းဆွတ် သတိရခြင်း အထိန်းအမှတ်ပွဲများ ယနေ့ တိုင် နှစ်စဉ် ကျင်းပလျက် ရှိကြပါသည်။
ဆရာတော်သည် မစိုးရိမ်ကျောင်းတိုက်တွင် သကျသီဟတန်း တက်နေစဉ်အတွင်း စာဝါလိုက်ဖေါ်လိုက်ဖက်များအားပြန်၍ စာချပေးခြင်းကို ကြည့်ခြင်းအားဖြင့် ဆရာတော်သည် သူများထက် ပင်ကိုယ်ဥာဏ် သာလွန်ထက်မြက်သကဲ့သို့  စာသင်သား သူငယ်ချင်းများအား စာပြန်ချပေးရာတွင်လည်း စာချဆရာတော်ကြီးများကဲ့သို့  တခမ်းတနားမဟုတ်ဘဲ ကြမ်းပြင်ပေါ်တွင် အတူထိုင်ပြီး ဆရာတပည့် ဒူးတိုက်ဆွေးနွေးသည့် ပုံစံဖြင့် ကူညီခြင်းဖြစ်၍ စာသင်ဖေါ် စာသင်ဖက် သံဃာများ၏ ချစ်ခင်ကြည်ညို လေးစားခြင်းခံရပါသည်။
သို့ ဖြစ်၍ စာချတန်းအောင်မြင်ပြီးသောအခါ စာချတန်းအောင်ပြီးသူများခြံရံလျက် မစိုးရိမ်ကျောင်းတိုက် တည်ထောင်တော်မူသော ဆရာတော်ကြီး ဦးသူရိယ ကိုယ်တိုင် ဆရာတော်ဦးကောဝိဒ သီတင်းသုံးရာကျောင်းသို့ သွားရောက်၍မစိုးရိမ်ကျောင်းတိုက်၏ စာချနာယက အဖြစ် ချီးမြှင့်တော်မူသည်။
ဆရာတော် ဦးကောဝိဒသည် စာချဆရာတော်အဖြစ်ဖြင့် မစိုးရိမ်ကျောင်းတိုက်တွင် စာဝါပို့ ချရုံမက ဥပုသ်နေ့ များတွင် ဒါယကာ ဒါယိကာမများအား ဓမ္မာရုံတွင် တရားချီးမြှင့်ခြင်း၊ ၀ါတွင်းတွင် မန္တလေး မြောက်ပြင် မျက်စိ၊ နား နှခေါင်းဆေးရုံအနီးရှိ  ဓမ္မာရုံကြီးသို့ ကြွရောက်၍ အဘိဓမ္မာသင်တန်းများပို့ ချသည့်အပြင် နွေရာသီတွင်လည်း ရန်ကုန်မြို့ ငွေကြာယံကျောင်းတိုက်သို့ ကြွရောက်၍ ပါရာဇိကဏ် စာဝါများ ပို့ ချပေးပါသည်။
ဤသို့ ဖြင့် ဆရာတော်ဦးကောဝိဒသည် ဘာသာ သာသနာတော် မညှိုးမခြောက် မကွယ်ပျောက်စေရန် အားရက်နားရက် မယူဘဲ ကြိုးစားအားထုတ်သဖြင့် ဘုရားသားတော် ရဟန်းတော်များ သာမက ဗုဒ္ဓဘာသာဝင် သူတော်စင် အမျိုးသားကောင်း အမျိုးသမီးကောင်း များ၏ ကြည်ညိုလေးစား အားထားရာ ဆရာတော်တပါး ဖြစ်လာသည်သာမက ယခင်ကထက်ပို၍ ထင်ရှားကျော်ကြားခဲ့ပါသည်။
တဖန် ၂၀၀၇ခု စက်တင်ဘာ ၂၆ရက်နေ့ တွင် နအဖ စစ်အစိုးရက သံဃာများအား အကြမ်းဖက် နှိမ်နှင်းသည်ကို စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ဤတွင် သံဃာတော်မျာအရေး ကာကွယ်ပေးရန် ရည်သန်၍ ပီနန်းဆရာတော်ကြီး ဦးပညာဝံသနှင့်အတူ "သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ ချုပ်" (IBMO) ကို ကမ္ဘာ့ အရပ်ရပ်မှသံဃာတော် ၅၁ပါးဖြင့် ၂၀၀၇ အောက်တိုဘာ ၂၇ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိမြို့ ရှိ ပီနန်ဆရာတော်ကြီးကျောင်းတွင် ဖွဲ့ စည်းခဲ့ပါသည်။
ဆရာတော်ဦးကောဝိဒသည် ပဓါနာစေရ နာယက ဆရာတော်ကြီးအဖြစ် တာဝန်ယူ၍ ပီနန်ဆရာတော်ကြီးက ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ကြပါသည်။
ဆရာတော်ဦးကောဝိဒသည် သံဃာအရေးတွင် ထိပ်ဆုံးမှ ပါဝင်ဦးဆောင်လာခြင်းဖြင့် ပြည်တွင်းသာမက ပြည်ပရှိ လူမျိုးခြား တိုင်းတပါးသားများကပါ ဆရာတော်၏ ဆောင်ရွက်ချက်များကို ချီးကျူး၍ အသိအမှတ်ပြုလာကြသည်။ သို့ ဖြစ်၍စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများကို ရဲဝံစွာ ရင်ဆိုင်ခဲ့ကြသည့် မြန်မာသံဃာတော်အား အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ ၊ ဆန်ဖရန်စစ္စကို တက္ကသိုလ် အဓိပတိ ခရစ်ယန်ဘုန်းကြီး ပရီဗက်က ဂုဏ်ထူးဆောင်ဘွဲ့ ( Doctor of Humane Letters )ကို St. Ignatius Church တွင် ချီးမြှင့်ရာ ဆရာတော် ဦးကောဝိဒက မြန်မာသံဃာတော်များကိုယ်စား ၂၀၀၇-၁၀-၁၄ ရက်နေ့ ကလက်ခံရယူခဲ့ပါသည်။
၂၀၀၈-၄-၂၇ ရက်နေ့ တွင် နယူးယောက်မြို့  ကွင်းစ်ကောင်တီရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ချုပ်ရုံးခန်းကို "ညီမူရာခန်းမ"ဟူ၍ ဆရာတော်ကိုယ်တိုင် အမည်နာမပေးခဲ့ပါသည်။
ထိုသို့ အမည်ပေးပြီးနောက် ၂ရက်အကြာ (ဧပြီလ ၂၉ရက်) ဘရွက်ကလင် ရပ်ကွက်ရှိ မစိုးရိမ် သာသနာ့ ဇောတိကကျောင်းတွင် သီတင်းသုံးနေစဉ် နှလုံးရောဂါဖြင့် ပျံလွန်တော်မူသွားရှာပါသည်။
ဆရာတော် ပျံလွန်တော်မူသွားပြီးသော်လည်း ဆရာတော်၏ ကျေးဇူးတော်ကို အမှတ်ရသောအားဖြင့် နိုင်ငံဒေသအလိုက် တပည့်သားမြေးများက နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်ပွဲများ ကျင်းပကြပါသည်။
သို့ ဖြစ်၍ ဆရာတော် ဦးကောဝိဒါဘိဝံသသည် လူပင်သေငြားသော်လည်း ဆရာတော်၏ ဘွဲ့ နာမသည် မသေကြောင်း ယနေ့ တိုင် ရဟန်းပြည်သူများ၏ ၅နှစ်မြောက်အထိမ်းအမှတ်ပွဲက သက်သေပြလျက်ရှိကြောင်း တင်ပြအပ်ပါသည်။
စာဖတ်သူ သူတော်စင်များ ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသအား ပိုမို၍ ကြည်ညို လေးစားကြစေရန် ဆရာတော်ကြီး၏ ပညာအရည်အချင်းနှင့် စွမ်းဆောင်ချက်များကို အကျဉ်းမျှတင်ပြပါမည်။ ၎င်းတို့ မှာ(၁)ပညာအရည်အချင်း - စေတိယင်္ဂဏ ဓမ္မာစရိယ၊ ပရိတ္တိသာသနဟိတ ဓမ္မာစရိယ၊ သာသနဓဇသိရီပ၀ရ ဓမ္မာစရိယ၊ ဘွဲ့ များရရှိထားပြီးဖြစ်ပါသည်။ ဆရာတော်ကြီးသည် အစိုးရက ချီးမြှင့်သည့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ကို ငြင်းပယ်ခဲ့သည်။ "မင်းဆိုးမင်းညစ်ကပေးတဲ့ ဆုတံဆိပ်ကို ငါလက်မခံ" ဟုဆိုကာ ငြင်းပယ်ခဲ့ခြင်းဖြစ်ပါသည်။
(၂) ပြုစုပြီးကျမ်းများ - မစိုးရိမ် ပါရာဇိကဏ် ( ပထမတွဲ၊ဒုတိယတွဲ၊တတိယတွဲ ) ၊ မစိုးရိမ် သီလက္ခန်အဖြေ၊ မစိုးရိမ် အဌ သာလနီအဖြေကျမ်းများနှင့် တိပိဋက ပါဠိမြန်မာ အဘိဓါန်ကျမ်း (အဖွဲ့ ဝင်) တို့ ကိုရေးသားပြုစုခဲ့ပါသည်။
(၄) သာသနာပြုလုပ်ငန်း - ပြည်တွင်း သာသနာပြု လုပ်ငန်းများအပြင်၊ ပြည်ပသာသနာပြုလုပ်ရန် စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံဂျပန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ များသို့ ကြွရောက်တော်မူပြီး တရားဒေသနာတော်များကို ဟောကြား ချီးမြှင့်၍သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲ့ကြောင်းသိရပါသည်။
(၅) ထူးခြားချက် - ဆရာတော် ဦးကောဝိဒါဘိဝံသ ၏ ထူးခြားချက်မှာ - ပါရာဇိကဏ် အဋ္ဌကထာကျမ်း ပို့ ချရာတွင် အထူးအောင်မြင်ကြောင်းသိရှိရပါကြောင်း ။   ။
Saturday, May 4, 2013
Than Win Hlaing - Articles
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးကို ဆန်းစစ်လေ့လာခြင်း
သန်းဝင်းလှိုင် 
မေ ၅၊ ၂၀၁၃
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု အသီးသီးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံတနိုင်ငံဖြစ် ပေသည်။
            သို့သော် မြန်မာနိုင်ငံ၌ အဓိကလူမျိုးကြီး ရှစ် မျိုးရှိပြီး မျိုးနွယ်စုပေါင်း ( ၁၃၅ )မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းနေမှု ကို တိုင်းရင်းသားပါတီ ခုနစ်ပါတီဖြင့် စုဖွဲ့ထားသော "ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း" က ကန့်ကွက်ကြောင်း
၂၀၁၃ ခုနှစ်၊မတ်လ ၂ ရက်နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့သော နှစ်လတကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
            ၂၀၁၃ ခုနှစ်၊ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း(ရွာငံ)
မဲဆန္ဒနယ်၏ မေးခွန်းကိုဖြေကြားရာတွင် သုံးနှုန်းပြောဆိုမှုကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ကန့်ကွက်ခဲ့ခြင်း
ဖြစ်သည်။
            " လွှတ်တော်မှာ လဝက ဒုတိယဝန်ကြီး ဦးဝင်းမြင့်က တိုင်းရင်းသား ၁၃၅ မျိုး နာမည်တွေချပြတယ်၊ နာမည်ထပ်
နေတာတွေ့ရတယ်။  ရှမ်းမှာဆိုလျှင် ရှမ်း၊ရှမ်းကြီး၊တိုင်းလျမ်တို့ဆို တမျိုးတည်းပဲ" ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးအောင်က ပြောကြားခဲ့သည်။"
            တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်ဟု သုံးနှုန်းခြင်းသည် မျိုးနွယ်စုများလွန်း၍ တစ်မျိုးစီ၏ အခွင့်အရေးအား သီးခြား ဆောင်ရွက်ပေးရန်ခက်ခဲသည်ဟု နိုင်ငံရေးအရ အကြောင်းပြရန် ဖြစ်နိုင်သည်ဟု ၎င်းးကမှတ်ချက်ချခဲ့သည်။ ၎င်းကပင် -
" တိုင်းရင်းသားရှစ်မျိုးထဲမှာ ဗမာကလွဲပြီး၊ကျန်တဲ့ တိုင်းရင်းသားတွေက လက်ခံနိုင်တဲ့ အနေအထား မရှိဘူး၊ ပြန် ပြီးစိစစ်ဖို့လိုပါတယ် " " စာရင်းပြုစုဖို့လိုတယ် လို့ပြောချင်ပါတယ် " ဟူ၍ဖြည့်စွက်ပြောကြားသွားခဲ့သည်။
            ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ ဆောင်းပါးရှင် မြန်ပြည် သား ရေးသားခဲ့သော " တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုး နေထိုင်ရာ တို့ ပြည်ထောင်စုမြန်မာနိုင်ငံ " ဆောင်းပါး၌ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး၏ စာရင်းကို အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။( သို့သော် ၂၀၁၃ မတ် ၁၃ ရက်နေ့ထုတ် Northern Star ဂျာနယ်၌ ရဲစွမ်းသူ၏ " နိုင်ငံတော့်မျက်နှာ " ဆောင်းပါး၌ အချို့တိုင်းရင်းသားလူမျိုးစု၏ အ
မည်များကို မှားယွင်းစွာဖော်ပြထားပါသည်။)
Tu Maung Nyo - The prize of Thein Sein for his Cronies
ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ပြုတဲ့ရေစင် သို့မဟုတ် နိုင်ငံ့စွမ်းဆောင်ရည်ဆု
တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မေလ ၄ ရက်)
လာပြန်ပြီ  "နိုင်ငံ့စွမ်းဆောင်ရည်ဆု"တဲ့။
ဆုက ၃ မျိုးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု နှင့် နိုင်ငံ့စွမ်းဆောင်ရည်ဂုဏ်ပြုလက်မှတ် ဆိုပြီးဖြစ်ပါတယ်။
(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ "ထွင်"လိုက်ပြန်တဲ့"နိုင်ငံ့စွမ်းဆောင်ရည်ဆု"ဆိုတာတွေပေးတဲ့အထဲမှာ "နိုင်ငံရေး"ဆောင်ရွက် ချက်ကို ဦးတည်ပြီးပေးတဲ့ဆု မပါဘူးဆိုတာ ပြည်သူအားလုံးသတိပြုမိလိုက်ကြမှာပါ။
            ဗိုလ်နေဝင်း (မဆလ) ထွင်ခဲ့တဲ့ "နိုင်ငံ့ဂုဏ်ရည်ဆု၊ လွတ်လပ်ရေးမော်ကွန်းဝင်" စတဲ့ ဆု/ဘွှဲမျိုးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မှုနဲ့ ပါဝင်ခဲ့သူ ပုဂ္ဂိုလ်များကို ပေးတာဖြစ်ပါတယ်။ ဗိုလ်နေဝင်းပေးတဲ့ ဆုကို  နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တိုင်းက လက်ခံခဲ့တာမဟုတ်ပါဘူး။
            နိုင်ငံရေးဆောင်ရွက်ချက်ကို ဦးတည်ပြီးပေးတဲ့ဆုကို (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအနေနဲ့ပေးလို့မဖြစ်ပါဘူး။ အကြောင်း ၂ ချက်ရှိပါတယ်။
            ပထမအကြောင်းအချက် (အဓိကလည်းဖြစ်ပါတယ်) က "၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး" ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အဓိကကျတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ "၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး"နဲ့ နောက်ဆက် တွဲနိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊နိုင်ငံရေးလှုပ်ရှားသူများကို(နဝတ-နအဖ)စစ်အစိုးရက အကြမ်း ဖက်ဖိနှိပ်ချေမှုန်းခဲ့တဲ့အချက်ဖြစ်ပါတယ်။
            ဒုတိယအကြောင်းအချက်က (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဟာ  (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးမှုမှာ ပါဝင်ခဲ့ကြသူများဖြစ်ပြီး။ (နဝတ-နအဖ)စစ်အစိုးရရဲ့ အာဏာအမွေခံ စစ်တပိုင်းအစိုးရဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီအကြောင်းအချက် ၂ ခုကြောင့် နိုင်ငံရေးဆိုင်ရာဆုပေးလို့မဖြစ်ပါဘူး။ ဖိနှိပ်အုပ်စိုးသူက တော်လှန်ပုန်ကန်သူကို ဂုဏ်ပြုဆု ပေးစရာအကြောင်း လုံးဝမရှိပါဘူး။ ကြီးလေးတဲ့ပြစ်ဒဏ်တွေပဲ ပေးလေ့ရှိပါတယ်။  ပြစ်မှုကျူးလွန်သူလို့ပဲသတ်မှတ်ပါတယ်။ ပြစ်ဒဏ်ကျ အကျဉ်းသားလို့သာသတ်မှတ်ပါတယ်။ "နိုင်ငံရေးအကျဉ်းသား"လို့မသတ်မှတ်ပါဘူး၊ အသိအမှတ်မပြုဘူး။
ဒါကြောင့် (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက သူတို့ပေး တဲ့" ဆု" အမျိုးအစားတွေထဲမှာ "နိုင်ငံရေး" ဆောင်ရွက်ချက်နဲ့ သက် ဆိုင်တဲ့ဆု တစ်ခုမျှ မပါရှိတာပါပဲ။
 တကယ်တန်း ဘွဲတို့၊ ဆုတို့၊ တံဆိပ်တို့ ပေးကြမယ်ဆိုရင်လည်း "၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး"နဲ့ နောက်ဆက် တွဲနိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်မှာ အသက်ခန္ဓာနဲ့ဘဝကို စွန့်လွှတ်အနစ်နာခံကာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ် ရှား သူများနဲ့ ကျန်ရစ်သူ မိသားစုဝင်များကိုသာပေးအပ်ကြရမှာမဟုတ်ပါလား။
 ဒီကနေ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများဘက်ကပြောရရင် ဆုတို့၊ ဘွဲ့တံဆိပ်တို့၊ ဒီမိုကရေစီလှုပ်ရှားမှုအထိမ်းအမှတ် ၊ အဆောက်အအုံ စတာတွေကို ပေးနိုင်၊ တည်ဆောက်နိုင်ဖို့နေနေသာသာ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများဘက် စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ခွင့်လွှတ်ကျေအေးပါကြောင်း "သင်ပုန်းချေသပြေပန်း" ကမ်းပြီး၊ "ပြန်လည်သင့်မြတ်ရေးခြေလှမ်းတွေ"  ဘယ် လိုပင် ကမ်းနေ၊ လှမ်းနေခဲ့သော်လည်း  (နဝတ-နအဖ) အစိုးရရဲ့ အာဏာအမွေခံ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက သူတို့ကျူးလွန်ခဲ့သမျှ နိုင်ငံရေးရာဇဝတ်မှုကြီးတွေအတွက်တောင်းပန်စကားမဟတဲ့ အပြင် "၂၀၀၈အခြေခံဥပဒေကတ္တီပါ" အုပ်ထားတဲ့ စစ်အာဏာရှင်သံလက် သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမြဲ၊ ဆုပ်ထားဆဲအနေအထားဖြစ်ပါတယ်။
 အဲဒီလိုဘွဲ့တို့၊ဆုတို့၊ ဒီမိုကရေစီလှုပ်ရှားမှုအထိမ်းအမှတ်အဆောက်အအုံတို့ ဆိုတာမျိုးကလည်း တကယ့်စစ်မှန်တဲ့ဒီမိုကရေစီ အစိုးရမျိုးကသာပေးသင့်တာပါ၊  တည်ဆောက်သင့်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရမျိုးကပေးမှ၊ တည်ဆောက်မှလည်း ဂုဏ် နဲ့ ဒြပ် ကိုက်ညီပါလိမ့်မယ်၊ မဟုတ်ရင် ဗိုလ်နေဝင်းပေးတဲ့ နိုင်ငံ့ဂုဏ်ရည်တို့ လွတ်လပ်ရေးမော်ကွန်းဝင်ဆုတွေလို ဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် အဓိကကျတဲ့အချက်တစ်ခုကလည်း  ဒီမိုကရေစီအရေးမှာ အသက်ခန္ဓာနဲ့ ဘဝကိုစွန့်လွှတ်ပြီး ပါဝင်ခဲ့ကြသူတွေဟာ မျှော်လင့်ချက်၊ မျှော်ကိုးချက်နဲ့ ပါဝင်ခဲ့ကြတာ မဟုတ်ပါဘူး။ "နိုင်ငံရေးဆိုတာ မစားကောင်းတဲ့အသီး" ဆိုပြီး ဝေးဝေးရှောင်နေခဲ့ကြတာ မဟုတ်ဘဲ။ မိမိပခုံးပေါ်ကျရောက်လာတဲ့ သမိုင်းပေးတာဝန်ကို ရဲဝံ့ပြတ်သားစွာ ထမ်းဆောင်သွားကြတဲ့သဘော၊ ထမ်းဆောင်ခဲ့ကြတဲ့ သဘောသာဖြစ်ပါတယ်။ ဘွဲ့တွေ၊ဆုတွေ၊တံဆိပ်တွေရဖို့ နဲနဲမှ မျှော်မှန်းခဲ့ကြတာမဟုတ်ပါဘူး။ ထို့အပြင် လူမှုရေး/ကျန်းမာရေး နယ် ပယ်မှာ လူမှုကူညီရေးလုပ်နေကြသူတွေကလည်း ဘွဲ့၊ တံဆိပ်၊ ဂုဏ်ပုဒ်တွေ ရမှ ရပါစေတော့ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေကြတာ မဟုတ်ပါဘူး။ လူမှုရေး/ကျန်းမာရေးနယ်ပယ်မှာ မြင်မကောင်းရှုမကောင်းဖြစ်နေတဲ့ လူမှုရေးကျန်းမာရေးအနိဌာရုံတွေကို တစ်ဖက် တစ် လမ်းကနေ လူမှုတာဝန်သိစိတ်နဲ့ တတ်နိုင်သမျှ ကူညီကြတဲ့သဘောမျှသာဖြစ်ပါတယ်။
ပြည်သူအားလုံးရဲ့ပင်မရည်ရွယ်ချက်က (မဆလ) တစ်ပါတီ အာဏာရှင်စနစ် ၊(နဝတ-နအဖ) စစ်အာဏာရှင်စနစ်၊ စစ်တစ် ပိုင်း အာဏာရှင်စနစ် ဖျက်သိမ်းပြီး တိုင်းပြည် မှာ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့သာ ပဓါနဖြစ်ပါတယ်။  
ဒါကြောင့် " နိုင်ငံရေးလှုပ်ရှားမှုနဲ့ နိုင်ငံရေးသမားများအပေါ် အညှိုးအာဃာတကြီးမားတဲ့။ " နိုင်ငံရေးအကျဉ်းသားမရှိဘူး" လို့ တွင်တွင်ငြင်းဆိုနေတဲ့(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ "လွတ်ငြိမ်းချမ်းသာခွင့်" မပေးလိုတဲ့၊ မပေးချင်တဲ့၊ ပေးဖို့ စိတ်ဆန္ဒလုံးဝမရှိတဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအဖို့ နိုင်ငံရေးဆိုင်ရာဆု မပေးဝံ့တာ မဆန်းပါဘူး။
ဒါက နိုင်ငံရေးနဲ့ဆိုင်တဲ့အပိုင်းကို တင်ပြခဲ့တာပါ။ "နိုင်ငံစွမ်းဆောင်ရည်ဆု" ဆိုတာကို ဘယ်လိုပေးသလဲ လေ့လာကြည့်ကြ ပါစို့။
"နိုင်ငံစွမ်းဆောင်ရည်ဆု" ဆိုတာကို စိုက်ပျိုးရေးဆိုင်ရာ (၂) ဆု၊ မွေးမြူရေးဆိုင်ရာ (၃)ဆု၊ လူမှုရေးဆိုင်ရာ (၁) ဆု၊ အားကစားဆိုင်ရာ (၁) ဆု၊ စီးပွားရေးဆိုင်ရာ (၅) ဆု ဆိုပြီး စုစုပေါင်း (၁၂) ဆုပေးပါတယ်။ လူပုဂ္ဂိုလ် ၁၂ ဦးကိုပေးတာပါ။
ဆုရရှိသူများအနေဖြင့် "နိုင်ငံစွမ်းဆောင်ရည်ဆု"တံဆိပ်၊ လက်မှတ်တွေအပြင်အောက်ပါအခွင့်အရေး ၂ ခုကိုလည်းသက်တမ်း အကန့်အသတ်မရှိ ခံစားရရှိမှာဖြစ်ပါတယ်။
- သံတမန်နိုင်ငံကူးလက်မှတ် (Diplomatic Passport)
            - ပို့ကုန်သွင်းကုန် အခွင့်အရေး ( Green Channel)
            "နိုင်ငံစွမ်းဆောင်ရည်ဆု" ၅ ဆု ပေးထားတဲ့ စီးပွားရေးဆိုင်ရာကိုလေ့လာကြည့်တဲ့အခါ (နဝတ-နအဖ) စစ်အစိုးရနဲ့ လက်ရှိ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရရဲ့ တစ်လှေထဲစီးတခရီးထဲသွား၊ အမြှီးစားဖက်ခေါင်းစားဖက်၊ ခမည်းခမက် ခရိုနီကြီးတွေဖြစ်တဲ့  ( "ထူး" ဦးတေဇ၊ "ဇေကမ္ဘာ" ဦးခင်ရွှေ ၊ "အေရှားဝေါလ်" ဦးထွန်းမြင့်နိုင်၊ "ပတ္တမြားနဂါး" ဦးနေဝင်းထွန်း၊ "အာရှဓန" ဦးအိုက်ထွန်း၊ "ရွှေသံလွင်" ဦးကျော်ဝင်း၊ "ယုဇန" ဦးဌေးမြင့် )တို့လို "စူပါခရိုနီကြီး"များမပါဝင်တာသတိထားမိပါတယ်။
အခုပေးတဲ့ "နိုင်ငံ့စွမ်းဆောင်ရည်ဆု" ဆိုတာ ထက် စူပါခရိုနီကြီးတွေကိုပေးထားပြီးဖြစ်တဲ့ "မဏိဇောတ"၊"သုဓမ္မသိင်္ဂီ"စတဲ့ ဘွဲ့တွေက ပိုပြီးအဆင့်အတန်းမြင့်လို့မပေးဘဲ ချန်ထားခဲ့သလား၊ ဒါမှမဟုတ် လိပ်ပြာမသန့်လို့ တမင်ချန်ထားခဲ့လေသလား မပြောတတ် ပါ။ သို့တည်းမဟုတ် ဒီထက်မြင့်မားတဲ့ အခွင့်အလန်းတွေပေးအပ်ထားပြီးဖြစ်လို့ ဒီလိုစာရင်းထဲ မထည့်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ တယ်။
"သရေစည်"တဲ့ဘွဲ့၊ "သီရိပြန်ချီ"တဲ့ ဘွဲ့တွေကတော့ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်စိုးဝင်း၊ ဗိုလ်လှဌေးဝင်း၊ ဗိုလ်ခင်ဇော်ဦးစတဲ့ စစ်တပ်ထဲက စစ်ဗိုလ်များကိုပေးထားပြီးပါပြီ။
            စဉ်းစားစရာတစ်ခုက စူပါခရိုနီတွေအားလုံးအနက်မှ ဘဏ်လုပ်ငန်းရှင်စူပါခရိုနီတစ်ဦးဖြစ်တဲ့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကို ဝင်း(ဆရာကျောင်း)နဲ့  Golden Delta Co.,Ltd. ပိုင်ရှင် ဦးချစ်ခိုင်တို့ကို ကွက်ပြီး"နိုင်ငံ့စွမ်းဆောင်ရည်ဆု" ပေးအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း အား (နိုင်ငံတော်အခွန်ဘဏ္ဍာတာဝန် အများဆုံးသယ်ပိုးထမ်းဆောင်ခဲ့သည့်လုပ်ငန်းရှင်ဆု - ပထမဆု) ပေးလိုက်တော့  အခြားသောစူပါခရိုနီကြီးတွေကအခွန်တာဝန်မကျေလို့လား၊ အခွန်ရှောင်လို့ ဆုမပေးလေသလား။ "နိုင်ငံ့စွမ်း ဆောင်ရည်" မရှိလို့များလား ဆိုတဲ့စဉ်းစားစရာပေါ်လာပါတယ်။  မက်စ်မြန်မာကုမ္မဏီလီမီတက် ဥက္ကဋ္ဌ ဦးဇော်ဇော်သည်ပင် "နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်" ရတယ်မဟုတ်လား။  
အုပ်စိုးသူက နှင်းတဲ့ ဆုတွေ၊ တံဆိပ်တွေ၊ ဘွဲ့တွေဆိုတာ အုပ်စိုးသူက သူ့အကျိုးပြုသူကို ချီးမြှင့်မြှောက်စားတာပါ၊ မွေးမြူတာ ပါ။ စစ်အာဏာရှင်စနစ်အောက်မှာ ခရိုနီတွေအပြိုင်းအရိုင်းပေါ်ပေါက်လာတာပါ။
နေ့ချင်းညချင်း" ဘိန်းဘုရင်"ကနေ "စီးပွားရေးလုပ်ငန်းရှင်" ဖြစ်သွားတဲ့ ခေတ်ကာလပါ။ ထိုကာလတွင် "ငွေမည်း"များသည်  "ငွေဖြူ" ဖြစ်လာပါတယ်။
စစ်အာဏာသည် ခရိုနီတွေရဲ့ဥစ္စာဓနဆိုတာတွေကို တိုးပွားခိုင်ခံ့စေခဲ့ပြီး၊ ခရိုနီတွေရဲ့ဥစ္စာဓနနဲ့လည်း စစ်အာဏာရှင်တွေရဲ့ အာဏာစက်ကိုတဆင့်တိုး ခိုင်မြဲစေခဲ့ပါတယ်။ အာဏာနဲ့ ဥစ္စာဓနဟာ ၂ ပင်လိမ်ကြိုးတစ်ချောင်းပမာပူးပေါင်းသွားတာပါ။
စစ်အာဏာရှင်တွေကခရိုနီတွေကိုသူကောင်းပြုပြီး။ အပြန်အလှန်အားဖြင့် ခရိုနီတွေက စစ်အာဏာရှင်တွေကိုသစ္စာခံပါတယ်။ သစ္စာစောင့်သိပါတယ်။
(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ယခုပေးတဲ့ "နိုင်ငံ့စွမ်းဆောင်ရည်ဆု" ဆိုတာ စစ်တစ်ပိုင်းအစိုးရက သစ္စာရှိခရိုနီများနဲ့ ခရိုနီ အလောင်းအလျာများ အပေါ် ချီးမြှင့်မြှောက်စားမှုပုံသဏ္ဍာန်တွေထဲက တစ်မျိုးသာလျှင်ဖြစ်ပါတယ်။
စစ်အာဏာရှင်များက ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ပြုတဲ့ရေစင်လည်းဖြစ်ပါတယ်။
ညွန်း
- ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ
ATH - Cartoon
ဆူပူမှုတွေ လုပ်နေလို့
ကာတွန်း - ATH
မေ ၄၊ ၂၀၁၃
ကာတွန်း အေတီအိတ်ခ်ျ ဖေ့ဘုတ်မှ ပြန်လည်ကူးယူပါသည်။
Yan Win (Taung Takhar) - Articles
ပုဂံခေတ် ရေစင်တော်သွန်းကရား
ရန်ဝင်း (တောင်တံခါး)
မေ ၄၊ ၂၀၁၃
ဧတေသံ ပန ဘိက္ခူနံ သံမုခါသော ဇလံ ပါတေသိ ကတ္ခာန သက္ခိန္တု ၀သုဓာတံ
စာကြောင်းရေ ၂၈ - ၃၀၊ ပါဋ္ဌိဘာသာ
ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီး၊ ပုဂံ
သက္ကရာဇ် ၄၇၄ - ၄၇၅ 
ထို (မထေရ်ဖြစ်သော) ရဟန်းတို့၏ ရှေ့မောက်၌ ကောင်းသော စိတ်နှလုံးရှိသော (ထိုမင်းကြီးသည်) မြေအပြင်ကို သက်သေပြု၍ ရေစက်သွန်းချတော်မူလေ၏။ 
ရေစင်တော်သွန်းတယ်။ ရေသွန်းတယ်။ ရေစင်တော်ချ တယ်လို့ ပုဂံခေတ် ကျောက်စာတွေမှာတွေ့ရပြီး ဒီကနေ့ခေတ် ရေစက်ချ တယ်ဆိုတဲ့ အလေ့အထိက ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးပါတဲ့အခန်းဏ္ဍဖြစ်ပါတယ်။
ရေစင်တော်သွန်းတယ်၊ ရေသွန်းတယ်၊ ရေစင်ချတယ်၊ ရေစက်ချတယ်ဆိုတာ မိမိအလှူကို မဟာပထ၀ီမြေကြီးနဲ့ သက်သေတည်တဲ့ သဘောဖြစ်ပါတယ်။  ဒါကြောင့် အလှူဒါနပြုကြတဲ့အခါမှာ အိုး၊ ခွက်၊ ကရားထဲမှာ ရေကိုမြေကြီးပေါ် သွန်းချပါတယ်။
ရေစင်တော်ချတယ်ဆိုတဲ့ အလေ့အထက အိန္ဒိယပြည်မှာ စတင်လာပြီး မြန်မာပြည်ထဲကို ဗုဒ္ဓဘာသာနဲ့အတူတူ ပြန့်ပွားရောက်ရှိလာခဲ့တယ်လို့ ဆိုနိုင် ပါတယ်။ ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိနေတော်မူစဉ်အချိန်ကတည်းက ရေစင်တော်ချတဲ့အလေ့အထကို ကျင့်သုံးခဲ့တယ်လို့ စာပေတွေမှာတွေ့ရပေမယ့် ရှေးဟောင်းပစ္စည်းအထောက်အထားအနေနဲ့ အစောဆုံးတွေ့ရတာကတော့ အိန္ဒိယပြည် ဗာရဟွတ် (Bharhut) စေတီကြီးထဲက အနာထပိဏ်သူဌေးကြီးရဲ့ အလှူမှာ ရေစင်တော်သွန်းကရားကို ကိုင်ပြီး ရေစင်တော်သွန်းနေပုံ ကျောက်ဆစ်ရုပ်ကြွ ဖြစ်ပါတယ်။
ဗာရဟွတ် (Bharhut) စေတီကြီးက အိန္ဒိယပြည်အလယ်ပိုင်း၊ ဆက်တနာ ဒီစတြိတ် (Satna District) မဒရာ မရာဒ်ရှ် (Madhya Pradesh) ပြည်နယ်အတွင်း မှာ ရှိတာပါ။ ဗာရဟွတ် (Bharhut) စေတီကြီးကို ဘီစီ ၃ ရာစုအတွင်းမှာ အာသောကမင်းကြီး (King Asoka) က တည်ဆောက်ခဲ့ပါတယ်။ ဘီစီ ၂ ရာစု အတွင်း ဆွန်ဂါ (Sunga) မင်းဆက် ၀ဇ္ဇိပုတြာ ဒါနဗုတိ (Vatsiputra Dhanabhuti) လက်ထက်မှာ ကျောက်ဆစ်ရုပ်ကြွတွေကို ထပ်ဖြည့်ခဲ့တဲ့ အထောက် အထားတွေ ရှိပါတယ်။ 
Bharhut or Barhut (Hindi : Bharhut)
Satna District in Madhya Pradesh, Central India 
ရေစင်တော်သွန်းကရားနဲ့ ရေစင်တော်ချနေတဲ့ အနာထပိဏ်သူဌေးကြီးရဲ့အလှူ
ကျောက်ဆစ်ရုပ်ကြွ၊ ဗာရဟွတ်စေတီကြီး၊ အိန္ဒိယပြည်
မြန်မာပြည်ထဲမှာတော့ ပုဂံမြို့ မြင်းကပါဂူပြောက်ကြီးဂူဘုရားထဲက သက္ကရာဇ် ၄၇၄ - ၄၇၅ ခုနှစ်ထိုး ရာဇကုမာရ်ကျောက်စာမှာ ရေစင်တော်သွန်းချတဲ့ အကြောင်းကို အစောဆုံးတွေ့ရပါတယ်။ 
ဓယကုပူရှာအာ ရိယ်သောန်ရုယ်ဧအ် 
စာကြောင်းရေ ၃၃၊ မြန်မာဘာသာ 
ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီး၊ ပုဂံ
သက္ကရာဇ် ၄၇၄ - ၄၇၅ 
ရေစင်တော်သွန်းချရာမှာ အသုံးပြုခဲ့တ့ပစ္စည်းကို ကြာ (ကရား) လို့ ခေါ်ကြောင်းကို ကျောက်စာတွေမှာ တွေ့ရပါတယ်။ 
ကြာနှင့် ရိစင်တပ်ချ၏ 
စာကြောင်းရေ ၄၊ 
သက္ကရာဇင် ၆၅၉ ခုနှစ်ထိုး မင်းမတ်သတျာပိစည်း ကျောက်စာ၊ ပုဂံ 
ပုံဂံခေတ်က ကြာ (ကရား) ရေစင်တော်သွန်းကရားတွေက ဒီကနေ့ သုံးနေကြတဲ့ မြေမီးဖုတ် ရေနွေးကရား သတ္တုကရားတွေလိုပဲ အလည်က ခပ်ဝိုင်းဝိုင်း၊ အောက်ခြေဖက်ကို ခပ်ရှူးရှူးပုံစံ၊ အိုးလုံးရဲ့ အလည်လောက်မှာ နှုတ်သီးရှည်နဲ့ အပေါ်ပိုင်းမှာ လည်တံ၊ လည်ပင်းရှည်ရှည် ပါလေ့ရှိပါတယ်။ လည်တံရှည်ရှည် အထက်မှာတော့ ပန်ကန်ပြားကိုမှောက်ပြီး ပိတ်ထားတဲ့ပုံစံမျိုး ပါပါတယ်။ အသေးစိတ်အခြယ်အလှယ်တွေမှာ ကွဲပြားကြပေမယ့် ပုဂံခေတ် မြေကရား၊ ကြေးကရားတွေရဲ့ပုံစံအခြေခံကတော့ အတူတူပါပဲ။ လည်တံရှည်ရဲ့ထိပ် အ၀ကနေ ရေထည့်ပြီး လည်တံကို ကိုင်လို့ ငှဲ့ချလိုက်တဲ့အခါ နှုတ်သီးဖျားက ရေထွက်လာတာပါပဲ။
ရေစင်တော်ချတဲ့အကြောင်းအရာကို ပုဂံခေတ်ခပ်စောစောပိုင်း ကျောက်စာတွေမှာတွေ့ရတဲ့တိုင်အောင် ရေသွန်းကရားနဲပတ်သက်တဲ့ အထောက်အ ထားကို တော့ အထက်မှာတင်ပြခဲ့တဲ့အတိုင်း သက္ကရာဇင် ၆၅၉  ခုနှစ်ထိုး မင်းမတ်သတျာပိစည်း ကျောက်စာ၊ ပုဂံမှာမှ စပြီးတွေ့ကြရပါတယ်။ အဲဒီအချိန် အတော်အတွင်းကရေးထိုးခဲ့တဲ့ ခေတ်ပြိုင်ကျောက်စာတွေမှာလည်း ရေသွးန်ကရားအကြောင်းကိုတွေ့လာရပါတယ်။ 
အဲဒီတွေ့ရတဲ့ကရားမျိုးတွေကို ရေစင်တော်ချတဲ့နေရာမှာ သုံးခဲ့ကြောင်း အထောက်အထားတွေရှိပါတယ်။ စလေမြို့ရှင် ပင်စာကြို ဘုရားအစု၊ ပုထိုးအမှတ် (၃) ထဲက နံရံဆေးရေးပန်းချီတွေမှာ တွေ့နိုင်ပါတယ်။ 
ဝေဿန္တရာဇာတ်တော်မှ သားတော် သမီးတော်တို့အား ပေးလှူခန်း
နံရံဆေးရေးပန်းချီ
ပုထိုးအမှတ် (၃)၊ ရှင်ပင်စာကြို ဘုရားအစု၊ စလေမြို့ 
ဝေဿန္တရာဇာတ်တော်မှ မဒီဒေ၀ီအား ပေးလှူခန်း
နံရံဆေးရးပန်းချီ
ပုထိုးအမှတ် (၃)၊ ရှင်ပင်စာကြို ဘုရားအစု၊ စလေမြို့
အဲဒီနံရံဆေးရေးပန်းချီတွေမှာ ထူးခြားတဲ့အချက်ကိုတွေ့ရတာကတော့ ရေစင်တော်သွန်းကရားထဲက ရေကို အလှူခံပုဂ္ဂိုလ်ရဲ့ လက်ဖ၀ါးတွေပေါ်ကို သွန်းချ နေပုံတွေပါပဲ။ ဆင်ဖြူတော်လှူခန်းမှာတော့ အလှူခံပုဂ္ဂိုလ်ကိုင်ထားတဲ့ ခွက်ငယ်ကလေးထဲကို ရေသွန်းချနေပုံကိုတွေ့ရပါတယ်။
ဝေဿန္တရာဇာတ်တော်မှ ဆင်ဖြူတော်အားပေးလှူခန်း
နံရံဆေးရးပန်းချီ
ပုထိုးအမှတ် (၃)၊ ရှင်ပင်စာကြို ဘုရားအစု၊ စလေမြို့ 
စလေမြို့ ရှင်ပင်စာကြို ဘုရားအစု၊ ပုထိုးအမှတ် (၃) နံရံဆေးရေးပန်းချီတွေက သက္ကရာဇင် ၅၀၀ ကျော်၊ သက္ကရာဇ် ၆၀၀ ကျော်အတွင်း ပုဂံခေတ်လက်ရာတွေ လို့ သုတေသနပြုတာတွေ ရှိပါတယ်။ ဒါကြောင့်ပဲ အဲဒီအချိန်ကာလအတွင်းမှာ ပုဂံဒေသအပါအ၀င် မြန်မာပြည်နေရာအနှံ့အပြား ရေစင်တော်သွန်းကရားတွေ ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြလိမ့်မယ်လို့ သမိုင်းသုတေသီ ပညာရှင်ကြီးတွေက ယူဆကြပါတယ်။
စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်း၊ ပထမအင်းဝခေတ်အပါအ၀င် နောက်ပိုင်းခေတ်တွေနဲ့ ဒီကနေ့ခေတ်အထိ ရေစက်ချ တဲ့ အလေ့အထကို ဆက်လက်ကျင့်သုံးနေ ကြပေမယ့် အိုးပုံစံတွေ၊ ကရားပုံစံတွေက ပြောင်းလဲလာပါတယ်။ ဒါကြောင့်ပဲ ပုဂံခေတ် ရေစင်တော်သွန်းကရားပုံစံကို တွေ့ရတဲ့အရပ်ဒေသဆိုရင် ပုဂံနဲ့ အဆက်အသွယ်ရှိခဲ့ကြောင်း မှန်းဆကြည့်နိုင်ပါတယ်။ 
ပုဂံခေတ် ရေစင်တော်သွန်းကရားများ
တကောင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များမှ
ပုဂံခေတ် ရေစင်တော်သွန်းကရားဆွဲပုံ
ဟန်လင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များမှ
ပုဂံခေတ် ရေစင်တော်သွန်းကရားဆွဲပုံ
ဟန်လင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များမှ
ညောင်ကိုးပင်ကျောင်း၊ ဟန်လင်းမြို့ဟောင်း၊ ရွှေဘိုမြို့နယ် 
ဓာတ်ပုံ၊ ရန်ဝင်း (တောင်တံခါး) 
အေဒီ ၃ ရာစုက အေဒီ ၉  ရာစုလောက်အတွင်းမှာ ဖွံ့ဖြိုးစည်ပင်ခဲ့တဲ့ တကောင်း၊ ဟန်လင်း၊ သီရိခေတ္တရာ၊ ဗိဿနိုး၊ ပျူမြို့ ဟောင်းကြီးတွေမှာ တူးဖော်ရရှိခဲ့တဲ့ မြေအိုးပုံစံ အများအပြားထဲက ရေစင်တော်သွန်းကရားတွေကတော့ ပျူခေတ်နဲ့ မသက်ဆိုင်ပဲ ပုဂံခေတ်နဲ့သာ သက်ဆိုင်ကြောင်း သမိုင်းသုတေသီပညာရှင်ကြီးတွေရဲ့ အယူအဆကို မှတ်သားရပါတယ်။
ပုဂံမြို့ဟောင်း နန်းတော်ရာကုန်းကို ရှေးဟောင်းသုတေသနဌာနက တူးဖော်လေ့လာရာမှ ပုဂံခေတ်ထက် ပိုပြီးစောနိုင်စရာရှိတယ်လို့ ယူဆစရာ ရေစင်တော်သွန်းကရားတလုံးကို တွေ့ရတယ်လို့ဆိုပါတယ်။ အဲဒီရေစင်တော်သွန်းကရားရဲ့ပုံစံနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းအကြောင်း မှတ်တမ်းမှတ်ရာတွေကို တော့ မသိရှိရသေးပါ။
အလောင်းစည်သူမင်းကြီးရဲ့ကောင်းမှု ရွှေဂူကြီးဂူဘုရား
(အဝေးက နောက်ခံရှုခင်းမှာ သဗ္ဗညုဂူဘုရားကြီး)
ရှေ့ပိုင်းမှာ တူးဖော်လေ့လာနေဆဲ ပုဂံမြို့ဟောင်း နန်းတော်ရာကုန်း
ရာစုနှစ်ပေါင်းများစွာ ကာလကြာရှည်တဲ့အချိန်ကတည်းက ရှေးပျူမြို့ဟောင်းကြီးတွေ ပျက်သုဉ်းသွားခဲ့ပေမယ့် ပုဂံခေတ် ရေစင်တော်သွန်းကရားတွေ တွေ့ရတာကို ထောက်ထားပြီးတော့ ပုဂံခေတ်မှာလည်း အဲဒီမြို့ဟောင်းနေရာတွေက ဆက်လက် စည်ပင်နေခဲ့ဆဲပဲလို့ဆိုနိုင်ပါတယ်။  
စာကိုး 
၁။ ရေစင်တော်သွန်းအိုး၊ ဦးမြင့်အောင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၄၊ အပိုင်း ၂၊ ဧပြီလ၊ ၁၉ ၆၉  
၂။ ဗိဿနိုးမြို့ဟောင်းနှင့် သမိုင်းအမြင်၊ ဦးဘရှင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အပိုင်း ၃၊ စက်တင်ဘာလ၊ ၁၉ ၆၆ 
၃။ ဗိဿနိုးမြို့ဟောင်း၊ ဦးအောင်သော်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အပိုင်း ၂၊ ဇွန်လ၊ ၁၉ ၆၆
၎။ ဟန်လင်းမြို့ဟောင်း၊ ဦးမြင့်အောင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၃၊ အပိုင်း ၃၊ ဇွန်လ၊ ၁၉ ၆၈ 
၅။ တကောင်းမြို့ဟောင်းတူးဖော်လေ့လာတွေ့ရှိချက်များ၊ ဦးသန်းဆွေ၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၆၊ အပိုင်း ၄၊ ဇွန်လ၊ ၁၉ ၇၁
၆။ ရေစင်တော်သွန်းအိုး၊ တမ္ဗ၀တီဦးဝင်းမောင်၊ ဇွန်လ ၂၀၀၆
၇။ ဟန်လင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များ၊ ညောင်ကိုးပင်ကျောင်း၊ ဟန်လင်းမြို့ဟောင်း၊ ရွှေဘိုမြို့နယ်၊ဓာတ်ပုံ ရန်ဝင်း (တောင်တံခါး) ဖေဖော်ဝါရီ ၂၀၁၃
၈။ ရွှေဂူကြီးဘုရား၊ ဓာတ်ပုံ culture-in-a-small-world.blogspot.com
Friday, May 3, 2013
88 Generation Leaders to meet with SF Burmese Community Event - 1st June
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ဆန်ဖရန်မြန်မာမိသားစုများ တွေ့ဆုံပွဲ - ဇွန် ၁၊ စနေနေ့၊ ဒေလီးစီးတီး Little Theater  ဖိတ်စာ ထွက်ရှိ
ထို့အတူ လော့စ်အိန်ဂျလိမိသားစုများနှင့် ဇွန် ၂ တွေ့ဆုံပွဲ ထုတ်ပြန်ချက်လည်း ထွက်ရှိ
ထို့အတူ မေ ၂၆ (ဆန်းဒေး) ဖလော်ရီဒါပြည်နယ်၊ အော်လင်ဒိုမြို့က ဖိတ်စာလည်း ထွက်ပြီ ဖြစ်သည်
ပထမဦးဆုံး မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲမှာ မေ ၂၅၊ စနေနေ့ နယူးယောက်မြို့တော် ဖြစ်သည်။ ဒေသခံများအနက် သက်ကြီးစာပေပညာရှင်တဦးဖြစ်သူ မောင်စွမ်းရည်က သူကိုယ်တိုင် သွားရောက်ကြိုဆိုမည်ဟု ပြောကြားလိုက်သည်။ "၀ါရှင်တန်ကနေ နယူးယောက်ကို ရထားနဲ့ လာမယ် ကြားတယ်။ ဘူတာရုံမှာ သွားကြိုမယ် ..." ဟု မိုးမခကို ပြောသည်။ နယူးယောက်တွေ့ဆုံပွဲကို မြန်မာ့အရေးလှုပ်ရှားသူများနှင့် ၈၈ မျိုးဆက်၊ အင်န်အယ်ဒီလူငယ်ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကိုနေတင်မြင့်နှင့် မိတ်ဆွေများက စီစဉ်နေကြောင်း ကြားသိရသည်။
Salai Shwe Linn - 5 min
ငါးမိနစ်
ဆလိုင်းရွှေလင်း၊ မေ ၄၊ ၂၀၁၃
ငါးမိနစ်နောက်ကျ သေဆုံးရဟု
ပြောကြသံကို    ကြားလိုက်သော် … …
လူနာရှင်များ နောက်ကျသွားတော့
အမှားပေါ့ဆ   သုံးမကျဟု
နှုတ်မှ ပြစ်တင်လိုက်မိရာ … …
အပြစ်တင်စော  လာမပြောနဲ့
စောကြောနာအုံး   သုံးသပ်အုံးဗျ
ဒါကဒီလို … …
ပါရဂူအထူးကု   အချိန်လု၍
သူ့ဆေးခန်းများ  စုံအောင်သွားသတဲ့
အမှားဖွေရှာ လမ်းမှာကြာခဲ့
လူနာနောက်ကျ   မဟုတ်ရပေ
နောက်ကျသူမှာ   ဆရာဝန်ပါတဲ့
ကဗျာတောင် ကာရန် မဲ့သွားရော။     ။
(Illustation Credit - Master of colour... detail from Cy Twombly's Camino Real. The exhibition at Tate Liverpool ought to be an incendiary nocturne of sensuality. Photograph: Cy Twombly Foundation/Tate Liverpool)
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives